နယ်စပ်ကနေ တင်သွင်းမှုကန့်သတ်လိုက်တဲ့ ကုန်ပစ္စည်း(၄)မျိုးက မရှိမဖြစ် လိုအပ်တဲ့ပစ္စည်းတွေ မဟုတ်တာကြောင့် ကုန်သွယ်မှုလုပ်ငန်းတွေအပေါ် ထိခိုက်မှုမရှိပါဘူး
တွေ့ဆုံမေးမြန်း-စိမ်းခက်၊ လင်းလက်/ ဓာတ်ပုံ-ကိုဇော်
စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာနက အစားအသောက် ဘေးကင်းလုံခြုံမှုရှိစေရေးနှင့် စနစ်တကျ စစ်ဆေးနိုင်ရေး၊ ပြည်တွင်း SMEs လုပ်ငန်းများမှ ထုတ်လုပ်သည့် ကုန်ပစ္စည်းများ ဈေးကွက်ယှဉ်ပြိုင်မှု အကာအကွယ်ပေးနိုင်ရေးတို့အတွက် ရည်ရွယ်ကာ ပထမအဆင့်အနေဖြင့် အချိုရည်မျိုးစုံ၊ ကော်ဖီမစ် မျိုးစုံ/ တီးမစ်မျိုးစုံ၊ Instant Coffee၊ နို့ဆီ/နို့စိမ်း စသည့်စားသောက်ကုန်(၄)မျိုးကို ၂၀၂၁ခုနှစ်၊ မေ ၁ ရက်ကစပြီး နယ်စပ်ဒေသများမှ ယာယီတင်သွင်းခွင့်မပြုဘဲ ပင်လယ်ရေကြောင်းမှသာ တင်သွင်းခွင့်ပြုခြင်းနှင့်စပ်လျဉ်းပြီး စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာနမှ တာဝန်ရှိသူများနှင့်တွေ့ဆုံမေးမြန်းထားသည် များကို တင်ပြလိုက်ရပါသည်။
ဦးမင်းမင်း (အမြဲတမ်းအတွင်းဝန်၊ စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန)
မေး ။ ။ စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာနက မေလ ၁ ရက်နေ့ကစပြီး နယ်စပ်ကနေ ကုန်စည်(၄)မျိုး တင်သွင်းခြင်း ကန့်သတ်ရတဲ့ အကြောင်းရင်းကို သိလိုပါတယ်။
ဖြေ ။ ။ အစားအသောက် ဘေးကင်းလုံခြုံမှုရှိစေရေးနဲ့ စနစ်တကျ စစ်ဆေးနိုင်ရေး၊ ပြည်တွင်း SMEs လုပ်ငန်းတွေက ထုတ်လုပ်တဲ့ ကုန်ပစ္စည်းတွေအပေါ် ဈေးကွက်ယှဉ်ပြိုင်မှု အကာ အကွယ်ပေးနိုင်ရေး တင်ပြချက်တွေအရ ၂၀၂၁ ခုနှစ်၊ မေလ ၁ ရက်ကစပြီး နယ်စပ်ဒေသတွေက ယာယီ တင်သွင်းခွင့်မပြုဘဲ ပင်လယ်ရေကြောင်းကသာ တင်သွင်းခွင့်ပြုပေးသွားမှာ ဖြစ်ပါတယ်။
