မောင်ဘစီ
ဦးဖိုးကျား
ကျွန်ုပ်သည် အမျိုးသားပညာရေးအဖွဲ့ချုပ်၌ အမှုထမ်းနေရာ လွန်ခဲ့သောကိုးနှစ်ခန့်က ပုသိမ်မြို့ အမျိုးသားကျောင်းသို့ ခေတ္တကျောင်းအုပ်အဖြစ်ဖြင့် ဆောင်ရွက်ရန် အဖွဲ့ချုပ်က စေလွှတ်သည့်အတိုင်း သွားရောက်ဆောင်ရွက်ရ၏။ ထိုအခါက မှတ်သား ချီးမွမ်းဖွယ်ကောင်းသော ကျောင်းသားတစ်ယောက် ကို တွေ့ကြုံရ၏။ ထိုသူငယ်ကား မောင်ဘစီ ဆိုသူတည်း။
ပုသိမ်၊ တလိုင်းချောင်းရပ်ရှိ ဦးလှ-ဒေါ်မြတို့မှာ အတန်ကြွယ်ဝသော ကုန်သည်များဖြစ်ကြ၏။ သူတို့ သား မောင်ဘစီသည် အမျိုးသားကျောင်း၌ ခုနစ် ဆင့်အောင်လေသည်။ အောင်သည့်နှစ်၌ပင် ဖခင် ဦးလှ ဆုံးလေ၍လည်းကောင်း၊ ကြာရှည်စွာအလုပ်ပျက် ငွေကုန်သည့်ပြင် လူလိမ်လူကောက်ခံရ၍ လည်းကောင်း ဒေါ်မြနှင့် မောင်ဘစီသားအမိတို့မှာ အလွန်ဆင်းရဲစွာ ကျန်ရစ်ခဲ့လေ၏။
အမိမှာ ဖြစ်တတ်သမျှ မျက်နှာငယ်ငယ်နှင့် ဈေးရောင်းရ၏။ သားအမိနှစ်ယောက် စားဖို့အပြင် အပိုမရချေ။ မောင်ဘစီကား သန်မာထွားကျိုင်း သတ္တိနှင့်ပြည့်စုံသူဖြစ်၍ မိမိစရိတ်နှင့်မိမိ ကျောင်း ဆက်နေရန် ကျိတ်၍ကြံစည်နေလေ၏။
နွေကျောင်းပိတ်၍ ကျောင်းဖွင့်ခါနီးတွင် ဆရာ ကြီးထံ သွားရောက်၍ အဖြစ်အပျက်ကို ပြောပြပြီး လျှင် ကျောင်းစရိတ်ရရန် အလုပ်တောင်းလေ၏။
မောင်ဘစီ၏ ဉာဏ်ပညာ ဝီရိယကိုသိပြီးသော ဆရာကြီးက လခလွတ်နေတော့ဟုဆို၏။
“လခလွတ်နေရင် ကျွန်တော် အစွမ်းမရှိရာ လည်း ရောက်မယ်၊ ကျောင်းငွေကိုလည်း ထိမှာပေါ့"
“ဒါဖြင့် ငါကမင့်အတွက် ကျောင်းစရိတ် ထုတ်ပေးမယ်”
“ကျေးဇူးတင်ပါရဲ့ခင်ဗျာ။ နို့ပေမဲ့ကိုယ့်အလုပ်နဲ့ကိုယ် နေချင်ပါတယ်။ အလုပ်သာ မစပါခင်ဗျား”
“မင်းဘာလုပ်နိုင်လဲ”
“အခုကျောင်းမှာ တံမြက်စည်းလှည်းတဲ့ အလုပ်နဲ့ သောက်ရေခပ်တဲ့အလုပ်ကို ကျွန်တော့်ကိုပေးပါ။ တစ်လရှစ်ကျပ်လောက်ရနိုင်တယ်လို့ သိရပါတယ်။” “ကောင်းပြီ၊ စမ်းကြည့်ဦးတော့”
ဤသို့အလုပ်ရခဲ့သဖြင့်ကျောင်းဆက်နေမည့် အကြောင်းကို အမိအား ပြောပြရာ အမိမှာ ရင်ထု မနာဖြစ်၍
