ခေါင်းလောင်းသံတေး ချိုအေးကြည်မြ ကျောင်းတော်ဝသို့
နံနက်ခင်းမှာ နေရောင်ဆမ်းတဲ့ ပန်းကလေးများ ပွင့်လခန်းနေမှုက လောကအလှကို သဘာဝကျကျ တန်ဆာဆင်နေသည့်နှယ်။ မွှေးပျံ့တဲ့ရနံ့လေအသော့မှာ ယိမ်းနွဲ့လှုပ်ရှား ပန်းကလေးများကို ကြည်နူးရွှင်ပျ လိုလိုချင်ချင်နဲ့ အမြတ်တနိုး အသုံးပြုတာ လူတွေရဲ့ အလေ့အထတစ်ခုပမာ။
ပန်းလိုပျိုးလို့ ပွင့်လန်းဝေဆာ နုနယ်သော လူငယ်တို့ ကမ္ဘာကို လူကြီးတွေက ဖြည့်ဆည်း ထောက်ပံ့ အားပေးကြရမည်သာ။ လူငယ်လူရွယ် လေးတွေ ပညာသင်ချိန်မှာ ပညာသင်ပါမှ ပခုံးပြောင်း တာဝန်တွေအတွက် အခက်အခဲနည်းပါးစွာနဲ့ အဆင်သင့်ဖြစ်နေမှာ သေချာတာ။ ဥစ္စာ ဟူသည် မျက်လှည့်မျိုး၊ ပညာဟူသည် မြတ်ရွှေအိုး လို့ ရှေးဆိုရိုးစကား ရှိပါတယ်။ ပညာသင်ချိန်မှာ ပညာရှာ အချိန်တွေကိုမဖြုန်းတီးပါမှ ကိုယ့်အကျိုး၊ အများအကျိုး တင့်တယ်အဆင့်ရှိစွာ တည်ဆောက် ဖော်ဆောင်နိုင်မှာ ဖြစ်ပါတယ်။
ပုဗ္ဗာစရိယ မိနဲ့ဖ
မိဘတွေရဲ့ မေတ္တာနဲ့ ဝတ္တရားတာဝန်တွေက သားသမီးများကို ငယ်စဉ်အခါ ပညာရည်နို့သောက်စို့ သင်ကြားစေကြရမှာ ဖြစ်ပါတယ်။ ကိုယ့်သား သမီးတွေ လိမ္မာရေးခြား ရှိစေရေး၊ သူတို့ဘဝကို သူတို့ကိုယ်တိုင်ထိန်းကျောင်း လျှောက်လှမ်းနိုင်ရေးအတွက် ပညာသင်ကြားရေးကို မိဘတွေက အရေးကြီးသော အလုပ်အဖြစ်မှတ်ယူကြတာ မြန်မာတို့ရဲ့ ဓလေ့ထုံးတမ်းစဉ်လာလို ဖြစ်နေ ပြီးသားပါ။ ကောင်းမွန်ပြီးသားရိုးရာ စရိုက်လက္ခဏာကို မိဘတိုင်းအလေးထားကြပြီး သားသမီးများ ရဲ့ အနာဂတ်ကို ပညာသင်ကြားမှုဖြင့် ထုဆစ်ပုံဖော် စေတာဟာ မိဘတိုင်းရဲ့ ဘဝပေး အရေးကြီး တာဝန် ဖြစ်ပါတယ်။ ရှေးဦးအကျဆုံး သွန်သင်ဆုံးမသူ၊ လက်ဦး ဆရာတွေဖြစ်တဲ့ မိခင်နဲ့ ဖခင်တို့ဟာ ကိုယ့်ရဲ့ ရင်နှစ်သည်းချာ သားသမီး ရတနာတွေ ယဉ်ကျေး လိမ္မာ အသိသုတပညာရပ်များ တတ်ကျွမ်းအောင် ပြုစုပျိုးထောင်ခြင်းဟာ အဖိုးမဖြတ်နိုင်တဲ့ နှလုံးသားအမွေတွေ ပေးနေခြင်းမျိုး ဖြစ်ပါတယ်။ ပညာသင်ကြားရမယ့် လူငယ်လူရွယ်များ အတွက် အနန္တဂိုဏ်းဝင် ဆရာ၊ ဆရာမများ၏ အခန်းကဏ္ဍသည်လည်း အများကြီး အရေးကြီးလှပါတယ်။
