ကျောင်းသူ ကျောင်းသားအားလုံး စာသင်ခန်းအတွင်းရောက်ရှိစေလို
နိုင်ငံတစ်ဝန်းရှိ အခြေခံပညာကျောင်းအားလုံးသည် မေ ၂၄ ရက်မှစ၍ ပြန်လည်သက်ဝင် လှုပ်ရှားလာပြီဖြစ်သည်။ ကျောင်းသားမိဘများသည် နီးစပ်ရာကျောင်းများသို့ သွားရောက်ကာ ရင်သွေးငယ်များကို ကျောင်းအပ်နှံနေကြပြီဖြစ်သည်။ ဆရာ ဆရာမများမှာလည်း ကျောင်းသားလက်ခံရင်းအလုပ်ရှုပ်နေကြသည်။ ကိုဗစ်-၁၉ ရောဂါ ကြောင့် ကျောင်းများပိတ်ထားရသည်မှာ တစ်နှစ်ကျော်နေပြီဖြစ်သည်။ ယခုဆိုလျှင်ကလေးများသည် ကျောင်းပြန်တက်ရန် ရင်ခုန်နေကြပြီ ဖြစ်သည်။ ဇွန်လ ၁ ရက်တွင် အစိမ်း၊ အဖြူဝတ်စုံလေးများကို ပြန်လည်မြင်ရတော့မည်ဖြစ်သည်။ အခက်အခဲပေါင်းစုံကြားတွင်ကျောင်းများ ပြန်ဖွင့်နိုင်သဖြင့် ကျောင်းသားမိဘများ ဝမ်းမြောက် လျက်ရှိကြသည်။
ကျောင်းအပ်နှံရေးသီတင်းပတ်
ပညာရေးဝန်ကြီးဌာနသည် ၂၀၂၁-၂ဝ၂၂ ပညာသင်နှစ်တွင် ကျောင်းသူ ကျောင်းသားများအားလုံးကျောင်းအပ်နှံနိုင်ရေးအတွက် မေလ၂၄ ရက်မှ ၃၁ ရက်အထိကာလကို ကျောင်းအပ်နှံရေးသီတင်း ပတ်အဖြစ် သတ်မှတ်ဆောင်ရွက်လျက်ရှိသည်။ ကျောင်းသား မိဘ အားလုံး မိမိသား၊ သမီးများ ကျောင်းအပ်နှံရေးအတွက် အလုပ်ရှုပ် လျက်ရှိကြသည်။ ပညာရေးဝန်ထမ်းများသည်လည်း မွမ်းမံသင်တန်း များတက်ရောက်ခြင်း၊ ကျောင်းလက်ခံရေးအတွက်ကြိုတင်ပြင်ဆင် ခြင်း စသည့်တာဝန်များဖြင့် ပင်ပန်းလျက်ရှိကြသည်။ ၂၀၁၆-၂၀၁၇ ပညာသင်နှစ်မှ၍ အခြေခံပညာကျောင်းများတွင် အခမဲ့ပညာရေးစနစ် သတ်မှတ်ခဲ့သဖြင့် ကျောင်းအပ်နှံစရိတ်အထိုက်အလျောက် သက်သာ လာသောကြောင့် ကျောင်းသားမိဘများသည် စိတ်ချမ်းသာလျက် ရှိကြသည်။ ထို့အပြင် ယခုနှစ်တွင် မည်သည့်အခကြေးငွေမျှ ကောက်ခံ မှုမရှိသည့်အပြင် ကျောင်းသုံးပြဋ္ဌာန်းစာအုပ်၊ ဗလာစာအုပ်၊ ဘောပင်၊ ခဲတံ၊ ပါးစပ်နှင့်နှာခေါင်းစည်း၊ မျက်နှာအကာတို့ကို နိုင်ငံတော်မှအခမဲ့ ထောက်ပံ့ပေးသွားမည်ဖြစ်သည်။ ဝမ်းမြောက်ဖွယ်ရာပင်ဖြစ်သည်။
ဆရာဆိုသည်မှာ
