Skip to main content

ယခုအချိန်သည် အကောင်းဆုံးအချိန်

ခင်မောင်ညို (ဘောဂဗေဒ)

 

လွန်ခဲ့သောနှစ်အနည်းငယ်က အင်ဒီယန်းအဘိုးအိုတစ်ဦးပိုင်ဆိုင် သည့် အိုကလာဟိုးမားပြည်နယ်က မြေအချို့၌ ရေနံရှာဖွေတွေ့ရှိ ခဲ့သည်။ ထိုအင်ဒီးယန်းအဘိုးအိုကြီးသည် တစ်သက်လုံး ဆင်းရဲ လာခဲ့ရာမှ နေ့ချင်းညချင်းပင် သူဌေးကြီးဖြစ်သွားသည်။ ထိုသို့ သူဌေး ဖြစ်သွားသည့်အခါ သူပထမဆုံးလုပ်သည့်အလုပ်မှာ ကယ်ဒီလက်ခရီး လှည့်ကား တစ်စီးဝယ်သည်။ ထိုအချိန်ကရှိသည့် ကယ်ဒီလက်ခရီး လှည့်ကားများ၌ အရှည်ဆုံးကိုလိုချင်သဖြင့် အနောက်ဘက်တွင် တာယာလေးလုံး ထပ်တပ်သည်။ ထို့အပြင် အေဗရာဟင်လင်ကွန်း ဆောင်းသည့် ဦးထုပ်တစ်လုံးဝယ်ကာ အမြီးတွေ လိုက်တပ်သည်။ လည်စည်းစည်းသည်။ နောက်ဆုံး၌ ဆေးပြင်းလိပ်ကြီးတစ်လိပ်ခဲ သည်။ နေ့စဉ်နေ့တိုင်းပင် သူက အနီးအနားရှိ ပူပြင်းဖုန်ထူသော အိုကလာဟိုးမား မြို့ငယ်လေးတစ်လျှောက် မောင်းနှင်သည်။ လူတိုင်းက သူ့ကိုကြည့်စေချင်ပြီး လူတိုင်းကိုလည်း သူကမြင်ချင်၊ နှုတ်ဆက်ချင်သည်။ သူသည် ပေါင်းရသင်းရကောင်းသော အဘိုးအို ကြီးတစ်ယောက်ဖြစ်သဖြင့် ကားစီးသွားသည့်အခါ ကားယာဘက် ရော ဝဲဘက်၌ပါ တွေ့သမျှလူအားလုံးကို ဝှေ့ယမ်းနှုတ်ဆက်သည်။ တကယ်တော့ သူက ဘက်အားလုံးကို လှည့်ကြည့်ပြီး ရပ်သူ ရွာသား များနှင့် စကားပြောနေခြင်းဖြစ်သည်။ ထူးဆန်းသည်မှာ သူ့ကားက မည်သူ့ကိုမျှ မတိုက်မိခြင်း၊ မည်သူကမျှလည်း သူ့ကားကို ဝင်၍ မတိုက်မိခြင်းပင် ဖြစ်သည်။ တစ်ဦးတစ်ယောက်ကိုမျှ တိုက်မိခြင်း မရှိသလို မည်သူ၏ပစ္စည်းကိုမျှလည်း ထိခိုက်မိခြင်း မရှိပေ။ ဤသို့ မတိုက်မိရခြင်း၏အကြောင်းရင်းမှာလည်း သိပ်ရှင်းပါသည်။ အလွန် လှပခံ့ညားသည့် ကားကြီး၏ရှေ့မှာ မြင်းနှစ်ကောင်ရှိနေသည်။ သူက သူ့ကားကြီးကို မြင်းနှစ်ကောင်ဖြင့် ဆွဲခြင်းဖြစ်သည်။

လှည့်နှိုးလိုက်ပါ

 

ဒေသခံစက်ပြင်ဆရာများက ကား၏အင်ဂျင်နှင့်ပတ်သက်၍ ချို့ယွင်းမှုမရှိပါဟု ပြောကြသည်။ သို့သော် အင်ဒီးယန်းအဘိုးကြီးက သော့လှည့်ပြီး စက်နှိုးရမည်ကိုမသိ။ သူ့ကားထဲမှာ မြင်းအကောင် ၁ဝဝ ပါပြီး ထိုမြင်းအကောင် ၁ဝဝ က သွားလည်းသွားချင်နေကြ သည်။ သွားလည်းသွားနိုင်သည်။ သို့သော် သွားခွင့်မရ။ ပြင်ပက မြင်းနှစ်ကောင်သုံးပြီး ကားကိုဆွဲနေသည်။ အများအားဖြင့် လူ အတော်များများတို့သည် သူတို့၏ ကိုယ်ထဲမှာ မြင်းကောင်ရေ ၁၀၀ ကျော် ရှိနေပါလျက်နှင့် ပြင်ပမြင်းနှစ်ကောင်ကို အားကိုးသည့် အမှား မျိုးကို ကျူးလွန်မိတတ်ကြသည်။ စိတ်ပညာရှင်များကဆိုလျှင် ကျွန်တော်တို့တွင်ရှိသော အစွမ်းအစများအနက် နှစ်ရာခိုင်နှုန်းမှ ငါးရာခိုင်နှုန်းလောက်ကိုသာ ကျွန်တော်တို့က အသုံးချနေခြင်း ဖြစ်သည်ဟု ပြောကြသည်။

