ကျွန်မချစ်တဲ့ ရုပ်ရှင်အနုပညာသည်
ရန်ကုန်မြို့ထဲ သွားမိလေတိုင်း မြင်တွေ့နေရတဲ့ ရုပ်ရှင်ရုံကြီးတွေက ကျွန်မစိတ်ကို ညစ်နွမ်းစေလှပါတယ်။ ငယ်စဉ်ဘဝကတည်းက အဲဒီရုပ်ရှင်ရုံကြီးတွေမှာ ကျွန်မချစ်ခင်နှစ်သက်ခဲ့ရတဲ့ ရုပ်ရှင်အနုပညာသည်တွေနဲ့ ရုပ်ရှင်ဇာတ်ကားကြီးတွေကို စွဲစွဲလမ်းလမ်းကြည့်ရှုခဲ့ရတယ်။ အခုအချိန်မှာတော့ အကြောင်းအမျိုးမျိုးကြောင့် ရုပ်ရှင်ဇာတ်ကားတွေမကြည့်ရ၊ရုပ်ရှင်အနုပညာသည်တွေကို မတွေ့မမြင်ရနဲ့ ရုပ်ရှင်ရုံကြီးတွေ ပိတ်ထားခဲ့ကြတာ အချိန်အားဖြင့် တစ်နှစ်ပင်ကျော်ခဲ့ပါပြီ။ ယခင်အချိန်တွေကို ပြန်တွေးသတိရ လွမ်းရမယ်ဆိုရင်တော့ လွမ်းလောက်တာပေါ့။
ကျွန်မချစ်ရတဲ့ ရုပ်ရှင်အနုပညာသည်
ကျွန်မတို့ ဖြတ်သန်းခဲ့ရတဲ့ ခေတ်တွေက မြန်မာ့ရုပ်ရှင်ရွှေရတု၊ စိန်ရတုခေတ်။ ရုပ်ရှင်ရုံတွေ မှာ တန်းစီတိုးဝှေ့ပြီး ကြည့်ခဲ့ရသလို ကွင်းပြင်ကြီး တွေထဲ ပိတ်ကားကြီးတွေထောင်ပြီး တခုပ်တရ ကြည့်ရှုကြရတဲ့ခေတ်။ ပြတဲ့သူတွေက ဖလင်ကား ထုပ်ကြီးတွေနဲ့ ပြသရသလို ကြည့်ရတဲ့သူတွေက လည်း “တုန်ခြင်း၊ မှုန်ခြင်း၊ သည်းခံပါ” ဆိုတဲ့ ပိတ်ကားကြီးတွေပေါ်က စာတန်းကြီးကိုဖတ်ပြီး နားလည်ခွင့်လွှတ်ကြည့်ရှုရတဲ့ခေတ်။
ပြန်တွေးကြည့်တိုင်း မျက်စိထဲ မြင်ယောင်နေ တာက-
ချေးအထပ်ထပ်၊ မိုးစက်အကွက်ကွက်ဖြစ်နေတဲ့ ရုပ်ရှင်ရုံပိတ်ကားကြီးတွေ၊
ယိုင်နဲ့နဲ့၊ ပျော့တွဲတွဲဖြစ်နေတဲ့ ထိုင်ခုံတွေ၊ အရုပ်၊ အသံ၊ မပီပြင်တဲ့ကြားက အနုပညာရှင် တွေရဲ့ ကြိုးစားအားထုတ်မှုတွေဟာ ကျွန်မတို့ ခေတ်ရဲ့ ကြေးမုံပြင်တွေပဲ ဖြစ်ပါတယ်။
အဲဒီခေတ်ကာလတွေကို ရုပ်ရှင်အနုပညာရှင် တွေ ဘယ်လိုကြိုးစား အားထုတ်ခဲ့ရတယ်ဆိုတာ ကို ပြန်ကြည့်ရင် ရုပ်ရှင်စက်ပစ္စည်းကင်မရာမှာ ဖလင်ကိုစက်ပေါ်တင်ပြီးလက်နဲ့လှည့်ရတဲ့အတွက် အညီအညွတ် မရှိနိုင်တော့ဘဲ ပြတဲ့အခါ တုန်ခြင်း၊ မှုန်ခြင်းတို့ ကြုံခဲ့ရတာ ဖြစ်ပါတယ်။