နယ်စပ်ကုန်သွယ်မှုမှာ တရားဝင်ကုန်သွယ်မှု လမ်းကြောင်းက ဝင်ရောက်လာတဲ့ စားသောက်ကုန် တွေကို အတိုင်းအတာတစ်ခုအထိ စစ်ဆေးဆောင် ရွက်နေသည့်တိုင် နိုင်ငံအတွင်း တရားမဝင် မှောင်ခို လမ်းကြောင်းတွေက ဝင်ရောက်လာတဲ့ စားသောက် ကုန်တွေကို စစ်ဆေးကြပ်မတ်နိုင်ဖို့ အကန့်အသတ်တွေ များစွာရှိနေပြီး တရားမဝင်နယ်စပ်လမ်းကြောင်း တွေကနေ အချိုရည်အပါအဝင် စားသောက်ကုန်တွေ နည်းမျိုးစုံနဲ့ ပြည်တွင်းကို ဝင်ရောက်မှုတွေ ရှိနေပါ တယ်။ နယ်စပ်လမ်းကြောင်းတွေကနေ တင်သွင်း ခွင့်ပြုရင် တရားမဝင်တင်သွင်းမှုနဲ့ ရောနှောနေပြီး တင်သွင်းခြင်းကို စစ်ဆေးရေးဂိတ်တွေမှာ မှန်ကန်မှု ရှိ/မရှိ စစ်ဆေးရာမှာ အခက်အခဲများ ရှိနေတဲ့အတွက်ကြောင့် ပင်လယ်ရေကြောင်းကသာ တင်သွင်းခွင့် ပြုပေးခြင်း ဖြစ်ပါတယ်။
ဒီလို ဆောင်ရွက်ပေးခြင်းအားဖြင့် ပြည်တွင်း စီးပွားရေးလုပ်ငန်းတွေကို အားပေးကူညီပြီး နိုင်ငံတော်ရဲ့ ထုတ်ကုန်များစွာ ထုတ်လုပ်နိုင်တဲ့ အလုပ်အကိုင် အခွင့်အလမ်းတွေ ဆောင်ရွက် ဖော်ဆောင်ရေးကိုလည်း တစ်ဖက်တစ်လမ်းကနေ အထောက်အကူပြုနိုင်မှာ ဖြစ်ပါတယ်။
မေး ။ ။ အခုလို စားသောက်ကုန်စည် (၄)မျိုးတင်သွင်းမှု ပိတ်လိုက်တဲ့အပေါ်မှာ ဖြစ်ပေါ်လာနိုင်တဲ့ အကျိုးဆက်တွေက ဘာတွေ ဖြစ်မလဲ။ ကုန်သည်တွေအတွက် ထိခိုက်နစ်နာမှု ရှိနိုင်ပါသလား။
ဖြေ ။ ။ အဆိုပါ ကုန်စည်တွေကိုတွေကို နယ်စပ်ဒေသ တစ်ခုတည်းကပဲ တင်သွင်းခွင့်ကို ယာယီ ရပ်ဆိုင်းခြင်း ဖြစ်ပါတယ်၊ ပင်လယ်ရေကြောင်းကနေ တင်သွင်းခွင့်ပြုထားတဲ့အတွက် ပို့ကုန်သွင်းကုန် လုပ်ငန်းရှင်များအနေနဲ့ မြန်မာနိုင်ငံကို တင်သွင်းခွင့် ဆက်လက်ရရှိထားမှာ ဖြစ်ပါတယ်။
ဒီလို ပင်လယ်ရေကြောင်းက တင်သွင်းလာခြင်း အားဖြင့် အစားအစာ လုံခြုံစိတ်ချရေးနဲ့ ပတ်သက်တဲ့ ကိစ္စတွေကို သက်ဆိုင်ရာဌာန အဖွဲ့ အစည်းတွေက လုံလောက်စွာ စစ်ဆေးခွင့်ပြုပေးနိုင်တဲ့ အခြေခံ အဆောက်အအုံနဲ့ ကျွမ်းကျင်ပညာရှင်တွေလည်း လုံလောက်တဲ့အတွက် ပြည်သူများအတွက် ကျန်းမာရေးအရလုံခြုံ စိတ်ချမှုကို ပိုမိုရရှိစေမှာ ဖြစ်ပါတယ်။
အခုလို နယ်စပ်တွေကနေ တင်သွင်းခွင့် ယာယီ ရပ်ဆိုင်းထားတဲ့ ကာလတွေမှာ အစားအစာ လုံခြုံ စိတ်ချစေရေးအတွက် သက်ဆိုင်တဲ့ ဌာနဆိုင်ရာ အဖွဲ့အစည်းတွေက အခြေခံအဆောက်အအုံတွေ တိုးချဲ့ခြင်း၊ ကျွမ်းကျင်သူတွေ တိုးချဲ့ ခန့်ထားခြင်း တို့ကို ဆောင်ရွက်ခြင်းအားဖြင့် နောင်နယ်စပ် ကုန်သွယ်မှုမှာ အဆိုပါပစ္စည်းတွေကို လုံခြုံစိတ်ချစွာ တင်သွင်းခွင့်ပြုနိုင်မှာ ဖြစ်ပါတယ်။