 

အိုလီဗာဝင်ဒယ်ဟုမ်းက “အမေရိကားနှင့်ပတ်သက်လို့ ဝမ်း နည်းစရာ အကောင်းဆုံးဖြစ်ရပ်ကတော့ သဘာဝသယံဇာတတွေကို ဖြုန်းပစ်တာဟာလည်း ဝမ်းနည်းစရာ ကောင်းတာပေါ့လေ။ ဒါပေမယ့် ဝမ်းနည်းစရာအကောင်းဆုံးကတော့ လူ့အစွမ်းအစတွေကို အလကား ဖြုန်းတီးပစ်နေတာပါပဲ”ဟု ပြောဖူးသည်။ သာမန်လူတစ်ယောက်သည် သူ့ခန္ဓာကိုယ်ထဲမှာ ဂီတတွေရှိနေလျက်နှင့်ပင် သင်္ချိုင်းသို့ရောက် သွားခြင်း ဖြစ်သည်။ ကံမကောင်း အကြောင်းမလှစွာပင် သီချင်း ကောင်း တော်တော်များများတို့သည် မတီးမမှုတ်ရသေးဘဲနှင့် သင်္ချိုင်းသို့ရောက်သွားတတ်ကြသည်။

 

အချိန်အတန်ကြာကပင် ကျွန်တော်သည် လူတစ်ယောက် အတွက် သူ့ဘဝတွင် ဝမ်းနည်းစရာအကောင်း ဆုံးဖြစ်ရပ်မှာ သူသေ ရာညောင်စောင်း၌ လဲလျောင်းသည့်အခါ ရေနံတွင်းတစ်တွင်းတွေ့ခြင်း သို့မဟုတ် ရွှေတွင်းတစ်တွင်း တွေ့ခြင်းဖြစ်လိမ့်မည်ဟု ထင်ခဲ့သည်။ ယခုတော့ အထင်အမြင် ပြောင်းသွားပေပြီ။ လူတစ်ယောက်၏ ကိုယ်တွင်း၌ရှိနေပြီး ရောမကြီးမားကျယ်ပြန့်သည့် ဥစ္စာဓနများကို မည်သည့်အခါမျှ ရှာဖွေမတွေ့ရှိနိုင်ခြင်းသည်သာ အဆုံးစွန်ဆိုးသွမ်း ခြင်းပင်ဖြစ်သည်ဟု မြင်လာသည်။ ကျွန်တော့်မိတ်ဆွေကောင်း တစ်ယောက်ဖြစ်သော မေဂျာရူဘင်ဆိုင်တလင်က “သမုဒ္ဒရာရဲ့ အောက် ခြေမှာ ရောက်နေလျှင် မတ်စေ့တစ်စေ့နှင့် ဒေါ်လာ ၂၀ တန် ရွှေစတစ် စဟာ တန်ဖိုးချင်း အတူတူပဲ”ဟုပြောဖူးသည်။ ထိုဒင်္ဂါးများကို သမုဒ္ဒရာ အောက်ခြေမှ နှိုက်ထုတ်ကာ ရည်ရွယ်ထားသည့်အတိုင်း အသုံးချနိုင်မှ သာလျှင် တန်ဖိုးခြားနားမှု ရှိပေမည်။

 

ခင်ဗျားကိုယ်တွင်းကို ကိုယ်တိုင်လေ့လာဆည်းပူးတတ်ပြီး ထိုနေရာမှာရှိနေသည့် ကျယ်ပြောသော အစွမ်းအစများကို အသုံးချမှ သာလျှင် ခင်ဗျား၏တန်ဖိုးများသည် အမှန်တကယ်ပေါ်ပေါက်လာပြီး ဈေးကွက်ဝင်လာမည်။

 

