Skip to main content

အနာဂတ်ပန်းများဖူးဝေဖို့ ကျောင်းတက်ကြပါစို့

တက္ကသိုလ်၊ ကောလိပ်များ အပါအဝင် အထက်တန်း၊ အလယ်တန်း၊ မူလတန်းကျောင်းတွေ ပိတ်ထားခဲ့ရတာ တစ်နှစ်ဝန်းကျင်ရှိခဲ့ပြီဖြစ် ပါတယ်။ ကမ္ဘာတစ်ဝန်းဖြစ်ပွားခဲ့တဲ့ ကိုဗစ်-၁၉ ကပ်ရောဂါကြောင့် ကမ္ဘာ့နိုင်ငံအသီးသီးမှာလည်း စာသင်ကျောင်းတွေကို ပိတ်ခဲ့ရတာ ဖြစ်ပါတယ်။ စာသင်ကျောင်းတွေ ပိတ်ခဲ့ရတဲ့အတွက် ပညာသင်ကြားနေတဲ့ ကျောင်းသူ ကျောင်းသားများအတွက် နစ်နာသလို နိုင်ငံတော် အတွက်လည်း နစ်နာပါတယ်။ ကျောင်းသားမိဘတွေအတွက်လည်း နစ်နာရပါတယ်။ အထူးသဖြင့် စာသင်ခန်းနဲ့ကင်းဝေးနေရတဲ့ ကျောင်းသူ ကျောင်းသားလေးများရဲ့ အဖိုးတန်အချိန်တွေဟာ အလဟဿဖြစ်ကုန်ကြရပါတယ်။

အခုတော့ မင်္ဂလာသတင်းကို ကြားသိလိုက်ရပါပြီ။ ၂၀၂၁၂၀၂၂ ပညာသင်နှစ် အခြေခံပညာ အထက်တန်း၊ အလယ်တန်း၊ မူလတန်းကျောင်းများကို ၂၀၂၁ ဇွန် ၁ ရက်ကစလို့ ပုံမှန်စာသင်နှစ် အတိုင်း ဖွင့်လှစ်တော့မှာဖြစ်ကြောင်းနဲ့ ကျောင်းအပ်နှံရေးသီတင်းပတ်အဖြစ် ၂၀၂၁ မေ ၂၄ ရက် ကနေ ၃၁ ရက်အထိသတ်မှတ်ထားကြောင်း ပညာရေးဝန်ကြီးဌာနက ထုတ်ပြန်ခဲ့တာကို တွေ့ရပါ တယ်။  ပညာရေးနဲ့ ပတ်သက်ပြီး ဖွံ့ဖြိုးတိုးတက်တဲ့ နိုင်ငံတိုင်းဟာ ပညာရေးကဏ္ဍကို အပြည့်အဝ အားပေးဆောင်ရွက်နေတာကို တွေ့ရပါတယ်။ ဒါကြောင့်လည်း ကျောင်းအပ်နှံရာမှာ မည်သည့်  အခကြေးငွေကိုမျှ လုံးဝ(လုံးဝ)ကောက်ခံမှုမရှိတဲ့အပြင် ကျောင်းအပ်နှံတဲ့ ကျောင်းသားအားလုံးကို ကျောင်းသုံး ပြဋ္ဌာန်းစာအုပ်တွေ၊ ဗလာ စာအုပ်တွေ၊ ဘောပင်နဲ့ ခဲတံအပါအဝင် ကိုဗစ်-၁၉ ကြိုတင်ကာကွယ် ရေးအတွက် Mask နဲ့ Face Sheild တွေ အခမဲ့ထောက်ပံ့ပေးသွား မှာဖြစ်ကြောင်း သိရပါတယ်။

ပညာအမွေ ကျောင်းတွေပြန်လည်ဖွင့်လှစ်မယ်ဆိုတော့ ကျောင်းသားမိဘတွေ  အထူးဝမ်းသာအားရ ဖြစ်မိတာ အမှန်ပါပဲ။ မိမိတို့ရဲ့ သားသမီးတွေရဲ့ ဘဝနောင်ရေးအတွက် ပညာအမွေကို ထိုက်ထိုက် တန်တန်ပေးချင် ကြပါတယ်။ ဒီနေ့ခေတ်ဟာ ပညာခေတ်ဖြစ်တာနဲ့အညီ စီးပွားရေး၊ လူမှုရေး ဘဝတွေ တိုးတက်အောင်မြင်ဖို့ ပညာတတ်မြောက်ထားကြဖို့ လိုအပ်ပါတယ်။ ပညာသင်ယူတဲ့ အရွယ်မှာ ပညာကို တတ်မြောက်အောင် သင်ယူနိုင်ပါမှ ရှေ့ဆက်ရမယ့် ဘဝခရီးတစ်လျှောက်လုံး အတွက် ဘဝရပ်တည်ရေး၊ အောင်မြင်တိုးတက်ရေးအတွက် အာမခံ ချက်ရှိမယ်ဆိုတာ ခံယူထား ကြပါတယ်။ ဒါကြောင့်လည်း မိဘတိုင်းက မိမိတို့သားသမီးတွေ ပညာတတ်မြောက်နိုင်ရေး၊ အဆင့်မြင့် ပညာရပ်များ သင်ယူနိုင်ရေးအတွက် တတ်နိုင်သမျှ ကြိုးပမ်းကြပါတယ်။ တောမှာ နေသူလည်းနေသူအလျောက်၊ မြို့ပြမှာနေသူလည်း နေသူအလျောက် မိမိတို့တတ်စွမ်းသမျှ သားသမီးပညာရေးအတွက် ဖြည့်ဆည်းဆောင်ရွက်ပေးကြပါတယ်။ မှန်ပါတယ်။ ရွှေ၊ ငွေ၊ ဥစ္စာ၊ ရတနာ စတဲ့ အမွေတွေဟာ ထိန်းတတ်ရင် ထိန်းနိုင်သလောက်၊ လုပ်တတ်ကိုင်တတ်ရင် လုပ်တတ် ကိုင်တတ်သလောက် သားသမီးတွေရဲ့ ဘဝကို အထောက်အကူပြုမှာဖြစ်ပေမယ့် ဒါတွေကို ထိန်းသိမ်းဖို့၊ တိုးပွားအောင်လုပ်ဖို့ဆိုတာမှာလည်း အသိပညာဟာ လိုအပ်နေမှာ ဖြစ်ပါတယ်။ “ပညာ ရွှေအိုး လူမခိုး”လို့ ဆိုရိုးစကားတောင် ရှိတယ်မဟုတ်ပါလား။ သားသမီးတွေကို ပညာသင်ကြားဖို့ ပြောဆိုဆုံးမတဲ့အခါ ပညာမတတ်တဲ့အတွက် မိဘအမွေကိုသုံးဖြုန်းပြီး နောက်ဆုံး ခွက်လက်ဆွဲ တောင်းစားသွားရတဲ့ ကုဋေရှစ်ဆယ် သူဌေးသား ပုံပြင်နဲ့ ဆုံးမခဲ့ကြပါတယ်။ စာရေးသူတို့ ငယ်ငယ် ကတည်းက ဒီပုံပြင်နဲ့ ကြီးပြင်းခဲ့ကြရသူတွေပါ။ ဒါကြောင့် မိဘတိုင်းဟာ မိမိတို့ သားသမီးတွေကို ပညာအမွေပေးနိုင်အောင် ကြိုးစားနေကြတာလည်း ဖြစ်ပါတယ်။