အဲဒီနောက်မှာတော့ ရုပ်ရှင်ဖလင်၊ အဖြူ အမည်း၊ အသံတိတ်ခေတ်မှ တေးသံစုံခေတ်ကို ရောက်ရှိပြီး အသံထွက်ခေတ်အဖြစ် အဆင့်ဆင့် ကြိုးစားခဲ့ရတယ်လို့ ရုပ်ရှင်အနုပညာရှင်ကြီးတွေ ပြောခဲ့၊ ရေးခဲ့တဲ့ မှတ်တမ်းတွေမှာ ဖတ်ရပါတယ်။
မြန်မာ့ရုပ်ရှင်ခေတ်အဆက်ဆက် တိုးတက် ပြောင်းလဲဖို့ရာ ကုမ္ပဏီတွေ၊ ဒါရိုက်တာတွေ၊ ဇာတ်ညွှန်းရေးဆရာတွေ၊ စက်မှုပညာရှင်တွေ၊ သရုပ်ဆောင်တွေအားလုံးက အားထုတ်ကြိုးပမ်း ခဲ့ကြတာ ဖြစ်ပါတယ်။
ဘယ်လိုပဲဖြစ်ဖြစ် ကျွန်မတို့ခေတ်ရဲ့ ရုပ်ရှင် ဇာတ်ကားတွေ၊ ရုပ်ရှင်အနုပညာသည်တွေကို ပြန်တွေးမိတိုင်း လွမ်းဆွေးတသဖြစ်မိပါတယ်။ ကျွန်မစိတ်ထဲ စွဲလမ်းနှစ်သက်ခဲ့ရတဲ့ ရုပ်ရှင် အနုပညာသည် များစွာထဲမှာ မင်းသားကြီး ကျော်ဆွေ၊ ဝင်းဦး၊ ညွန့်ဝင်း၊ တွံတေးသိန်းတန်၊ ကောလိပ်ဂျင်နေဝင်းနဲ့ မင်းသမီးကြီး ခင်ယုမေ၊ ဝါဝါဝင်းရွှေ၊ ခင်သန်းနု၊ မြင့်မြင့်ခိုင်၊ ဒေစီကျော်ဝင်း၊ စန္ဒာ၊ နွဲ့နွဲ့မူ၊ တင်တင်နွဲ့၊ မြင့်မြင့်ခင်တို့ကိုတော့ ဒီနေ့ထက်တိုင် ချစ်ခင်နှစ်သက် သတိရနေဆဲ ဖြစ်ပါတယ်။
တကယ်တော့ ရုပ်ရှင်ကြည့်တဲ့သူတိုင်းဟာ ငိုခြင်း၊ ရယ်ခြင်း၊ တုန်လှုပ်ခြင်း၊ အံ့ဩခြင်း၊ ရွှင်လန်း ခြင်း၊ ကျေနပ်ခြင်း၊ ပီတိဖြစ်ရခြင်း၊ ရွံမုန်းရခြင်း ဆိုတဲ့ ရသစုံကို ခံစားကြရပါတယ်။
များသောအားဖြင့် ရုပ်ရှင်ကြည့်တဲ့သူတိုင်းဟာ ကိုယ်ကြိုက်နှစ်သက်တဲ့ ရုပ်ရှင်မင်းသား၊ မင်းသမီး အနုပညာသည်အပေါ်လိုက်ပြီး ကြည့်တတ်ကြပါတယ်။ ရုပ်ရှင်ကြည့်တဲ့သူတွေရဲ့ နှစ်သက်စွဲလန်း ခြင်းဟာ သရုပ်ဆောင်သူရဲ့ သရုပ်ဆောင်မှုအပေါ် မှာ အများကြီးမူတည်ပါတယ်။