ခင်ဗျား၏ အစွမ်းအစများကို ပို၍အသုံးချနိုင်ရန်အတွက် ကျွန်တော် ဤစာအုပ်ကို ရေးသားခြင်းဖြစ်ပါသည်။ ထိုရည်ရွယ်ချက်ဖြင့် မိမိကိုယ်တွင်းရှိ ရေနံတွင်းသော်လည်းကောင်း၊ ရွှေတွင်းကိုသော် လည်းကောင်း ရှာဖွေအသုံးချတတ်စေရန် ရည်ရွယ်သည်။ ကမ္ဘာမြေကြီး ပေါ်ကသဘာဝသယံဇာတများနှင့်မတူဘဲ ခင်ဗျား၏ကိုယ်ပိုင်သယံဇာတ များသည် မည်သည့်အခါမျှ မသုံးဘဲထားခြင်းအားဖြင့် အလဟဿ ပြုန်းတီးကုန်ဆုံးသွားစေနိုင်သည်။ သို့ဖြစ်၍ ကျွန်တော်၏ရည်ရွယ် ချက်မှာ ခင်ဗျား၏ပါရမီများ၊ အစွမ်းအစများကို လက်တွေ့အသုံးချခြင်း အားဖြင့် ခင်ဗျားနှင့် အခြားသူများသည် ခင်ဗျားပေးစရာရှိတာတွေကို အတူတကွ ခံစားနိုင်ကြစေရန် ရည်ရွယ်သည်။ ခင်ဗျား၏ ပါရမီများ၊ အစွမ်းအစများအပေါ်တွင် သံသယဖြစ်စရာမလို။ ယခုအခါ ခင်ဗျား အနေဖြင့် ထိုအစွမ်းအစများကို အသုံးချခြင်းအားဖြင့် ထူးချွန်ချင်လျှင် ထူးချွန်မည်။ ဆင်းရဲလျှင်လည်း ဆင်းရဲမည် ဆိုသလိုမဟုတ်ဘဲ ထူးချွန်လည်း ထူးချွန်နိုင်သည်။ ကြွယ်ဝလည်း ကြွယ်ဝလာစေနိုင် သည်။

 

ညံ့ဖျင်းသော အတွေးအခေါ်များ

 

နှစ်အနည်းငယ်က အတွေးအခေါ်ပညာရှင်တစ်ယောက် ပြော သည့်ပုံပြင်ကို ကြားဖူးသည်။ သင်လက်ရှိနေရာကို ရောက်နေရခြင်းမှာ သင်ဖြစ်ချင်သည့်နေရာကို တိတိကျကျရောက်နေခြင်းပင်ဖြစ်သည်ဟု သူကပြောခဲ့သည်။ ထိုအကြံဉာဏ်ကိုရယူပြီး မကြာခဏလည်း ပြောဖူးသည်။ တစ်ည၌ ဘာမင်ဟန်မှ မစ္စစ္စပီသို့ကျွန်တော် ကားမောင်း သွားခဲ့သည်။ မာရီဒီယန်ကို နောက်တစ်နေ့နံနက်၌ ရောက်ရန်မှာ အလွန်အရေးကြီးသည်။ လမ်းတွေပြင်နေသဖြင့် ဓာတ်ဆီဆိုင် တစ်ဆိုင်၌ဝင်ကာ အကူအညီတောင်းခဲ့သည်။ ထိုဓာတ်ဆီဆိုင်၌ ရှိသည့်သူ တစ်ဦးက ကျွန်တော်တို့ကို အကောင်းဆုံး လမ်းတစ်လမ်း ညွှန်ပြသည်။ မြေပုံပင် ဆွဲပေးလိုက်သေးသည်။ ထိုမြေပုံအတိုင်းသာ သွားလျှင် ကျွန်တော့်အနေဖြင့် မာရီဒီယန်သို့ စောစောစီးစီးရောက် မည်။ အချိန်တောင်ပိုလိမ့်မည်ဟု ပြောသည်။ သူလမ်းညွှန်ရာအတိုင်း ကျွန်တော် တိတိကျကျသွားသည့်အခါ နောက်ထပ် တစ်နာရီအကြာ၌ မာရီဒီယန်နှင့် ၄၅ မိုင် ဝေးနေသေးကြောင်း တွေ့ရသည်။ ထိုနေရာကို ကျွန်တော်ရောက်ချင်၍ ရောက်ရသည်မဟုတ်။ တစ်ယောက်ယောက် က လမ်းမှားညွှန်လိုက်၍သာ ကျွန်တော်ရောက်နေရခြင်းဖြစ်သည်။

 

