ဘာသာ သာသနာကို အရောင်မဆိုးကြလေနှင့်
စာချစ်သူ
တစ်နေ့က ကြုံရဆုံရသည့်အဖြစ်ကြောင့် ကိုယ့်ကိုယ်ကိုယ် ဘယ်နိုင်ငံရောက်နေသည်ဟုပင် ဝေခွဲမရတော့။ ကဆုန်လပြည့် (ဗုဒ္ဓနေ့) က ကျွန်တော်တို့မိသားစု ရွှေတိဂုံစေတီတော်မြတ်ကြီးသို့ သွားရောက်ဖူးမြော်၍ ကဆုန်ညောင် ရေသွန်းလောင်း ပူဇော်ခဲ့ကြသည်။ ပြီးခဲ့သည့်နှစ် ကိုဗစ်ကပ်ရောဂါဆိုးကြီးစတင် ကူးစက်ဖြစ်ပွားခဲ့စဉ်ကစ၍ တို့ဘုရားကို တို့များမဖူးရသည်မှာ ကြာပြီမို့ နေအိမ်ကစထွက်ကတည်းက အထူးရွှင်လန်းတက်ကြွနေသည်။
မိသားစုက များသည်မို့ တက္ကစီအငှားယာဉ် နှစ်စီးခွဲရသည်။ ရွှေတိဂုံစေတီတော် တောင် ဘက်မုခ်၌ စုရပ်ပြုထားသည်။ လူအားလုံးစုံ၍ ဓာတ်လှေကားပေါ်တက်တော့ အစ်မတစ်ဦး၏ မျက်နှာက မကြည်မသာနှင့် စိတ်ရှုပ်နေဟန်။ အကြောင်းရင်းကို မေးကြည့်တော့ သူတို့ ငှားလာ သည့် တက္ကစီယာဉ်မောင်းက “အစ်မတို့ ဒီလိုအချိန် မျိုးမှာ ဘုရားမသွားသင့်ဘူး။ တွေ့လား၊ ကျောင်း တွေတောင် ဘယ်သူမှမအပ်ကြဘူး။ ကျွန်တော်တို့ နိုင်တော့မှာ” ဟုဆို၍ ဖြစ်သည်။ ။
အန္တိဘူတော အယံလောကော၊ လောကကြီး တစ်ခုလုံး အမိုက်မှောင်ဖုံးလေပြီ။ ဘုရားပရိဝုဏ် အတွင်းမို့ သတိကပ်၍ စိတ်ကိုထိန်းလိုက်ရသည်။ ညဘက်ရောက်တော့ တို့ ဘုရားကို တို့များဖူးရပြီမို့ ကြည်နူးသော ပီတိသောမနစိတ်ဖြင့် ရွှေတိဂုံ စေတီတော်မြတ်ကြီး၏ လုံးတော်ပြည့်ပုံတော်နှင့် မိသားစုအမှတ်တရဓာတ်ပုံ လေးများကို လူမှု ကွန်ရက်စာမျက်နှာပေါ် တင်မိသည်။
ထိုသောအခါ “ဘုရားသွားတဲ့ပုံတွေ အခုအချိန် မှာမတင်ပါနဲ့။ လူတွေက တစ်မျိုး ထင်လိမ့်မယ်"ဟု စိုးရိမ်သောလေသံဖြင့် အစ်မတစ်ဦးက ဆိုပြန်သည်။
စိတ်ထဲမသက်မသာဖြစ်ရပြန်သည်။ ပါးစပ်က လည်း လွှတ်ခနဲထွက်သွားသည်။
“ကျွန်တော်တို့ ဘယ်နိုင်ငံမှာ နေနေတာလဲ"
အစ်မက ဘာမျှမပြောတော့ပါ။ ကျွန်တော်လည်း ဆက်မပြောချင်တော့ပါ။ သို့တစေ အတွေးတို့ကား မရပ်မနား။
အတိတ်သမိုင်းမြင်ကွင်းများ
