လူမှုကွန်ရက်ပေါ်မှ သတင်းမှား ဝါဒဖြန့်မှုနှင့် အကျိုးဆက်
သတင်းမှား၏ အန္တရာယ်
လူမှုကွန်ရက်တွေမှာ အန္တရာယ်များလာတဲ့ ပြဿနာတစ်ရပ်ကတော့ သတင်းတုများနဲ့ သတင်းအမှားတွေ ပိုမိုကျယ်ပြန့်လာခြင်း ဖြစ်ပါ တယ်။ သတင်းတုတွေ၊ မမှန်သတင်းတွေနဲ့ အမှားအမှန်ရောထားတဲ့ သတင်းကိစ္စက မြန်မာနိုင်ငံမှာပဲ ဖြစ်နေတာတော့ မဟုတ်ပါဘူး။ ကမ္ဘာနဲ့အဝန်းမှာ ဖြစ်နေတာပါ။ ဒါပေမယ့် အမြစ်စွဲနေဆဲ နိုင်ငံရေး ပဋိပက္ခကြောင့် စိတ်ဝမ်းကွဲမှုတွေ၊ တစ်ဖက်စွန်း အယူအဆကွဲပြား နေဆဲ မြန်မာနိုင်ငံအတွက်တော့ သတင်းတု၊ သတင်းမှားများရဲ့ အန္တရာယ်က အခြားနိုင်ငံများထက် ပိုပြီး ကြီးမားနေပါတယ်။
မြန်မာနိုင်ငံမှာ နိုင်ငံ ပြန်လည်တည်ဆောက်ရေး၊ အမျိုးသား ရင်ကြားစေ့ရေး၊ ငြိမ်းချမ်းရေးတွေအပြင် ရေရှည်တည်ဆောက်ကြ ရမယ့် စီးပွားရေး၊ ပညာရေး၊ ကျန်းမာရေးစတဲ့ အခြေခံလိုအပ်ချက်တွေ လုပ်ဆောင်နေစဉ်မှာ လူမှုကွန်ရက်ပေါ်က သတင်းတု၊ သတင်းမှား တွေဟာ အတားအဆီး အဟန့်အတားတွေပဲ ဖြစ်ပါတယ်။
သတင်းမှားများနဲ့ ဝါဒဖြန့်ချိသည့်ပုံစံ လူမှုကွန်ရက်ပေါ် တွေ့မြင်နေရတဲ့ သတင်းတွေမှာ လုပ်ကြံ ရေးသားထားတဲ့ သတင်းအတုတွေ၊ သတင်းအစစ်ကို လိုရာကိုပဲ ဖော်ပြထားတဲ့ သတင်းတွေ၊ မိမိယူဆချက်သက်သက် သတင်းတွေ၊ အမှန်နဲ့အမှား ရောယောင်ဖော်ပြထားတဲ့သတင်းတွေ စတဲ့ ပုံစံမျိုးစုံနဲ့ တွေ့မြင်နေရပါတယ်။ ဒီလိုလုပ်ဆောင်ခြင်းဟာ လူထုဆီကို အမြန်ဆုံးနဲ့ အကျယ်ပြန့်ဆုံးရောက်နိုင်တဲ့လူမှုကွန်ရက်ကို အသုံးပြုပြီး သတင်းတု၊ သတင်းမှားတွေနဲ့ ဝါဒဖြန့်ချိနည်းတစ်မျိုးပဲ ဖြစ်ပါတယ်။
ဝါဒဖြန့်ချိနည်းဆိုတာကတော့ ကိုယ့်အတွက် ဒါမှမဟုတ် ကိုယ့် အဖွဲ့အစည်းအတွက် တိုက်ရိုက်ဖြစ်ဖြစ်၊ သွယ်ဝိုက်ပြီးဖြစ်ဖြစ် အကျိုးရှိ စေဖို့ သတင်းတွေ၊ ကိုယ့်အယူအဆတွေ၊ သဘောတရားတွေ၊ လှုံ့ဆော် တိုက်တွန်းမှုတွေကို ကိုယ်ရည်ရွယ်ထားတဲ့ လူထုအတွင်းဆီ ထပ်ကာ ထပ်ကာ ပျံ့နှံ့ရောက်ရှိစေခြင်းပဲဖြစ်ပါတယ်။ ဦးတည်ချက်ကတော့ ကိုယ်ရည်ရွယ်ထားတဲ့ လူထုအတွင်းမှာ ယခင်မူလရှိပြီးဖြစ်တဲ့ အယူ အဆ၊ နားလည်လက်ခံထားမှု၊ ယုံကြည်ချက်၊ အတွေးအခေါ်၊ အမူအကျင့် စတာတွေကို ပြောင်းလဲလာစေပြီး ကိုယ့်အယူအဆ၊ သဘော ထားနဲ့ ကိုယ့်လှုံ့ဆော်မှုတွေအတိုင်း ပြောင်းလဲလိုက်ပါ ဆောင်ရွက် လာဖို့ စနစ်တကျ စီမံဆောင်ရွက်ကြခြင်းပဲဖြစ်ပါတယ်။
ဒီလို ဝါဒဖြန့်ချိဖို့ လုပ်ဆောင်နေတဲ့သူတွေ၊ အဖွဲ့အစည်းတွေက သတင်းနဲ့ အချက်အလက်တွေကို အသုံးချကြပါတယ်။ သတင်းအမှန် တွေကို ဖြန့်ချိကြသလို လုပ်ကြံဖန်တီးထားတဲ့သတင်းတွေ၊ အတုနဲ့ အစစ် ရောထားတဲ့ သတင်းတွေ၊ စိတ်ကိုလှုံ့ဆော်တဲ့ သတင်းတွေကို လူထုအတွင်း ကျယ်ကျယ်ပြန့်ပြန်ရောက်ရှိအောင် လုပ်ဆောင်ကြပါ တယ်။ ဒီနေ့ခေတ်မှာတော့ အလွယ်ကူဆုံး၊ အမြန်ဆုံးနဲ့ အထိရောက်ဆုံး နည်းလမ်းကတော့ အင်တာနက်နဲ့ လူမှုကွန်ရက်ကို အသုံးပြုဖြန့်ချိခြင်း ဖြစ်ပါတယ်။ အဲဒီလို ဝါဒဖြန့်ချိတဲ့ပုံစံတွေကို မြန်မာနိုင်ငံမှာ အချိန်နဲ့ အမျှ မြင်တွေ့နေရပါတယ်။ ဒါ့အပြင် သွေးထိုးလှုံ့ဆော်မှုတွေ၊ ခြိမ်းခြောက် မှုတွေ၊ သတင်းအမှားတွေ၊ မျှော်လင့်ချက်တွေ၊ စည်းရုံးမှုတွေ၊ သွေးခွဲ မှုတွေစတဲ့ ဆိုက်ဝါးနည်းလမ်းမျိုးစုံသုံးနေတာကို တွေ့မြင်နေရပါ တယ်။
ဆိုက်ဝါးများ၏ အန္တရာယ် အထက်ပါ ဆိုက်ဝါးတွေရဲ့ အန္တရာယ်ဟာ နိုင်ငံတစ်နိုင်ငံရဲ့ နိုင်ငံ ရေး၊ စီးပွားရေးလို ကဏ္ဍတွေသာ မကပါဘူး။ လူမှုအသိုက်အဝန်းရဲ့ ဘာသာရေး၊ ယဉ်ကျေးမှု၊ ကျင့်ဝတ်တွေအထိ အကျိုးသက်ရောက်လာနေတာကို ကိုယ့်အနီးအနားပတ်ဝန်းကျင်မှာပဲ တွေ့မြင်နေရပါတယ်။ နည်းပညာမြင့်မားတဲ့နိုင်ငံတွေ၊ နိုင်ငံရေးစနစ်တည်ငြိမ်တဲ့ နိုင်ငံတွေ မှာတောင် လူမှုကွန်ရက်ပေါ်ကသတင်းတွေ၊ သွေးထိုးလှုံ့ဆော်မှုတွေရဲ့ ဂယက်ကို ခံစားနေကြရတာပါ။