ခင်ဗျားကိုလည်း အလားတူပင် ကျွန်တော်ပြောလိုသည်။ ခင်ဗျား အနေဖြင့် စိတ်ဓာတ်ပျက်ပြားသွားသည့်အခါ၊ မိသားစုနှင့်လည်း ကောင်း၊ အလုပ်ခွင်နှင့်လည်းကောင်း အဆင်မပြေသည့်အခါ ထိုအခြေ အနေများသည် ခင်ဗျားတကယ်လိုချင်သည့် အခြေအနေများဟု ကျွန်တော်မယုံကြည်ပါ။ အထင်မှား၊ အမြင်မှား၊ အတွေးမှားဖြစ် အောင် ညံ့ဖျင်းသည့်တွေးနည်းမျိုးဒဏ်ကို ခံစားရစေရန် တစ်ယောက် ယောက်က လမ်းမှားညွှန်လိုက်၍ ဖြစ်နိုင်သည်။ ဤသို့ဆိုသဖြင့် ခင်ဗျားဖြစ်သမျှအားလုံးကို အခြားသူများအပေါ် ပုံမချပါနှင့်။ အခြားသူအပေါ်၌ အပြစ်ပုံချခဲ့လျှင်လည်း ခင်ဗျား၏ အနာဂတ် တိုးတက်မှုများသည် ခင်ဗျား၏ပခုံးပေါ်သာ ကျရောက်နေကြောင်းကို သဘောပေါက်လာပါလိမ့်မည်။

 

ကျွန်တော် ရှင်းပြပါရစေ။ အမေရိကတောင်ပိုင်းရှိ မြို့တော် တစ်ခု၌ ဈေးရောင်း ဈေးဝယ်လုပ်စရာ ဌာနကြီးတစ်ခု ပေါ်ထွက်လာ ခဲ့သည်။ ထိုဈေးရောင်းဈေးဝယ်စရာ ဗဟိုဌာနသည် မူလက မြို့တော် ၏ အမှိုက်ပုံပေါ်၌ တည်ဆောက်ထားခြင်းဖြစ်သည်။ နှစ်ပေါင်း ၁ဝဝ ကျော်လောက်အထိ ထိုနေရာကို မည်သူကမျှ အမှိုက်ပုံတစ်ခုထက်ပို၍ မမြင်ကြပေ။ သို့သော် ၂၅ နှစ်ကြာသည့်အခါ တိုးတက်သည့်စိတ်ဓာတ် ရှိသော မြို့သူ မြို့သားများက ထိုနေရာသည် လှပသည့် အရောင်း အဝယ်ဗဟိုဌာနတစ်ခုဖြစ်သင့်ကြောင်း မြင်လာကြသည်။ အမှိုက် သွားပစ်သည်ကို စွန့်လွှတ်လိုက်ကြပြီး ထိုအမှိုက်များ အပေါ်၌ပင် ပြုပြင်တည်ဆောက်ထားခဲ့ခြင်း ဖြစ်သည်မဟုတ်ပါလား။

 

ဤဇာတ်လမ်းကို ကျွန်တော်က ပြောပြရခြင်းမှာ အချိန်ကာလ အတိုင်းအတာတစ်ခုအထိ လူအများအနေဖြင့် ခင်ဗျား၏ စိတ်ထဲသို့ ဆိုးသွမ်းမှုများကို ဝင်ရောက်လာစေနိုင်၍ ဖြစ်သည်။ သို့သော် ခင်ဗျားနားလည်ရမည်မှာ အတိတ်က ခင်ဗျား၏စိတ်ထဲသို့ ဆိုးသွမ်း မှုများ ဝင်လာခဲ့သည်မှာ တကယ်တမ်း အရေးကြီးသည်မဟုတ်။ တကယ်တမ်း မသိ၍သော်လည်းကောင်း၊ သက်သက်မဲ့သော်လည်း

ကောင်း ဖြစ်နိုင်သည်။ ခင်ဗျားအပေါ် မှာ နည်းနည်းပါးပါး မကောင်း ကြံစည်ခဲ့လျှင်လည်း အရေးမကြီးပေ။ ထိုမကောင်းမှုများ အားလုံးကို ခင်ဗျားအနေဖြင့် ကျော်လွှားနိုင်သည်။ ထို့ကြောင့် ယနေ့ သည် ခင်ဗျားဘဝ၏ ကျန်သည့်ကာလများအတွက် ပထမဆုံးနေ့ဖြစ်သဖြင့် ပျော်ရွှင်သော မွေးနေ့ဖြစ်ပါစေဟု ကျွန်တော်က ပြောလိုက်ချင်သည်။ အတိတ်သည် ပြီးသွားခဲ့ပြီ။ ယခုထိ ဖတ်လာခဲ့ခြင်းအားဖြင့် ခင်ဗျား သည် ကြီးကျယ်မြင့်မြတ်သည့် အနာဂတ်တစ်ခုအတွက် အခြေခံ အုတ်မြစ်ချသည့် ဖြစ်စဉ်ထဲတွင် ခင်ဗျားရောက် ရှိနေသည်။

 