နိုင်ငံတော်မှ မျိုးဆက်သစ်များ ပညာရည်မြင့်မားရေးအတွက် အမြော်အမြင်ကြီးစွာဖြင့် အကောင်အထည်ဖော်လျက်ရှိသော်လည်း တချို့သော ကျောင်းအုပ်ကြီးများ၊ ဆရာ ဆရာမများသည် မတရား အသင်း CRPHI NUG ပြည်ပ လက်ဝေခံများ၏ မဟုတ်မမှန်ဝါဒဖြန့် သွေးထိုးလှုံ့ဆော်မှုကြောင့် CDM လှုပ်ရှားမှုတွင် ပါဝင်သွားကြသည်။ သို့သော်တချို့သော ဆရာ ဆရာမများသည် အမြင်မှန်ရရှိပြီး လုပ်ငန်းတာဝန်များကို ပုံမှန်အတိုင်း ပြန်လည်ထမ်းဆောင်နေကြပြီ ဖြစ်သည်။ အမှန်တော့မျိုးဆက်သစ်ရင်သွေးငယ်များကို တတ်သိ လိမ္မာအောင် ပညာသင်ကြားပေးရသည့် အလုပ်သည် ကုသိုလ်လည်း ရပြီး ဝမ်းလည်းပါသည်။ ထို့ကြောင့် သင်ကြားရေးတာဝန်ယူရသည့် အလုပ်သည် များစွာဂုဏ်ယူဖွယ်ရာ ကောင်းလှပါသည်။ စာရေးသူ သည် ငယ်စဉ်က ကျောင်းဆရာတစ်ဦး ဖြစ်ချင်ခဲ့သည်။ မည်သို့ပင်ဆိုစေ ဆရာဆိုသည်မှာ အန္တဂိုဏ်းဝင်ကျေးဇူးရှင်များပင် မဟုတ်ပါလား။
အဖျက်အမှောင့်လုပ်သူများ
သို့သော် မတရားအသင်း CRPH နှင့် NUG တို့၏ ဝါဒမှိုင်းမိနေသူ များ၊ ပြည်ပလက်ဝေခံများ၊ အမေကျော် ဒွေးတော်လွမ်းသူများသည် ကျောင်းများ ပြန်လည်ဖွင့်လှစ်မည့်အစိုးရ၏ အစီအမံများကို ကန့်လန့်တိုက်လာကြသည်။ စာသင်ကျောင်းများအား မီးရှို့ခြင်း၊ ဗုံးခွဲတိုက်ခိုက်ခြင်း၊ မွမ်းမံသင်တန်းတက်နေသည့် ဆရာ ဆရာမများ ကို ခြိမ်းခြောက် အကျပ်ကိုင်ခြင်း၊ ကျောင်းဖွင့်ရန် ပြင်ဆင်နေသည့် ကျောင်းအုပ်ကြီးများနှင့် ဆရာ ဆရာမများကို နှောင့်ယှက်ဟန့်တား ခြင်း၊ လူမှုအသိုက်အဝန်းမှ ကြဉ်ဖယ်ခြင်း၊ မဟုတ်မမှန် ပြောဆို ဝေဖန်တိုက်ခိုက်ခြင်း၊ ကျောင်းသားမိဘများကိုလည်း ခြိမ်းခြောက် အကျပ်ကိုင်ခြင်းများ လုပ်ဆောင်လာလျက်ရှိသည်။ ထိုသို့ လုပ်ဆောင် ခြင်းသည် ရင်သွေးငယ်များ၏ အနာဂတ်ကို ဖျက်ဆီးနေခြင်းပင်ဖြစ် သည်။ အမှန်တော့ အဖျက်အမှောင့်လုပ်သူများသည် စိတ်ခံစားချက်ကို ဦးစားပေးလာကြသည်။ အမှား၊ အမှန်ကိုခွဲခြားနိုင်စွမ်း အားနည်း လာကြပြီဖြစ်သည်။ စိတ်မကောင်းစရာပင်ဖြစ်သည်။