လူမှုကွန်ရက်တွေကို ကောင်းတဲ့ ရည်ရွယ်ချက်အတွက် တည် ဆောက်ခဲ့တယ်ဆိုပေမယ့် အသုံးပြုတဲ့သူတွေရဲ့ ရည်ရွယ်ချက်နဲ့ လုပ်ဆောင်ချက်တွေကြောင့် ဘေးထွက်ဆိုးကျိုးတွေရဲ့ ဒဏ်ကို အထူးသဖြင့် နိုင်ငံငယ်တွေ၊ ပဋိပက္ခတွေတည်ရှိဆဲ လူမှုအသိုက်အဝန်းတွေက ပိုလို့ ခံစားနေကြရပါတယ်။ မြန်မာနိုင်ငံမှာ ၂၀၁၁ ခုနှစ် နောက်ပိုင်း ဆက်သွယ်ရေးစနစ်တွေ အရှိန်အဟုန်နဲ့ တိုးတက်ကောင်း မွန်လာတာနဲ့အတူ လူမှုကွန်ရက်တွေကိုလည်း ကျယ်ကျယ်ပြန့်ပြန့် အသုံးပြုခွင့်ရခဲ့ပါတယ်။
နည်းပညာပြောင်းလဲနေတဲ့ခေတ်နဲ့အညီ တိုးတက်ပြောင်းလဲလာတာကို ကြိုဆိုရမှာပါ။ အဲဒီတိုးတက်ပြောင်းလဲမှုရဲ့ ကောင်းတဲ့အကျိုးဆက်က စီးပွားရေး၊ ကျန်းမာရေး၊ ပညာရေးအစ လူမှုဆက်ဆံရေးအဆုံး ကမ္ဘာနဲ့ ကျယ်ကျယ်ပြန့်ပြန့် ထိတွေ့ဆက်ဆံခွင့်၊ ရင်ပေါင်တန်းခွင့် ရရှိလာခြင်းပဲ ဖြစ်ပါတယ်။ နိုင်ငံအုပ်ချုပ်ရေးစနစ်ကအစ အွန်လိုင်းစီးပွားရေးတွေ၊ အွန်လိုင်းဘဏ်စနစ်တွေ၊ အွန်လိုင်းပညာရေး၊ အွန်လိုင်းကျန်းမာရေးတွေ၊ လူမှုဆက်ဆံရေးတွေ၊ မီဒီယာကဏ္ဍတွေ၊ ပွင့်လင်းမြင်သာမှု စတဲ့ ကဏ္ဍတိုင်းလိုလိုမှာ တိုးတက်မှုတွေ မြင်တွေ့လာရ၊ အကျိုးခံစားလာခဲ့ရပါတယ်။ ဒါဟာ မြန်မာ့အသွင်ကူးပြောင်းရေးရဲ့ ထင်ရှားတဲ့ အကျိုးရလဒ်တစ်ခု ဖြစ်ပါတယ်။
ဒါပေမယ့် လူမှုကွန်ရက်ကိုနိုင်ငံရေးရည်ရွယ်ချက်အတွက် အသုံးချလာချိန်မှာတော့ ကောင်းကျိုးနဲ့အတူ ဆိုးကျိုးတွေပါ ပူးတွဲ ပါလာပါတော့တယ်။ ၂၀၁၅ အထွေထွေရွေးကောက်ပွဲကျင်းပစဉ်က များစွာ မသိသာသေးပေမယ့် ၂၀၂၀ အထွေထွေရွေးကောက်ပွဲမှာတော့ လူမှုကွန်ရက်ကို နိုင်ငံရေးအတွက် ရည်ရွယ်ချက်ရှိရှိ အသုံးပြုလာတာ တွေ့ရပါတယ်။
လူမှုကွန်ရက်အသုံးပြုပြီး ရွေးကောက်ခံကိုယ်စားလှယ်တွေနဲ့ လူထု အချိန်မရွေး ဆက်သွယ်နိုင်တယ်ဆိုပေမယ့် နိုင်ငံရေးရည်ရွယ်ချက် အတွက် အတိုက်အခံနိုင်ငံရေးသမားတွေ၊ ပါတီတွေရဲ့ လူမှုကွန်ရက် တွေကို ကန့်သတ်တာတွေ၊ ပိတ်ပင်တာတွေ၊ တိုက်ခိုက်တာတွေ ပြုလုပ်လာကြသလို မိမိတို့တစ်ဦးချင်းအတွက်၊ မိမိပါတီ အဖွဲ့အစည်းအတွက်၊ လှုံ့ဆော်စည်းရုံးတာတွေကို အုပ်စုဖွဲ့ လုပ်ဆောင်လာကြပါတယ်။