တစ်ဖက်မှာလည်း ပြည်တွင်းစားသောက်ကုန် ထုတ်လုပ်တဲ့ လုပ်ငန်းရှင်တွေအနေနဲ့ ပိုမိုကြိုးပမ်း ဆောင်ရွက်နိုင်မယ့် အခွင့်အရေးတွေ ရရှိနိုင်မှာ ဖြစ်ပါတယ်။ ရေတိုမှာ အဆင်မပြေမှု အနည်းငယ် ရှိနိုင်ပေမယ့် ရေရှည်မှာ အများပြည်သူ ကျန်းမာရေးအတွက် ပင်လယ်ရေကြောင်းက ဆက်လက် တင်သွင်းနိုင်ရေး ကြိုးပမ်းဆောင်ရွက်ခြင်းဖြင့် ထိခိုက်နစ်နာမှုတွေကို ကျော်လွှားနိုင်မှာ ဖြစ်ပါတယ်။ ဥပမာအနေနဲ့ပြောရရင် လုပ်ငန်းသုံး မော်တော်ယာဉ်တွေ တင်သွင်းမှုမူဝါဒ ဆောင်ရွက်ခဲ့တဲ့ သာဓကအရ တင်သွင်းသူကလည်း တာဝန်ယူမှု၊ တာဝန်ခံမှု ပိုအားကောင်းလာသလို စားသုံးသူတွေရဲ့ နစ်နာမှုကို လည်း ကာကွယ်ပေးနိုင်ပါတယ်။
ဦးမြင့်သူရ (ညွှန်ကြားရေးမှူးချုပ်၊ ကုန်သွယ်ရေးဦးစီးဌာန)
မေး ။ ။ အခုလို နယ်စပ်ကနေ တင်သွင်းမှုကိုကန့်သတ်တာက ထိုင်းနိုင်ငံတစ်ခုတည်း နဲ့သာ သက်ဆိုင်ပါသလား သိလိုပါတယ်။
ဖြေ ။ ။ စားသောက်ကုန်(၄)မျိုးကို နယ်စပ်ဒေသတွေကနေ ယာယီတင်သွင်းခွင့် ကန့်သတ် တာက ထိုင်းနိုင်ငံ နယ်စပ်တစ်ခုတည်းသာမဟုတ်ဘဲ မြန်မာနိုင်ငံနဲ့ နယ်နိမိတ်ချင်း ထိစပ်လျက်ရှိတဲ့ တရုတ်နိုင်ငံ၊ အိန္ဒိယနိုင်ငံ၊ လာအိုနိုင်ငံ၊ဘ င်္ဂလားဒေ့ရှ်နိုင်ငံတို့နဲ့ နှစ်နိုင်ငံ တရားဝင်ဖွင့်လှစ်ထားတဲ့ နယ်စပ်ကုန်သွယ်ရေး စခန်းအားလုံးကနေ တင်သွင်းတာနဲ့ သက်ဆိုင်ပါတယ်။
မေး ။ ။ အခုလို ကုန်ပစ္စည်း (၄)မျိုးကို နယ်စပ်ကနေ တင်သွင်းမှု ကန့်သတ်လိုက်တဲ့ အတွက် နယ်စပ်ကုန်သွယ်မှုအပေါ် ထိခိုက်မှု ရှိနိုင် ပါသလား။
ဖြေ။ ။ ကုန်ပစ္စည်း(၄)မျိုးကို နယ်စပ်ကနေတင်သွင်းမှု ကန့်သတ်တာက ယာယီ ကန့်သတ်တာဖြစ်ပြီး ပင်လယ်ရေကြောင်းနဲ့ လေကြောင်းတို့ကနေ ပုံမှန်တင်သွင်းခွင့်ပြုထားပါ တယ်။ အခုလို နယ်စပ်ကနေ တင်သွင်းမှု ကန့်သတ်လိုက်တဲ့ ကုန်ပစ္စည်း (၄) မျိုးက မရှိမဖြစ် လိုအပ်တဲ့ပစ္စည်းတွေ မဟုတ်တာကြောင့် ကုန်သွယ်မှုလုပ်ငန်း တွေအပေါ် ထိခိုက်မှုမရှိပါဘူး။ ပြည်တွင်းရင်းနှီး မြှုပ်နှံမှု လုပ်ငန်းတွေကိုလည်း ချီးမြှောက်အားပေးရာ ရောက်ပါတယ်။
