Skip to main content

အဖြူကို အနက်ဆိုးကြသူတို့ …

မြန်မာနိုင်ငံတွင် နှစ်ပေါင်းထောင်ချီမှီတင်းနေထိုင်ကြသော တိုင်းရင်းသားပြည်သူများသည် စိတ်နေသဘောထား ဖြူစင်ကြသည်။ ရိုးသားကြသည်။ ရောင့်ရဲတင်းတိမ်ကြသည်။ ရရှိထား သော ဘဝလေးတွင် အေးအေးချမ်းချမ်း နေထိုင်ကြသည်။ အေးချမ်းစွာနေထိုင်ကြသော်လည်း မဟုတ်တာမလုပ်၊ မမှန်တာကိုမကြိုက်၊ တိုင်းပြည်နှင့် လူမျိုးကို ချစ်ခင်မြတ်နိုးကြသည်။ သတ္တိ၊ ဗျတ္တိရှိသည်။ ထိုတိုင်းရင်းသားပြည်သူတို့၏ ဓလေ့စရိုက်နှင့် ဝိသေသလက္ခဏာတို့သည်ကား လေးစားဂုဏ်ယူ မြတ်နိုးတန်ဖိုးထားစရာများ ဖြစ်သည်။

ပြည်ထောင်စုကြီးအတွင်း တိုင်းရင်းသားလူမျိုးများ မှီတင်းနေထိုင် ခဲ့ရရာ၌ မတူကွဲပြားကြသော် လည်း အမုန်းမဖက်၊ ချစ်ခင်မပျက် နေထိုင်ကြသည်။ ပြည်ထောင်စုကြီးအတွင်း တစ်စည်း တစ်လုံးတည်း နေထိုင်ကြသည်။ အရေးကြုံလျှင် ဗမာ၊ ကချင်၊ ရှမ်း၊ ချင်း၊ ကရင် မကွဲပြားဘဲ လက်တွဲစည်းလုံးခဲ့ကြသည်။

ယင်းတို့တွင် ချင်းတိုင်းရင်းသားတို့၏ထူးခြားသောစွမ်းဆောင် မှုများကိုလည်းယနေ့တိုင် မှတ်မိ နေဆဲဖြစ်သည်။ ပြည်ထောင်စုကြီးကို ဖျက်ဆီးမည့်သူ၊ ကျူးကျော်သည့် သူတို့ကို ရဲရဲဝံ့ဝံ့ ဖယ်ရှားခဲ့ကြသည်။ လွတ်လပ်သော နိုင်ငံတော်ကြီး ပြန်လည်ရရှိရန်အတွက် ကျူးကျော် သူနယ်ချဲ့တို့ကို စွန့်လွှတ်စွန့်စားတွန်းလှန်ခဲ့ကြသည်။ လွတ်လပ်သော အခါတွင်လည်း ပြည်ထောင်စုကြီးအတွင်း အေးချမ်းစွာ နေထိုင်ခဲ့ကြသည်။

မည်သူတွေ အရောင်ဆိုး

ချင်းပြည်နယ်သည် သွားလာရေးခက်ခဲမှု၊ ပြည်မနှင့်အလှမ်းကွာ မှုတို့ကြောင့် ဖွံ့ဖြိုးမှုနောက်ကျ ခဲ့ရသည်။ မည်သို့ပင်ဖြစ်စေ လွတ်လပ်ရေးရပြီးသည်မှစ၍ အစဉ်အဆက်အေးချမ်းစွာဖြင့်ပင် ရိုးရိုးသားသား နေထိုင်ခဲ့ကြသည်။ လွတ်လပ်ရေးမရမီ အမျိုးသားခေါင်းဆောင်ကြီး ဗိုလ်ချုပ် အောင်ဆန်းမှစ၍ လွတ်လပ်ရေးရရှိပြီးနောက်ပိုင်း ခေတ်အဆက်ဆက် အစိုးရခေါင်းဆောင်များ သည် တိုင်းရင်းသား စည်းလုံးညီညွတ်ရေးကို ဦးစားပေး အလေးထားခဲ့ကြသည်။ ၂၀၁၀ ပြည့်နှစ် မြန်မာနိုင်ငံတွင် ဒီမိုကရေစီအသွင် ကူးပြောင်းသည်မှစ၍ နိုင်ငံရေးသမားတို့သည် တိုင်းရင်းသား ဒေသများတွင် ဖြန့်ကြက်လာခဲ့သည်။ ရိုးသားသောတိုင်းရင်းသား ဒေသများတွင်နိုင်ငံရေး အရောင်ဆိုး မှုများရှိလာခဲ့သည်။ မည်သူတွေ အရောင်ဆိုးခဲ့သည်ကို စေ့ငုလေ့လာ ကြည့်ရမည် ဖြစ်သည်။

