ယဉ်ကျေးလိမ္မာသင်တန်းများ ဒေသစုံဖွင့်လှစ်ပေးခြင်းဖြင့် လူမှုအသိုက်အဝန်းကောင်းများ ဖော်ဆောင်ကြပါစို့
မဟိဒ္ဓိ
ပြီးခဲ့သည့် မေလ ၁၀ ရက်နေ့က ဖျာပုံမြို့ အမှတ်(၁) ရပ်ကွက် မဟာပုညာရာမတိုက် (ထန်းပင်ကျောင်း ပရိယတ္တိစာသင်တိုက်) မဏိရတနာတန်ဆောင်း တွင် ပြုလုပ်သည့် ယဉ်ကျေးလိမ္မာသင်တန်းသို့ စာရေးသူအစီ အစဉ်မရှိဘဲ တက်ရောက်ဖြစ်ခဲ့ သည်။ အဆိုပါအခမ်းအနားတွင် မြို့နယ်သံဃနာယ ကအဖွဲ့ ဥက္ကဋ္ဌ၊ မြို့နယ်ဓမ္မစကူးလ်ကော်မတီ ဥက္ကဋ္ဌ၊ အဂ္ဂမဟာသဒ္ဓမ္မဇောတိကဓဇ ဘဒ္ဒန္တဝါသဝ အရှင်သူမြတ် (မင်္ဂလာသုခ သလိတ်ကြီးကျောင်း တိုက် ကျောင်းထိုင်ဆရာတော်)နှင့် ဖျာပုံမြို့ (မဟာ ပုညာရာမတိုက်) ထန်းပင်ကျောင်း ပရိယတ္တိစာသင် တိုက်ကြီး၏ ဦးစီးပဓာနနာယက၊ နိုင်ငံတော်ဩဝါဒါ စရိယ (နိုင်ငံတော်သံဃမဟာနာယကအဖွဲ့ တွဲဖက် အကျိုးတော်ဆောင်ဟောင်း) (အဂ္ဂမဟာပဏ္ဍိတ၊ အဂ္ဂမဟာသဒ္ဓမ္မဇောတိကဓဇ၊ အဂ္ဂမဟာဂန္ထဝါစက ပဏ္ဍိတ၊ သာသနဓဇဓမ္မာစရိယ) ဘဒ္ဒန္တဝေပုလ္လ အရှင်သူမြတ်အပါအဝင် သင်တန်းဖြစ်မြောက်ရေး ဦးဆောင်စီမံ ကြီးကြပ်ပေးကြသည့် ဆရာတော် အရှင်သူမြတ်များ ကြွရောက်ချီးမြှင့်တော်မူသည်။
လွန်စွာတန်ဖိုးကြီး
သာမန်အားဖြင့်ကြည့်လျှင် မူလတန်းအဆင့် ကလေးများလောက်သာ တက်ရောက်သည့် သင်တန်းမျိုးဟု ယူဆနိုင်ပြီး သင်တန်းကာလမှာ လည်း ရက်သတ္တနှစ်ပတ်ခန့်သာ ကြာမြင့်မည် ဖြစ်ရာ အချို့သောလူတော် တော်များများက ယင်း သင်တန်းအပေါ် ပေါ့ပေါ့တန်တန်ဟုသာ ယူဆနေပုံ ရသည်။ အချို့ကလည်း “ယဉ်ကျေးလိမ္မာသင်တန်း ဆိုတော့ မယဉ်ကျေးတဲ့သူတွေ တက်ကြပေါ့။ ငါတို့က ယဉ်ကျေးပြီးသားဆိုတော့ တက်စရာမလို ဘူး”ဟု ခပ်ငေါ့ငေါ့ကလေး ပြောကြပြန်သည်။ အချို့ကလည်း “ယဉ်ကျေးလိမ္မာသင်တန်းတက် ရအောင် ငါတို့က ကလေးမို့လို့လား” စသည်ဖြင့် ဝေဖန်ထိုးနှက်မှုတို့က အစုံစုံ။ မည်သို့ပင်ဆိုစေ စာရေးသူကတော့ အဆိုပါသင်တန်းသို့တက်ရောက် ခွင့်ရခြင်းသည်ပင်လျှင် လွန်စွာတန်ဖိုးကြီးသည်ဟု ခံယူမိသည်။