တစ်ခုတော့ သတိပေးမည်။ အချိန်အတော်ကြာသည်အထိ ခင်ဗျား၏စိတ်ထဲသို့ မကောင်းကြံစည်မှုများကို ပေးပို့ခဲ့ကြသည်။ တကယ်တော့ ကျွန်တော်တို့သည်အာဟာရ ချို့တဲ့နေသူတစ်ယောက် ကို ဗီတာမင်ပေါင်းစုံ ပါဝင်သည့် အစားအစာတစ်နပ် များများစားစား ကျွေးလိုက်ခြင်းအားဖြင့် ကျန်းမာရေးအခြေအနေ လုံးဝပြန်ကောင်း မလာနိုင်ကြောင်း နားလည်သင့်သည်။ သို့ဖြစ်၍ လောလောဆယ်တွင် ကျွန်တော်တို့လုပ်နိုင်သည့် ကိစ္စများကို အပြုသဘောအတွေးများ၊ မှန်ကန်သည့်စိတ်နေ စိတ်ထားများဖြင့် ဖုံးအုပ်လုပ်ဆောင်ရန်ဖြစ်၏။ ထိုအထဲမှ တစ်ခါတစ်ရံ ညစ်ပတ်မှုများ ပေါ်ထွက်လာပြီး အတွေး ဟောင်းများထဲ ပြန်ရောက်သွားနိုင်သည်။ သို့သော် အခန်းတိုင်းကို ဆက်လက်ဖတ်ရှုခြင်းအားဖြင့် နောက်ဆုံး၌ မကောင်းမှုကြီးတစ်ခု လုံးကို အပြီးမြှုပ်နှံပစ်လိုက်နိုင်ပါလိမ့်မည်။

 

သို့သော် အဆိုးမြင်တတ်သော လူ့အဖွဲ့ အစည်းထဲတွင် ကျွန်တော်တို့ နေနေကြသဖြင့် နေ့စဉ်နေ့တိုင်း ကျွန်တော်တို့၏ စိတ်ထဲသို့လာရောက်၍ ပုံနေသည့် ဆိုးသွမ်းသော အမြင်သစ်များ၊ ပြဿနာများ အမြဲတမ်းရှိနေပါလိမ့်မည်။ မိတ်ဆွေတစ်ယောက်က သော်လည်းကောင်း၊ သိဟောင်းကျွမ်းဟောင်း တစ်ယောက်က သော်လည်းကောင်း၊ စကားပြောရင်းနှင့် ကျွန်တော်တို့၏စိတ်ထဲသို့ မကောင်းမှုအချို့ ရောက်လာပါလိမ့်မည်။ ရေဒီယိုနားထောင်ခြင်း ရုပ်မြင်သံကြားကြည့်ခြင်းတို့ကြောင့်လည်း မကောင်းမှုများ ရောက် လာနိုင်သည်။ အတွေးဟောင်း၊ အမြင်ဟောင်းတွေ ရလာနိုင်သည်။ ဤသို့ဆိုလျှင် ကျွန်တော်တို့ ယခုဘာလုပ်ကြမည်နည်း။ ဆက်ဖတ်ပါ။ အဖြေကို အခြားအပိုင်းများ၌ အသေးစိတ် တွေ့ရပါလိမ့်မည်။ ထိုသို့ တွေ့ရမည့်အကြောင်းကိုလည်း ရဲရဲကြီးအာမခံနိုင်ပါသည်။

 

အနာဂတ်သည် ယခု

 

စိတ္တဗေဒဆိုင်ရာ တွေ့ရှိချက်အသစ်များအနေဖြင့် မကောင်း သောတွေးခေါ်မှုများအားလုံးကို တူးဆွနိုင် လောက်အောင် ဖွံ့ဖြိုး တိုးတက်ခြင်းမရှိသည့်အပြင် အဓိကပြဿနာတို့ကို ရှင်းမပစ်နိုင်သေး ပါ။ ထိုသို့ မရှင်းနိုင်ဘဲ အနာဂတ်နှင့်ပတ်သက်၍ မျှော်လင့်ချက်များကို ပေးလျက်ရှိသည်။ ထိုသို့ပေးခြင်းသည် ပြဿနာကို သတိထား၍ မဆောင်ရွက်ဘဲ အဖြေကိုအာရုံစိုက်၍ ဆောင်ရွက်ခြင်းသာဖြစ်သဖြင့် ရရှိလာသော ရလဒ်များသည်လည်း တူညီကြသည်။ “အကျအရှုံး မရှိသည့် ကျောင်းများ”ဟု ခေါင်းစဉ်ရသည့်စာအုပ်ကို ရေးသားသော ဝီလျံဂလက်ဆာက အလားတူ အတွေးအခေါ်များကို လက်ခံကျင့်သုံး သည်။ သူ၏စာအုပ်ထဲ၌ ဒေါက်တာဂလက်ဆာက သောက၊ ဆုံးရှုံးမှု၊ စိတ်ပျက်မှု၊ ကျရှုံးမှုမှလွဲ၍ ဘာမျှမသိသော လူငယ်များအတွက် အလုပ်ဖြစ်သည့် အစီအစဉ်များအကြောင်းကို ဖော်ပြထားသည်။ သူက အတိတ်ကိုယ်ရည်ကိုယ်သွေး ပြဿနာများကိုဖော်ထုတ်မနေဘဲ အနာဂတ်အတွက် မျှော်လင့်ချက်များဖြင့်သာ ဆောင်ရွက်သည်။ အပြုသဘောနည်းလမ်းများကို လက်ခံကျင့်သုံးခြင်း၊ အကြီးအကျယ် တွန်းအားပေးခြင်းဖြင့် ရရှိလာသော သူ၏ရလဒ်များမှာ အံ့အားသင့် စရာပင် ဖြစ်သည်။