မေး ။ ။ အခုလို ကုန်ပစ္စည်း (၄)မျိုးကို နယ်စပ်ကနေတင်သွင်းမှုကန့်သတ်လိုက်ခြင်းဟာ တရားမဝင် ကုန်သွယ်မှုနဲ့ သက်ဆိုင်ပါသလား။
ဖြေ ။ ။ တရားမဝင် ကုန်သွယ်မှုနဲ့လည်း သက်ဆိုင်ပါတယ်။ တရားမဝင် ကုန်သွယ်မှုစာရင်း တွေအရ ထိုင်းနယ်စပ်ကုန်သွယ်ရေး စခန်းတစ်ခုဖြစ် တဲ့ မြ၀တီကုန်သွယ်ရေးစခန်းကနေ ၂၀၂၀ ပြည့်နှစ် ဒီဇင်ဘာလမှာသွင်းကုန်အနေနဲ့ အမေရိကန်ဒေါ်လာ ၈၈ ဒသမ ၁၈၉သန်းရှိပြီး တစ်ဖက်နိုင်ငံ ပို့ကုန်စာရင်း အရ အမေရိကန်ဒေါ်လာ ၁၈၃ ဒသမ ၇၄၂ သန်းဖြစ်တဲ့အတွက် ကွာဟမှု အမေရိကန်ဒေါ်လာ ၉၅ | ဒသမ ၅၅၃ သန်းရှိတာ စိစစ်တွေ့ရှိရပါတယ်။ မြန်မာ နိုင်ငံရဲ့ ပို့ကုန် ထိုင်းနိုင်ငံရဲ့ သွင်းကုန် နှိုင်းယှဉ်ချက်မှာ ကွာဟမှု အနည်းငယ်သာရှိပြီး မြန်မာနိုင်ငံ သွင်းကုန်၊ ထိုင်းနိုင်ငံ ပို့ကုန်အနေနဲ့ ကွာဟမှုမှာ နှစ်စဉ် ၂ ဘီလီယံကျော်ခန့်ရှိတာ တွေ့ရှိရပါတယ်။
မေး ။ ။ ကုန်သွယ်ရေးဦးစီးဌာနအနေနဲ့ ကိုဗစ်-၁၉ကာလမှာ ကုန်သွယ်မှုလုပ်ငန်းတွေ အတွက် ဖြေလျှော့ပေးမှုတွေ ဆောင်ရွက်ပေးခဲ့တာ ရှိပါသလား။
ဖြေ ။ ။ စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာနက ထုတ်ပြန် ကောက်ခံလျက်ရှိတဲ့ သွင်းကုန်လိုင်စင်ကြေး နှုန်းထားတွေအစား သွင်းကုန်လိုင်စင်တစ်စောင်လျှင် ငွေကျပ် ၃၀၀၀၀ နှုန်းနဲ့ ၂၀၂၀ ပြည့်နှစ်၊ ဧပြီလ ၆ ရက်နေ့က စတင်ကာ ဖြေလျှော့ပေးခဲ့ပါတယ်။
၂၀၂၀ ပြည့်နှစ် နိုဝင်ဘာလ ၁ ရက်ကစပြီး Myanmar Trade net 2.0 စနစ် ပြောင်းလဲ ဆောင်ရွက်တဲ့အချိန်ကစပြီး HS Line အားလုံးကို Fully Online Licensing စနစ်နဲ့ ခွင့်ပြုခဲ့ပြီး ဖြစ်ပါတယ်။