“ငါ့သား မင်းအလုပ်လုပ်ပြီး ကျောင်းနေမယ် ဆိုတာကို အမေမကြည့်နိုင်ဘူး၊ အမေကူလီလုပ်ပြီး ငွေရှာမယ်၊ ပြီးတော့လည်း မင်းကျောင်းမှာ ဂုဏ်ငယ်မှာပေါ့”
“အမေ-ကျွန်တော်ပြောပြမယ်။ လူဟာ ယောက်ျားဟာ အလုပ်လုပ်ရမယ်၊ အလုပ်လုပ်တာ မကြည့်နိုင်ဘူးဆိုတာ အမေ ကျွန်တော့်ကို ချစ်ပုံ လွဲနေတယ်။ ဂုဏ်ငယ်တယ်ဆိုတာမှာလည်း အပြစ် ကင်းတဲ့အလုပ်မှန်ရင် ဂုဏ်ရှိတာချည်းပဲ၊ အမှန်မှာ မိဘကြောင့်ကြကိုခံပြီး ကျောင်းနေတဲ့လူတွေမှ ရှက်စရာကောင်းတာဗျ။ ကိုယ့်စရိတ်နဲ့ကိုယ်နေနိုင်မှ ဂုဏ်ရှိတာအမေရဲ့”
အမိမှာ သား၏စကားကို မချေနိုင်ချေ။ “မင်း လည်း မင်းအဖေလိုပဲ အင်မတန်စိတ်ကြီးတယ်။ မင်းကိုတော့ ငါနိုင်အောင်မပြောနိုင်ဘူး၊ နို့ပေမဲ့ အမေတော့ မကြည့်ရက်တာအမှန်ပဲ” ဟု မျက်ရည်စမ်းစမ်းဖြင့် ပြောလေ၏။
လုံလောက်စွာ သုံးစွဲရ ကျောင်းဖွင့်လျှင် မောင်ဘစီသည် ရှစ်ဆင့်တွင် နေရ၏။ နံနက်ငါးနာရီထ၍ အိမ်တွင်သောက်ရေ သုံးရေခပ်၏။ နှစ်ယောက်စာ ဆန်ပြုတ်၏။ (စရိတ်ကုန်သဖြင့် လက်ဖက်ရည်၊ ကော်ဖီရည်၊ မသောက်ကြလေ) ပြီးလျှင် အနီးရှိသော ကျောင်းသို့သွား၍ တံမြက်လှည်းခြင်း၊ ရေခပ်ခြင်းတို့ကို ပြုလုပ်၊ ပြီးလျှင်ပြန်လာ ဆန်ပြုတ်သောက်၊ အချိန်ရသမျှ စာကျက်၍ ကျောင်းတက်၏။ နေ့လယ်မုန့်စားချိန်မှ အိမ်သို့ပြန်၍ နံနက် ထမင်းစားရ၏။ ညနေကျောင်းဆင်းလျှင် မိန်းကလေး သဖွယ် အိမ်အလုပ်ကိုလုပ်၍ အမိ၏အလုပ်ကိုပင် ကူညီပေးသေး၏။ ဒေါ်မြက ချင်းသုပ်၊ လက်ဖက်၊ လက်သုပ် တို့ကို ဈေးထွက်၍ ရောင်းရ၏။
ဤကား မောင်ဘစီတို့ သားအမိ၏ နေ့စဉ် အလုပ်တည်း။ မောင်ဘစီသည် မိမိအလုပ်မှ တစ်လ ရှစ်ကျပ်ရရာ ကျောင်းလခ၊ စာအုပ်၊ ခဲတံတို့အတွက် လုံလောက်စွာ သုံးစွဲရလေ၏။
ရှစ်ဆင့်တွင် တပည့် ၂၀ မျှရှိရာ မိန်းကလေး သုံးယောက်ပါ၏။ မယ်တင့်၊ မြသိန်း၊ တင့်စိန်တို့ဖြစ်၏။ တင့်စိန်ကား မောင်ဘစီနှင့် တစ်လမ်းတည်းနေ၍ ခုနစ်အိမ် ရှစ်အိမ်လောက်ခြား၏။ တင့်စိန်၏မိဘများ မှာ လွှထောင်သစ်ကုန်သည်ကြီးဖြစ်၍ အတန်ပင် ကြွယ်ဝပြည့်စုံကြ၏။