နိုင်ငံတော်ကလည်း ကျောင်းနေရွယ်ကလေးအားလုံး ကျောင်းနေ စေရမယ်ဆိုပြီး စနစ်တကျ ဆောင်ရွက်ပေးနေပါတယ်။ ဘယ်အစိုးရ တက်တက် ကလေးငယ်တွေရဲ့ ပညာရေးကိုတော့ လျစ်လျူရှုမရပါဘူး။ အနာဂတ်မျိုးဆက်သစ် ကလေးသူငယ်တွေကို ပြုစုပျိုးထောင်ပေးရမှာ ဖြစ်ပါတယ်။ လိမ္မာယဉ်ကျေးသူတွေဖြစ်ဖို့၊ မှန်ကန်သောအတွေးအခေါ် တွေရဖို့ ကလေးသူငယ် တွေကို ပြုစုရာမှာ စာသင်ကျောင်းတွေဟာ အခရာကျပါတယ်။ တိုးတက်တဲ့နိုင်ငံတိုင်းဟာ နိုင်ငံကို ပညာရေးနဲ့ တည်ဆောက်ကြတာဖြစ်ပါတယ်။ လူငယ်တွေဆိုတာ ရည်မှန်းချက် ရှိတယ်။ မျှော်လင့် ချက်ရှိတယ်။ အလားအလာတွေရှိတဲ့သူများလည်း ဖြစ်ကြပါတယ်။ လူငယ်တွေဆိုတာ အနာဂတ်မှာ လူကြီးဖြစ်လာမယ့်သူတွေပါ။ ထူးချွန်ထက်မြက်တဲ့ လူငယ်တွေဟာ အနာဂတ်နိုင်ငံအတွက် မျှော်လင့်အားထားရတဲ့ ခေါင်းဆောင်ကောင်းတွေ ဖြစ်လာမှာပါ။

စိတ်မကောင်းစရာ ကျောင်းတွေပြန်ဖွင့်တော့မယ်ဆိုတော့ လတ်တလော ဖြစ်ပေါ်နေတဲ့ အရေး အခင်း CDM မှာ ဆရာ ဆရာမတွေ ပါဝင်နေမှု၊ ဆူပူအကြမ်းဖက်မှုမှာ ပါဝင်နေသူတွေရဲ့ ခြိမ်းခြောက်မှုများက စိတ်မချမ်း မြေ့စရာအဖြစ် ကြားသိနေရပါတယ်။ အထူးသဖြင့် CDM လှုပ်ရှားမှုမှာ မပါဝင်တဲ့ ဆရာ ဆရာမတွေကို ခြိမ်းခြောက်နေမှုတွေဖြစ်ပါတယ်။

ကျောင်းတက်ရဲရင်တက်ကြည့် သတ်ပစ်မယ်ဆိုတဲ့အထိတောင် ကြားနေရပါတယ်။ စာရေးသူရဲ့ သမီးငယ်နဲ့ ရင်းနှီးသူ သူငယ်ချင်း ကျောင်းဆရာမတစ်ဦးဟာ မွန်ပြည်နယ် မော်လမြိုင်မြို့က ဖြစ်ပါ တယ်။ သူဟာ ရာထူးတိုးနဲ့ စစ်ကိုင်းတိုင်းအတွင်းက ကျေးရွာတစ်ရွာ

မှာ တာဝန်ကျနေသူဖြစ်ပါတယ်။ ဆရာ ဆရာမတွေကို မေလ ၃ ရက် နေ့မှာ နောက်ဆုံးထားပြီး သတင်းပို့ကြရမယ်ဆိုတော့ သူမသွားနိုင် ပါဘူး။ ကျောင်းတွေပိတ်ထားချိန်ကာလဖြစ်တာကြောင့် မွေးရပ် မိဘတွေဆီ လာနေထိုင်တာဖြစ်ပေမယ့် တကယ်သွားရောက် သတင်း  ပို့ရမယ်ဆိုတဲ့ အချိန်မှာ အဲဒီလိုသတင်းတွေကြားပြီး မသွားရဲတော့တာဖြစ်ပါတယ်။ သူက အလုပ်ကထုတ်ရင် လည်း ထုတ်ပါစေတော့။ လောလောဆယ်တော့ မသွားရဲဘူးဆိုပြီးပြောပါတယ်။ ဒီဆရာမလေး