အေးချမ်းစွာ နေထိုင်ခဲ့ကြသည့် တိုင်းဒေသကြီးနှင့် ပြည်နယ် များတွင် ဒီမိုကရေစီစနစ်၏ ပုံရိပ်ဖြစ်သည့် ဆန္ဒဖော်ထုတ်မှုများ ပြုလုပ်လာကြသည်။ ပြည်သူ့အခွင့်အရေး တောင်းဆိုသည့် ဒီမို ကရေစီယဉ်ကျေးမှုထွန်းကားမှုဖြစ်၍ လက်ခံရမည်ဖြစ်သည်။ သို့သော် တက်လာသည့် အစိုးရသည် ပြဿနာများကိုသာ ဖြေရှင်းနေရသည်။ တိုင်းပြည်ဖွံ့ဖြိုးရေး၊ တည်ဆောက်ရေး၊ အုပ်ချုပ်ရေးတို့၌ အဟန့် အတားဖြစ်သည်မှာ ငြင်းဆိုဖွယ်ရာ မရှိပေ။ ယနေ့ကာလတွင် မြန်မာ နိုင်ငံ၌ နိုင်ငံရေးအပြောင်းအလဲဖြစ်ပေါ်သည်နှင့် NLD နိုင်ငံရေး အစွန်းရောက်များဖြင့် ဖွဲ့စည်း ထားသည့် CRPH သည်နိုင်ငံရေးအန်တုမှုကို စတင်ဖန်တီးပေးခဲ့သည်။ တိုင်းရင်းသား ပြည်သူများအား အစိုးရကို ဆန့်ကျင်ရန် စတင်သွေးထိုးပေးခဲ့သည်။

အကြမ်းဖက်လမ်းစဉ်

ဦးစွာ အုပ်ချုပ်ရေးယန္တရားပျက်ပြားစေရန် CDM လှုပ်ရှားမှု ပြုလုပ်ခဲ့ကြသည်။ ဆက်လက်၍ NUG ခေါ်သည့် တရားမဝင် အစိုးရ ဖွဲ့စည်းခဲ့ကြသည်။ ဆက်လက်၍ CRPH နှင့် NUG သည် CDM ပါဝင်ကြသူများအား အကြမ်းဖက်လုပ်ရပ်များ လုပ်ဆောင်ရန်တစိုက်မတ်မတ် တွန်းအား ပေးခဲ့သည်။ ၎င်းတို့၏ ပြည်ဖျက်လှုံ့ဆော်မှုကြောင့် ပြည်ထောင်စုကြီးအတွင်းရှိ နေရာများစွာ တွင် အကြမ်းဖက်မှုများ ဖြစ်ပေါ်ခဲ့သည်။ CRPH နှင့် NUG တို့၏ ဦးဆောင်သူများ သွေးထိုး လှုံ့ဆော်ပေးမှုကြောင့် အစိုးရ၏အုပ်ချုပ်ရေး ယန္တရား ပျက်ပြားစေရန် ခြိမ်းခြောက်ခြင်း၊ ဗုံးခွဲခြင်း၊ မီးရှို့ခြင်း၊ လူသတ်ခြင်းအထိ မင်းမဲ့စရိုက်များ ပြုလုပ်လာကြသည်။

ထို့အပြင် NUG သည် ခံစားချက်ပြင်းထန်သော ပြည်သူအချို့ကို စည်းရုံးကာ ပြည်သူ့ ကာကွယ်ရေးတပ် PDF ဖွဲ့စည်းရန် လှုံ့ဆော်ပေးခဲ့သည်။ ၎င်းတို့၏သွေးထိုးပေးမှုကြောင့် ဒေသန္တရကာကွယ်ရေးတပ်ဖွဲ့ဟု အမည်တပ်ကာ လက်နက်ကိုင်အကြမ်းဖက်မှု လမ်းစဉ် ပေါ်ပေါက် လာသည်။