တစ်ချိန်က မြန်မာတို့၏ ယဉ်ကျေးမှုအဆင့် အတန်းသည် အလွန်အားကောင်းခိုင်မာသော အခြေအနေနှင့် နှစ်ပေါင်းထောင်ချီ၍ ခံ့ခံ့ထည် ထည်ရှိခဲ့ရိုး မှန်ပါ၏။ ဘာသာ၊ သာသနာ၊ ယဉ်ကျေးမှု အပေါ်၌ အသက်တမျှ ခုံမင်မြတ်နိုး တန်ဖိုးထားခဲ့ ကြပါ၏။ သို့သော် ယနေ့ကာလတွင် ကိုရွှေမြန်မာ အများစု မိမိတို့၏ ဘာသာ၊ သာသနာ၊ မိမိတို့၏ ယဉ်ကျေးမှု၊ မိမိတို့၏ဓလေ့ထုံးတမ်း၊ မိမိတို့၏ စာပေ၊ ကဗျာ၊ ဂီတ အနုသုခုမတို့ အပေါ် လိုက်နာ ကျင့်သုံးမှု၊ မြတ်နိုးတန်ဖိုးထားမှု၊ ကျေနပ်နှစ်သက် မှု လျော့နည်းပျက်ပြယ်စပြုလာနေသည်ကို တွေ့ရှိ လာရသည်။ ။
အဆိုပါ ယဉ်ကျေးလိမ္မာသင်တန်းက မိရိုး ဖလာဗုဒ္ဓဘာသာဝင် တော်တော်များများ စည်းကျိုး၊ ဝါးကျိုးဖြင့် သိရှိခဲ့သည့် အခြေခံဘာသာရေး အယူအဆ၊ ယဉ်ကျေးမှုအယူအဆများကို စနစ် တကျ တည့်မတ်ပေးသကဲ့သို့ သိသင့်သိထိုက်သည့် ဒေသန္တရဗဟုသုတ၊ ဘာသန္တရဗဟုသုတများကို လည်း အကျိုးရှိရှိ သင်ကြားမျှဝေပေးသည်။ တစ်နေ့တာအတွက် သင်တန်းစတင်ကတည်းက အလှည့်ကျကြွရောက်တော်မူသည့် ဆရာတော် အရှင်သူမြတ်များထံ ငါးပါးသီလခံယူ၍ ဩဝါဒ ကထာဖြင့် စတင်ဖွင့်လှစ်သည်။ ထို့ပြင် ကာယကံ ယဉ်ကျေးမှု၊ ဝစီကံယဉ်ကျေးမှု၊ မနောကံယဉ်ကျေး -မှုမှသည် သံသရာတစ်ဖက်ကမ်းသို့ ထွက်လှမ်းနိုင် -အောင် မျိုးစေ့ချပေးသည်။ မနက်လင်းကတည်းက “မင်္ဂလာပါ” ကောင်းကျိုးချမ်းသာပြည့်စုံပါစေ၊ တင့်တယ်စွာ သွားလာနိုင်ပါစေ၊ ချမ်းသာပျော်ရွှင် မှုကို ပေးတတ်ကြပါစေ၊ မကောင်းမှုကို ပယ်ဖျောက် နိုင်ကြပါစေ၊ ကာလဒေသပုဂ္ဂလနှင့် လျော်ကန်နိုင်ကြ ပါစေ၊ ကုသလကမ္မပထတရားများနှင့်နေနိုင်ကြပါစေ။ ကံကောင်းခြင်း၊ အတိတ်ကောင်းခြင်း၊ ဟိတ်ကောင်း ခြင်း၊ အလိုပြည့်ခြင်း၊ အောင်မြင်ခြင်း၊ ကြီးပွားချမ်း သာခြင်း၊ ကောင်းသော အခွင့်အခါ၌ ကြုံကြိုက်ခြင်း၊ ကောင်းသောအခြေအနေ၌ တည်ခြင်း၊ ကောင်း သောအခြင်းအရာနှင့် လျော်ညီခြင်းဟူသော သုဘာ သိတဝါစာ၊ ပီယဝါစာဖြင့် တစ်ဦးနှင့်တစ်ဦး နှုတ်ခွန်း ဆက်တတ်အောင်၊ ရှင်သန်သွားလာနိုင်အောင် သင်ကြားပေးသည်။ တစ်ဦး၏အကျိုးစီးပွားဖြစ်ထွန်း မှုကို တစ်ဦးက ကျေနပ်နှစ်သက်လိုလား မုဒိတာ ပွားတတ်အောင်သင်ကြားပေးသည်။ သည်မျှလောက် ဆိုလျှင်ပင် အတော်အတန် တန်ဖိုးရှိနေပြီ မဟုတ်ပါလော။
အကျိုးတရားများ ရရှိ
စာရေးသူတို့ ရွတ်ဆိုလေ့ရှိသည့် ဩကာသ ကန်တော့ချိုး၏ အနက်အဓိပ္ပာယ်၊ ကံသုံးပါး၏ အနက်အဓိပ္ပာယ်မှ အစပြုကာ သရဏဂုံသုံးပါး၊ ရတနာမြတ်သုံးပါး၊ ပဉ္စသီလ၊ နမောတဿ၊ အပါယ်လေးပါး၊ ကပ်သုံးပါး၊ ရပ်ပြစ်ရှစ်ပါး၊ ရန်သူမျိုး ငါးပါး၊ ဝိပ္ပတ္တိတရား လေးပါး၊ ဗျသနတရား ငါးပါး၊ ဘုရား ဂုဏ်တော် ကိုးပါး၊ တရားဂုဏ်တော် ခြောက်ပါး၊ သံဃာ့ဂုဏ်တော် ကိုးပါးအပါအဝင် အခြေခံသာသနာ ရေးဆိုင်ရာ အဆုံးအမများ သင်ကြားသိရှိခွင့် ရရှိ ပါသည်။ ကျေးဇူးတော်ရှင် လယ်တီဆရာတော် ကြီး၏ ခုနစ်နေ့ဘုရားရှိခိုး၊ သုံးဆယ့်ရှစ်ဖြာ မင်္ဂလာ၊ သတ္တဌာန(၇)ဌာန၊ ပါဠိရေးနည်း၊ ဖတ်နည်း၊ မဟာဗုဒ္ဓဝင်၊ ဂုဏ်တော်အစရှိသည့် ဘာသာရေးနှင့် ယဉ်ကျေးမှုအရင်းအမြစ်များ သင်ယူဆည်းပူးခွင့် ရရှိသည့်အတွက် လက်တလောအကျိုးကျေးဇူး အနေဖြင့် မေ့လျော့နေသည့် နိစ္စပါတ်ကုသိုလ် တရားများ ပြန်လည်ပွားများဆောင်ရွက် ဖြစ်လာ သည်။ ထို့ပြင် သင်တန်း ဆရာ ဆရာမများက စာကို သာမက စိတ်ကိုပါ သင်ကြားပေးလိုက်သည့်အတွက် လောကအမူအရာ၊ လူ့အမူအရာ၊ လောကသဘာဝ၊ လူ့သဘာဝတရားများ ရရှိသည့်အပြင် နှလုံးသား လိမ္မာသော၊ နှလုံးသားနူးညံ့သော၊ ကုသလကမ္မပထ တရား၊ အနဝဇ္ဇာနိကမ္မာနိ မင်္ဂလာဖြင့် အပြစ်ကင်းစွာ နေထိုင်နိုင်သော လူမျိုးများအဖြစ် ရပ်တည်ရှင်သန် လာနိုင်စေသော အကျိုးတရားများ ရရှိပါသည်။
