ပန်းကလေးများပွင့်တော့မည် ဖူးတံဝင့်လို့ချီ နေခြည်မှာ ရွှေရည်လောင်း ငါတို့စာသင်ကျောင်း
မောင်ငြိမ်းအေး
၂၀၂၁-၂၀၂၂ ခုနှစ် ပညာသင်နှစ်အတွက် အခြေခံပညာစာသင်ကျောင်းများ စတင်ဖွင့်လှစ်လိုက်ပြီ ဖြစ်သည်။ မင်္ဂလာရှိသော အခါသမယဖြစ်ပါသည်။ စာသင်ကျောင်းများသည် ကျောင်းသား ကျောင်းသူ၊ ကလေးသူငယ်၊ လူငယ်လူရွယ်များ ပညာရင်နို့သောက်စို့ရာ ဥယျာဉ်တစ်ခုဖြစ်သည်။ ပညာဥယျာဉ်လေးများ စတင်ပေါ်ထွန်းလာပြီဖြစ်၍ ကျောင်းသား ကျောင်းသူလေးများ၏ နှလုံးသားတွင် “ပန်းကလေးများပွင့်တော့မည် ဖူးတံဝင့်လို့ချီ နေခြည်မှာရွှေရည်လောင်း ငါတို့စာသင်ကျောင်း” ဟူ၍ ခွန်းဆင့်ဆိုတေးသီကြွေးနေကြမည်ဟု မျှော်လင့်ပါသည်။
အမျိုးသားပညာရေး
လူရယ်လို့ဖြစ်လာသည်နှင့် ပညာသင်ကြားရမည်မှာ အဓိကအလုပ်ဖြစ်သည်။ ပညာသင် ကြားသည်မှာလည်း အတန်းအောင်ရေးအတွက် သာမဟုတ်။ အသိပညာ ဗဟုသုတများကို ဖွေရှာ ရန်ဖြစ်သည်။ ထိုအသိပညာများကို အခြေခံ၍ ဆင်ခြင်ပိုင်းခြား ဆုံးဖြတ်နိုင်သည့် အသိဉာဏ်များ တိုးပွားလာရေးဖြစ်သည်။ ထိုဉာဏ်ပညာဖြင့် ဘဝအဆင့်ဆင့်ကို မြင့်သထက်မြင့်အောင် တက်လှမ်းနိုင်ရေး ဖြစ်သည်။ ထိုပညာသည်ကား အမျိုးသားပညာရေးဖြစ်သည်။ စစ်ကျွန်ပညာရေး မဟုတ်ပေ။ ယနေ့မြန်မာ့ပညာရေး သင်ရိုးများ သည် ကလေးငယ်များ အနာဂတ်ကို မျှော်တွေး၍ ဂျပန်အစိုးရနှင့် ယခင်အစိုးရများ ပူးပေါင်းရေးဆွဲ ထားသည့် အမျိုးသားပညာရေးဖြစ်သည်။
ထိုပညာဖြင့် ကလေးသူငယ်၊ လူငယ်လူရွယ်များ အနာဂတ်ကို တောက်ပြောင်အောင်သင်ကြား၊ သင်ယူကြရမည်ဖြစ်သည်။ ယနေ့ကမ္ဘာကို ပညာဖြင့် တည်ဆောက်နေသည်။ အချိန်နှင့်အမျှ တိုးတက်နေမှုများကို ပညာဖြင့် အမီလိုက်နေရသည်။ အချိန်နှင့် အမျှ တရံမလပ်ပညာဆည်းပူးနေ ရသည်။ ဆည်းပူးနေမှ တစ်နေ့တခြား တိုးတက်လာမည်ဖြစ်သည်။ ပညာရှာချိန်အရွယ်တွင် ပညာမရှာပါက အရွယ်လွန်မှ နောင်တရတတ်သည်။ ပညာမရှာ၊ ပညာမဲ့ပါက အကျိုးရလဒ်ကို လောက၌ ဒိဋ္ဌဓမ္မကြုံရတတ်သည်။ ပညာရှိခြင်း/ ပညာမဲ့ခြင်း အကျိုးရလဒ်များမှာ များလှ၏။ ပညာရှိများ သတိပေးဆုံးမစကား အမျိုးမျိုးရှိ သည့်အနက် မန်လည်ဆရာတော်ဘုရားကြီး၏ ဆုံးမစကားမှာ မှတ်သားစရာဖြစ်၏။