၁၈၂၄ ခုနှစ် အင်္ဂလိပ်-မြန်မာ ပထမစစ်ပွဲတွင် ရွှေတိဂုံကုန်းတော်၌ တပ်စွဲနေသော အင်္ဂလိပ် တပ်များကို ရန်ကုန်မြို့ သို့ စုန်ဆင်းလာသော ကျီဝန်ကြီး သတိုးမင်းကြီး မဟာမင်းခေါင်၊ကင်းဝန် မင်းကြီး မဟာမင်းလှကျော်စွာ၊ လက်ယာဝင်းမှူး မင်းကြီး မဟာမင်းခေါင်၊ မြင်းစုဝန်ကြီး သီရိမဟာ | ဇေယျသူတို့ ကြီးကြပ်သော မြန်မာရဲမက်တပ်သား ၂၅၀၀၀ ကျော်ပါ မြန်မာတပ်ကြီးက ချဉ်းကပ် တိုက်ခိုက်ခဲ့သည့် အတိတ်သမိုင်းမြင်ကွင်းများကား တဖျတ်ဖျတ်။
ရွှေတိဂုံဘုရားအရှေ့ဘက် တစ်မိုင်ခန့်အကွာရှိ သစ်တောအတွင်းမှ အလံမျိုးစုံ၊ စစ်တံခွန်မျိုးစုံ လွှင့်ထူကာ ချီတက်ထွက်ပေါ်လာသော အင်အား ကြီးမားသည့် မြန်မာတို့၏ စစ်ကြောင်းများ၊ အင်္ဂလိပ်တို့၏ ဗုံး၊ အမြောက်တို့ဒဏ်ကြောင့် စစ်ဦး ပြိုကျပြီး ရွှေတိဂုံကုန်းတော် မြောက်ဘက် စစ်မျက်နှာတိုက်ပွဲတွင် ၅၀၀၀ နီးပါးမျှ ကျဆုံးခဲ့ ရသော ရှေးခေတ်မြန်မာသူရဲကောင်းရဲမက်များ၏ ပုံရိပ်များကား ဖျတ်ခနဲ၊ ဖျတ်ခနဲ။
မြန်မာတစ်နိုင်ငံလုံး ကိုယ့်မင်းကိုယ်ချင်းဘ၀ ကျဆုံး၍ ဗြိတိသျှလက်အောက်သို့ လုံးဝကျရောက် သွားခဲ့ပြန်တော့လည်း မြန်မာတို့သည် အမျိုး ဘာသာသာသနာ ကွယ်ပျောက်မသွားစေရန် တတ်အားသရွေ့ ကြိုးပမ်းဆောင်ရွက်ခဲ့ကြပြန်ပါ သည်။
သကျသီဟ(မန္တလေး)၊ စေတိယင်္ဂဏ(ရန်ကုန်)၊ သုဝဏ္ဏဘူမိ(သထုံ)၊ သုသမာစာရ (မော်လမြိုင်)၊ ဝိနယာဓိက(ပဲခူး)၊ သုဓမ္မာ(ညောင်တုန်း) စသော ပရိယတ္တိအားပေးသော အသင်းအဖွဲ့များ၊ မလွန် ဆန်လှူအသင်းစသော ပစ္စယာနုဂ္ဂဟအဖွဲ့များ တည်ထောင်၍ အမျိုးဘာသာ သာသနာပြုခဲ့ကြလေ သည်။
သို့ကြောင့်မို့ လွတ်လပ်ရေးရပြီးနောက်ပိုင်းတွင် မြတ်ဗုဒ္ဓ၏သာသနာသည် ပရိယတ္တိသာမက ပဋိပတ္တိအပိုင်းပါ အားကောင်းလာခဲ့ပေသည်။ သထုံဇေတဝန် ဆရာတော်၊ စွန်းလွန်းဆရာတော်၊ ကန္နီဆရာတော်၊ ဝေဘူဆရာတော်၊ မိုးကုတ် ဆရာတော်၊ မဟာစည်ဆရာတော် စသော ပဋိပတ္တိ ဝန်ဆောင် ဆရာတော်ကြီးများသည် သာသနာ့ ကျက်သရေကို တိုးမြှင့်စေတော်မူခဲ့ကြ၏။ ရှေးခါ ဘိုးဘွားမိဘ ဆရာသမားတို့၏ ကျေးဇူးပင်။