အမေရိကန်လိုနိုင်ငံအပါအဝင် အခြားနိုင်ငံတွေမှာလည်း အလားတူ လုပ်ဆောင်မှုတွေရှိပေမယ့် မြန်မာနိုင်ငံရဲ့ အခြေအနေဟာ အခြားသော နိုင်ငံတွေနဲ့ မတူညီတဲ့ အကြောင်းတရားတွေ များစွာရှိနေပါတယ်။ ဥပမာအားဖြင့် မြန်မာနိုင်ငံမှာ တိုင်းရင်းသားပေါင်းစုံ ရှိနေတာတွေ၊ မတူညီတဲ့ ယဉ်ကျေးမှုတွေ၊ ဘာသာစကားတွေရှိသလို နိုင်ငံရေးအရ လည်း ခိုင်မာမှုမရှိသေးပါဘူး။ ဒါ့အပြင် နိုင်ငံရေးအယူအဆ၊ လိုလား ချက်၊ မျှော်မှန်းချက်စတဲ့ နိုင်ငံရေးဆိုင်ရာတွေမှာလည်း ကွာဟမှုတွေ ရှိနေဆဲဖြစ်ပါတယ်။ နိုင်ငံရဲ့ နှစ်ကာလကြာရှည်နေတဲ့ လက်နက်ကိုင် ပဋိပက္ခတွေ၊ အမျိုးသားရင်ကြားစေ့ရေးနဲ့ ငြိမ်းချမ်းရေး ကိစ္စတွေက လည်း ကြိုးပမ်းတည်ဆောက်နေရဆဲ အခြေအနေမှာ လူမှုကွန်ရက် ပေါ်က အပျက်သဘော ဆိုက်ဝါးတွေဟာ လူထုကို ပိုမိုသွေးကွဲစေခဲ့ပါတယ်။
ဘယ်လိုအသုံးပြုကြမလဲ
ဒီလိုအချိန်မှာ လူမှုကွန်ရက်ကို ဘယ်လိုရည်ရွယ်ချက်နဲ့ ဘယ်လို အသုံးချမလဲဆိုတာက အရေးကြီးလာပါတယ်။ လူမှုကွန်ရက်အသုံးပြု သူရဲ့ ရည်ရွယ်ချက်၊ အသုံးချပုံနဲ့ ခံယူချက်တွေအလိုက် အကျိုးဆက် တွေက များစွာပြောင်းလဲသွားနိုင်ပါတယ်။ ။
မြန်မာနိုင်ငံမှာဆိုရင် လူမှုကွန်ရက်ကို ကျယ်ကျယ်ပြန့်ပြန့် အသုံး ပြုတဲ့ကာလသက်တမ်းအားဖြင့် ဆယ်စုနှစ်တစ်ခုစာပဲရှိပါသေးတယ်။ ဒါပေမယ့် လူမှုကွန်ရက်ရဲ့ အကျိုးဆက်တွေကနက်နဲပြင်းထန်နေပါပြီ။ အကဲဆတ်လွန်းတဲ့ မြန်မာ့နိုင်ငံရေး အပြောင်းအလဲမှာလူမှုကွန်ရက်ကို အသုံးပြုပြီး ဝါဒဖြန့်တာတွေ၊ သွေးခွဲလှုံ့ဆော်တာတွေ၊ ခြိမ်းခြောက်တာတွေ၊ သတင်းအမှား ထုတ်လွှင့်တာတွေကို မသိမသာတစ်မျိုး၊ သိသိ သာသာတစ်မျိုးနဲ့ လုပ်ဆောင်နေကြပါတယ်။ လူမှုကွန်ရက်ပေါ်မှာ အုပ်စုတွေကွဲကြ၊ ပါတီတွေကွဲကြ၊ ဝါဒတွေကွဲကြတာတွေအပြင် မိသားစုအချင်းချင်းအကြား၊ သူငယ်ချင်းမိတ်ဆွေတွေအကြား အချင်းချင်း သွေးကွဲလာကြတာဟာ နိုင်ငံတည်ဆောက် ရေးအတွက် ကောင်းတဲ့အလားအလာမဟုတ်ပါဘူး။ အပြင်မှာလူကိုယ်တိုင်တွေ့ရင် မပြောရဲ၊ မဆိုရဲ၊ မလုပ်ရဲတဲ့ အပြောအဆိုတွေ၊ အပြုအမူတွေကို အွန်လိုင်းပေါ်မှာတော့ လုပ်တတ်ကြပါ တယ်။