သာဓကအားဖြင့် နိုင်ငံရေးအသွင်ကူးပြောင်းမှု ပထမသုံးလတာ ကာလအတွင်း ချင်းပြည်နယ် တွင် အေးအေးချမ်းချမ်းရှိခဲ့သည်။ ၎င်းတို့၏ တွန်းအားများကြောင့် တိုင်းရင်းသားဒေသ အချို့ တွင် မငြိမ်းချမ်းမှုအချို့ ရှိလာမှုနှင့်အတူ ချင်းပြည်နယ်တွင် လက်နက်ကိုင်တိုက်ခိုက်မှုအချို့ ရှိလာခဲ့သည်။ မေလ ၃ ရက်နေ့ နံနက်တွင် ချင်းပြည်နယ်ဟားခါးမြို့ ဈေးကွက်သစ်ရပ်ရှိ ခရိုင်ဦးစီးမှူးရုံးတစ်ရုံးကို ဆူပူအကြမ်းဖက်သူများက မီးပုလင်းများ၊ မီးကွင်းများဖြင့် ပစ်ပေါက် ခဲ့သည်။ မေလ၈ ရက်နေ့နံနက်တွင် ဟားခါးမြို့နယ် ဆူရ်ခါး ကျေးရွာရှိ လုံခြုံရေးယာယီ ရုပ်သိမ်းထားသည့် နယ်မြေရဲစခန်းကို လက်နက်များ ကိုင်ဆောင်လာသော အကြမ်းဖက် အင်အား ၅၀ ခန့် က မီးရှို့ဖျက်ဆီးခဲ့ကြသည်။

မြို့ကိုတိုက်ခိုက်ဖျက်ဆီး

မေလ ၁၂ ရက်နေ့ညတွင် မင်းတပ်မြို့ အရှေ့ပြင်ရပ်ကွက်ရှိ မင်းတပ်မြို့မရဲစခန်းအား လက်နက်ကိုင်အကြမ်းဖက်သမား အင်အား ၁၀၀ ခန့်က တူမီးသေနတ်များ၊ လက်လုပ် သေနတ်များဖြင့် ပစ်ခတ် ခဲ့ကြသည်။ ဆက်လက်၍ စံပြရပ်ကွက်ရှိ မြန်မာ့စီးပွားရေး ဘဏ်ခွဲတွင် လုံခြုံရေးဆောင်ရွက်နေကြသောတပ်ဖွဲ့များအား အင်အား ၅၀ ခန့်ဖြင့် ထပ်မံ တိုက်ခိုက်ကြ သည်။ မေလ ၁၃ရက်နေ့ မွန်းလွဲပိုင်း၌ အဆိုပါ ဘဏ်အား အင်အား ၄၀ခန့် က ထပ်မံလာရောက် တိုက်ခိုက်ကြသည်။

ညနေပိုင်းတွင် အင်အား ၁၀၀ ခန့်က လက်နက်ငယ်များ၊ တူမီး သေနတ်များ၊ လက်လုပ်ဗုံးများ ဖြင့် အကြိမ်ကြိမ်လာရောက်တိုက်ခိုက် ခဲ့ကြသည်။ ထိုနေ့ညတွင် ချင်းပြည်နယ် ကန်ပက်လက် မြို့ မြို့မ(၂) ရပ်ကွက်ရှိ မြန်မာ့စီးပွားရေးဘဏ်ကို လက်လုပ်ဗုံးများဖြင့် ပစ်ပေါက် တိုက်ခိုက် ခဲ့ကြသည်။ ထပ်မံ၍ သန်းခေါင်ကျော်တွင် မြို့မရဲစခန်းအား တိုက်ခိုက်ခဲ့ကြသည်။ မေလ ၁၄ ရက်နေ့တွင်လည်း အကြမ်းဖက် တိုက်ခိုက်မှုများကို ဆက်လက်ပြုလုပ်ခဲ့ကြသည်။

မင်းတပ်မြို့နယ်တွင် အကြမ်းဖက်တိုက်ခိုက်မှုများ ပိုမိုပြုလုပ် လာသဖြင့် လုံခြုံရေး၊ တရား ဥပဒေစိုးမိုးရေးနှင့် နယ်မြေအေးချမ်း သာယာရေးကို ပိုမိုထိရောက်စွာပြုလုပ်နိုင်ရန်အတွက် အနောက်မြောက်တိုင်းစစ်ဌာနချုပ် နယ်မြေဖြစ်သည့် ချင်းပြည်နယ် မင်းတပ်မြို့ နယ်အတွင်း စစ်အုပ်ချုပ်ရေးအာဏာကျင့်သုံးရန် နိုင်ငံတော်စီမံအုပ်ချုပ် ရေးကောင်စီသည် မေလ ၁၃ ရက်နေ့တွင် အမိန့်ထုတ်ပြန်ခဲ့ရသည်။

