ရှင်ကိုးရှင်သမိုင်းဝင် ရှင်တောက်ထိန်ဘုရားစေတီတော်မြတ်ကြီးအား စိန်ဖူးတော်တင်၊ ဗုဒ္ဓဘိသေက အနေကဇာတင် ရေစက်ချအလှူတော်မင်္ဂလာအခမ်းအနားသို့ တနင်္သာရီတိုင်းဒေသကြီးအစိုးရအဖွဲ့ ဝန်ကြီးချုပ် တက်ရောက်ပူဇော်
ထားဝယ် ဖေဖော်ဝါရီ ၉
ရှေးဟောင်းသမိုင်းဝင် ရှင်ကိုးရှင်တွင် တစ်ဆူအပါအဝင်ဖြစ်သော တနင်္သာရီတိုင်းဒေသကြီး၊ ထားဝယ်ခရိုင်၊ လောင်းလုံးမြို့နယ်၊ ကမြောကင်းကျေးရွာတွင် တည်ထားကိုးကွယ်သည့် သမိုင်းဝင် ရှင်တောက်ထိန်ဘုရား စေတီတော် မြတ်ကြီးအား စိန်ဖူးတော်တင်၊ ဗုဒ္ဓဘိသေက အနေကဇာတင် ရေစက်ချအလှူတော်မင်္ဂလာ အခမ်းအနားကို ယမန်နေ့ နံနက် ၇ နာရီခွဲက သမိုင်းဝင် ရှင်တောက်ထိန် ဘုရား ပရဝဏ်အတွင်း၌ ကျင်းပသည်။
အခမ်းအနားကို တိုင်းဒေသကြီးအစိုးရအဖွဲ့ဝန်ကြီးချုပ် ဦးမြင့်မောင်၊ တိုင်းဒေသကြီး အစိုးရအဖွဲ့ဝင် ဝန်ကြီးများ၊ အလှူရှင်များနှင့် ဒေသခံပြည်သူများက နမောတဿ သုံးကြိမ်ရွတ်ဆို ဘုရားကန်တော့ဖွင့်လှစ်ပြီး ရတနာ စိန်ဖူးတော်၊ ငှက်မြတ်နားတော်တို့အား ဒေဝါဝင်း၊ ရာဇာဝင်းဖြင့် ပင့်ဆောင်၍ စေတီတော်အား လကျ်ာရစ်သုံးပတ် လှည့်လည်ပူဇော်သည်။
ထို့နောက် မင်္ဂလာအချိန်တွင် စိန်ဖူးတော်၊ ငှက်မြတ်နားတော်ကို မင်္ဂလာပန်းရထားဖြင့် စေတီတော်အထွဋ်သို့ တင်လှူပူဇော်ရာ သံဃာတော် အရှင်သူမြတ်များက “ဇယန္တောဗောဓိယာ မူလေ” ဂါထာရွတ်ဆို ပူဇော်ပြီး သံဃာတော် အရှင်သူမြတ်များက ဘုရားအနေကဇာတင် ပါဠိတော်ရွတ်ဆို ပူဇော်ခဲ့ပါသည်။
ထို့နောက် ဆရာတော်သံဃာတော်အရှင်မြတ်များအား လှူဖွယ်ဝတ္ထုပစ္စည်းတို့ကို ဆက်ကပ်လှူဒါန်းပြီး နခံတောရွာလယ်ကျောင်း ဆရာတော်ထံမှ အနုမောဒနာတရား နာကြား၍ ရေစက်သွန်းချ အမျှပေးဝေကာ သံဃာတော်များအား နေ့ဆွမ်းဆက်ကပ် လှူဒါန်း ကြကာ ရွှေထီးတော် တင်လှူပူဇော်ပွဲ အောင်မြင်ခြင်း အထိမ်းအမှတ်အဖြစ် ရတနာရွှေမိုး၊ ငွေမိုးရွာသွန်းဖြိုး၍ အခမ်းအနားကို ဗုဒ္ဓသာသနံစိရံတိဋ္ဌတု သုံးကြိမ်ရွတ်ဆို ဆုတောင်းပြီး ရုပ်သိမ်းခဲ့ကြောင်း သတင်းရရှိသည်။
ကျော်ကျော်လတ် (ပြန်/ဆက်)