အသိပညာကင်းမဲ့သူ
ပညာမသင်၊ ပညာသင်လျှင်လည်း ပညာ မဆင်ခြင်၊ ပညာမတွေးတော၊ ပညာမဲ့ သူတို့သည် ရှေ့နောက် မဆင်ခြင်၊ မြော်မြင်မတွေးတောဘဲ ပြုလုပ်တတ်ပုံကို ဆင်ကန်းတောတိုးကဲ့သို့ ဖြစ်တတ်ကြောင်း “ပညာမဲ့မျိုး၊ ဆင်ကန်းတောတိုး သို့” သတိပေးညွှန်ပြထားသည်။ အသိပညာ ကင်းမဲ့သူတို့သည် အချိန်ကာလ၊ နေရာဒေသကို မကြည့်ဘဲထင်မိထင်ရာ ပြုမူတတ်ပုံကို မြို့ပြပြည် ရွာနှင့် ဝေးကွာသော တောကြက်တို့သည် နေ့ည အချိန်အခါမသိဘဲ မိမိတွန်လိုသည့်အချိန်တွင် အတောင်ပံရိုက်ခတ် တွန်တတ်ကြပုံနှင့် ခိုင်းနှိုင်း ကာ “ပြည်ရွာမနီ၊ ကြီးသည့်ကြက်ကို၊ နေ့ညကို လျှင်၊ ဗဟိုရ်မသိ၊ တွန်မိတွန်ရာ၊ တွန်တတ်စွာ သို့”ဟု ရေးဖွဲ့၍ အသိပညာကင်းမဲ့သူ၏ ပြုမူ တတ်ပုံကို အသိပေးခဲ့သည်။
ယနေ့ပညာရေးသည် တွေးတောဆင်ခြင်တတ်မှုကို အခြေခံသည့် ပညာရေးစနစ်သစ်ဖြစ်သည်။ ပညာသင်ကြားခဲ့ကြသော်လည်း တွေးတော ဆင်ခြင်ဉာဏ်နည်းလျှင် အကျိုးမဲ့ဖြစ်တတ်သည်။ ပညာမသင်ကြားလျှင် မူဆိုဖွယ်ရာမရှိပြီ။ ယခုအခါ နိုင်ငံရေးကိုအကြောင်းခံ၍ ပညာမသင်ကြား နိုင်အောင် နှိုးဆော်နေကြသည်။ ဖျက်ဆီးနေကြသည်။ မျိုးဆက်သစ်လူငယ်များ၏ ပညာအညွန့်ကို ချိုးနေကြသည်။ တွေးတော ဆင်ခြင်ဉာဏ်ကို အခြေခံသည့် ပညာမသင်ကြားပါက အချိန်အခါ မသိ၊ လေလွင့်သည့်နယ်၊ တောရောက် တောင်ရေဆက်ဖြစ်ကြလိမ့်မည်။ ထင်မိထင်ရာ ဆင်ကန်း တောတိုး ပြုလုပ်ကြပေလိမ့်မည်။ အနာဂတ်အတွက် ရင်လေးဖွယ်ဖြစ်သည်။ မြန်မာနိုင်ငံပညာရေး ပညာသင်ကြားခြင်းသည် ကလေးသူငယ် လူငယ်လူရွယ်များအတွက် အခွင့်အရေးဖြစ်သည်။ တာဝန်ဖြစ်သည်။ ကုလသမဂ္ဂက ချမှတ်ထားသော ကလေးသူငယ်များ အခွင့်အရေးတွင် ကျန်းမာရေးနှင့် ပညာသင်ကြားခွင့်သည် ထိပ်ဆုံးမှ ပါဝင်သည်။