တင့်စိန်တို့အိမ်မှာ ကျောင်းနှင့်နီး၍ မောင်ဘစီ သည် ကျောင်းသို့နေ့စဉ်သွား၍ အလုပ်လုပ်သည်ကို မြင်ရသိရသဖြင့် သနားလည်းသနား၏။ ချီးမွမ်းလည်း ချီးမွမ်းမိ၏။ သို့ရာတွင် နီးစပ်ခြင်းမရှိသဖြင့် ခပ်တန်း တန်းပင်နေကြ၏။
မောင်ဘစီမှာ ကိုယ့်အစွမ်းနှင့်ကိုယ်နေသူဖြစ်၍ အတန်းထဲ၌ ပထမချည်းရသည်မှာ အံ့သြဖွယ် မဟုတ်ချေ။ ဆရာများကလည်း ချစ်၏။ သို့ရာတွင် အချို့ကျောင်းသားတို့က အနုစားထင်သည့်ပြင် မနာလိုလည်းရှိကြ၏။
တစ်နေ့၌ မယ်တင့်၊ မြသိန်း၊ တင့်စိန်တို့သည် အခန်းတစ်ခု၌ မုန့်စားနေကြစဉ် မယ်တင့်က
“ဟေ့-ဘစီက တယ်ထောင်နေပါကလား၊ လူက ဖြင့် မုဆိုးမသား၊ တံမြက်လှည်းရေခပ်ပြီး ကျောင်းနေ ရတယ် အနှံစားအေ့”
တင့်စိန်က “ညည်းက ယောက်ျားပီပီ ကိုယ့်အစွမ်းနဲ့ကိုယ်နေတာကို လူနုံထင်သလား၊ ဒါမျိုးမှ အဖိုးတန်တယ်အေ့” ဟု ရိုးရိုးအတိုင်းပြော လိုက်လေ၏။
“ဟာ-ဟာ၊ ညည်းနဲ့ ဖြစ်နေမှန်း ခုမှသိတယ်” ဟု မယ်တင့်က မဦးမချွတ်ပြောလိုက်လေ၏။
တင့်စိန်က “ဟေ့-မယ်တင့်၊ ငါ့ကိုအရမ်းမစွပ်စွဲ နဲ့၊ ညည်းတို့လို ရှပ်တေးမှတ်လို့လား၊ ငါက ညည်း မတရားပြောတာကို မခံချင်လို့ ပြောတာသိရဲ့လား” ဟု မျက်နှာထားနှင့်ပြောလေ၏။
ထိုအခါ မြသိန်းကဝင်ဖြန်ပြီးထသွားကြလေ၏။
တစ်ခါလည်း စာဖတ်ခန်းတွင် ယောက်ျား ကလေး၊ မိန်းကလေးများ သတင်းစာဖတ်သူကဖတ်၊ စာကြည့်သူက ကြည့်နေကြရာ မောင်ဘစီ၊ တင့်စိန်တို့ လည်းပါ၏။ မောင်ဘစီ သတင်းစာဖတ်ပြီး ထသွားသောအခါ ကိုးဆင့် ဖိုးထင်က မိမိအနီးရှိ သူငယ်ချင်း တို့အား “ဟေ့-ဟိုမှာ ဂျာရူးဝါလား ထွက်သွားပြီ” ဟု သရော်တော်တော် ပြောလိုက်လေ၏။
မခံတတ်သောစိတ်နှင့် သတ္တိမငယ်သော တင့်စိန်က “ဘယ့်နှယ်လဲ ကိုဖိုးထင်-ယောက်ျားပီပီ ကိုယ့်အစွမ်းနဲ့ကိုယ်နေတဲ့လူကို ရှင်တို့က သရော် သလား၊ နုတယ်ထင်သလား၊ မိဘကြောင့်ကြခံပြီး ပေါ်ကော့နေတဲ့လူတွေမှ နံတာ၊ ရှက်ဖို့ကောင်းတာ ရှင့်” ဟု မျက်နှာခပ်တည်တည်နှင့် ပြောလိုက်ရာ ဖိုးထင်တို့လူစုမှာ တင့်စိန်၏သတ္တိကို သိ၍ ပြန်မပြော ဝံ့ဘဲစပ်ဖြစ်ကြောင်တောင်တောင် ဖြစ်နေကြလေ၏။
ဤသို့ တင့်စိန်သည် မောင်ဘစီဘက်ကချည်း ခုခံပြောနေသည်ကို မောင်ဘစီမသိချေ။