ကျွန်မ ချစ်ခင်နှစ်သက်ရတဲ့ အနုပညာသည်တွေ အကြောင်း ပြောရမယ်ဆိုရင်မင်းသားကြီး ကျော်ဆွေ ဟာ မျိုးချစ်စိတ်ပြည့်ဝတဲ့ သရုပ်ဆောင်မင်းသားကြီး တစ်ဦးဖြစ်ပြီး လွတ်လပ်ရေးအတွက် နယ်ချဲ့ အင်္ဂလိပ် တွေကို တော်လှန်တိုက်ခိုက်တဲ့ ဘီဒီအေတပ်ရင်းမှာ ဝင်ရောက်အမှုထမ်းခဲ့သူ တစ်ဦးဖြစ်ပါတယ်။ မင်းသားကြီး ကျော်ဆွေရဲ့ ရုပ်ရှင်ဘဝ၊ ရုပ်ရှင်ပညာ၊ ရုပ်ရှင်အရည်အသွေးကို ပြည်သူတစ်ရပ်လုံးက လက်ခံခဲ့ကြပြီး လေးစားခင်တွယ် မြတ်နိုးခဲ့ကြပါ တယ်။
မင်းသားကြီးဝင်းဦးအကြောင်းကတော့ လူတိုင်း နီးပါးသိပြီးဖြစ်လို့ အထူးပြောစရာလိုမယ် မထင်ပါ ဘူး။ ရုပ်ရှင်နယ်ပယ်တစ်ခုတည်းသာမက စာပေ၊ ဂီတနယ်ပယ်အထိပါ ပြောင်မြောက်တဲ့ ပါရမီရှင် တစ်ဦးလို့ ပြောရပါမယ်။ တပ်မတော်အရာရှိဘဝမှ ရုပ်ရှင်နယ်ပယ်ထဲကို ကူးပြောင်းလာသူတစ်ဦးဖြစ်ပြီး မြန်မာ့အနုပညာလောကရဲ့ အသရေကို ပိုမိုထိန်ဝေ တောက်ပြောင်စေဖို့ ကြိုးပမ်းအားထုတ်ခဲ့သူတစ်ဦးပဲ ဖြစ်ပါတယ်။
မင်းသားကြီး ညွန့်ဝင်းကတော့ တက်သစ်စ အနုပညာသည်တိုင်းအားကျလောက်အောင်တစ်ဟုန်
ထိုး နာမည်ကျော်ကြားလာခဲ့တဲ့ အနုပညာဗီဇကြီးမား သူတစ်ဦး ဖြစ်ပါတယ်။ အနုပညာအသိုက်အဝန်းအတွင်း ပေါက်ဖွားလာခဲ့ပေမယ့် နိုင်ငံရပ်ခြား တိုင်းတစ်ပါးမှာသွားရောက်ပညာဆည်းပူးခဲ့သူ တစ်ဦးလည်း ဖြစ်ပါတယ်။ အနုပညာသည်ဘဝကို အရိုးသား ဆုံးကြိုးစားအားထုတ်ခဲ့တဲ့ အနုပညာရှင်ကြီးတစ်ဦးအဖြစ် ကျွန်မတို့ ပြည်သူတွေ လေးစားတန်ဖိုးထား ခဲ့ရပါတယ်။
မင်းသားကြီးတွံတေးသိန်းတန်အကြောင်း ပြော မယ်ဆိုရင်တော့ ရုပ်ရှင်နယ်ပယ်သာမက ဂီတ နယ်ပယ်မှာပါ လွန်စွာထူးချွန်တဲ့ ပါရမီရှင်တစ်ဦးပဲ ဖြစ်ပါတယ်။ အမှန်အတိုင်းပြောရရင် ယနေ့တိုင် ကျေးလက်ရော မြို့ပြမှာပါ စွဲစွဲလမ်းလမ်း နှစ်နှစ် သက်သက်ဖြစ်ရသည့်အကြောင်းမှာ ရုပ်ရှင်မင်းသား ဖြစ်ခြင်းထက် အဆိုတော်ဂီတဖန်တီးရှင်တစ်ဦးဖြစ် ခြင်းကြောင့် ဖြစ်ပါတယ်။