ကျောင်းမတက်ရေး တားမြစ်ခြင်းသည် ကုလ သမဂ္ဂ၏ ကလေးသူငယ်အခွင့်အရေး Article 28, 29 ကို ချိုးဖောက်ခြင်းပင်ဖြစ်သည်။ မြန်မာနိုင်ငံ အမျိုးသားပညာရေးစနစ်သစ်ကို UNICEF တွင် မှတ်ပုံတင်ထားသည်။ UNICEF ကိုယ်တိုင်ကလည်း မြန်မာနိုင်ငံ၏ ပညာရေးတွင် ပါဝင်ကူညီခဲ့သည်။
NLD သည် အစိုးရဖြစ်ခဲ့စဉ် မကြာသေးမီ ၂၀၁၉ ခုနှစ်က ကလေးသူငယ်အခွင့်အရေးများဆိုင်ရာ ဥပဒေကို ပြဋ္ဌာန်းထားသည်။ ၎င်းအစိုးရဟောင်း ကိုယ်တိုင် ပြဋ္ဌာန်းထားခဲ့သည့် ကလေးသူငယ် ကာကွယ်စောင့်ရှောက်ရေးဥပဒေ အခန်း (၁၃) တွင် ပညာရေးနှင့် ပတ်သက်၍ အကျယ်တဝင့် ရှင်းလင်းထားသည်။ ကမ္ဘာ့ကုလသမဂ္ဂကလည်း ကလေးသူငယ်အခွင့်အရေးဆိုင်ရာ သဘောတူညီ ချက် UNCRC ကို ယခင်မြန်မာအစိုးရကိုယ်တိုင် လက်မှတ်ရေးထိုးထားသည်။ ကုလသမဂ္ဂ သဘော တူညီချက်နှင့်အညီ ကလေးသူငယ်များအား ပညာ သင်ကြားရေးနှင့် ပတ်သက်၍ နှစ်စဉ်အစီရင်ခံစာ တင်ပြရသည်။ ပညာသင်ကြားခွင့်မပေးပါက အရေး ယူခွင့်ရှိသည်။ ကလေးသူငယ်အရေးကလေးသူငယ် အခွင့်အရေးများအနက် ထောက်ပံ့မှုတွင် ကလေးသူငယ်များ၌ ပြည့်စုံ လုံလောက်သော နေထိုင်မှု၊ အဆင့်အတန်း ကျန်းမာ ရေးစောင့်ရှောက်မှု၊ ပညာသင်ကြားရေး ဝန်ဆောင်မှု များနှင့် ဆော့ကစားခွင့်တို့ရရှိရန် အခွင့်အရေးများ ရှိသည်။ သင့်တင့်မျှတသော စသောက်မှု၊ နွေးထွေးသော အိပ်ရာနှင့် ကျောင်းတက်ရန် အခွင့်အလမ်းများ ရှိသည်။ ကာကွယ်မှုတွင် ကလေးသူငယ်များအား မတော်မတရားပြုခြင်း၊ လျစ်လျူရှုခြင်း၊ အသုံးချ အမြတ်ထုတ်ခြင်းနှင့် ခွဲခြားဆက်ဆံခြင်းတို့မှ ကာကွယ်ရန် အခွင့်အရေးရှိသည်။ ပါဝင်မှုတွင် စာကြည့်တိုက်များနှင့် လူမှုအဖွဲ့အစည်း အစီအစဉ် များ၊ လူငယ့်အသံလှုပ်ရှားမှုများတွင် ကလေးသူငယ်များ ပါဝင်လှုပ်ရှားမှုနှင့် ကလေးသူငယ်များသည် ဆုံးဖြတ်ချက်ချသူများအဖြစ် ပါဝင်ပတ်သက်သည်။