ထို့အပြင် ကဆုန်လပြည့်(ဗုဒ္ဓနေ့)သည် ဗုဒ္ဓ ဘာသာဝင်များအတွက် အထွတ်အမြတ် နေ့ထူး နေ့မြတ်တစ်နေ့ဖြစ်သည်။ သုမေဓာ ရသေ့ဘဝတွင် ဗျာဒိတ်ခံခဲ့သည်ကလည်း ကဆုန်လပြည့်နေ့၊ နောက်ဆုံးဘဝတွင် ဖွားမြင်တော်မူသည်ကလည်း ကဆုန်လပြည့်နေ့၊ ဘုရားအဖြစ်သို့ရောက်တော်မူ သည်ကလည်း ကဆုန်လပြည့်နေ့၊ ဘဝအဆုံးသတ် ပရိနိဗ္ဗာန်စံသည်ကလည်း ကဆုန်လပြည့်နေ့။
ဤသို့ မြတ်ဗုဒ္ဓ၏ဘဝနှင့် ဆက်စပ်နေသည့် နေ့ထူးနေ့မြတ်ဖြစ်၍ ကဆုန်လပြည့်နေ့ရောက် လေတိုင်း မြန်မာနိုင်ငံ၌သာမက ဗုဒ္ဓဘာသာဝင် တိုင်းနိုင်ငံအသီးသီးတွင်လည်း ဗုဒ္ဓနေ့အဖြစ် လှဲချီး ခမ်းနားစွာ ကျင်းပကြလေသည်။
အိန္ဒိယနှင့် သီရိလင်္ကာနိုင်ငံတို့တွင် ဝိသာခါ (ဝေသာခ) နက္ခတ်နှင့်ယှဉ်တွဲဖြစ်ပေါ်လာသည့်နေ့ ဖြစ်၍ ဝေဆာခ်ပွဲတော်အဖြစ် မြတ်စွာဘုရားရှင်၏ ဂုဏ်တော်၊ ကျေးဇူးတော်များကို အာရုံပြု၍ ခမ်းနား စွာ ကျင်းပလေ့ရှိကြသည်။
“ဗုဒ္ဓ၏အဆုံးအမများသည် ထူးခြားသော အဆုံးအမများဖြစ်၏။ ဗုဒ္ဓသည် အင်မတန်မှ ထူးခြား သောပုဂ္ဂိုလ်တစ်ဦးဖြစ်၏။ ကမ္ဘာကြီးငြိမ်းချမ်းအောင် လူတို့၏ စိတ်နှလုံး ပူလောင်မှုများကို ငြိမ်းချမ်း အောင် ထူးချွန်စွာ ဟောပြောနိုင်သည့်ပုဂ္ဂိုလ်ဖြစ် သည်။ ဗုဒ္ဓမွေးဖွားသည့်ရက်ကို ကမ္ဘာ့ရုံးပိတ်ရက် အဖြစ် အသိအမှတ်ပြုသင့်သည်” ဟူသည့် အဆိုတင်သွင်းမှုအရ ကမ္ဘာ့ကုလသမဂ္ဂ(UN)သည် ၂၀၀၀ ပြည့်နှစ်က ကဆုန်လပြည့်နေ့ကို ဗုဒ္ဓနေ့ အဖြစ်သတ်မှတ်၍ တစ်ကမ္ဘာလုံး ရုံးပိတ်ရက် အဖြစ် ဆုံးဖြတ်ခဲ့လေသည်။
ပါမောက္ခချုပ်ဆရာတော်ကြီး အရှင်နန္ဒမာလာ ဘိဝံသကလည်း ကဆုန်လပြည့် ဗုဒ္ဓနေ့နှင့် ပတ်သက်၍ “ဘုန်းကြီးတို့ သီရိလင်္ကာနေတုန်းက သီရိလင်္ကာက ဝေဆာခ်ပွဲဟာ အလွန်ကြီးကျယ် တယ်။ အခု မြန်မာပြည်မှာ ကြီးကျယ်နေတာ သင်္ကြန်ပွဲဖြစ်တယ်။ ကဆုန်လမှာ သာမန်ညောင်ရေ သွန်းပွဲလောက်ပဲလုပ်ကြတယ်။ ဒီနေ့က