အနန္တဂိုဏ်းဝင် ဆရာ
ဆရာစိတ်၊ ဆရာ ကျင့်ဝတ်၊ ဆရာတို့၏ မေတ္တာတွေဟာ မြန်မာ့ လူနေမှု ဓလေ့သမိုင်းမှာ အစဉ်အလာကောင်းတွေနဲ့ ကြည်နူးကျေနပ်ဖွယ်ရာရှိထားပြီး ဖြစ်ပါတယ်။ ဝါသနာ၊ အကြင်နာ၊ စေတနာ၊ ကရုဏာ၊ အနစ်နာဆိုတဲ့ နာ (၅) နာနဲ့ ပြည့်စုံတဲ့ ဆရာ ဆရာမတွေရဲ့ လုပ်အားဟာ မြန်မာနိုင်ငံရဲ့ အနာဂတ်ကို ပုံဖော်သူတွေလို့ဆိုရမှာ ဖြစ်ပါတယ်။ ဆရာ၊ ဆရာမ တစ်ဦးချင်းစီရဲ့ ဆရာစိတ် အပြည့်နဲ့ ကိုယ့်ပညာရေးမဏ္ဍိုင် တိုးတက်အောင် စွမ်းဆောင်ကြရင်း နိုင်ငံ့အကျိုး ပြည်သူ့အကျိုး သယ်ပိုးစွမ်းဆောင်တဲ့ သားကောင်းသမီးမွန်များလို့ မှတ်ယူဂုဏ်ပြု လိုပါတယ်။ ဆရာ၊ ဆရာမတွေ၏ စိတ်စေတနာနဲ့ လုပ်အားကို ကျောင်းသူ၊ ကျောင်းသားတွေ မိဘတွေက အပြည့်အဝနားလည်ဖို့ လိုပါတယ်။ လူငယ်တွေ ပညာတတ်ပါမှ တိုင်းပြည် အမြန်ဆုံး တိုးတက်မှာ ဖြစ်ပါတယ်။ ဆရာ၊ ဆရာမတွေ တီးမယ့် ကျောင်းတက်ခေါင်းလောင်းသံကို ကျောင်းသား၊ ကျောင်းသူတွေ ကြည်နူးလက်ခံ သင်ကြားသင်ယူရေးဟာ တစ်ဦးချင်းဘဝ ဖြစ်သလို နိုင်ငံ့အနာဂတ် လည်း ဖြစ်ပါတယ်။ သားငယ်သမီးရွယ် ကျောင်းသားလူငယ်တွေကို ကျောင်းတော်သို့ ခေါ်ဆောင်မယ့် ကျောင်းတွေ ဖွင့်လှစ်ပါတော့မယ်။
ကျောင်းနေပျော်ပြီး စာတော်ကြပါစေ
လူငယ် လူရွယ် ကျောင်းသူ၊ ကျောင်းသားတွေ တိုးတက်လိုစိတ်၊ သင်ယူလိုစိတ်၊ တတ်မြောက်လို စိတ်တွေ မွေးမြူပြီး အရည်အချင်းရှိတဲ့ လူတော်လူကောင်းတွေဖြစ်ရေးဟာ လူငယ်လေးတွေရဲ့ မူရင်းစိတ်သာ ပဓာနကျပါတယ်။ မိဘကလည်း ကြည်ဖြူ၊ ဆရာတွေကလည်းဖေးမ၊ ကျောင်းသူ ကျောင်းသားများ ကလည်း ပူးပေါင်းသင်ယူတဲ့ ကြည်နူးဖြူစင်တဲ့ မြန်မာ့ပညာရေး အဝန်းအဝိုင်းကြီး တည်ဆောက် ရေးဟာ နိုင်ငံတော်ရဲ့ အခြေခံ တည်ဆောက်ရေးတစ်ခုဖြစ်ပါတယ်။ အနာဂတ်နိုင်ငံ့ တာဝန်တွေ ပခုံးပြောင်းယူကြမယ့် ကျောင်းသူ၊ ကျောင်းသားတွေ ခေါင်းလောင်းသံတေး ချိုအေးကြည်မြ ကျောင်းတော်သို့ မြူးတူးကျေနပ်စွာ တက်လှမ်းနိုင်ဖို့ ကျောင်းသား၊ ဆရာ၊ မိဘတွေ စုပေါင်းကာ ဘက်စုံကြိုးပမ်းကြပါစို့လို့ တိုက်တွန်း တင်ပြလိုက်ရပါတယ်။
ပီတိရှင်