ကြောက်မယ်ဆိုလည်း ကြောက်စရာပါ။ ကြားသိနေရတဲ့ သတင်းများ အရ ပညာရေးမှူးရုံးတွေကို လက်လုပ်ဗုံးတွေနဲ့ အပစ်ခံနေရတာ၊ ဒီမတိုင်မီက ဆရာ ဆရာမတွေ သင်တန်းပို့ချရာမှာ ခြိမ်းခြောက် အကျပ်ကိုင်မှုတွေရှိခဲ့တာ ကြားနေရတော့ ကိုယ့်ဒေသမဟုတ်တဲ့ တခြားတစ်နေရာကို သွားပြီး နေရမှာ ကြောက်မယ်ဆိုလည်း ကြောက်စရာဖြစ်ပါတယ်။ ဒီဆရာမလေးအနေနဲ့ စဉ်းစားကြည့်ရင် သူဟာ CDM လှုပ်ရှားမှုကို စိတ်ဝင်စားခဲ့သူ မဟုတ်ပါဘူး။ ဒီကျောင်း ဆရာမအလုပ်ကို ရဖို့အတွက် သင်ကြားခဲ့ရတဲ့ ပညာတွေ၊ တက်ရောက်ခဲ့ရတဲ့ သင်တန်းတွေ၊ သူ ပေးဆပ်ခဲ့ရတဲ့ အချိန်နဲ့ ပင်ပန်းမှုတွေဟာ နှမြောစရာဖြစ်ပါတယ်။ ပြီးတော့ မိဘကိုယ်တိုင်ကလည်း ကြွယ်တောင့်ကြွယ်ဝမဟုတ်တော့ ဒီအလုပ်ကို စွန့်ခဲ့ရမှာ နှမြောမှာ အမှန်ပါပဲ။ ဒီထက်ဆိုးတာက ကျောင်းဖွင့်ရဲရင် ဖွင့်ကြည့်၊ ကျောင်းတက်ရဲရင် တက်ကြည့်။ ကျောင်းကို ဗုံးခွဲမယ်ဆိုတဲ့ လှန့်လုံး ခြောက်လုံးတွေနဲ့ ကျောင်းသားမိဘတွေ သူတို့ရဲ့ သားသမီးတွေကို ကျောင်းမသွားရဲအောင် လုပ်ဆောင်နေကြတာပါပဲ။

နစ်နာဆုံးရှုံး တကယ်တော့ ပညာသင်ကြားရေးမှာ တစ်နှစ်နောက်ကျရင် ပညာသင်ကြားသူ လူငယ်အတွက် တစ်နှစ်နောက်ကျ၊ တစ်နှစ် အသက်ကြီးသွားတာပါပဲ။ ဒီလို အသက်ကြီးသွားရင် အလုပ်ခွင် ဝင်ရာမှာလည်း ဆုံးရှုံးနစ်နာမှုတွေ ရှိပါတယ်။ စာရေးသူဟာ ကျေးလက်တောရွာက ဖြစ်ပြီး ငယ်စဉ်က ကျေးလက်ကျောင်းမှာ နေခဲ့ရပါတယ်။ ဒီအချိန်က စာရေးသူတို့ဒေသမှာ အစိုးရ ကျောင်းတွေမရှိလို့ ရွာကစုပြီး ဖွင့်ထားတဲ့ ကျောင်းမှာပဲ နေခဲ့ရပါတယ်။ စာရေးသူရဲ့ အစ်ကိုဟာ စာရေးသူနဲ့အတူ အဲဒီကျောင်းမှာ တက်ရောက်သင်ကြား ခဲ့ရပြီး စာရေးသူနဲ့အတူပဲလေးတန်းကို အောင်မြင်ခဲ့ပါတယ်။ အစ်ကိုဟာ စာရေးသူထက် ပညာသင်တာမှာ စာပေမယ့် အစိုးရကျောင်း မရှိတဲ့အတွက် မူလတန်းအဆင့်ကနေ အလယ်တန်းပညာ ဆက်လက်သင်ကြားနိုင်တာ ဖြစ်ပါတယ်။ အစိုးရကျောင်းဖွင့်ခွင့်ရတဲ့နှစ်မှ လေးတန်းကို အတူတူဖြေဆိုပြီး အလယ်တန်းပညာကို အတူတူသင် ခဲ့ရပါတယ်။ အစ်ကိုဟာ စာရေးသူထက် အသက် သုံးနှစ်ကြီးတာမို့ သုံးနှစ်တာကာလကို ဖြုန်းတီးခံခဲ့ ရတာဖြစ်ပါတယ်။ အခုလည်း ကျောင်းတစ်နှစ်ပိတ်လိုက်လို့ မူလတန်းအရွယ် လူငယ် တွေအတွက် တစ်နှစ်နစ်နာခဲ့ရပါပြီ။ ဒီထက် သူတို့လေးတွေ ကျောင်းမတက်ရလို့ အချိန်တွေ အလဟဿ ဖြစ်ကုန်ရပါတော့တယ်။