ရိုးသားသောချင်းတိုင်းရင်းသားအချို့သည် အစွန်းရောက်နိုင်ငံရေး သမားတို့၏ သွေးထိုးပေးမှု ကြောင့် လက်နက်ကိုင်တိုက်ခိုက်သည့် အကြမ်းဖက်လုပ်ရပ်များ လုပ်ကိုင်လာကြရာ အေးချမ်း သာယာသော ချင်းပြည်နယ်အတွင်ရှိ မြို့နယ်အချို့၌ငြိမ်းချမ်းမှုများ ကွယ်ပျောက်ခဲ့ရသည်။ အေးချမ်းစွာနေထိုင်ကြသော ဒေသခံပြည်သူများမှာ စိုးရိမ် ထိတ်လန့်ပုန်းရှောင်နေကြရသည်။ မြို့တွင်း၌ လက်နက်ဆွဲကိုင် အကြမ်းဖက်တိုက်ခိုက်ကြသူများမှာ CRPH နှင့် NUG ပြည်ဖျက် အမျိုးသား သစ္စာဖောက် တစ်စု၏ ပြည်ပမှ သွေးထိုးလှုံ့ဆော်မှုကို နားယောင်ခဲ့ကြသော ပြည်တွင်းမှအသုံးချခံ တိုင်းရင်းသားလူငယ်လေးများ ဖြစ်ကြသည်။

မြတ်နိုးဂုဏ်ယူဖွယ်ရာ

အေးချမ်းသော ချင်းပြည်နယ်အတွင်း ထိုသို့ဖြစ်ပျက်ခဲ့ရသည်မှာ စိတ်မချမ်းမြေ့ဖွယ်ဖြစ်ရသည်။ အမှန်တကယ်တွင် ချင်းတိုင်းရင်းသား များသည်အေးချမ်းစွာဖြင့် ရိုးရိုးသားသား နေထိုင်ခဲ့ကြသူ များဖြစ်သည်။

ရှေးအစဉ်အလာမပျက် အေးချမ်းစွာနေထိုင်ခဲ့ကြသော ချင်းတိုင်းရင်းသားတို့၏ ရိုးသား တက်ကြွစွာနေထိုင်ခဲ့ကြသည့် မြတ်နိုးဂုဏ်ယူဖွယ်ရာ ဘဝအခြေအနေတို့ကို ပြန်ပြောင်း သတိရမိသည်။

ရှေးယခင်က ဟားခါးမှ ဖလမ်းမြို့ သို့သွားရာ လမ်းခရီးတွင် လူများကိုမတွေ့ရှိရဘဲ ငှက်ပျောသီး ဗန်းလေးများ ချထားသည်ကို မကြာခဏ ကြုံတွေ့ခဲ့ဖူးသည်ဟု စာရေးဆရာကြီး တစ်ဦးက ပြောပြသည်။ “ဒီ ငှက်ပျောသီးဗန်းလေးတွေက ဘာလုပ်တာလဲ” ဟု မေးကြည့်ရာ ဒေသခံ တိုင်းရင်းသားတစ်ဦးက “အဲဒါရောင်းတာပါ။ ဆရာဝယ်ချင်ရင် ကြိုက်သလောက် ပိုက်ဆံ အဲဒီဗန်းထဲထည့်ပြီး ဝယ်ယူနိုင်ပါတယ်၊ မဝယ်နိုင်လို့ ယူစားသွားလည်း အလှူပေါ့” ဟုဆို ပါသည်။

