တာဝန်ယူမှု၊ တာဝန်ခံမှုဆိုင်ရာများ လက်လှမ်းတမီ စုစည်းဝေမျှခြင်း
စာရေးသူသည် ဝန်ထမ်းအဖြစ် အသက်မွေးဝမ်းကျောင်းပြုခဲ့ပါသည်။ နိုင်ငံ့ဝန်ထမ်း တာဝန် ထမ်းဆောင်ရာတွင် မိမိအားအထက်မှပေးအပ် ထားသောတာဝန်ကို ကျေပွန်စွာ ဆောင်ရွက်ခဲ့ပါ သည်။ လုပ်ဖော် ကိုင်ဖက်များ၊ လက်အောက်ငယ်သားများနှင့် လက်တွဲပူးပေါင်း ဆောင်ရွက်ရင်း အတွေ့အကြုံများစွာရခဲ့ပါသည်။
သက်ဆိုင်ရာနယ်ပယ်တွင် ကျွမ်းကျင်တတ်မြောက်မှု၊ ဆက်စပ်ပတ်သက်မှု၊ နိုင်နင်းမှုအရ တာဝန်ခွဲဝေ လုပ်ဆောင်ရပါသည်။ အောင်မြင်မှုများလည်းရရှိခဲ့ပါသည်။ သို့သော် မိမိကိုယ်ကိုယ် အတွေ့ အကြုံရင့်ကျက်လှပြီ၊ တော်လှပြီဟု မယူဆပါ။ အစဉ်မပြတ် ပိုမို ကောင်းမွန် တိုးတက်အောင် လေ့လာဆည်းပူးနေဆဲဖြစ်သည်။
သိအောင်လည်း မေးပါသည်။ သိသူထံမှသင်ယူပါသည်။ လုပ်ငန်းခွင်ကျွမ်းကျင်မှုသည် စာတွေ့ သက်သက်နှင့်လည်း မပြီးပါ။ ကိုယ်တွေ့ အတွေ့အကြုံဖြတ်သန်းမှု သက်သက်နှင့်လည်းမပြီးပါ။ အတွေ့ အကြုံများစွာရှိသော ရှေ့က ဝန်ထမ်းများထံမှ သင်ယူရသည့်အပြင် ကိုယ်တိုင်စာတွေ့၊ လက်တွေ့လေ့လာ၍ ရသမျှကို စာဖတ်သူများထံ မျှဝေလိုပါသည်။
အကြီးအမှူးများ၏ဆောင်ရွက်ချက်
နယ်ဘက်၊ စစ်ဘက်၊ လုပ်ငန်းခွင်အသီးသီး၊ အဖွဲ့အစည်း အမျိုးမျိုးတို့တွင် အကြီးအမှူးများက မပျက်မကွက်ဆောင်ရွက်ကြရသော အဓိကအချက် ၁၂ ချက်ရှိသည်ဟု မှတ်သားနားလည် ခဲ့ရပါသည်။ ၎င်းတို့မှာ - တာဝန်ခံမှု၊ တာဝန်သိမှု၊ ကွပ်ကဲမှု၊ ကြီးကြပ်ခြင်း၊ စစ်ဆေးခြင်း၊ တိုက်ဆိုင်စစ်ဆေးခြင်း၊ ဆက်ဆံရေးကျွမ်းခြင်း၊ ထပ်မံစစ်ဆေးခြင်း၊ ပေါင်းစပ်ညှိနှိုင်းခြင်း၊ ပူးပေါင်းလုပ်ဆောင်ခြင်း၊ ရဲဘော်ရဲဘက်စိတ်၊ စံနမူနာပြခြင်းတို့ ဖြစ်ပါသည်။
တတ်မြောက်ကျွမ်းကျင်မှု ပီသသူ၏ လက္ခဏာရပ်မှာ ၅ ချက်ရှိပြီး တာဝန်ယူမှုနှင့်တာဝန်ရှိမှု စွမ်းရည်ရှိမှု၊ အထူးပြုလေ့လာမှုနှင့် ကျွမ်းကျင်မှု၊ ရိုးသားဖြောင့်မတ်မှု သိက္ခာ၊ မိမိကိုယ်ကိုယ် ယုံကြည်မှုတို့ ဖြစ်ပါသည်။