ပို့ကုန်၊ သွင်းကုန် လုပ်ငန်းရှင်တွေ လုပ်ငန်း ဆောင်ရွက်ရာမှာ လွယ်ကူချောမွေ့စေရေးအတွက် လိုင်စင်လျှောက်ထားမှုလုပ်ငန်းတွေ ဖြေလျှော့ပေးမှု အနေနဲ့ ပို့ကုန်၊ သွင်းကုန် လိုင်စင် လျှောက်ထားဖို့ လိုတဲ့ ကုန်စည်စာရင်းတွေအနက်က HS Code 2017 Version အရ ကုန်စည်လိုင်းပေါင်း (၁၁၀၀၀)ကျော် ရှိရာ ကုန်စည်လိုင်း ၁၂၂၄ လိုင်းသာ ပို့ကုန်လိုင်စင် လျှောက်ထားဖို့ လိုအပ်ပြီး ကုန်စည်လိုင်း ၃၇၃၁ လိုင်းသာ သွင်းကုန်လိုင်စင် လျှောက်ထားဖို့ လိုအပ် ပါတယ်။ ဒါကြောင့် ပို့ကုန်ပိုင်းမှာဆိုရင် စုစုပေါင်း ကုန်စည်လိုင်းအားလုံးရဲ့ ၁၁ ရာခိုင်နှုန်းခန့်နဲ့ သွင်းကုန်ပိုင်းမှာဆိုရင် စုစုပေါင်း ကုန်စည်လိုင်း အားလုံးရဲ့ ၃၅ ရာခိုင်နှုန်းခန့်သာ လိုင်စင် လျှောက်လိုအပ်တော့မှာ ဖြစ်ပါတယ်။
ဒါ့အပြင် ကိုဗစ်-၁၉ကြောင့် စီးပွားရေးလုပ်ငန်း တွေ ထိခိုက်မှုလျော့နည်း သက်သာစေရေးအတွက် ဆေးဝါးတွေနဲ့ ဆေးဝါးကုန်ကြမ်းတွေ အားလုံးအပေါ် သွင်းကုန်လိုင်စင်ကြေး ကင်းလွတ်ခွင့်ပြု တာကို ၁၁-၄-၂၀၂၀ ရက်နေ့မှာ အမိန့်ကြော်ငြာစာ ထုတ်ပြန် ပြီး ဖြေလျှော့ဆောင်ရွက်ခဲ့ပါတယ်။
ဒေါ်ဝင်းမင်းဖြိုး (ညွှန်ကြားရေးမှူး၊ ကုန်သွယ်ရေးဦးစီးဌာန)
မေး ။ ။ အခုထုတ်ပြန်တဲ့ ကိစ္စရပ်တွေက နိုင်ငံတကာ ကုန်သွယ်မှုစည်းမျဉ်း စည်းကမ်းတွေနဲ့ ကိုက်ညီမှု ရှိပါသလား။
ဖြေ ။ ။ နိုင်ငံတကာကုန်သွယ်မှု စည်းမျဉ်းစည်းကမ်းတွေဆိုတာ နက်နဲကျယ်ပြန့်ပါတယ်။ မြန်မာနိုင်ငံသာမက ကုန်သွယ်ဖက်နိုင်ငံ အားလုံးမှာ ကိုယ့်နိုင်ငံလိုအပ်ချက်အရကုန်သွယ်မှု စည်းမျဉ်း စည်းကမ်းတွေကို အမျိုးစုံ ချမှတ်ကျင့်သုံး ကြတာ အားလုံးလည်း သိရှိကြမှာ ဖြစ်ပါတယ်။ ဒါ့ကြောင့် ဒီမေးခွန်းကိုပဲ တိုက်ရိုက်ဖြေဆိုရမယ် ဆိုရင်တော့ ကိုက်ညီမှု ရှိပါတယ်။
ကုန်သွယ်မှုရဲ့ အခြေခံအကျဆုံး နိုင်ငံတကာ အဖွဲ့အစည်းဖြစ်တဲ့ ကမ္ဘာ့ကုန်သွယ်ရေးအဖွဲ့ နဲ့ အာဆီယံတို့လို ဒေသတွင်းအဖွဲ့အစည်းတွေအနေနဲ့ ကုန်စည်တွေလွတ်လပ်စွာ ဈေးကွက်ဝင်ရောက်ခွင့်ကို အခြေခံမူအဖြစ်နဲ့ ဆောင်ရွက်ကြပေမယ့်လည်း အဖွဲ့ဝင်နိုင်ငံတွေအနေနဲ့ မိမိတို့နိုင်ငံရဲ့ လိုအပ်ချက် အရ ပြည်တွင်း စည်းမျဉ်း စည်းကမ်းတွေကို ကုန်သွယ်မှု ဘာသာရပ်တွေအလိုက် လိုက်လျော ညီထွေဖြစ်အောင် ပြဋ္ဌာန်းဆောင်ရွက်ကြပါတယ်။ အဖွဲ့ဝင် နိုင်ငံတွေအနေနဲ့ လိုက်နာရမယ့်တာဝန် ဝတ္တရားတွေရှိသလို ခြွင်းချက်ပေးထားတဲ့ အချက်တွေလည်းရှိတော့ ဒီဘောင်ထဲကနေပဲဆောင်ရွက်ကြ ရတာဖြစ်ပါတယ်။ ဥပမာ-ကမ္ဘာ့ကုန်သွယ်ရေးအဖွဲ့ မှာဆိုရင် General Exception ဆိုပြီး ပြဋ္ဌာန်းချက် ထည့်သွင်းထားတာရှိတယ်။ ပြည်သူလူထု၊ အပင်၊ တိရစ္ဆာန်နဲ့ အစားအသောက် သန့်ရှင်းကျန်းမာရေး အတွက် လိုအပ်တဲ့ ကန့်သတ်ချက်များ ဆောင်ရွက် ခွင့်တွေ ပါဝင်ပါတယ်။ အာဆီယံကလည်း ကမ္ဘာ့ ကုန်သွယ်ရေးအဖွဲ့ရဲ့ သဘောတူညီချက်တွေကို အခြေခံထားတာတွေ ပါဝင်ပါတယ်။
လက်ရှိ မြန်မာနိုင်ငံရဲ့ နယ်စပ်ကုန်သွယ်မှုမှာ အစားအသောက်နဲ့ ဆေးဝါးများစစ်ဆေးမှုအပါအဝင် အပင်၊ ပိုးမွှားစစ်ဆေးမှု၊ တိရစ္ဆာန်နဲ့ တိရစ္ဆာန် အစားအစာ သန့်ရှင်းကျန်းမာရေးတို့ကို စစ်ဆေးဖို့ သက်ဆိုင်တဲ့ အခြေခံအဆောက်အအုံပိုင်းနဲ့ ကျွမ်းကျင် ပညာရှင်တွေ လုံလောက်အောင် ထားရှိဆောင်ရွက်နိုင်ခြင်း မရှိသေးပါဘူး။ ဒါ့အပြင် ဒီနေ့ ဆွေးနွေးပွဲမှာ အကြီးအကဲတွေ ရှင်းလင်းဆွေးနွေးပေးသွားပြီး လည်းဖြစ်တဲ့ နယ်စပ်တရားမဝင် မှောင်ခို လမ်းကြောင်းတွေကနေ ဝင်ရောက်တဲ့ စားသောက်ကုန်တွေ ရှိနေတယ်။ အဲဒီ စားသောက်ကုန်တွေကို စစ်ဆေးကြပ်မတ်နိုင်ဖို့အကန့်အသတ်များစွာ ရှိနေပါသေးတယ်။ ဒါကြောင့် အချိုရည်မျိုးစုံ၊ ကော်ဖီမစ်မျိုးစုံ တီးမစ်မျိုးစုံ၊ Instant Coffee ၊ နို့ဆီ/နို့စိမ်း တို့ကို နယ်စပ်ကနေ တင်သွင်းဖို့ ကန့်သတ်မှုမှာ အများပြည်သူကျန်းမာရေးအတွက်ဆိုတဲ့ အကြောင်းပြချက်လည်း ပါဝင်သလို ပင်လယ်ရေကြောင်းကနေ တင်သွင်းမှုတွေကို ပိုမိုအားပေးဖို့လည်း ဖြစ်ပါတယ်။
ဒါနဲ့ပတ်သက်ပြီး ကမ္ဘာ့ကုန်သွယ်ရေးအဖွဲ့ နဲ့ အာဆီယံကိုလည်း ပွင့်လင်းမြင်သာမှု ရှိစေရေးမူအရ အသိပေးကြေညာခြင်း (notification) ကို ပေးပို့ဖို့ လည်း ဆောင်ရွက်လျက်ရှိပါတယ်။
မေး ။ ။ အာဆီယံနိုင်ငံတွေရဲ့ တုံ့ပြန်မှုက ဘယ်လို ရှိလာနိုင်သလဲ