ထို့ကြောင့် ကျောင်းနေအရွယ် ကလေးသူငယ် အခွင့်အရေးများကို ဖြည့်ဆည်းပေးရမည်ဖြစ်သည်။ ကလေးသူငယ်များ ပညာသင်ကြားရေးမှအစ ကလေးသူငယ်များ ဖွံ့ဖြိုးရေးကိစ္စအဝဝတို့ကို အတတ်နိုင်ဆုံး ဖြည့်ဆည်းဆောင်ရွက်ပေးရမည် ဖြစ်သည်။ လက်တွေ့လည်း ဖြည့်ဆည်းပေးလျက် ရှိသည်။ ကုလသမဂ္ဂသာမက နိုင်ငံတိုင်း၊ နိုင်ငံတိုင်း သည် ကလေးသူငယ်များ ပညာသင်ကြားရေး၊ ဖွံ့ဖြိုးရေးကို အားပေးနေသည့်အချိန်တွင် ကလေး သူငယ်များ အသိဉာဏ်ပညာသာမကအစစအရာရာ ဖွံ့ဖြိုးလာရေးတွင် အဓိကကျသည့် ပညာသင်ကြားရေးကို အားမပေးသည့်အပြင် နှောင့်ယှက်ဖျက်ဆီးနေ မှုများကို တားဆီးကြရမည်ဖြစ်သည်။ အသိပညာ နုနည်းပြီး အနာဂတ်ပျက်စီးမည့် နိုင်ငံအဖြစ်သို့ မရောက်ရှိရေးမှာ အားလုံးတွင်တာဝန်ရှိသည်။ ဘေးရန်ကာဆီးပေး ကလေးသူငယ်၊ လူငယ်လူရွယ်များ ပညာသင် ကြားရေးကို နှောင့်ယှက်ဖျက်ဆီးခြင်းသည် ကလေး သူငယ်၊ လူငယ်လူရွယ်များ၏အနာဂတ်၊ နိုင်ငံ၏ အနာဂတ်ကို ဖျက်ဆီးခြင်းသာဖြစ်သည်။ အဓမ္မ ဝါဒီသမားများ၏ ဖျက်ဆီးမှုကြောင့် ပျက်စီးခဲ့သည့် အဆောက်အအုံများကို ပြန်လည်အစားထိုး ဖြည့်ဆည်းနိုင်သော်လည်း ပညာသင်ကြားရေး ဆုံးရှုံးမှုမှာ အစားထိုးမရနိုင်၍ နစ်နာလှသည်။ နိုင်ငံရေးမှိုင်းမိ၍ ပညာရေးကို ကျောခိုင်းသွားသော ဆရာ၊ ဆရာမ များအနေဖြင့် ဆရာ့ကျင့်ဝတ်ကို သတိရစေချင်ပါ သည်။ “အတတ်လည်းသင်၊ ပဲ့ပြင်ဆုံးမ၊ သိပ္ပမချန်၊ ဘေးရန်ဆီးကာ၊ သင့်ရာအပ်ဖို့ ဆရာတို့ ကျင့်ဖို့ ဝတ်ငါးဖြာ”ဆိုသကဲ့သို့ တပည့်များပေါ်တွင် ပညာ သင်ကြားရေးသာမက ကောင်းရာညွှန်ပြ၊ ဘေးရန် ကာဆီးပေးရန်လည်း လိုအပ်ပါသည်။
ပညာရေးနှင့်မဝေး
နိုင်ငံရေးလွှမ်းမိုးမှု၊ နိုင်ငံရေးလှည့်ဖြားမှုဖြင့် ဆရာ့ဂုဏ်ရည်ကို ပစ်ပယ်ခဲ့ကြ၊ ကျောင်းသား ကျောင်းသူလေးများကို ပစ်ပယ်ခဲ့ကြသည့်အတွက် -စိတ်မကောင်းဖြစ်ရပါသည်။ ပညာကို ချက်ချင်း တည်ဆောက်၍မရဘဲ အချိန်များစွာ၊ အခါမလပ် ကြိုးပမ်းတည်ဆောက်ရပါသည်။ ဆင်ခြင်တုံ တရား၊ အမြော်အမြင် မြင့်မားသောပညာကို မတည်ဆောက်နိုင်ခဲ့သည့်အတွက် ယခုလိုအဖြစ် မျိုးကြုံရသည်ဟုလည်း မှတ်ယူပါသည်။ ယနေ့ ဖြစ်ပျက်ခဲ့ကြသည်မှာ လောကဓံတရားဟု မှတ်ယူ သင့်အပ်ပေသည်။ အပြစ်ကင်းစင်သော ပညာသင် ကြားကြရမည့်ကျောင်းသူ ကျောင်းသားလေးများ ၂ ပညာရေးနှင့်မဝေးအောင် အားထုတ်အပ်ပေသည်။