မင်းသားကြီး ကောလိပ်ဂျင်နေဝင်းကတော့ နာမည်ကျော်တိုင်းပြည်ကိုယ်စားပြု ဘောလုံးသမား တစ်ယောက်မှ ရုပ်ရှင်မင်းသားဘဝကို ကူးပြောင်းခဲ့ တဲ့ အနုပညာရှင်ကြီးဖြစ်ပါတယ်။ သူဟာ တပ်မတော် ရေတပ်မှာ တိုင်းပြည်တာဝန်ထမ်းဆောင်ခဲ့သူ တစ်ဦးဖြစ်ပြီး ရုပ်ရှင်လောကမှာ သဘာဝမင်းသား အဖြစ်သာမက စွယ်စုံရမင်းသားကြီးတစ်ယောက် အဖြစ် ပြည်သူများမြတ်နိုးမှုကို ခံယူခဲ့ရသူတစ်ဦး ဖြစ်ပါတယ်။
ကျွန်မချစ်ခင်မြတ်နိုးရတဲ့ မင်းသမီးကြီး ခင်ယုမေ ဟာ ပုလဲမျက်ရည်” ဇာတ်ကားနဲ့ ပရိသတ်ရင်ထဲ ရောက်ရှိခဲ့ပြီး ရုပ်ရှင်ကိုသာမက ပန်းချီနဲ့ ဖက်ရှင်ကိုပါ ဝါသနာပါသူ အနုပညာသည်ကြီးတစ်ဦး ဖြစ်ပါတယ်။
မင်းသမီးကြီးဝါဝါဝင်းရွှေကတော့အထူးပြောစရာ မလိုဘဲရုပ်ရှင်နယ်ပယ်မှာ ဂုဏ်သတင်း ထိန်ဝင်းတဲ့ မင်းသမီးကြီးအဖြစ် လူတိုင်းက သိထားကြပါတယ်။
အဲဒီလိုပဲ မင်းသမီးကြီး ခင်သန်းနု၊ မြင့်မြင့်ခိုင်၊ ဒေစီကျော်ဝင်း၊ စန္ဒာ၊ နွဲ့နွဲ့မူ၊ တင်တင်နွဲ့ တို့နဲ့ မြင့်မြင့်ခင်တို့ဟာ ကျွန်မတို့ခေတ်၊ ကျွန်မတို့ဘဝ မှာ လေးစားမြတ်နိုးရတဲ့ အနုပညာသည်တွေပဲ ဖြစ်ပါတယ်။
သူတို့ရဲ့ စိတ်ဓာတ်၊ သူတို့ရဲ့ ကြိုးစားအားထုတ်မှု နဲ့သူတို့ရဲ့ အနုပညာစိတ်ထားတွေဟာ အင်မတန် ရိုးသားပြီး အရည်အသွေးတောက်ပြောင်ခဲ့ပါတယ်။
အဲဒီလိုဆောင်ရွက်ခဲ့ကြလို့လည်း ယနေ့ထိတိုင် ကျွန်မတို့နား၊ မျက်စိထဲမှာ သူတို့ရဲ့ ပုံရိပ်၊ သူတို့ရဲ့
အသံ၊ သူတို့ရဲ့ အနုပညာတွေဟာ စွဲထင်ကျန်ရှိနေခဲ့ပါတယ်။ ကျွန်မကတော့ သူတို့ဟာ မြန်မာ့ ရုပ်ရှင်ရဲ့ ဂုဏ်ဒြပ်၊ ဂုဏ်ပုဒ်ကို အနုပညာစိတ် သက်သက်နဲ့ အားသွန်ခွန်စိုက် မြှင့်တင်ခဲ့ကြသူ တွေလို့ မှတ်ထင်ထားမိပါတယ်။
အနုပညာဆိုတာ ရိုးသားရမယ်
အနုပညာဆိုတာ ခက်ဖြာစီးဆင်းနေတဲ့ မြစ်မကြီး တစ်ခုပမာလိုပါပဲ။ စာပေ၊ ရုပ်ရှင်၊ သဘင်၊ ဂီတစတဲ့ စတဲ့ မြစ်လက်တက်တွေနဲ့ တန်ဆာဆင်ရပါတယ်-