၁၉၅၇ ခုနှစ်လောက်က ဖြစ်ပါတယ်။ အောက်တိုဘာ ကျောင်း တစ်လပိတ်ရေး ဆန္ဒပြတောင်းဆိုမှု တွေကြောင့် အဲဒီတုန်းက ကျောင်း တွေကို အကန့်အသတ်မရှိ ပိတ်ခဲ့ပါတယ်။ အစိုးရကျောင်းတွေ ပိတ်ပေမယ့် မှတ်ပုံတင်ထားတဲ့ အလွတ်ပညာသင်ကျောင်းတွေတော့ မပိတ်ခဲ့ပါဘူး။ ကျောင်း ပိတ်ရက် ရှည်လာတဲ့အတွက် စာရေးသူဟာ မိဘတွေရဲ့ စီစဉ်ပေးမှုအရ အလွတ်ပညာသင်ကျောင်း မှာ ဆက်လက် သင်ကြားခွင့်ရခဲ့ပါတယ်။ ကျောင်းပိတ်ရက်ရှည်တဲ့အတွက် စာရေးသူရဲ့ သူငယ်ချင်း တွေဟာ စာရေးသူထက် အတန်းတစ်နှစ်နောက်ကျ ကျန်ခဲ့ကြပါတယ်။

၂၀၀၅ ခုနှစ်လောက်ကဖြစ်မယ်ထင်ပါတယ်။ တက္ကသိုလ်ကျောင်းသားတွေ ဆန္ဒပြကြလို့ တက္ကသိုလ် စာမေးပွဲ စစ်မေးဆဲကာလမှာပဲ ကျောင်းတွေ ယာယီပိတ်ခဲ့ရပါတယ်။ အဲဒီမှာ စာရေးသူရဲ့ တူမငယ် နှစ်ယောက်အနက်တစ်ယောက်က နေ့ကျောင်းတက်၊ တစ်ယောက်က အဝေးသင်တက္ကသိုလ် တက်နေဆဲကာလပါ။ နောက်ဆုံးနှစ်တွေဖြစ်လို့ ဘဝအတွက် အရေးအကြီးဆုံးကာလလည်း ဖြစ်ပါတယ်။ အဝေးသင် တက္ကသိုလ်ကျောင်းသူကတော့ စာမေးပွဲပြီးအောင် ဖြေခွင့်ရခဲ့ပေမယ့် နေ့ကျောင်းသူကတော့ နောက်ဆုံးဘာသာရပ်ဖြေမယ့်နေ့မှာ ကျောင်းပိတ်လိုက်တာကြောင့် စာမေးပွဲမဖြေခဲ့ရရှာပါဘူး။ ဘွဲ့ရတော့ အဝေးသင်ကျောင်းသူက အရင်ရခဲ့ပါတယ်။ ဌာနတစ်ခုမှာ အလုပ် ခေါ်တော့ အဝေးသင်တက္ကသိုလ်ကျောင်းသူက ဘွဲ့ရပြီးမို့ဖြေဆိုခွင့်ရ အလုပ်လည်း ရသွားခဲ့ ပေမယ့် နေ့ကျောင်းသူခမျာ ဘွဲ့မရသေးတာနဲ့ ကျန်ခဲ့ရပါတယ်။ ကျောင်းတွေပိတ်လိုက်ရ တာကြောင့် လူငယ်တွေရဲ့ ဘဝတက်လမ်းတွေ ဆုံးရှုံးထိခိုက်ခဲ့ရတာပါ။ အခုလည်း စာရေး သူမှာ တက္ကသိုလ်ကျောင်းသူ မြေးနှစ်ယောက် ရှိပါတယ်။ စာမေးပွဲ စစ်မေးချိန် ကာလမှာပဲ ကိုဗစ်-၁၉ ကြောင့် ကျောင်းပိတ်လိုက်တော့ စာမေးပွဲတန်းလန်းနဲ့ ဟိုမရောက် ဒီမရောက် ဖြစ်နေပါတော့ တယ်။ ကျောင်းတွေပိတ်ထားတဲ့အတွက် မိဘတွေမှာလည်း ထိခိုက်၊ ကျောင်းသား ကျောင်းသူ တွေမှာလည်း နစ်နာမှုတွေရှိခဲ့တာ အမှန်ပါပဲ။