 

တကယ်တော့ ထိုအကြံဉာဏ်များသည် သမ္မာကျမ်းစာထဲ၌ လွန်ခဲ့သော နှစ်ပေါင်း ၂၀၀၀ ကျော်က ပေါလ်ပေးခဲ့သော အကြံဉာဏ် များ ဖြစ်ကြသည်။ “အတိတ်မှာ ရှိခဲ့တာတွေကို မေ့ပစ်လိုက်ပြီး ရှေ့ဆက်ဖို့ကိုသာ ငါတိုက်တွန်းတယ်”ဟု ပြောခဲ့ဖူးသည်။ ထူးခြားသည် မှာ ပေါလ်က ထိုစကားလုံးများကို ရောမအကျဉ်းထောင်ထဲ၌ သေဒဏ် ပေးထားခြင်း ခံနေရစဉ် ပြောခဲ့ခြင်းဖြစ်သည်။ ပေါလ်ကသူ့ဘဝစစ်ပွဲကို အောင်မြင်အောင်တိုက် နေသည်ဟု အလေးအနက်ပြောခဲ့သည်။ ကျွန်တော်တို့၏ နည်းလမ်းမှာလည်း အလားတူပင် ဖြစ်သည်။ အောင်မြင်ခြင်းသည် အရာရာကို ရယူနိုင်မည်မဟုတ်။ သို့သော် အောင် မြင်ရန် ကြိုးစားနေခြင်းကမူ အရာရာကို ရယူနိုင်သည်။

 

ရှုံးသူ၏ ခြေထော့ကျိုး

 

 လူတစ်ယောက်သည် ညံ့ဖျင်းသော အတွေးမျိုးကို တွေးမိသော အခါသူ၏စိတ်ထဲ၌ “ရှုံးသူ၏ခြေထော့ကျိုး” စိတ်မျိုးဝင်လာတတ်သည်။ ဘောလုံးပွဲတစ်ပွဲကို သွားကြည့်လျှင်သော်လည်းကောင်း၊ ရုပ်မြင် သံကြားမှ ကြည့်လျှင်သော်လည်းကောင်း၊ ရှုံးသူ၏ ခြေထော့ကျိုးဆို သည်မှာ ဘာကိုဆိုလိုသည်ဖြစ်ကြောင်း သိနိုင်သည်။ တစ်ဖက်မှဘောလုံး သမားက နောက်ခံလူကို ကျော်၍သွားသည်။ နောက်ဆုံး၌ ဂိုးဧရိယာထဲ သို့ရောက်အောင် အဆင့်ဆင့်ပေးသွားကြသည်။ နောက်ခံလူများက အကြီးအကျယ် ပြေးလိုက်ကြသည်။ သို့သော် ဂိုးဧရိယာနှင့် ကိုက် ၂၀ လောက်ရောက်သည့်အခါ တစ်ဖက်မှနောက်ခံလူက ထိုလူကို မမီနိုင် တော့ကြောင်း သဘောပေါက်သွားသည်။ ပွဲကြည့်ပရိသတ်အားလုံးကလည်းသိကြသည်။ ထိုအခါ နောက်ခံလူက ခြေထောက်ကို ကော့ကျိုး  ကော့ကျိုးလုပ်ပြလိုက်သည်။ ခြေထောက်နာ၍ ဆက်မလိုက်နိုင်တော့ဟု ပြလိုက်သည်။ ထိုအခါ ပရိသတ်က “ ဒီကောင် မမီတာ မဆန်းပါဘူးကွာ၊  သူက မသန်မစွမ်းဖြစ်နေတာကို”ဟု ပြောကြသည်။ ထိုသို့ ဖြစ်ခြင်းသည်ပင် ရှုံးသူ၏ခြေထော့ကျိုးဟု ကျွန်တော်က ခေါ်ခြင်းဖြစ်သည်။ ခင်ဗျား | ၏ ခြေထော့ကျိုးမှာ မည်သို့နည်း။