-လောကကို ကောင်းကျိုးပြုရပါတယ်။
- လောကအကျိုး သယ်ပိုးကြရပါတယ်။
- လူ့အဖွဲ့အစည်းအားလုံးရဲ့ လူနေမှုဘဝတွေကို ထင်ဟပ်ပြရပါမယ်။
- မိမိလူမျိုးရဲ့ ယဉ်ကျေးမှုစရိုက် လက္ခဏာတွေ မပျောက်ပျက်အောင် ထိန်းသိမ်းကြ ရပါမယ်။
အနုပညာအလုပ်ဆိုတာ ကျယ်ပြန့်တဲ့သဘော ရှိတဲ့အတွက် ပုံစံတကျ ဘောင်ခတ်သတ်မှတ်ဖို့ မဖြစ်နိုင်တဲ့အတွက် အနုပညာရေစီးကြောင်း မှာ ပါဝင်စီးမျောကြသူတိုင်းရဲ့ အသိဉာဏ်ပညာ၊ ဆင်ခြင်တုံ တရားတွေနဲ့သာ ထိန်းကျောင်းပဲ့ပြင် ဆောင်ရွက်ကြရမှာ ဖြစ်ပါတယ်။
တစ်နည်းအားဖြင့် အနုပညာဟာ ကျွန်မတို့ နေ့စဉ် ကျင်လည်နေရတဲ့ဘဝရေစီးကြောင်းပေါ် လိုက်ပြီး ဖျော်ဖြေမှုအပိုင်း၊ အနုပညာခံစားမှုအပိုင်း၊ အသိပညာပေးမှုအပိုင်း၊ ဘဝရပ်တည်မှုအပိုင်းစတဲ့ ရှုထောင့်တိုင်းမှာ အစွမ်းထက်တဲ့ လက်နက် တစ်ရပ်လို့လည်း နားလည်ထားပါတယ်။
ကောင်းတဲ့စေတနာသက်ရောက်တဲ့အနုပညာ တာဝန်ထမ်းဆောင်မှုအပိုင်းရှိသလို အန္တရာယ် အဆိပ်အတောက်သက်ရောက်စေတဲ့ အနုပညာ အမည်ခံဆိုးရွားတဲ့လုပ်ရပ်တွေလည်း ရှိနေတာကို ကျွန်မတို့အားလုံး သတိပြုကြရမှာဖြစ်ပါတယ်။
ဒါနဲ့ပတ်သက်ပြီး ကျွန်မတို့ လေးစားချစ်ခင် ရတဲ့ ဘဘစည်သူဗိုလ်ကလေးတင့်အောင်က “အနု ပညာသည် စေတနာကို ဦးထိပ်ထား၍ မေတ္တာ ကိုပွားများရသော အလုပ်ဖြစ်သည်။ အကြောင်းတစ်ခုရေးမည်ဟု တွေးဆဲကာလကတည်းက ထိုအကြောင်းကို အသေးစိတ်ထပ်တလဲလဲ တွေး၍ စိတ်ပါလက်ပါ အားရဝမ်းသာရေးရသည်။ ပြည်သူအပေါင်းတို့ နှစ်ထောင်းအားရဝမ်းသာစွာ ခံယူနိုင်ကြပါစေ ဟူသော ခံယူချက်ဖြင့် တင်ဆက်ရသည်။ ငွေကြေး အသပြာသည် အဓိကမဟုတ်။ အနုပညာတင်ဆက် ခွင့်သည်သာ အဓိကဖြစ်သည်ဟု ခံယူခဲ့လေရာ ကိုယ့်ဘဝကို ကိုယ်ကျေနပ်အားရလှသည်။” ဟု စာအုပ်တစ်အုပ်တွင် အမှာစာရေးပေးခဲ့ဖူးပါတယ်။