ဘုရား ဖွားတော်မူတဲ့နေ့လည်းဖြစ်တယ်။ ဘုရားအဖြစ် သို့ရောက်တော်မူတဲ့နေ့လည်း ဖြစ်တယ်။ ပရိနိဗ္ဗာန် စံတော်မူတဲ့နေ့လည်းဖြစ်တယ်။ အင်မတန်မှ ထူးခြားတဲ့နေ့၊ ဒီထဲမှာ ထပ်ထည့်မယ်ဆိုလို့ရှိရင် ဗျာဒိတ်ခံတဲ့နေ့လည်း ဖြစ်တယ်။ ဒါကြောင့်မို့ ကဆုန်လပြည့်ဗုဒ္ဓနေ့ဟာ အင်မတန်မှ ထူးခြား တယ်။ ဗုဒ္ဓဘာသာနိုင်ငံတွေမှာ ကဆုန်လပြည့်နေ့ ဟာ တကယ့်ကို အမှတ်တရလုပ်သင့်တဲ့နေ့ပဲ။ သီရိလင်္ကာနိုင်ငံမှာ နှစ်လလောက်ကကြိုပြီး ဝေဆာခ်ကတ်ဆိုတာ (ခရစ္စမတ်ကတ်လို) ထုတ်ဝေကြတယ်။ မြတ်စွာဘုရားဟောတဲ့ ဒေသနာတွေ၊ ဘုရားပုံတော်တွေနဲ့ greeting ကတ်တွေ သူငယ်ချင်းတွေ တစ်ဦးနှင့်တစ်ဦး၊ ဗုဒ္ဓဘာသာတွေ တစ်ဦးနဲ့တစ်ဦးပေးပို့ကြတယ်။
ဘုရားမွေးနေ့ကိုတော့ မေ့နေကြ
“ဗမာပြည်မှာ အဲဒါလုပ်သင့်တယ်။ ညောင်ရေ သွန်းရုံလောက်တင်မဖြစ်သင့်ဘူး။ ဗုဒ္ဓနေ့ ညောင်ရေ သွန်းတာက ဗုဒ္ဓရဲ့ ဖွားဖက်တော် ဗောဓိပင်ပဲ ရေလောင်းဖို့ သတိရကြတယ်။ မြတ်စွာဘုရားရဲ့ ဘဝကိုမေ့နေသလိုရှိတယ်ပေါ့။ ကိုယ့်မွေးနေ့တွေ လုပ်ကြတယ်။ ဘုရားမွေးနေ့ကိုတော့ မေ့နေကြ တယ်လို့ ပြောစရာဖြစ်တယ်။
ဟောဖော်ညွှန်ပြဆိုဆုံးမ
“ဗုဒ္ဓနေ့ကိုတော့ အမှတ်ရကြပါလို့ ဗုဒ္ဓဘာသာ ဝင်တွေကို ပြောချင်တယ်။ ကိုယ် ကိုးကွယ်တဲ့ ဘုရားဟာ ကိုယ့်အပေါ်ဘယ်လောက်ကျေးဇူးရှိလဲ စဉ်းစားကြည့်။ ကုသိုလ် အကုသိုလ် လုပ်သင့်တာနဲ့ မလုပ်သင့်တာ၊ အပြစ်ရှိတာနဲ့ မရှိတာ၊ ဘဝခရီး ဘယ်လို လျှောက်လှမ်းရမယ်ဆိုတဲ့ တရားဓမ္မတွေ ဟောပြောနေတာ ဘယ်သူတုံးဆိုရင် ဘုရားပဲ။ ဘုန်းကြီးတို့ဟောတယ်ဆိုတာ ဘုရားရဲ့ တရားတွေ ပြန်ဟောနေရတာ။ ကမ္ဘာကြီးကို ငြိမ်းချမ်းအောင် စွမ်းဆောင်နိုင်ပြီးတော့ လူတွေရဲ့ ဒုက္ခတွေလျော့ပါး အောင် ဟောပြောပေးတဲ့ ကျေးဇူးရှင်ဟာ ဘယ်သူ တုံးဆိုရင် ဗုဒ္ဓပဲပေါ့။ အဲဒီတော့ မြတ်စွာဘုရားရဲ့ ဖွားတော်မူတဲ့နေ့ဟာ မမေ့သင့်တဲ့နေ့တစ်နေ့ပါပဲ။ ညောင်ရေသွန်းပွဲလေးနဲ့တင် အားမရဘဲနဲ့ မြတ်စွာဘုရားရဲ့ ဖွားတော်မူတဲ့နေ့မှာ အထူး တလည် မြတ်စွာဘုရားကို ပူဇော်သင့်တာပေါ့။