အခုကတော့ တည်ဆဲအစိုးရကိုဆန့်ကျင်ချင်တာနဲ့ ကျောင်းသား လူငယ်တွေကို ကျောင်းမတက်ရေး လှုံ့ဆော်နေကြတဲ့အပြင် ဆရာ ဆရာမတွေကိုလည်း ကျောင်းမတက်ရေး ခြိမ်းခြောက်နေကြတာ ကိုတွေ့နေရပါတယ်။ ဒီလိုလုပ်နေကြတာဟာ လူငယ်တွေရဲ့ အနာဂတ်ကို ဖျက်ဆီးနေတာပဲ ဖြစ်ပါတယ်။ နိုင်ငံရဲ့ အနာဂတ်ကို ဖျက်ဆီးရာလည်း ကျပါတယ်။ ကျောင်းသားလူငယ်တွေဟာ အင်္ဂလိပ် တွေအုပ်ချုပ်ခဲ့တဲ့ ကိုလိုနီခေတ်မှာတောင် ပညာကို ရအောင်သင်ယူခဲ့ ကြသူတွေ ဖြစ်ပါတယ်။ ကိုလိုနီပညာရေးစနစ်အောက်မှာ ပညာကို သင်ယူပြီး ကိုလိုနီစနစ်ကို တော်လှန် ခဲ့ကြတာတွေ၊ ကိုလိုနီ ပညာရေးကို သင်ကြားခဲ့ပြီး နိုင်ငံခေါင်းဆောင်ဖြစ်လာသူတွေ၊ စီးပွားရေး၊ လူမှုရေးနယ်ပယ်မှာ အောင်မြင်သူတွေပါပဲ။ ကျောင်းသား လူငယ်တွေအတွက် စာသင်နှစ် တစ်နှစ် နောက်ကျရင် တစ်နှစ်အတွက် အကျိုးယုတ်စေတာ အမှန်ပါပဲ။ ထို့အတူ နိုင်ငံအတွက်လည်း နစ်နာ တာပါပဲ။ ထူးချွန်ထက်မြက်တဲ့အတတ်ပညာရှင် အသိပညာရှင်တွေ မွေးထုတ်ရာမှာလည်း တစ်နှစ် နောက်ကျခဲ့ရတာပဲ ဖြစ်ပါတယ်။

ကိုယ်ချင်းစာနာကြပါ ငယ်ရွယ်နုနယ်တဲ့ ကျောင်းသားလူငယ်တွေရဲ့ အနာဂတ်ဘဝ အတွက်၊ နိုင်ငံတော်ရဲ့ အနာဂတ်အတွက် ပညာရေးကို မဖျက်ဆီးပစ်ကြဖို့ လိုပါတယ်။ ဒီလို ဖျက်ဆီးဖို့ ကြိုးစားသူများကိုလည်း ဝိုင်းဝန်း တားဆီးဖို့ လိုမှာဖြစ်ပါတယ်။ “မကောင်းမြစ်ထာ၊ ကောင်းရာ ညွှန်လတ်၊ အတတ်လည်းသင်၊ ပဲ့ပြင်ဆုံးမ၊ သိပ္ပမချန်၊ ဘေးရန်ဆီးကာ" ဆိုတဲ့ ဆရာ ဆရာမများရဲ့ ကျင့်ဝတ်နဲ့အညီ ဆရာ ဆရာမများကလည်း မိမိတို့ရဲ့ တပည့်သားသမီးတွေရဲ့ နောင်ရေးကိုကြည့်ပြီး ပညာရေးမှာ အားဖြည့်ပါဝင်ကြဖို့လည်း လိုအပ်မှာဖြစ်ပါတယ်။