ဖြေ ။ ။ အာဆီယံနိုင်ငံတွေထဲမှာတော့ လက်ရှိ နယ်စပ်က ပိတ်လိုက်တာ ဖြစ်တာကြောင့် အဓိက ထိုင်းနိုင်ငံအနေနဲ့ နှစ်နိုင်ငံညှိနှိုင်းမှုတွေ တောင်းဆိုလာတာတွေ ရှိပါတယ်။ အခုကိစ္စကလည်း ပြည်တွင်းထဲ တင်သွင်းခွင့်ကို လုံးဝပိတ်ပင်ခြင်း မဟုတ်ဘဲ ပင်လယ်ရေကြောင်းကနေ တင်သွင်းခွင့် ပြုထားတဲ့အတွက် ထိုင်းနိုင်ငံနဲ့ ကုန်သွယ်မှုမှာ ပင်လယ်ရေကြောင်း ကုန်သွယ်မှုတွေ ပိုမိုတိုးမြှင့် ဆောင်ရွက်လာနိုင်မှာ ဖြစ်ပါတယ်။
ဦးသိန်းထွန်းဦး(ညွှန်ကြားရေးမှူး၊ ကုန်သွယ်ရေး ဦးစီးဌာန၊ မြဝတီကုန်သွယ်ရေးဇုန် တာဝန်ခံ)
မေး ။ ။ မြဝတီနယ်စပ် ကုန်သွယ်ရေးဇုန်မှာ လက်ရှိကုန်သွယ်မှု အခြေအနေကို သိချင် ပါတယ်။
ဖြေ ။ ။ မြဝတီနယ်စပ်မှာအဓိကထုတ်ကုန်ပိုင်းမှာ တော်တော်လေးတင်ပို့မှုတွေ များလာပါ တယ်။ အထူးသဖြင့်ပြောင်းကတစ်ဖက်နိုင်ငံကနေပြီး အမှာစာရှိတဲ့အတွက် ပြောင်းတင်ပို့မှုက အများဆုံး ရှိနေပါတယ်။ ဒါနဲ့တစ်ဆက်တည်း CMP အထည် ပစ္စည်းတွေ၊ စက်မှုပစ္စည်းတွေ၊ ကုန်ချောတွေ ဒါတွေက ဒုတိယလိုက်ပါတယ်။ တခြား လယ်ယာ ထွက်ကုန်ပစ္စည်းတွေ၊ ရေထွက်ကုန်ပစ္စည်း တင်ပို့မှုတွေ အများဆုံးဖြစ်နေပါတယ်။ သွင်းကုန်ပစ္စည်းမှာတော့ စက်ပစ္စည်းတွေ၊ ဆောက်လုပ်ရေးပစ္စည်းတွေ အများဆုံး တင်သွင်းနေပါတယ်။ စားသောက်ကုန် ပစ္စည်းတွေကတော့ အနည်းအကျဉ်း တင်သွင်းနေပါတယ်။ သွင်းကုန်ပစ္စည်းပိုင်းမှာတော့ ပထမဆုံး ချစ်ကြည်ရေး တံတားကနေပြီးတော့ BGF ဇုန်မှာ တင်သွင်းတဲ့အပိုင်းမှာ အကောက်ခွန်ဘက်ကနေ စာရင်းသွင်းပါတယ်။
နောက်ပြီး မြို့ထဲမှာရှိတဲ့ ဂိုဒေါင်တွေမှာ ဂိုဒေါင်ချ ဆောင်ရွက်ပါတယ်။ ပြီးတော့မှ မြဝတီ ကုန်သွယ်ရေးဇုန်မှာ အခွန်ဆောင်ပြီးတော့ အမှန် တင်သွင်းမှုတွေ ဆောင်ရွက်ပါတယ်။ အဲဒီ အပိုင်းမှာ ကျွန်တော်တို့ ချစ်ကြည်ရေးတံတား ကနေပြီးတော့ မြို့ထဲမှာ ဂိုဒေါင်ချတယ်။ အမှန်
တင်သွင်းဆောင်ရွက်တဲ့အချိန်မှာ တံတားဝင်ရောက်မှုအားလုံးက အမှန်တင်သွင်း ဆောင်ရွက် ခြင်း မရှိပါဘူး။ ဒါ့အပြင် သောင်ရင်းမြစ်ဘေးမှာရှိတဲ့ တရားမဝင် ကူးတို့ဆိပ်တွေလည်း ရှိပါသေးတယ်။ ဒီကူးတို့ဆိပ်တွေကနေပြီးတော့ တရားမဝင် ဝင်ရောက်မှုတွေလည်း ရှိနေပါတယ်။