လူထုမငြိမ်မသက်ဖြစ်အောင်၊ သွေးဆူလာအောင်၊ အကြမ်းဖက် မှုတွေ လုပ်ဆောင်လာအောင် သွေးထိုးမြှောက်ပင့်မှုတွေကို လူမှု ကွန်ရက်မှာ မမြင်ချင်အဆုံးပါ။ တစ်ဦးချင်း လုပ်ဆောင်နေတာတွေ၊ အုပ်စုဖွဲ့လုပ်ဆောင်နေတာတွေ၊ သတင်းမီဒီယာအမည်ခံပြီး ရည်ရွယ် ချက်ရှိရှိ လုပ်ဆောင်နေတာတွေကြောင့် ပြည်သူလူထုအတွင်းမှာ အချင်းချင်းသွေးကွဲမှုတွေ၊ ရန်လိုမှုတွေ၊ မယုံကြည်မှုတွေ၊ လက်စား ချေမှုတွေ တစ်စထက်တစ်စ တိုးလာတာဟာ နိုင်ငံ့အနာဂတ်ရေး အတွက် ရင်လေးစရာ အန္တရာယ်ပါ။
ဒီလိုဆိုလို့ အမြင်မတူတာ၊ အယူအဆကွဲပြားနိုင်တာ၊ သဘောထား ကွဲလွဲတာတွေကို မျက်ကွယ်ပြုလိုတာ မဟုတ်ပါဘူး။ လွတ်လပ်စွာ သဘောကွဲလွဲခွင့်မှာ အမြင်မတူတာနဲ့ ရန်ပြုလိုတာ၊ အယူအဆမတူတာနဲ့ အစွန်းရောက်တာတွေဟာ ကွဲပြားပါတယ်။ လွတ်လပ်စွာ သဘောကွဲလွဲခွင့်ရှိပေမယ့် လွတ်လပ်စွာ ရန်ပြုခွင့်ကိုတော့ ဘယ် ဒီမိုကရေစီကမှ ခွင့်ပြုမှာမဟုတ်ပါဘူး။
ဒီတော့ အင်တာနက်နဲ့ လူမှုကွန်ရက်တွေကို ဘယ်လိုပုံစံနဲ့ အသုံးပြုမလဲဆိုတာ ချင့်ချိန်စဉ်းစားကြဖို့လိုပါတယ်။ အဏုမြူစွမ်းအင်ကို ငြိမ်းချမ်းရေးအတွက်၊ လူသားအကျိုးပြုအတွက်အသုံးပြုမယ်ဆိုရင် အဏုမြူဟာ ကောင်းကျိုးပေးပါလိမ့်မယ်။ ဒီလိုမဟုတ်ဘဲ အဏုမြူကို လူတွေကို သတ်ဖြတ်ဖို့၊ စစ်တိုက်ဖို့အတွက် သုံးမယ်ဆိုရင် ဆိုးကျိုး ပေးပါလိမ့်မယ်။ လူမှုကွန်ရက်ကို အသုံးပြုရာမှာလည်း ဒီလိုပါပဲ။