ထို့ပြင် လူမှုဝန်းကျင်ပြောဆိုပေါင်းသင်း ဆက်ဆံခြင်းတွင်လည်း မင်္ဂလာတရားတော်နှင့်အညီ ပြောဆိုနေထိုင် တတ်ရေး ယင်းသင်တန်းကပင် သင်ကြားပေးသည်။ အတ္ထလင်္ကာရ-အနက်အဓိပ္ပာယ် အားဖြင့် ပြောဆိုတတ်သော၊ သဒ္ဒါလင်္ကာရ- သဒ္ဒါ စည်းကမ်းနှင့်အညီ ပြောဆိုတတ်သော၊ ၀စနာ လင်္ကာရ- စကားတန်ဆာနှင့် ပြောဆိုတတ်သော၊ သောတာလင်္ကာရ-တစ်ဖက်သား နားအကြည်ဓာတ် နားချမ်းသာအောင် ပြောဆိုတတ်သော၊ သုဘာသိတဝါစာ- ကောင်းစွာပြောဆိုတတ်သော၊ ပီယ ( ဝါစာ-ချစ်ဖွယ်ရှိအောင်ပြော ဆိုတတ်သော၊ ဓမ္မ ဝါစာ-တရားနှင့်ယှဉ်၍ ပြောဆိုနေထိုင်သွားလာ တတ်သော လူမျိုးများဖြစ်အောင် သင်ကြားပေးမှု ကိုလည်း ကောင်းစွာဆည်းပူးခွင့်ရရှိပါသည်။
ယနေ့ ကမ္ဘာ့ဘာသာရေးအခြေအနေကို လေ့လာကြည့်လျှင် ယေဘုယျအားဖြင့် ကမ္ဘာ့ လူဦးရေသန်းပေါင်း ၇၀၀၀ ကျော်ခန့်ရှိသည်ဟု သိရှိရပါသည်။ ၎င်းအနက် ခရစ်ယာန်ဘာသာ ဝင်ဦးရေသန်း ၂၀၀၀ ခန့် (၃၃ ရာခိုင်နှုန်း)၊ အစ္စလာမ်ဘာသာဝင်ဦးရေ သန်းပေါင်း ၁၃၀၀ ခန့် (၂၂ ရာခိုင်နှုန်း)၊ ဟိန္ဒူဘာသာဝင်ဦးရေ သန်းပေါင်း ၉၀၀ ခန့် (၁၅ ရာခိုင်နှုန်း)နှင့် ဗုဒ္ဓဘာသာဝင် ဦးရေ သန်းပေါင်း ၃၆၀ ခန့် (ခြောက်ရာခိုင်နှုန်းခန့်) သာရှိရာ ဗုဒ္ဓဘာသာဝင်ဦးရေ လွန်စွာနည်းပါး နေသည်ကို အားမရဖွယ် တွေ့ရှိနေရပါသည်။ ထို့ကြောင့် မီးခဲပြာဖုံးဖြစ်နေ သော မိမိတို့၏ ဘာသာ၊ သာသနာ မတိမ်ကောစေရေးနှင့် ( အမှန်တကယ် သက်ဝင်ယုံကြည်သည့်ဘာသာဝင် များ တစ်နေ့တခြားတိုးပွားလာစေရေးအတွက် အရေးတကြီးလိုအပ်လျက်ရှိရာ သံဃာတော်အရှင် ( သူမြတ်များ၊ နိုင်ငံတော်အစိုးရနှင့် ဌာနဆိုင်ရာများ အပါအဝင် ပြည်သူတစ်ရပ်လုံး ပူးပေါင်းပါဝင်သင့် လှပါသည်။ ထို့ပြင် အခြေခံပညာ သို့မဟုတ် အဆင့်မြင့်ပညာသင်ရိုးညွှန်းတမ်းများတွင်လည်း သင့်တင့်မျှတစွာ ထည့်သွင်းပြဋ္ဌာန်း ပေးစေချင်ပါကြောင်း အလျဉ်းသင့်၍ တိုက်တွန်းချင်ပါသည်။
ဘာသာယဉ်ကျေးမှုအပေါ် အလေးဂရုပြု