စာရေးဆရာကြီးက မော်တော်ကားရပ်ပြီး ငှက်ပျောသီးဝယ်ယူခဲ့သည်။ ဗန်းထဲ၌ ငှက်ပျောသီး များနှင့်အတူ ငွေလေးရာ တွေ့ရ၏။ စာရေးဆရာကြီးက ငွေလေးရာထပ်ထည့်ပြီး ငှက်ပျောသီး တစ်ဖီး ယူလာခဲ့သည်။ ငွေရှစ်ရာနှင့် ငှက်ပျောဖီးအချို့သည် ဈေးရောင်းသူမရှိဘဲ ဒီအတိုင်း ကျန်ခဲ့၏။ အလားတူဓလေ့စရိုက်ကို အခြားပြည်နယ်များတွင်လည်း တွေ့ရဖူးပါသည်။ တိုင်းရင်း သားတို့၏ ရိုးသားမှုမှာ အောက်ပြည်အောက်သားများအဖို့ အံ့သြစရာဖြစ်ရသည်။ ဤဓလေ့ စရိုက်များသည် မြင့်မြတ်သောဓလေ့စရိုက်များပင် ဖြစ်သည်။ မတူကွဲပြားသော လူသား အချင်းချင်းအပေါ် ထားရှိသည့် မေတ္တာ၊ စေတနာများ ဖြစ်သည်။ အနောက်နိုင်ငံအချို့တွင် လူမရှိဘဲဈေးရောင်းချသည့် သတင်းစာအရောင်းဆိုင်လေးမှသည် အဝတ်အထည်ဆိုင်၊ ပစ္စည်း ၊ အရောင်းဆိုင်များရှိကြောင်း ဖတ်ဖူးလေရာ မြင့်မြတ်သော ဓလေ့စရိုက်ရှိသော တိုင်းရင်းသား တို့ကြောင့် မိမိတို့ ကိုယ့်ဘာသာ ဂုဏ်ယူကျေနပ်ခဲ့ရပါသည်။

မြင့်မြတ်သောစိတ်ထား

ချင်းပြည်နယ် မတူပီမြို့တွင် မြင့်မြတ်သောစိတ်ဓာတ်ပိုင်ရှင်တစ်ဦး ရှိခဲ့ဖူးသည်။ တစ်နေ့တွင် လက်နက်ခဲယမ်းမျိုးစုံ ကိုင်ဆောင်ထားသော သောင်းကျန်းသူငါးဦးသည် မတူပီမြို့ကို ဝင်ရောက်စီးနင်းရေးအတွက် မြို့မှ ငါးမိုင်အကွာ ဖနိုင်ရွာစခန်းသို့ ကင်းထောက်ရန် ရောက်လာ ခဲ့သည်။ ထိုအထဲမှ သောင်းကျန်းသူတစ်ဦးက “ဒီနားမှာ ကျုပ်တို့ ဆွေမျိုးတွေရှိတယ်၊ ဆွေမျိုး တွေကတစ်ဆင့် မြို့သတင်းကို အေးအေးဆေးဆေးယူနိုင်တယ်” ဟုဆိုကာ မြို့သတင်းကိုယူရန် ဆွေမျိုးတွေထံ တစ်ဦးတည်းထွက်လာခဲ့သည်။ ထိုသောင်းကျန်းသူသည် ဆွေမျိုးများထံ ရောက်လာခဲ့သည်။

သူ၏ ဆွေမျိုးထဲမှတစ်ဦးသည် ချင်းအမျိုးသား လယ်သမားကြီး ဦးဇိုရောင်ဖြစ်သည်။ ဦးဇိုရောင် သည် သူ့ဆွေမျိုး၏ အလာထူးပုံကို သတိပြုမိ၏။ ထို့ကြောင့်လည်း အဘယ်ကြောင့် လာသည်ကို ဆက်လက်လေ့လာမိသည်။ ဆွေမျိုးသည် မတူပီမြို့ကို ဝင်ရောက်စီးနင်းရန် ရောက်လာ ကြောင်း သတိပြုမိ၏။ ဦးဇိုရောင်သည် အချိန်မဆိုင်းဘဲ ရဲစခန်းသို့ သွားရောက်သတင်းပို့ လိုက်သည်။