ဆရာ ဆရာမများသည် မိမိတို့၏ အာစရိယ ဂုဏ်ကိုထိန်း၍ တပည့်များအပေါ် စေတနာ၊ မေတ္တာ၊ အကြင်နာ၊ ကရုဏာမိုးများ ရွာသွန်းဖြိုး၍ အသိဉာဏ်ဆင်ခြင်ဉာဏ်မြင့်မားပြီး အေးချမ်းစွာ ပညာသင်ကြားရေးကို ဆောင်ကြဉ်းပေးရပေလိမ့် မည်။ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီအနေ ဖြင့် ဆရာ ဆရာမများ၊ ကျောင်းသား ကျောင်းသူ များကို ဘေးရန်ကာဆီးပေးပေလိမ့်မည်။ အေးချမ်းစွာ ပညာသင်ကြားရေးကို နှောင့်ယှက် ထိပါးသော အတွင်းရန်၊ အပြင်ရန်တို့ကို မမှိတ် မသုန် ဝိုင်းဝန်း တားဆီးကာကွယ်ပေးမှ နိုင်ငံ့သားကောင်း ပီသပေမည်။ ကျောင်းမနေရန် အားပေးခြင်းသည် မိမိကလေးငယ်ဘဝကို၊ မိမိကိုယ်တိုင်ဖျက်ဆီးခြင်းပင် ဖြစ်သည်။ စိုးရိမ် ပူပန်နေသော မိဘများကိုလည်း နားလည်စာနာပါသည်။ ပထမအရွယ်ပညာရှာ လူမှုဘဝနယ်ပယ်တွင် ပထမအရွယ်မှာ ပညာရှာ၊ ဒုတိယအရွယ်မှာ ဥစ္စာရှာ၊ တတိယ အရွယ်မှာ တရားရှာဟူသော ရှေးလူကြီးသူမများ၏ ဆိုရိုး စကားနှင့်အညီ ပညာသင်ကြားရေးဆိုသည်မှာ ပထမအရွယ်တွင်ပင် အချိန်အခါမလင့်အောင် ဆောင်ရွက်ရမည့် အရေးကိစ္စဖြစ်ပါသည်။ ပညာရေးတွင် မိဘအုပ်ထိန်းသူများမှာ အဓိကဖြစ်ပါသည်။ ကလေးသူငယ်၊ လူငယ်လူရွယ်များမှာ ပတ်ဝန်းကျင်၏ လှုံ့ဆော်မှုအတိုင်း လိုက်ပါကြရပါသည်။ ကလေးငယ်များမှာ မွန်းကျပ်နေသောဘဝမှ လွတ်မြောက်ကာ ကျောင်းတက်ချင်နေကြသည်ကို တွေ့ရပါသည်။ သူငယ်ချင်း၊ အပေါင်းအသင်း၊ ဆရာ၊ ဆရာမများနှင့်အတူ ကျောင်းတော်ကြီးတွင်
ပျော်ရွှင်စွာ ပညာသင်ကြားနေကြပြီဖြစ်ရာ “ပန်း ကလေးများပွင့်တော့မည် ဖူးတံဝင့်လို့ချီနေခြည်မှာ ရွှေရည်လောင်း ငါတို့စာသင်ကျောင်း” ဆီသို့ တူပြိုင်ပြိုင် ဆိုကြတော့မည်ဖြစ်ပါကြောင်း။ ။