တစ်နေ့သ၌ မောင်ဘစီနှင့် တင့်စိန်တို့ကျောင်း သွားရင်း ဆုံနေရာ ရုတ်တရက် မိုးကြီးရွာချလေ၏။ တင့်စိန်မှာ ထီးမပါချေ။ မောင်ဘစီမှာကား အိမ်တော်ရာ ထီးစုတ်ကလေးတစ်ခုပါ၏။ မိုးရွာလျှင်ရွာချင်း မောင်ဘစီသည်ထီးကိုကပျာကယာဖွင့်၍ “ မတင့်စိန်၊ ရော့ရော့ ဒီထီးဆောင်းသွား” ဟု ပြောပြောဆိုဆို လက်ထဲအတင်းထည့်ခဲ့၍ မိမိကား ကျောင်းသို့ ပြေးလေ၏။ တင့်စိန်မှာ ဘာမျှမပြောနိုင် မလုပ်နိုင်ဘဲ ထီးကိုဆောင်း၍သွားရလေ၏။ အခန်းထဲသို့ ရောက်လျှင် ထီးကို ပြန်အပေးခက်၍ တော်ရာ၌ ထောင်ထားလိုက်ပြီးနောက် မောင်ဘစီဘက်သို့ စောင်းကြည့်လိုက်ရာ မောင်ဘစီ၏ အင်္ကျီ၊ ပုဆိုး တို့မှာ အတန်ပင် ရေစိုနေသည်ကို မြင်ရသောအခါ တင့်စိန်၌ များစွာစိတ်မကောင်းခြင်းဖြစ်ရ၏။
ကျောင်းဆင်းသောအခါမှ မိမိ၏မောင်လေးကို ထီးပို့ခိုင်းလိုက်၏။
နောက်တစ်နေ့ ကျောင်းတက်ချိန်၌ ဒေါ်မြ ပေါက်လာ၍ မောင်ဘစီ မိုးမိအအေးမိပြီး ဖျားနေ သဖြင့် ကျောင်းမတက်နိုင်ကြောင်း လာရောက်၍ ဆရာအားတိုင်သည်ကို တင့်စိန်ကြားရသောအခါ အလွန်ဝမ်းနည်းရှာ၏။ မိမိအတွက် ဖြစ်ရလေသည် ဟု ယူကျုံးမရဖြစ်၏။ ထိုနေ့ တင့်စိန် စာကောင်း ကောင်းမရချေ။
ညနေကျလျှင် ဘွင်းဘွင်းပြောတတ်သော တင့်စိန်သည် မိခင်အား အလုံးစုံပြောပြ၍ မောင်ဘစီ ဖျားသည်ကို သွားရောက်ကြည့်လိုကြောင်း ခွင့်တောင်း၏။ သမီး၏သဘောသတ္တိကို သိပြီးဖြစ်သော အမိက “အေးအေးသွားတာပေါ့။ ညည်း အဒေါ်နဲ့သွား” ဟု ခွင့်ပေးလိုက်၏။
မှောင်စချိန်တွင် ရောက်သွားရာ ဒေါ်မြသည် လူကုံထံအိမ်က တင့်စိန်မှန်းသိလျှင် အံ့ဩဝမ်း မြောက်စွာဖြင့် ဖျာပျာသလဲ ဖျာခင်းပေး၏။
ရေနံဆီမီးခွက်တစ်တိုင်ဖြင့် မှိန်မှိန်သာရှိသော အလင်းရောင်တွင် ဖျာဟောင်းတစ်ချပ်ပေါ်၌ ပက်လက်အိပ်နေရှာသူ မောင်ဘစီကို တင့်စိန် မြင်ရသောအခါ မျက်ရည်လည်လာမိလေ၏။ အနီး သို့ကပ်၍ လက်ကို စမ်းကြည့်သောအခါ ချစ်ချစ် တောက်ပူနေသည်ကို တွေ့ရ၏။
မောင်ဘစီသည် မျက်စိဖွင့်ကြည့်၍မြင်ရသော အခါ “ဪ မတင့်စိန်ပါလား၊ ကျေးဇူးတင်ပါတယ် ခင်ဗျား၊ သုံးလေးရက်ကြာရင်ပျောက်ပါလိမ့်မယ်။ ကိစ္စမရှိပါဘူး”