ကျွန်မကတော့ အောင်မြင်စစ်မှန်တဲ့ အနုပညာသည် တစ်ယောက်ဟာ စေတနာမှန်၊ ခံယူချက်မှန်
တဲ့ လုပ်ရပ်များရှိဖို့လိုသလို ဝါသနာနဲ့ ဗီဇစွမ်းရည် - လည်း လိုအပ်တယ်လို့ ထင်ပါတယ်။
ကျွန်မတို့ခေတ်တွေ့မြင်ခံစားခဲ့ရတဲ့ အနုပညာသည်များရဲ့ အောင်မြင်မှုတွေကို လေ့လာကြည့်ရင် ရည်ရွယ်ချက်မှန်၊ စေတနာမှန်ခဲ့ကြရုံသာမက ရိုးသားမှု၊ ရင့်ကျက်မှု၊ ဗီဇဝါသနာထုံမှုတွေကြောင့် ဖြစ်တယ်လို့ ဆိုချင်ပါတယ်။ အနုပညာသည်ဆိုတာ ဘယ်လိုနိုင်ငံရေးအရောင်အသွေး ဘယ်လို ပယောဂမှ ကပ်ငြိမှုမရှိဘဲ ရိုးရိုးသားသားတင်ဆက် ရမယ်လို့ ဆိုလိုတာဖြစ်ပါတယ်။
ပုံရိပ်လှလှ မြန်မာ့ရုပ်ရှင်
ပိတ်ထားတဲ့ ရုပ်ရှင်ရုံကြီးတွေ မြင်တွေ့ပြီး ဖြစ်ပေါ်လာတဲ့ စိတ်အာရုံတွေက လွန်ခဲ့တဲ့နှစ်ပေါင်း များစွာက မြန်မာ့ရုပ်ရှင်လောကရဲ့ ရှုမျှော်ခင်းတွေ ဆီ ရောက်ခဲ့ပါတယ်။
ပစ္စုပ္ပန်တည့်တည့်ကို စိတ်အာရုံတွေ ပြန်ခေါ် ကြည့်မိပြန်တော့ ဝမ်းနည်းစိတ်မကောင်းမှု များစွာ ခံစားရမိပြန်ပါတယ်။
ကျွန်မချစ်ခင်မြတ်နိုးရတဲ့ ရုပ်ရှင်သရုပ်ဆောင်တွေ၊ ရုပ်ရှင်ဒါရိုက်တာကြီးတွေက ရန်ကုန် မြို့လယ်ခေါင်ကြီး ထွက်ပြီး နိုင်ငံတော်အစိုးရ ကို ဆန့်ကျင်ဆန္ဒပြကြတာတွေ၊ ဆန္ဒမပြတဲ့ အနုပညာရှင်တွေကို Social Bullying ဆိုတဲ့ အနိုင်ကျင့်ခြိမ်းခြောက်ပြီး ပြည်သူနဲ့ ရန်တိုက် ပေးတာတွေ၊ နိုင်ငံ့ဝန်ထမ်းတွေကို ရုံးမတက်ကြဖို့ လှုံ့ဆော်ကြတာတွေ၊ နိုင်ငံတော်အုပ်ချုပ်ရေး ယန္တရားပျက်ပြားအောင် နည်းမျိုးစုံနဲ့ ဆောင်ရွက် ကြတာတွေကို တွေ့မြင်ကြားသိရတော့ ကျွန်မ စိတ်ထဲ ပြောစရာ စကားမဲ့ခဲ့ရပါတယ်။
ခေတ်အဆက်ဆက် ကျွန်မချစ်ခင်လေးစား မြတ်နိုးခဲ့ရတဲ့ ရုပ်ရှင်အနုပညာသည်ကြီးတွေ ရဲ့ စိတ်နေစိတ်ထား၊ ခံယူချက်ယုံကြည်ချက်ဟာ အနုပညာ ဖန်တီးမှုတွေအပေါ်သာ တိမ်းညွတ်ခဲ့ကြ