ကိုဗစ်-၁၉ ကြောင့် ကျောင်းသားလူငယ်လေးတွေဟာ ကျောင်း စာသင်ခန်းနဲ့ ဝေးနေခဲ့ရတာ ၂၀၂၀ မတ်လကတည်းက ဖြစ်ပါတယ်။ အဖြူ အစိမ်း ကျောင်းဝတ်စုံလေးတွေနဲ့ ကြည်နူးတက်ကြွစွာ စာသင်နေကြတဲ့ ကလေးတွေရဲ့ စာအံသံ၊ စာဖတ်သံတွေ ဆိတ်သုဉ်းခဲ့ရတာ တစ်နှစ်ကျော်ခဲ့ပါပြီ။ တစ်နှစ်ကျော် ကျောင်းပိတ်ထားခဲ့ရလို့ကျောင်းသား ကျောင်းသူတွေရဲ့ ပညာရေး တစ်နှစ် နောက်ကျခဲ့ရပါပြီ။ ဘွဲ့ရ။ အလုပ်ခွင်ဝင်ရမယ့် လူငယ်တွေအတွက်လည်း တစ်နှစ် နောက်ကျ ခဲ့ရပါပြီ။ ကျောင်းတွေ ပြန်မဖွင့်နိုင်ရင်၊ ကျောင်းသားလူငယ်တွေ ကျောင်းမတက်ကြရင် ကျောင်းသားလူငယ်လေးတွေရဲ့ အနာဂတ်ဟာ မသေချာမရေရာမှုတွေနဲ့ ရင်ဆိုင်ကြရမှာ ဖြစ်ပါတယ်။ သည်လိုဖြစ်သွားမယ့် ကျောင်းသူ ကျောင်းသားတွေရဲ့ ဘဝကို ကိုယ်ချင်းစာပေး ကြစေလိုပါတယ်။ သားသမီးတွေအပေါ် မျှော်လင့်ချက်တွေ ထားရှိကြတဲ့ မိဘများရဲ့ဘဝကိုလည်း ကိုယ်ချင်းစာ နားလည်ပေးကြစေလိုပါတယ်။

မပျက်မကွက် ကျောင်းအပ်နှံ ပန်းကလေးတွေ ပွင့်အာနိုင်ဖို့အဖူးအငုံလေးတွေ ဖြစ်နေကြပါပြီ။ ပွင့်အာနိုင်ဖို့ ရေလောင်းပေါင်းသင်ပေးဖို့လည်း လိုပါတယ်။ ကလေးငယ်တွေရဲ့ အနာဂတ်လှပဖို့ ကျောင်းတွေဖွင့်လှစ်နိုင်ရေး၊ ကျောင်းသား လူငယ်တွေအားလုံး ကျောင်းတက်ရောက်နိုင်ရေး ဝိုင်းဝန်းပူးပေါင်း

ဆောင်ရွက်ဖို့ လိုအပ်မှာဖြစ်ပါတယ်။ ကျောင်းမတက်နဲ့ ကျောင်းထွက် ဆိုတဲ့စကားဟာ ကျောင်းသားကျောင်းသူတွေအတွက် အကျိုးယုတ်စေတဲ့ လှုံ့ဆော်ချက်တွေသာ ဖြစ်ပါတယ်။ ကျောင်းသားမိဘတွေရော၊ ကျောင်းသား ကျောင်းသူတွေပါ ဒီစကားတွေကို နားမယောင်ဖို့ လိုအပ်ပါတယ်။ စာသင်ခန်းတွေထဲမှာ ကျောင်းသား ကျောင်းသူ လေးတွေရဲ့ လန်းဆန်းတက်ကြွတဲ့ အပြုံးမျက်နှာလေးတွေကို မြင်တွေ့နိုင်ဖို့ ကျောင်းအပ်နှံရေးကာလမှာ ကျောင်းသားမိဘတွေအနေနဲ့ သားသမီးများရဲ့ ဘဝနောင်ရေးအတွက် မပျက်မကွက် ကျောင်းအပ်နှံ သွားကြဖို့ပါပဲ။ ဒါမှလည်း သားသမီးတွေကို ချစ်ရာရောက်မှာပါ။ ။

စွန်ရဲ