 

မွေးရာပါများ

 ခင်ဗျားမှာရှိသည့် အစွမ်းအစများကို အသုံးချနိုင်ရန်အတွက် ခင်ဗျားမှာ ရှိကောင်းရှိနေမည်ဖြစ်သည့် ရှုံးသူ၏ခြေထော့ကျိုးစိတ်ဓာတ် မျိုးကို ဖယ်ရှားပစ်ရလိမ့်မည်။ အများအားဖြင့် ရှုံးသူ၏ခြေထော့ကျိုးဆို သည်မှာ “ငါက ပါရမီရှိတဲ့ အရောင်းသမားတစ်ယောက်၊ ဆရာဝန် တစ်ယောက်၊ ရှေ့နေတစ်ယောက်၊ အနုပညာ ရှင်တစ်ယောက်၊ ဗိသုကာ တစ်ယောက်၊ အင်ဂျင်နီယာတစ်ယောက် မဟုတ်ဘူး”ဟူ၍ ဖြစ်တတ် ကြသည်။ ကျွန်တော့်အနေဖြင့် ဤအချက်ကို အလေးအနက်ထား၍ ပြောလိုသည်။ ကျွန်တော်၏ ခရီးစဉ်တစ် လျှောက်၌ ဩစတြေးလျရှိ ကျေးလက်မှအစ မြောက်အမေရိကနှင့် ဥရောပမြို့ကြီးများအထိ သတင်းစာများကို စုဆောင်းခဲ့သည်။ ထိုသတင်းစာများ၌ အမျိုးသမီး များသည် ယောက်ျားလေးများ၊ မိန်းကလေးများကိုသာ မွေးဖွား ကြောင်းဖတ်ရှုရသည်။

 

 သို့သော် အမျိုးသမီးတစ်ယောက်က အရောင်းသမားတစ်ယောက်၊ ဆရာဝန်တစ်ယောက်၊ ရှေ့နေတစ်ယောက်၊ အနုပညာရှင်တစ်ယောက်၊ ဗိသုကာတစ်ယောက်၊ အင်ဂျင်နီယာတစ်ယောက် စသည်ဖြင့် မွေးဖွား ကြောင်းကိုမူ တစ်ခါမျှ မဖတ်ဖူးပါ။ သို့သော် သတင်းစာများ၌ ဆရာဝန် များ၊ ရှေ့နေများ၊ အရောင်းသမားများ၊ အင်ဂျင်နီယာများ သေဆုံးသွား ကြကြောင်း ဖတ်ခဲ့ရသည်။ သူတို့အနေဖြင့် မွေးဖွားခြင်း၏နောက်တွင် မိမိတို့ကိုယ်တိုင် ရွေးချယ်၍သော်လည်းကောင်း၊ လေ့ကျင့်ခြင်းကြောင့် သော်လည်းကောင်း၊ တို့ဖြစ်ချင်သည့်သူများ ဖြစ်လာခဲ့သည်။ ဆရာဝန် တစ်ယောက်အဖြစ် မွေးဖွားလာသည့် သူတစ်ယောက်က ခင်ဗျား၏ ဝေဒနာကို ကုသပေးစေချင်ပါသလား။ သို့မဟုတ် ရှေ့နေတစ်ယောက် အဖြစ် မွေးဖွားလာသည့် သူတစ်ယောက်ယောက်က တရားခွင်မှာ  ခင်ဗျားဘက်က ရပ်တည်ပေးစေချင်ပါသလား။

 

တကယ်တော့ အမျိုးသမီးတစ်ယောက်ထံမှ အောင်မြင်မှုများ၊ ဆုံးရှုံးမှုများ မွေးဖွားလာသည်ကို တစ်ခါမျှမမြင်ဖူးပါ။ သူမွေးဖွားသည် မှာ မိန်းကလေးသော်လည်းကောင်း၊ ယောက်ျားလေးသော်လည်း ကောင်းသာ ဖြစ်ကြပါသည်။ နောက်ဆုံး၌ အချို့ လူများက မတ်တတ် ရပ်ပြီး “ငါဟာ ကိုယ်ထူး ကိုယ်ချွန်သမား”ဟု ပြောကြသည်။ သို့သော် ယနေ့အထိ မည်သည့်အမျိုးသား၊ အမျိုးသမီးကမျှ မတ်တတ်ထရပ်ပြီး “ငါဟာ ကိုယ်ထူးကိုယ်ချွန်အရှုံးသမား”ဟု ပြောတာ တစ်ခါမျှမကြား ဖူးပါ။ သူတို့ ဘာလုပ်သည်ကို ခင်ဗျားသိပါသလား။ သူတို့က လက်ညှိုးထိုးပြပြီး “ကျွန်တော် မအောင်မြင်ရ၊ မပျော်ရွှင်ရတာ ကျွန်တော့် မိဘတွေကြောင့်”ဟု ပြောကြသည်။ တချို့က “ကျွန်တော့် မိန်းမ၊ ကျွန်မယောက်ျားက နားလည်မှုမရှိဘူး”ဟု ပြောကြသည်။ တချို့က အသားအရောင်မှအစ၊ ဘာသာရေး ယုံကြည်ချက်အလယ်၊ ပညာချို့တဲ့မှုနှင့် ခန္ဓာမသန်စွမ်းမှုတို့ကို အပြစ်တင် တတ်ကြသည်။ တချို့က အသက်ကြီးသွား၍၊ အသက်ငယ်၍၊ သိပ်ဝ၍၊ သိပ်ပိန်၍၊ အရပ်ရှည်၍၊ အရပ်ပု၍ သို့မဟုတ် သူတို့ပဋိရူပဒေသမှာ မနေရ၍ စသည်ဖြင့် ပြောတတ်ကြသည်။