“ကျွန်မအတွက်ဖြစ်ရလို့ စိတ်တောင်မကောင်း ဘူး၊ ဒါထက် ဘာဆေးသောက်ရပလဲ”
ဒေါ်မြက ဝင်၍“ခုမှပဲတူမရေ၊ ကွမ်းရွက်ရည် ကလေးတိုက်မလို့ပဲ၊ ဆေးထူးထူးခြားခြားတော့ မရှိပါဘူး” ““အို-ဒါဖြင့် ကျွန်မ ဆေးယူခဲ့ပါတယ်၊ အဆင် သင့်ပဲ။ ဟောဒီမှာ ငန်းဆေးရယ်၊ ချွေးထုတ်ဆေး - ဤသို့ပြောပြီးနောက် တင့်စိန်တို့ ကိုယ်တိုင် ဆေးတိုက်ပြီး ပြန်ခဲ့ကြ၏။ အိမ်သို့ရောက်သောအခါ ဆန်ပြုတ်နှင့် သောက်ရန်ဟု ငါးရံ့ခြောက်ကြီး တစ်ပြားအပြင် မောင်ဘစီတို့ ဆင်းရဲပုံကို မြင်ခဲ့ရ၍ရယ်”
ငွေစက္ကူ တစ်ဆယ်တန် တစ်ချပ်ကိုလည်း ပို့လိုက်လေ၏။
မောင်ဘစီသည် အလွန်ဝမ်းမြောက်၍ ချွေးများပင် ထွက်လာ၏၊ သို့ရာတွင် သူတစ်ပါး၏ အမအစကို မခံလိုရကား မိမိ၏ မှတ်စုစာအုပ်တွင် အောက်ပါအတိုင်း ရေးမှတ်ထားလိုက်လေ၏။
“၁၂၈၆ ခု၊ ဝါဆိုလဆုတ် ၃ ရက်နေ့တွင် မတင့်စိန်သည် ဆေးနှစ်ခွက်၊ ငါးခြောက်တစ်ပြား၊ ငွေတစ်ဆယ် ကျေးဇူးပြု၏၊ ၎င်းတို့ကို တစ်နေ့နေ့ ပြန်၍ဆပ်ပေးမည်”
ရွှေတံဆိပ်တစ်ခု ချီးမြှင့် သုံးရက်နှင့်အဖျားကျ၍ ကျောင်းပြန်တက် လေ၏။ ခြောက်လပတ်စာမေးပွဲပြီး၍ ကျောင်းပိတ် ပွဲတွင် ဆုပေးပွဲလည်း ကျင်းပ၏။ ဖြစ်ရသည်ကား မောင်ဘစီသည် ခါတိုင်းကဲ့သို့ပင် ပထမဆုရ၏။ တင့်စိန်က ဒုတိယဆုရ၏။ ၎င်းဆုတို့ကိုပေးပြီးမှ ကျောင်းဆရာကြီးက ထ၍ပြောဆိုသည်မှာ
“အမောင်တို့၊ အခုနှစ် ဆုပေးပွဲမှာ ရှေးက မပေးဖူးတဲ့ ဆုမျိုးပေးရဦးမယ်၊ အခုရှစ်ဆင့်က မောင်ဘစီဟာ အဖိုးတန်တဲ့ ပုံစံတစ်ခုကိုပြလေပြီ၊ ကျောင်းလခလွတ်ထားတာကိုလက်မခံ၊ သူတစ်ပါး ထောက်ပံ့တာကိုလည်း လက်မခံ၊ ကိုယ်အစွမ်းကို ကိုယ်အားကိုးပြီး မောင်တို့ မတို့သိတဲ့အတိုင်း ကိုယ့်အလုပ် ကိုယ့်စရိတ်နဲ့ ကျောင်းမှာနေတယ်။
အခုလို ငွေကြေးရှားတဲ့ခေတ်ကြီးမှာ မောင်ဘစီက နည်းသစ်နည်းကောင်းတစ်ခုပြပေးတယ်လို့ ငါတို့ ဆရာများနဲ့ ကျောင်းကော်မတီများက ကျေးဇူးတင် ဝမ်းမြောက်ကြတယ်၊ မှတ်စရာက လောကမှာ ရိုးသားတဲ့အလုပ်မှန်ရင် မြင့်မြတ်တာချည်းပဲ၊ တစ်လ ကို ရှစ်ကျပ် တစ်ဆယ်ရတာထက် ကိုယ့်အစွမ်းကို အားကိုးပြီး စာသင်တဲ့ ယောက်ျားပီသတဲ့သူငယ်ဖြစ် လို့ အခု ငါတို့ကျောင်းက ရွှေတံဆိပ်တစ်ခု ချီးမြှင့် တယ်”ဟု ရွှေတံဆိပ်ဆု ပေးလိုက်လေ၏။ တစ်ကျောင်းလုံးက သြဘာပေးကြ၏။