ပေမယ့် ယနေ့ ကျွန်မမြင်တွေ့နေရတဲ့ အနုပညာ သည်တွေကတော့ ပါတီတစ်ခု၊ အဖွဲ့အစည်းတစ်ခု၊ ပုဂ္ဂိုလ်တစ်ဦးအပေါ်တွင်သာ တိမ်းညွတ်သက်ဝင် နေကြပြီး ကွန်မြူနစ်သဘောတရားသက်ဝင်နေတဲ့ဆောင်ပုဒ်တွေ၊ ကြွေးကြော်သံတွေနဲ့ ဝန်ထမ်းတွေ ပြည်သူတွေကို လမ်းပေါ်ဆွဲတင်ခဲ့ကြပါတယ်။ တည်ငြိမ်အေးချမ်းရေးကို ပျက်ပြားအောင် ဆောင်ရွက်ခဲ့ကြပါတယ်။
အဲဒီလို ထင်တိုင်းကြဲကြတာကို ဘယ်အဖွဲ့အစည်းက ထိန်းသိမ်းကြပ်မတ်ပေးကြလိမ့်မလဲလို့ မျှော်ကြည့်မိပြန်တော့ ထိန်းသိမ်းကြပ်မတ်ရမယ့် အဖွဲ့အစည်းကြီးရဲ့ အကြီးအမှူးအချို့က ပါတီတစ်ခု၊ အဖွဲ့အစည်းတစ်ခုရဲ့အကျိုးကို ဦးစားပေးပြီး နိုင်ငံရေးအရောင်အသွေးတွေနဲ့ လူလုံးထွက်ပြနေတဲ့ အတွက်အထိန်းအကွပ်မဲ့တဲ့အခြေအနေကို ရောက်ခဲ့ရပါတယ်။ နောင်တစ်ချိန်မှာ ဘယ်သူတွေဘယ်လို ပြောစမှတ်ပြုကြမယ် မသိပေမယ့် အနုပညာနဲ့ နိုင်ငံရေးကို ရောစပ်ယှက်နွယ် ဆောင်ရွက်ခဲ့ကြ သူတွေအတွက် မိမိကိုယ်ကိုယ် လိပ်ပြာသန့်စွာ ရပ်တည်နေနိုင်ပါစေလို့ ရင်ထဲက ဆုတောင်းပေးမိပါတယ်။
ဘယ်လိုဖြစ်ဖြစ် ပိတ်ထားတဲ့ရုပ်ရှင်ရုံကြီးတွေ ကို ကြည့်မိတဲ့တစ်ခဏ ကျွန်မစိတ်အာရုံထဲ ခေတ် အဆက်ဆက်က ရုပ်ရှင်ဇာတ်ကားတွေ၊ ရုပ်ရှင် အနုပညာသည်တွေ ပြေးမြင်မိသလို မြန်မာ့ရုပ်ရှင် ရာပြည့်အခမ်းအနားမှာ ထုတ်လွှင့်ပေးခဲ့တဲ့ ဂုဏ်ပြု တေးသီချင်းထဲက တေးသွားအချို့ ကို ပြန်လည် ကြားယောင်မိပါတယ်။ ဒီနေ့အချိန်မှာ မြန်မာ့ရုပ်ရှင်လောက ဖွံ့ဖြိုးတိုးတက်ရေးကို အမှန်တကယ် လိုလားပါက ကျွန်မတို့ ရုပ်ရှင်လောကသားအချင်းချင်း တစ်ဦးကိုတစ်ဦး ဖေးကူထူမရင်း မြန်မာ့ရုပ်ရှင်လောကရဲ့ ပုံရိပ်ကို ပြန်လည် တည့်မတ်တည်ဆောက်ရမည်သာ ဖြစ်ကြောင်း အခိုင်အမာ ယုံကြည်မိပါတယ်-
“ရာပြည့်နှစ်လွန် အကျိုးဆက်ရှာဖွေ မြန်မာ့ရုပ်ရှင် တိုးတက်ပါစေ။”
မိုးမိုးမြင့်