ရဲစခန်းမှ တပ်ကြပ်ကြီး ဦးထန်ခမ်းနှင့် အဖွဲ့သည် သတင်းရလျှင်ရချင်း သောင်းကျန်းသူတို့ စခန်းချရာနေရသို့ ဝင်ရောက်တိုက်ခိုက် ဖမ်းဆီးခဲ့ရာ လက်နက်ခဲယမ်းမီးကျောက်များနှင့်အတူ တစ်ယောက် မကျန် ဖမ်းဆီးရမိခဲ့သည်။ ဦးဇိုရောင်သည် ဆွေမျိုးသားချင်းပင် ဖြစ်လင့်ကစား မြို့ရွာပြည်သူတို့ကို ဖျက်ဆီးရန်လာရောက်သူများဖြစ် ခြင်းကြောင့် ချက်ချင်းပင် ရဲတပ်ဖွဲ့သို့ အကြောင်းကြားကာ ဖမ်းဆီးစေခဲ့ခြင်းဖြစ်သည်။ ထို့ကြောင့် မတူပီမြို့သည် သောင်းကျန်းသူ တို့၏ ဖျက်ဆီးမှုအန္တရာယ်မှ လွတ်မြောက်ခဲ့ရသည်။ ပြည်သူများ အေးချမ်းစွာ နေထိုင်ကြရ သည်။ လယ်သမားကြီး ဦးဇိုရောင်သည် ယနေ့အခေါ် သတင်းပေးဒလန် မဟုတ်ပေ။ မိမိဆွေမျိုး အရေးထက် မြို့ရွာပြည်သူ များအရေးကို အလေးထားဦးစားပေးခဲ့သည့် လေးစားထိုက်သော တိုင်းရင်းသားတစ်ဦးဖြစ်သည်။

ဇက်ရဲလက်ရဲအဖျက်သမား

ရှေးကာလက ရိုးသားစွာနေထိုင်ကြသော တိုင်းရင်းသားများ၊ ဦးဇိုရောင်ကဲ့သို့ မိမိတို့ မြို့ရွာ အေးချမ်းသာယာရေးအတွက် ကာကွယ်စောင့်ရှောက်လိုသော ဂုဏ်ယူလေးစားဖွယ်ရာ တိုင်းရင်းသားများ အမြောက်အမြားရှိခဲ့ကြပါသည်။ ယနေ့အချိန်အခါတွင် မသမာသူ အဖျက် သမားများက ၎င်းတို့အား သတင်းပေးသူတို့ကို ဒလန်ဟု သတ်မှတ်ကာ ခြိမ်းခြောက်မှုများ၊ သတ်ဖြတ်မှုများပြုလုပ်ထားသောကြောင့် ရိုးသားစွာနေထိုင်ကြသော ပြည်သူများက မိမိတို့ ရပ်ရွာနှင့် ပြည်သူများကို ကာကွယ်စောင့်ရှောက်ပေးလိုသော်လည်း မသမာသူ အဖျက်သမား များအား သတင်းပေးရန်ဝန်လေးကြသဖြင့် အဖျက်သမားများသည် ဇက်ရဲလက်ရဲ လုပ်ကိုင်လာ ကြသည်။

ရှေးအခါက အုပ်ချုပ်သူအစိုးရတို့သည် တိုင်းရင်းသားပြည်သူတို့၏ ကောင်းသောဓလေ့စရိုက် များ အစဉ်ရှင်သန်တိုးပွားစေ၍ မကောင်းသော၊ ဆိုးရွားသောဓလေ့စရိုက်များ မှေးမှိန်အောင် ဆောင်ရွက်မည်ဟု အလေးအနက်ခံယူခဲ့ကြ၏။ ရိုးသားစွာအုပ်ချုပ်ခဲ့သော အစိုးရများသည် ရိုးသားသောပြည်သူများကို လိုလားနှစ်သက်ကြ၊ ကာကွယ် စောင့်ရှောက်ပေးခဲ့ကြသည်။ ကောင်းသောဓလေ့စရိုက်များသည် ရှေးအစဉ်အဆက်ကတည်းက ထွန်းကားခဲ့ကြသလို မပျောက်ပျက်အောင်လည်း ထိန်းသိမ်းစောင့်ရှောက်ကြရန် အစိုးရသာမက အားလုံး တွင်တာဝန်ရှိကြပေသည်။

ယနေ့ကာလ၌ ရိုးသားစွာနေထိုင်ကြသော တိုင်းရင်းသားပြည်သူ များ၏ဘဝ၊ အေးချမ်းစွာ နေထိုင်ကြသော တိုင်းရင်းသားပြည်သူများ ၏ဓလေ့များ လုံးဝမကွယ်ပျောက်သေးချေ။ သို့သော် ရိုးသားစွာ နေထိုင်ကြသော တိုင်းရင်းသားများအား ဆယ်စုနှစ်တစ်ခုအတွင်း နိုင်ငံရေး အရောင် ဆိုးခဲ့ကြလေသည်။ မွန်မြတ်သောအဖြူကို သူတို့က ခါးသီးဖွယ်ရာ အနက်ဆိုးခဲ့ကြလေပြီ။ ။

မိုးဦးဝေ