စာရေးသူတို့ ဘိုးဘွားမိဘများက အလွန် တန်ဖိုးကြီးသည့် ဘာသာ၊ သာသနာ၊ ယဉ်ကျေးမှု အမွေအနှစ်ထုပ်ကို နှစ်ပေါင်းနှစ်ထောင်ကျော် မပျောက်ပျက်အောင်ထိန်းသိမ်းတာဝန်ကျေခဲ့ကြပါ ၏။ တစ်ဖန် ဘိုးဘွားမိဘများမှ သည် အနာဂတ် လူငယ်များ၏ လက်ထဲသို့ ထိုအမွေအနှစ်ထုပ်ကို နှုတ်ဆင့်ကမ်း၊ လက်ဆင့်ကမ်း၊ ပခုံးထမ်းပြောင်း ရန်ကြည့်သည့်အခါ ယနေ့ခေတ် လူငယ်လူရွယ် တော်တော်များများ၏ နှလုံးသားများမာကြော နေ သည်ကို တွေ့ကြရပါသည်။ (ဤနေရာတွင် စကား ချပ်အားဖြင့် ယနေ့လူမှုကွန်ရက်ပေါ် အနည်းငယ် လေ့လာကြည့်ရုံမျှနှင့်ပင် မြန်မာအများစု၏ မိမိဘာသာ သာသနာ အဆုံးအမအပေါ် ပေါ့လျော့ နေမှု၊ ယဉ်ကျေးမှုစည်းရိုး ပျက်ကျိုးယိုင်နဲ့လာ အောင် လုပ်ဆောင်နေမှုများ တွေ့ရှိသိမြင်နေကြရ မည် ဖြစ်ပါသည်။) ဦးနှောက်တံခါးများသာဖွင့်ပြီး နှလုံးသားတံခါးများ ပိတ်ထားကြသည့်အခါ စာနာ စရာရှိသော်လည်း မစာနာတတ်၊ ခံစားစရာရှိသော် လည်း မခံစားတတ်ဖြစ်ကာ တစ်ဖက်စွန်းရောက် ဖွံ့ဖြိုးနေသော လူငယ်လူရွယ်များ ဖြစ်သွား မည်ကို စာရေးသူတို့ စိုးရိမ်မိရပြန်ပါသည်။ ထိုသို့ ကောင်း သောလူ့အဖွဲ့အစည်းက မလိုလားသည့် လူတစ်ဦး တစ်ယောက်မဖြစ်အောင် စာရေးသူအပါအဝင် အားလုံးက ဘာသာယဉ်ကျေးမှုအပေါ် အလေးဂရု ပြုကြရပါမည်။ ဘာသာရေး၊ စာပေအပါအဝင် စာကောင်းပေမွန်များ ဖတ်ရှုလေ့လာလိုက်နာ ကျင့်သုံးကြရပါ လိမ့်မည်။ သို့အတွက် စာကြည့် တိုက်၊ ယဉ်ကျေးလိမ္မာသင်တန်းနှင့် သံဃာတော် အရှင်သူမြတ်များအစရှိ သည့်ပုဂ္ဂလ၊ ဌာနအသီးသီး ကလည်း အထောက်အကူပြုနိုင်ပါလိမ့်မည်။
အချုပ်အားဖြင့်ဆိုရပါမူ စာရေးသူတို့တွင် ရှိပြီးသားယဉ်ကျေးမှုအပေါ် မျက်ကွယ်ပြု၍ ယဉ်ကျေးမှုအသစ်များ၏ တံခါးလာခေါက်မှု၊ သွေး တိုးစမ်းနေမှုကို ပြတ်ပြတ်သားသား ခုခံကာကွယ် ကြရပါလိမ့်မည်။ ထိုသို့ဆိုသဖြင့် သျှောင်ဆံထုံး ထုံး၍ ထိုးကွင်းဒူးကျဖြင့် နေဖို့မဆိုလိုပါ။ အလားတူ ရက်ကန်းကျ ထဘီကြမ်းဖြင့် နေဖို့မဆိုလိုပါ။ သမိုင်း မ,အအောင်၊ ယဉ်ကျေးမှု မ,အအောင်၊ အနုပညာ မ,အအောင် ခေတ်နှင့်အညီ သင့်တော်သလောက် လိုက်ပါပြောင်းလဲကြရသည်ဆိုသည်ကို စာရေးသူတို့ အားလုံး လက်ခံနိုင်ကြပါသည်။ စာရေးသူတို့၏ အမျိုးသားရေး ဇာတိဥပဓိမပျောက်ပျက်အောင် ထိန်းသိမ်းဖို့ အားလုံးမှာ တာဝန်ရှိကြပါသည်။