နားမယောင်သင့်
စင်စစ်အားဖြင့် အခြေခံပညာကျောင်းများ ပြန်လည်ဖွင့်လှစ်ခြင်း သည် တစ်နှစ်ကျော်လောက် ပညာရေးနှင့် အလှမ်းကွာဝေးခဲ့သော သားငယ်၊ သမီးငယ်များအတွက် မဟာအခွင့်အရေးကြီးပင်ဖြစ်သည်။ စာသင်ခန်းများ ပြန်လည်ဖွင့်လှစ်ပြီး စာဖတ်စာအံသံများ ကြားရခြင်း သည် မိဘတိုင်းအတွက် မင်္ဂလာရှိသော နေ့ရက်များပင်ဖြစ်သည်။ သို့သော် တချို့ သော မိဘများသည် အဖျက်အမှောင့်သမားများ၏ မဟုတ်မမှန် သွေးထိုးလှုံ့ဆော်ဝါဒဖြန့်နေမှုများကို နားယောင်ကာ ကလေးငယ်များကို ကျောင်းအပ်ဖို့ရန် ချီတုံချတုံဖြစ်နေကြသည်။ ကလေးကို ကျောင်းသို့လွှတ်လျှင် ဘေးကင်းလုံခြုံမှု မရှိဟုဆိုကြသည်။ မှားယွင်းသော ယူဆချက်ပင်ဖြစ်သည်။ အစိုးရအနေဖြင့် တရားဥပဒေစိုးမိုးရေးလုပ်ငန်းများ ဆောင်ရွက်လျက်ရှိသည်။ အခြေခံ ပညာကျောင်းများတွင် လုံခြုံရေးအာမခံချက်ရှိအောင် ဆောင်ရွက်ပေးမည်မှာ အသေအချာပင်ဖြစ်သည်။
စည်းရုံးဆောင်ရွက်သင့်
ထို့အပြင် တချို့သော မိဘများသည် အကြောင်းအမျိုးမျိုးကြောင့် ကလေးငယ်များကို ကျောင်းထားလိုခြင်း မရှိကြပေ။ အထူးသဖြင့် အောက်ခြေလူတန်းစားမိသားစုများတွင် ကျောင်းနေအရွယ်ကလေး များကို အချိန်မီ ကျောင်းအပ်နှံနိုင်ခြင်းမရှိကြချေ။ အချို့သော မိဘ များသည် လတ်တလောကြုံတွေ့နေရသည့် မိသားစု စား၊ ဝတ်၊ နေရေး အခက်အခဲအရရင်သွေးငယ်များကို ကျောင်းအပ်နှံလေ့မရှိဘဲ အလုပ် လုပ်ခိုင်းလေ့ရှိကြသည်။ ကျောင်းနေအရွယ် ကလေးတစ်ဦး သည် မိသားစု၏ ငွေကြေးအခက်အခဲကို ပြေလည်အောင် ဖြေရှင်း နိုင်လောက်သည်အထိ ငွေကြေးရှာဖွေနိုင်မည် မဟုတ်ချေ။ ထို့ကြောင့် ထိုမိသားစုများကို တွေ့ဆုံဆွေးနွေး၍ ကလေးငယ်များအား ကျောင်းအပ်နှံရေးအတွက် ပညာပေး စည်းရုံးသိမ်းသွင်းဆောင်ရွက်သွားရန် လိုအပ်ပါသည်။