တာဝန်ယူမှု၊ တာဝန်ခံမှုကို အဓိပ္ပာယ်ဖွင့်ဆိုရမည်ဆိုလျှင် (၁) မိမိတာဝန် မိမိယူပါ။ (၂) အလုပ်နှင့် ကိုယ်ရေးကိုယ်တာ ခွဲခြားပါ။ (၃) သူတစ်ပါးအပေါ် ဝန်ထုပ်ဝန်ပိုးမဖြစ်အောင်နေပါ။ (၄) အချိန်ကို လေးစားပါ။ (၅) ပေးအပ်သော တာဝန်ဝတ္တရားများကို လေးစားပါ။ (၆) သက်ဆိုင်ရာ လုပ်ငန်းနယ်ပယ်အလိုက် တာဝန်ယူမှု၊ တာဝန်ခံမှု အပြည့်အဝဖြင့် ဆောင်ရွက်ရ ပါမည်။
တာဝန်ခံမှု၊ တာဝန်ယူမှုပျောက်ဆုံးရခြင်း အကြောင်းရင်းများလည်း ရှိပါသည်။ ၎င်းတို့ကို ရှောင်ကြဉ်ကြရပါမည်။ တာဝန်ခံမှု၊ တာဝန်ယူမှု ပျောက်ဆုံးရခြင်းမှာ မိသားစုအတွင်း၊ လုပ်ငန်း ခွင်အတွင်း လက်အောက်ငယ်သားများအား လုပ်ပိုင်ခွင့် ခွဲဝေမပေးဘဲလက်ဝါးကြီးအုပ် ထားခြင်း၊ လူ့အခွင့်အရေးနှင့် လူ့တန်ဖိုးကို အလေးထားမှု အားနည်းခြင်းတို့ကြောင့် ဖြစ်ပါသည်။
တာဝန်ခံခြင်း အသိစိတ်မြှင့်တင်ရန်အတွက် လုပ်ဆောင်သင့်သည် များမှာမူ အားလုံးသိရှိကြပြီး ဖြစ်မည်ထင်ပါသည်။ ယင်းမှာ မိမိ ရည်မှန်းချက်ပန်းတိုင်ကို ရှင်းရှင်းလင်းလင်းသိခြင်း၊ ဘာကို ငါအဓိက တာဝန်ခံရမှလဲ အတိအကျသိခြင်း၊ ဆောင်ရွက်ခဲ့မှုများကို သင်ခန်းစာယူ သုံးသပ်ခြင်းနှင့် အစဉ်မပြတ် လေ့လာသင်ယူခြင်းတို့ ဖြစ်ပါသည်။
တာဝန်ခံမှု အလေ့အထမြင့်တက်စေရန်
တာဝန်ခံမှု အလေ့အထမြင့်တက်စေရန်အတွက် ကျွန်တော် တို့အနေဖြင့် အစွမ်းကုန် လေ့ကျင့်ရမည်ဖြစ်ပါသည်။ တာဝန်ခံမှု အလေ့အထ မြင့်တက်စေရန် မိမိကိုယ်တိုင် တာဝန်ခံမှုကို ပြသစတင် ရပါမည်။ မိမိလိုချင်သော တာဝန်ခံမှုပုံစံကို တိကျသေချာစွာချမှတ်ရပါ မည်။ လုပ်ငန်းအောင်မြင်စေရန် အားပေးမြှင့်တင်ရပါမည်။ တာဝန်ခံမှုသည် လူတိုင်းကိုယ်စီ အချိန်တိုင်း အမြဲတမ်း တစ်ပြေးညီရှိရပါမည်။ လက်အောက်ငယ်သားများ၏ ဆောင်ရွက်နေမှုကို အခါအားလျော်စွာ ပြန်လည်စစ်ဆေး သုံးသပ်၍ ယင်းတို့၏ တာဝန်ခံမှုရှိခြင်းကို တည်တံ့ အောင် ထိန်းသိမ်းရန် အားပေးရပါမည်။
လေ့ကျင့်ပေးရန်လိုအပ်