မောင်ဘစီနှင့်တင့်စိန်တို့ တစ်နှစ်တည်း ၁၀ တန်းအောင်ကြ၏။ နှစ်ယောက်လုံး ကျောင်းက ထွက်ကြ၏။ ထိုအခါ တင့်စိန်သည် မောင်ဘစီကို မိမိတို့သစ်စက်တွင် စာရေးခန့်ထားရန် မိဘတို့ကို ပြောပေး၏။ မောင်ဘစီနှင့် တင့်စိန်တို့အကြောင်းကို သိသော လူ၏အဖိုးတန်ကိုအကဲခတ်နိုင်သော မိဘတို့သည် သမီးအလိုကို မဖယ်ချေ။
မောင်ဘစီသည် ပထမလအတွက် လခ ၄၀ ကျပ်ထုတ်သောနေ့၌ တင့်စိန်ထံသို့သွား၍ ငွေစက္ကူ ၁၀ ကျပ်တန်တစ်ချပ်၊ ငါးခြောက်ကြီးတစ်ပြား၊ (ဆေးအတွက်) ငွေငါးကျပ်တို့ကိုပေးလေ၏။
တင့်စိန်က “ဒါဘာသဘောလဲ” ဟု မေး၏။
မောင်ဘစီက အိတ်ထဲမှ မိမိမှတ်စုစာအုပ်ကို ထုတ်၍ ယခင် မိမိရေးထားသည်တို့ကို ပြလေ၏။ တင့်စိန်က ဖတ်ကြည့်ပြီးလျှင် ပြုံး၍“ဪ- ဒါ အကြွေးဆပ်တာလား ကိုဘစီ၊ ကျွန်မက ရှင့်ချေး တာမဟုတ်ဘူး၊ ပေးတာရှင့်ပေးတာ၊ လူသေချာကြီးရဲ့ ” “ကျုပ်က သူများပေးတာမယူဘူးဆိုတာ သိတယ်မဟုတ်လား ”
“ဪဒီလိုလား၊ ဟုတ်ပေတယ်၊ ဟုတ်ပေ တယ်” ဆို၍ တင့်စိန်သည် ငွေနှင့် ငါးခြောက်တို့ကို ယူ၏၊ ပြီးမှ မျက်နှာတည်တည်ထား၍ -
“ရှင့် -လူသေချာကြီးရဲ့ ၊ ငွေ၊ ငါးခြောက်၊ ဆေးဖိုးတွေတော့ ရပါပြီ၊ အတိုးကော” ဟု မေးလေ၏။
မောင်ဘစီ ရှိန်းတိန်းတိန်းဖြစ်သွား၍ ဘာမျှပြန်မပြောနိုင်ဘဲ “ရော့-ဒါဖြင့် ငွေတစ်ဆယ် ထပ်ယူပါ” ဟု ထပ်ပေးပြန်လေ၏။ ။
ငွေတစ်ဆယ်ကိုယူ၍ တင့်စိန်က ဆက်ပြန် သည်ကား “ကိုင်း-အရင်းလည်းရပြီ၊ အတိုးလည်း ရပြီ၊ သို့သော်လည်း ကျွန်မပေးစဉ်က ရိုးရိုးချေး တာမဟုတ်၊ စေတနာနဲ့ ပေးကမ်းတာဖြစ်တယ်။ ကိုင်း-စေတနာအတွက်ကိုကောဘယ်လိုဆပ်မလဲ” ဟု ပြုံး၍ မေးလေ၏။ ။
မောင်ဘစီမှာ စေတနာကို ငွေကြေးဖြင့် ပြန်မဆပ်နိုင်သည်ကို သိလေရကား “ဒါလည်း ဟုတ်တာပဲ၊ စေတနာကို စေတနာနဲ့ပဲ ပြန်ဆပ်ဖို့ပါပဲ” ဟုဆို၍ မျက်နှာကို စိန်းစိန်းကြည့်လိုက်လေ၏။