မြို့ရောတောပါမကျန် ပြန့်ပွားဖွင့်လှစ်
ယခုပြုလုပ်ပေးခဲ့သည့် ယဉ်ကျေးလိမ္မာ သင်တန်းတစ်ခုတည်းနှင့်ပင် ရပ်တန့်မသွားရန် လိုသလို ပွဲပြီးမီးသေ လို့လည်း မဖြစ်သေးချေ။ ယခုသင်တန်းက ရရှိလိုက်သည့် ပညာဆီမီးကို တစ်ယောက်ကနေ တစ်ရာအထိ လင်းလက်လာအောင် ဝိုင်းဝန်းထွန်းညှိပေးကြရမည် ဖြစ်ပါသည်။ ယခုကဲ့သို့ သို့တည်းမဟုတ် ယခုထက်သာလွန် သော ယဉ်ကျေးလိမ္မာသင်တန်းများ မြန်မာနိုင်ငံ တစ်နံတစ်လျား မြို့ရောတောပါမကျန် အချိန်မီ အခါမီ အလျင်အမြန် ပြန့်ပွားဖွင့်လှစ်ပေးစေချင်မိ ပါ၏။ သင်ကြားချိန်၊ သင်ယူချိန်လည်း ယခုထက် ပိုမိုရရှိစေချင်မိပါ၏။
စာရေးသူတို့အပါအဝင် လူငယ်လူရွယ် ညီအစ်ကိုမောင်နှမအားလုံးသည် ယဉ်ကျေးလိမ္မာ သင်တန်းမှ အစပြု၍ ဦးနှောက်တံခါးများ ဖွင့်ထား နိုင်ကြသကဲ့သို့ စာနာနားလည်မှုအပြည့်ရှိသော နှလုံးသားတံခါးများလည်း ဖွင့်ထားနိုင်ကြပါစေ၊ ရှိပြီးသားကျင့်ဝတ်သီလများလည်း စောင့်ထိန်း နိုင်ကြပါစေ၊ ဉာဏ်ပညာဖြင့် ထိုးထွင်းသိမြင် ဆင်ခြင်တတ်သော စိတ်ခွန်အားများလည်း ပိုင်ဆိုင် ရရှိကြပါစေ၊ ဘာသာ၊ သာသနာ၊ စာပေ၊ သဘင်၊ ဂီတ၊ အနုသုခုမကို ရွတ်ခါမတ္တ၊ ဖတ်ခါမတ္တ၊ သင်ကြားခါမတ္တ၊ သီဆိုခါမတ္တ မဟုတ်မူဘဲ ခံစား တန်ဖိုးထားတတ်သော လူမျိုးများဖြစ်နိုင်ကြပါစေ၊ အမျိုး၊ ဘာသာ၊ သာသနာကို စောင့်ရှောက်တတ် သော ရင့်ကျက်သောစိတ်ဖြင့် ပညာပြည့်ဝနှလုံးလှ ကြပါစေ၊ ဒါန၊ သီလ၊ ဘာဝနာတရားများ အချိုးကျ ကျင့်သုံး၍ ကံ၊ ဉာဏ်၊ ဝီရိယသုံးပါးဖြင့် သီလ၊ ၊ သမာဓိ၊ ပညာ သိက္ခာသုံးရပ်အပေါ်ကောင်းမြတ်စွာ တည်ဆောက်နိုင်ကြပါစေဟု မေတ္တာဖြင့် တိုက်တွန်းရေးသားလိုက်ရပါသည်။