ထို့အပြင် ကျောင်းသားလူငယ်များ ထိရောက်အောင်မြင်စွာ စာပေ လေ့လာသင်ယူနိုင်ရန်အတွက် ပတ်ဝန်းကျင်အခြေအနေကောင်း များလည်း ဖန်တီးပေးရန် လိုအပ်ပေသည်။ စာသင်ကျောင်းများ၊ သင်ထောက်ကူပစ္စည်းများအပြင် အထောက်အကူပြု ကျောင်းစာကြည့် တိုက်များလည်း ဖန်တီးပေးရန် လိုအပ်ပေသည်။ အထူးသဖြင့် စာသင်ကျောင်းများသည် တိတ်ဆိတ်ငြိမ်သက်မှုရှိသည့်နေရာများတွင်သာ ရှိသင့်ပါသည်။ ထိုသို့ တိတ်ဆိတ်ငြိမ်သက်သည့် နေရာမျိုး၌ ကျောင်းသားလူငယ်များ အနှောင့်အယှက်ကင်းစွာ ပညာသင်ကြား နိုင်သဖြင့် ထူးချွန်ထက်မြက်သည့် လူငယ်များပေါ်ထွန်းရေးတွင် များစွာ အထောက်အကူပြုပေသည်။
ပူးပေါင်းပါဝင်ဆောင်ရွက်ရန်လို
အမှန်တော့ ကျောင်းနေအရွယ် ကလေးများအားလုံး ကျောင်း အပ်နှံနိုင်ရေးနှင့် ကျောင်းသူကျောင်းသားအားလုံး စာသင်ခန်းအတွင်း ရောက်ရှိရေးအတွက် ဆရာ၊ မိဘ၊ ဒေသဆိုင်ရာ အာဏာပိုင်များအပြင် တာဝန်သိ ပြည်သူလူထုကြီးကလည်း တတ်နိုင်သမျှ ပူးပေါင်းဆောင် ရွက်သွားသင့်ပါသည်။ အထူးသဖြင့် ကျောင်းသားမိဘများအနေဖြင့် အဖျက်အမှောင့်လုပ်နေသူများ၏ လျှို့ဝှက်အကြံအစည်နှင့် လှုပ်ရှား မှုများကို လုံခြုံရေးတပ်ဖွဲ့များ၊ သက်ဆိုင်ရာ တာဝန်ရှိသူများသို့ အချိန် မီ အသိပေးသွားသင့်ပါသည်။ ကလေးငယ်များ စိတ်အေးချမ်းသာ ပျော်ရွှင်စွာ ပညာသင်ယူနိုင်ရေးအတွက် မိဘများ၏ ပူးပေါင်းဆောင် ရွက်မှုများစွာ အထူးလိုအပ်ပါသည်။ မိဘများအနေဖြင့် ကလေးများ၏ ပညာရေး၊ ကျန်းမာရေးနှင့်လုံခြုံရေးဆိုင်ရာ အချက်အလက်များအား ကျောင်းအုပ်ကြီးများကို အပြုသဘောဆောင်စွာဖြင့် အကြံပြုသွားသင့်ပေသည်။ အထူးသဖြင့် ဆရာ၊ မိဘ၊ ကျောင်းသားပူးပေါင်းဆောင်ရွက်မှု အားကောင်းနေမည်ဆိုလျှင် အဖျက်အမှောင့်သမားများ၏ ယုတ်ညံ့သော အကြံအစည်များကို လွယ်ကူစွာ ကျော်ဖြတ်သွားနိုင်မည်ဖြစ် သည်။
ကျောင်းသူ ကျောင်းသားအားလုံး စာသင်ခန်းအတွင်း ရောက်ရှိစေလို