ယခုအခါ ပုသိမ်မြို့မှ အနောက်ဘက်သို့ သွားသော လမ်းမကြီး၏ အနောက်ဘက်တွင် ခေါင်းတိုင်သုံးလုံးနှင့် သစ်စက်ကြီးတစ်ခုကို တွေ့မြင်နိုင်၏။ ၎င်းကား သစ်ကုန်သည် စက်သူဌေး ဦးဘစီနှင့် သူဌေးကတော် ဒေါ်တင့်စိန်တို့၏ ကြီးပွားနေသော စက်ကြီးပင်တည်း။ ။
================
အမျိုးသားပညာဝန်
ဦးဖိုးကျား (၁၈၉၁-၁၉၄၂)
ဟင်္သာတခရိုင်၊ နိဗ္ဗာန်ရွာ၊ လယ်သမားကြီး ဦးဖေ၊ ဒေါ်ဒေါင်းတို့မှ ၁၈၉၁ ခုနှစ်၊ မတ်လ ၂၃ ရက်နေ့တွင် ဖွားမြင်ခဲ့သည်။ နိဗ္ဗာန်ရွာ ဆရာတော် ဦးသာသန၏ လောကဓာတ်ကျောင်း၊ အသုတ်ရွာ ဆရာတော်ဦးသုန္ဒရ၏ လေးထပ်ကျောင်းတို့၌
အောက်တန်းများကို စာပြန်သင်ပေးရင်း တပည့် ဆရာအဖြစ်နှင့် ကျောင်းနေခဲ့ရသည်။ အသက် ၂၇ နှစ်လောက်မှ ၁၀ တန်းအောင်ပြီး ဂျပ်ဆင်ကောလိပ်တွင် တက်ရောက်သင်ကြားသည်။ သပိတ်မှောက် ကျောင်းသားများ ကောင်စီဝင်ဖြစ် သည်။ ကောလိပ်ကျောင်းသားဘဝကပင် မြန်မာ့ အလင်းသတင်းစာ၌ စာပေစတင်ရေးသားခဲ့သည်။ ၁၉၂ ခုနှစ်ခန့်တွင် ဘီအေစာမေးပွဲအောင်သည်။ ထို့နောက် အမျိုးသား ပညာဝန် ဖြစ်ခဲ့သည်။
ဦးဖိုးကျားသည် ပုသိမ်ရာဇဝင်၊ ဦးထွန်းရှိန် အတ္ထုပ္ပတ္တိ၊ မြန်မာ့ဂုဏ်ရည်၊ ပေါရာဏ အဘိဓာန်၊ စလေဦးပုည အတ္ထုပ္ပတ္တိနှင့် ရေသည်ပြဇာတ်၊ ငါးရာ့ငါးဆယ်ကောက်နုတ်ချက်များ၊ အလယ် တန်း မြန်မာရာဇဝင်အကျဉ်း၊ သီပေါမင်းပါတော်မူ အရေးတော်ပုံ၊ ၃၇ မင်း၊ အလောင်းတော်ကဿပ။
မြောက်ပိုင်း ဗုဒ္ဓဘာသာ မဟာယနဂိုဏ်း ကိုယ်တွေ့ဝတ္ထုများ စသည့်စာအုပ်များစွာကို ရေးသားခဲ့သည်။
၁၉၂၇ ခုနှစ်တွင် ကာလဘတ်လမ်း (မြန်မာ့ ဂုဏ်ရည်လမ်း) နေအိမ်၌ မြန်မာ့ဂုဏ်ရည် ပုံနှိပ် စက်နှင့် မြန်မာ့ဂုဏ်ရည်စာအုပ်တိုက်တို့ကို တည်ထောင်သည်။ လွတ်လပ်ရေးရပြီးခေတ်တွင် ဦးဖိုးကျားကို ဂုဏ်ပြုသောအားဖြင့် ကာလဘတ် လမ်းကို မြန်မာ့ဂုဏ်ရည်လမ်းဟု ပြောင်းလဲ ခေါ်ဝေါ်ခဲ့သည်။
ပညာရေး၊ လူမှုရေး၊ စာပေအရေး၊ နိုင်ငံရေး စသည်တို့၌ နိုင်ငံနှင့် လူမျိုးအတွက် များစွာ ကျေးဇူးပြုခဲ့သော ဦးဖိုးကျားသည် စစ်ဘေး တိမ်းရှောင်ရင်း ၁၉၄၂ ခုနှစ် ဧပြီလ ၁၁ ရက်နေ့၌ ထန်းတပင်မြို့တွင် ကွယ်လွန်ခဲ့သည်။