 

အချို့ လူများကဆိုလျှင် သူတို့မွေးဖွားသည့်လ မကောင်း၍၊ နက္ခတ်မကောင်း၍ဟု ပြောတတ်ကြသေးသည်။ ကိုယ်ရေးကိုယ်တာ  ကိစ္စကိုပြောရလျှင် ကျွန်တော့်အနေဖြင့် ကြယ်တာရာများကို မယုံ ကြည်ဘဲကြယ်တာရာ များကို ဖန်တီးသည့်သူများကိုသာ အပြည့်အဝ ယုံကြည်သည်။ ရှုံးသူ၏ ခြေထော့ကျိုးစိတ်ဓာတ်မျိုး ထားသည့်သူများ သည် စိတ်ဓာတ်ညံ့ဖျင်းသူများဟု ယုံကြည်ကြသည်။ ဘဝနှင့်ပတ်သက် ၍ ခင်ဗျား၏ဝေစုသည် မည်သို့ပင်ဖြစ်ပါစေ ထိုအပေါ်၌ တစ်စုံတစ်ခုကို ခိုင်ခိုင်မာမာဖြစ်လာအောင် တည်ဆောက်နိုင်သည်။

 

တချို့က ပြောင်းပြန်ပြောကြသေးသည်။ သူတို့သည် လူနည်းစု အဖွဲ့ဝင်မဖြစ်၍ လည်းကောင်း၊ အမျိုးသမီးမဖြစ်၍ လည်းကောင်း အဆင့်အတန်းခွဲခံရသည်ဟု ပြောကြသည်။ အချို့ လူများက လူ့အဖွဲ့ အစည်းကို လက်ညှိုးထိုးပြပြီး သူတို့ မအောင်မြင်သည့်သူများဖြစ်လာ ၍ လည်းကောင်း၊ သူတို့၏ ပြဿနာများအတွက် လည်းကောင်း၊ လူတိုင်းကို အပြစ်တင်တတ်ကြသည်။ တစ်ခုတော့ သတိထားရန် | ခင်ဗျားကို ပြောပြလိုသည်။ ခင်ဗျားက သူတစ်ပါးအား လက်ညှိုးထိုး နေစဉ်တွင် ကျန်လက်သုံးချောင်းက ခင်ဗျားဘက်ကို ပြန်ထိုးနေသည်။  ခင်ဗျား၏အောင်မြင်မှုများ၊ ပျော်ရွှင်မှုများသည် ခင်ဗျားကြောင့်ပင် ဖြစ်သည်။ ဤစာအုပ်ကပေးသည့် သတင်းစကားများထဲ၌ ပါဝင် ပတ်သက်လာလေ၊ ခင်ဗျားကိုယ်တိုင်က ခင်ဗျား၏အနာဂတ်ကို ထိန်းချုပ်ထားနိုင်ကြောင်း သိရှိပျော်ရွှင်လေ ဖြစ်မည်။ ပထမဆုံး အကြိမ်အနေဖြင့် ခင်ဗျား၏ မြားမြောင်လှစွာသော အစွမ်းအစများကို သတိထားမိနိုင်မည်။

(ဆက်လက်ဖော်ပြပါမည်)

 

ခင်မောင်ညို (ဘောဂဗေဒ)၏ “ထိပ်ဆုံးမှာတွေ့ကြမယ်” စာအုပ်မှ “ယခုအချိန်သည် အကောင်းဆုံးအချိန်” ဆောင်းပါးကို စာရေးသူ၏ ခွင့်ပြုချက်ဖြင့် ကူးယူဖော်ပြခြင်း ဖြစ်ပါသည်။ စာတည်း