တာဝန်ခံမှုရှိရေး လေ့ကျင့်ပေးရန် လိုအပ်ပါသည်။ လေ့ကျင့်ပေးရမည့် အချက်များမှာ မိမိဆောင်ရွက်ရမည့် လုပ်ငန်းအတွက် ကြိုတင်ပြင်ဆင်ခြင်း၊ ရိုးသားဖြူစင်ပြီး ပွင့်လင်းမြင်သာ စွာ အကောင်အထည်ဖော်ခြင်း၊ ကတိပေးပြီးပါက ပြီးဆုံးသည်အထိ လုပ်ဆောင်ခြင်း၊ မလုပ်နိုင်ပါက အစကတည်းက ငြင်းပယ်ခြင်း၊ အရေးကြီးမှုနှင့် အလျင်လိုမှုကို တိကျစွာ ခွဲခြားသိခြင်းနှင့် အမှားအယွင်း မအောင်မြင်ပါကရိုးသားစွာ၊ ရဲဝံ့စွာ ဝန်ခံရဲခြင်းတို့ ဖြစ်ပါသည်။
တာဝန်ခံမှုရှိသော ပတ်ဝန်းကျင်ကို တည်ဆောက်ကြရပါမည်။ ထိုသို့ တည်ဆောက်ရန် အခြေခံလိုအပ်ချက်များမှာ အပြန်အလှန် လေးစားမှုပေးနိုင်သော ဆက်ဆံရေးကို တည်ဆောက် ရန်၊ ပြောဆို ဆွေးနွေး ထိတွေ့ဆက်ဆံမှု တတ်နိုင်သမျှ နေ့စဉ်ရှိစေရန်၊ လူတိုင်း ပါဝင်လာ နိုင်ရေး ဆွဲဆောင်စည်းရုံး ဖိတ်ခေါ်ရန်၊ တာဝန်ယူလိုစိတ်ရှိ ရေးအတွက် လုပ်ငန်းအောင်မြင်ပါက ချီးကျူးစကားပြောရန်နှင့် မအောင်မြင်ပါက နှစ်သိမ့်စကားပြောဆို၍ နောက်တစ်ကြိမ် အခွင့် အရေးပေးရန် ဟူသော အချက်လေးချက် လိုအပ်ကြောင်း တွေ့ရှိရ ပါသည်။
နိဂုံး
တာဝန်ခံမှု၊ တာဝန်ယူမှုနှင့်ပတ်သက်၍ ခေါင်းဆောင်တစ်ဦးတွင် ရှိအပ်သည့်လက္ခဏာ ငါးရပ်ကို ဖော်ပြရမည်ဆိုလျှင် စာနာတတ်ခြင်း၊ လုပ်ပိုင်ခွင့်ပေးခြင်း၊ ညှိနှိုင်းဆောင်ရွက်တတ်ခြင်း၊ တာဝန်ခံမှု၊ တာဝန်သိမှု၊ တာဝန်ယူမှု၊ ခံနိုင်ရည်သတ္တိ (စိတ်ဓာတ်ကြံ့ခိုင်မှု) တို့ဖြစ်ပါသည်။
တာဝန်ခံမှုနှင့် အပြန်အလှန်လေးစားရိုသေမှု၊ ယုံကြည်မှု၊ သစ္စာရှိမှု၊ ပွင့်လင်းမြင်သာမှု ဟူသော အကြောင်းတရားတို့သည် ဆက်စပ်နေပါသည်။
နေရာပေါင်းများစွာ၊ အခြေအနေပေါင်းများစွာ၊ အချိန်ပေး၍ ရှာဖွေစုဆောင်း လေ့လာရမည့်၊ မသိမဖြစ် ဗဟုသုတအကြောင်း အရာများကို လက်လှမ်းမီစုစည်း၍ ရသမျှ မျှဝေလိုက်ပါသည်။ လက်တွေ့လှုပ်ရှားနေကြရသော ပုဂ္ဂိုလ်များအတွက် လက်တွေ့ အထောက်အကူရ၍ အသုံးကျ မည်ဟု ယုံကြည်မိကြောင်း ရေးသား တင်ပြလိုက်ရပါသည်။ ။
ထွန်းထွန်း (ခရေရိပ်)