လက်ရှိအခြေအနေမှာတော့ လူမှုကွန်ရက်ကိုအသုံးပြုပြီး သတင်းတု သတင်းယောင်တွေနဲ့ ဝါဒဖြန့်ချိပြီး ပြည်သူလူထုကို သွေးကွဲစေနေ တာတော့ အမှန်ပါပဲ။ ဝါဒဖြန့်ချိတယ်ဆိုရာမှာ အောင်မြင်တဲ့ ဝါဒ ဖြန့်ချိတာဖြစ်ဖို့နဲ့ အပြုသဘော ဝါဒဖြန့်ချိတာဖြစ်ဖို့ အမှန်တရားကို အခြေခံဖို့ လိုပါတယ်။ မှန်ကန်တဲ့အချက်အလက်တွေ၊ သတင်းတွေကို ရွေးထုတ် ဝါဒဖြန့်မှသာ ရေရှည်မှာ အောင်မြင်ပါလိမ့်မယ်။ ဒီလိုမဟုတ်ဘဲ မမှန်ကန်တဲ့ သတင်းတွေ၊ မမှန်ကန်တဲ့ အချက်အလက်တွေ ဒါမှ မဟုတ် အမှန်နဲ့အမှားရောထားတဲ့ သတင်းတွေကို အသုံးပြုပြီး လိမ်ညာဝါဒဖြန့်မယ်ဆိုရင် ယုံကြည်မှုကျဆင်းပြီး ရေရှည်မှာ ကျဆုံး နိုင်သလို ဘေးထွက်ဆိုးကျိုးလည်း များပါလိမ့်မယ်။
ချင့်ချိန်လက်ခံရန်လို
ဝါဒဖြန့်ချိရာမှာ ပစ်မှတ်ဖြစ်တဲ့လက်ခံသူရဲ့ ချင့်ချိန်လက်ခံနိုင်စွမ်းကလည်း များစွာအရေးကြီးပါတယ်။ ဝါဒဖြန့်နေတဲ့ အချက်အလက်တွေ၊ သတင်းတွေက မှန်သလား၊ မှားသလား၊ သတင်းရင်းမြစ်ရဲ့ ယုံကြည်ရမှု အဆင့်အတန်း၊ ပွင့်လင်းမြင်သာမှုတွေကို လက်ခံသူက ဆန်းစစ်အကဲဖြတ်နိုင်ဖို့လိုပါတယ်။ မှန်ကန်တဲ့သတင်းတွေဆိုရင်အကျိုး ရှိနိုင်ပေမယ့် မမှန်ကန်တဲ့သတင်းတွေကို ယုံကြည်မိ၊ လက်ခံမိမယ် ဆိုရင် ကိုယ့်ရဲ့ အတွေးတွေ၊ ဆုံးဖြတ်ချက်တွေလည်း မှားနိုင်ပါတယ်။
တစ်ဦးချင်းဖြစ်စေ၊ အဖွဲ့အစည်း လုပ်ငန်းတွေမှာဖြစ်စေ ဆုံးဖြတ် ချက်ချတဲ့ လုပ်ငန်းစဉ်ရဲ့ အခြေခံအဆင့်ဖြစ်တဲ့ သတင်းအချက်အလက် စုဆောင်းရာမှာ မှန်ကန်တဲ့သတင်းအချက်အလက်ရဖို့က ဦးစွာအရေးကြီးပါတယ်။ သတင်းအချက်အလက်မှားရင် သုံးသပ်ချက် မှားမယ်၊ သုံးသပ်ချက်မှားရင် ဆုံးဖြတ်ချက်လည်း မှားသွားပါလိမ့်မယ်။
အထက်မှာဆိုခဲ့သလို သတင်းမှားတွေနဲ့ လှုံ့ဆော်မှုတွေကြောင့် လူထုအတွင်း အချင်းချင်း စိတ်ဝမ်းကွဲနေကြတာကို မြင်တွေ့ရတာတွေ ဟာ စိတ်မချမ်းမြေ့ဖွယ်ရာပါ။ မှန်ကန်တဲ့သတင်းနဲ့ အချက်အလက်တွေ၊ အများအကျိုးပြုစာတွေကြောင့် လူမှုကွန်ရက်ဟာ ကောင်းကျိုးတွေ ပေးနိုင်ပေမယ့်မမှန်ကန်တဲ့ဝါဒဖြန့်တာတွေကြောင့်လည်း မိမိကိုယ်တိုင် အတွက်ရော၊ ပတ်ဝန်းကျင်အတွက်ရော ဆိုးကျိုးတွေပေးနိုင်တာကို သတိချပ် လက်ခံသင့်ပါကြောင်း တိုက်တွန်းလိုပါတယ်။ ။
မျိုးငြိမ်းငယ်