“အဲဒီတော့ ဗုဒ္ဓနေ့ကို အလေးအနက်ထားပြီး လုပ်သင့်တယ်၊ ကုလသမဂ္ဂဆုံးဖြတ်ချက်ကြောင့် တချို့ နိုင်ငံတွေမှာဆိုရင် ဝေဆာခ်ပွဲတော်ဆိုပြီး တော်တော်လေး ကြီးကြီးကျယ်ကျယ်လုပ်နေကြ ပြီ။ အခုမြန်မာပြည်မှာတော့ လုပ်တာသိပ်မတွေ့ သေးဘူးပေါ့နော်။ လုပ်သင့်လုပ်ထိုက်တယ်ပေါ့။ သူများတွေလုပ်လုပ် မလုပ်လုပ် ကိုယ့်ဗုဒ္ဓဘာသာ ဝင် တွေကနေပြီးတော့ အထူးတလည် ကိုယ်တတ် နိုင်တဲ့ ရှုထောင့်ကနေပြီးတော့ လုပ်သင့်တယ်” စသဖြင့် “ဗျာဒိတ်တော်ကြားဘုရား(၂၄)ဆူ” တရား တော်တွင် ဟောဖော်ညွှန်ပြဆိုဆုံးမ တော်မူခဲ့ပါ၏။
“ဒီလိုအချိန်မျိုးမှာ ဘုရားမသွားသင့်ဘူး" ဟူသည့် တက္ကစီ ယာဉ်မောင်းတစ်ဦး၏ အဓမ္မဆို စကားကြောင့် ကျွန်တော်၏ စိတ်အတွေးတို့သည် ထိုထိုဤဤ မရပ်မနား တရစပ် ခရီးနှင်ဆဲ။
ကျေးဇူးတော်ရှင် ရွှေကျင်နိကာယဥပ ဥက္ကဋ္ဌ တွဲဖက်ရွှေကျင်သာသနာပိုင် အဂ္ဂမဟာပဏ္ဍိတ၊ မဟာဂန္ထဝါစကပဏ္ဍိတ မတ္တရာသူဌေးကျောင်း ဆရာတော်ဘုရားကြီး ဘဒ္ဒန္တ မာနိတသိရီဘိဝံသ (ကထိကရဟန်း)၏
“ဒို့ဘိုး ဒို့ဘွား ဒို့မျိုးများက
နောက်သားနောင်လာ ကိုးကွယ်ရာဖို့
များစွာစေတီ ခံ့ထည်တန်ဆောင်း
ကျောင်းနှင့်ဇရပ် ပြာသာဒ်ဝေဝေ
တည်ခဲ့ပေ၏။
ခုနေအခါ သာသနာလည်း
ရှေးခါဘိုးဖ ပေးခဲ့ကြ၍
တွေ့ကြရပြီ ကြံရပြီတည်း။
ထိုဤများစွာ မွေ ဓမ္မကို
ဒို့ကဆက်ခါ ခံယူကာဖြင့်
ညီညာအားကြိုး ဒို့သည်ပိုးမှ
ဒို့မျိုးဘာသာ သာသနသည်
ရှည်ကြာတည်တံ့နိုင်လိမ့်သော်”
ဟူသည့် “ဒို့တာဝန်” ကဗျာသို့ရောက်လေ စိတ်အတွေးတို့သည် နိဂုံးကမ္ပတ် အဆုံးသတ် သွားလေတော့သည်။
မိတ်ဆွေ၊ သင် သိပါလေစ။ မြန်မာမှန်လျှင် သိရ ပေမည်။ ဘာသာ သာသနာကို အရောင်မဆိုးကြလေး
ကျမ်းကိုး။ ။ ဓမ္မာစရိယ ဦးဌေးလှိုင်၏ “မြန်မာ
နိုင်ငံ ပဋိပတ္တိ သာသနာဝင် ရဟန္တာနှင့် ပုဂ္ဂိုလ် ထူးများ” နတ်မောက်ဘုန်းကျော်၏ “အင်္ဂလိပ်-မြန်မာ စစ်သမိုင်း”