ဆိုရလျှင် မျက်မှောက်ကာလသည် ပညာခေတ်ဖြစ်လာသောကြောင့် စိန်ခေါ်မှုများစွာကို ရင်ဆိုင်ရလျက်ရှိပါသည်။ ထို့အပြင် ကိုဗစ်-၁၉ ကပ်ရောဂါကြောင့် ကျောင်းများအားလုံး ပိတ်ထားရသည်မှာ တစ်နှစ်ကျော်နေပြီဖြစ်သည်။ ထို့ကြောင့် နိုင်ငံတော်အစိုးရသည် တက္ကသိုလ်နှင့် အခြေခံပညာကျောင်းများ အချိန်မီပြန်လည်ဖွင့်လှစ် နိုင်ရန် အပူတပြင်း စီမံဆောင်ရွက်လျက်ရှိသည်။ အထူးသဖြင့် စဉ် ဆက်မပြတ် လေ့လာသင်ယူနေသည့် လူ့ဘောင်အဖွဲ့အစည်းတစ်ရပ် ဖြစ်ပေါ်လာနိုင်ရေးအတွက် ကျောင်းနေအရွယ်ကလေးငယ်အားလုံး ကျောင်းအပ်နှံနိုင်ရေးနှင့် ကျောင်းသား ကျောင်းသူအားလုံး စာသင်ခန်းအတွင်း ရောက်ရှိနိုင်ရေး လုပ်ငန်းများကို စီမံချက်ချ၍ ဆောင်ရွက်နေခြင်းဖြစ်သည်။ ထိုသို့ ဆောင်ရွက်ရာတွင် ကျောင်းသား၊ ဆရာ၊ မိဘ၊ ပြည်သူများနှင့် ဒေသဆိုင်ရာအုပ်ချုပ်ရေးအဖွဲ့တို့အကြား တက်ညီလက်ညီကြိုးပမ်း အကောင်အထည်ဖော် ဆောင်ရွက်သွားရန် လိုအပ်ပေသည်။
စင်စစ်အားဖြင့် နိုင်ငံတစ်နိုင်ငံ၏အနာဂတ်သည် မျိုးဆက်သစ်လူငယ်များ၏ ပညာတတ်မြောက်မှု အဆင့်အတန်းပေါ်တွင်များစွာ တည်မှီလျက်ရှိသည်။ ထို့ကြောင့် နိုင်ငံတော်အစိုးရသည် ဘက်စုံ ထူးချွန်သောမျိုးဆက်သစ်လူငယ်များ ပေါ်ထွန်းရေးအတွက် ကျောင်းနေအရွယ်ကလေးအားလုံး ကျောင်းအပ်နှံရေးနှင့် ကျောင်းထွက်သူ ပပျောက်ရေးလုပ်ငန်းစဉ်ကို အမျိုးသားရေးတာဝန်တစ်ရပ် ကဲ့သို့ ချမှတ်အကောင်အထည်ဖော် ဆောင်ရွက်လျက်ရှိသည်။ ထိုသို့ ကျောင်းနေအရွယ်ကလေးအားလုံး ကျောင်းအပ်နှံရေးလုပ်ငန်းများ ဆောင်ရွက်ရာတွင် အစိုးရအပြင် မိဘ၊ ဆရာ၊ ဒေသခံ ပြည်သူများသည် အဖျက်အမှောင့်သမားများ၊ ပြည်ပလက်ဝေခံများ၊ မတရားအသင်း CRPH နှင့် NUG တို့၏ မဟုတ်မမှန် လုပ်ကြံဝါဒဖြန့်နေမှုများ၊ လှုံ့ဆော် နေမှုများကို နားမယောင်နေဘဲ ပကတိအခြေအနေမှန်ကို ရှုမြင်လျက် တက်ညီလက်ညီ ပူးပေါင်းဆောင်ရွက်သွားသင့်ပါသည်။ မည်သို့ပင်ဆိုစေ ကျောင်းသား ကျောင်းသူအားလုံး စာသင်ခန်းအတွင်း ရောက်ရှိနေမှသာလျှင် ထိုကလေးများ၏ အနာဂတ်သည် ပိုမိုတောက်ပြောင် လာမည်ဖြစ်ပေသည်။ ။
မောင်သောင်းဝင်း (တမန်ဟောင်း)