ဒီအချက်တွေကြောင့် ကျွန်တော်တို့ ဒါကို ပြန်ပြီး စိစစ်ကြည့်လိုက်တဲ့အချိန်မှာ ပြီးခဲ့တဲ့လတွေမှာ ပြန်နှိုင်းယှဉ်ကြည့်လိုက်ရင် မြဝတီကုန်သွယ်ရေး ဇုန်မှာ အမှန်တင်သွင်းတဲ့ အစီးရေ ၅ဝဝဝ ဝန်းကျင် ရှိတဲ့အချိန်မှာ လမ်းကြောင်းမှာရှိတဲ့ သင်္ဃန်းညီနောင် တိုးဂိတ်၊ ဂျိုင်းတံတားဂိတ်တို့က ပြန်ချိန်ကြည့်လိုက်ရင် အစီးရေ တစ်သောင်းကျော်လောက် ကျွန်တော်တို့ထက် ပိုများနေပါတယ်။ အဲဒီလတွေမှာ စီးရေ တစ်သောင်းကျော်လောက်က တရားမဝင် ကုန်သွယ်မှု ကုန်စည်တင်သွင်းမှုတွေ ဖြစ်နေပါတယ်။ အထူးသဖြင့် တစ်ဖက်နိုင်ငံက တင်သွင်းတဲ့ ကုန်ပစ္စည်းတွေမှာ စားသောက်ကုန် ကုန်ပစ္စည်းတွေ ကကုန်သွယ်ရေးလမ်းကြောင်းကနေ တရားမဝင် သယ်ဆောင်မှုတွေ ပိုများတဲ့အနေအထားရှိပါတယ်။
ပို့ကုန်ကတော့ လက်ရှိဒီဘက်မှာ ကုန်သွယ်ရေး လမ်းကြောင်းက ရန်ကုန်ကနေဆို တစ်ရက်နဲ့လည်း ရောက်နိုင်တယ်။ တစ်ညအိပ်နဲ့လည်း ရောက်နိုင် တယ်။ ဟိုဘက်ကမ်းကိုလည်း တစ်ခါတည်း တန်းပြီး သွားနိုင်တယ်။ မြန်ဆန်တဲ့အတွက်ကြောင့် ကျွန်တော်တို့လမ်းကြောင်းကနေ ကုန်ပစ္စည်းတင်ပို့မှု များလာပါတယ်။ နောင်လည်း ဒီထက်ပိုများလာ နိုင်တဲ့ အခြေအနေလည်း ရှိပါတယ်။ သွင်းကုန် ပစ္စည်းပိုင်းကတော့ လက်ရှိ ဆောင်ရွက်နေတဲ့ ကုန်သွယ်မှုမှာ တရားမဝင်ဖြစ်နိုင်တဲ့ အခြေအနေပေါ်မှာ အဆင့်လိုက် BGF ဇုန် ရောက်တဲ့အပိုင်းမှာ ကြပ်မတ်ဖို့ လိုမယ်။ တရားမဝင်ကူးတို့ဆိပ်တွေက ဝင်ရောက်တဲ့အပေါ်မှာလည်း ကုန်သွယ်ရေး လမ်းကြောင်းပေါ်က စစ်ဆေးမှုတွေ ထိထိရောက်ရောက် ကြပ်မတ်ဆောင်ရွက်နိုင်မယ်ဆိုရင် တရားဝင် ကုန်သွယ်ရေးလမ်းကြောင်းပေါ်တက်လာ နိုင်ပါတယ်။ ဒါ့အပြင် အခုဖြစ်နေတဲ့ ဘဏ်အပိုင်းက အခက်အခဲတွေကိုလည်း မြန်မြန်ဆန်ဆန် ဝိုင်းဝန်း ဖြေရှင်းပေးပြီး ရေရှည်မှာ ကုန်သွယ်မှုအတွက် နိုင်ငံတကာနည်းတူ အလွယ်တကူ ဆောင်ရွက် နိုင်မယ့် ဘဏ်စနစ်မျိုးဖြစ်အောင် စီမံပေးစေချင်ပါတယ်။ ဒီအတွက်ကိုလည်း သက်ဆိုင်ရာ ကော်မတီတွေက စီစဉ်ဆောင်ရွက်နေတယ်လို့ သိရပါတယ်။
ဦးမြင့်သူရ