ရုရှားနိုင်ငံနာမည်ကြီး သတင်းဌာနတစ်ခုဖြစ်သော RIA News သတင်းဌာနပိုင် အင်တာနက် စာမျက်နှာတွင် “မြန်မာဟာ ဒုတိယဆီးရီးယား လုံးဝဖြစ်လာမှာ မဟုတ်ဘူး − ဗိုလ်ချုပ် ဇော်မင်းထွန်း” ခေါင်းစဉ်ဖြင့် ရေးသားဖော်ပြထားသော အင်တာဗျူး အမေးအဖြေဆောင်းပါး
ဖေဖော်ဝါရီလဆန်းပိုင်းတွင် မြန်မာ့တပ်မတော်သည် အရပ်ဘက်အစိုးရကို အစားထိုးကာ နိုင်ငံတော်အာဏာကို လွှဲပြောင်းရယူကာ ယခင် အစိုးရခေါင်းဆောင်များကို ဖမ်းဆီးထိန်းသိမ်းခဲ့ပါသည်။ ထိုအချိန်မှစတင်ကာ ဆန္ဒပြမှုများ နိုင်ငံအနှံ့ ဖြစ်ပွားလာခဲ့ပြီး အသက်သေကျေ ဆုံးရှုံးမှုများ လည်း ဖြစ်ပေါ်လာခဲ့ပါသည်။ လက်ရှိ နိုင်ငံတော် စီမံအုပ်ချုပ်ရေးကောင်စီ၏ သတင်းပြန်ကြားရေး အဖွဲ့ခေါင်းဆောင် ဗိုလ်ချုပ်ဇော်မင်းထွန်းက RIA News သတင်းဌာနနှင့် ပြုလုပ်ခဲ့သော အင်တာဗျူး တွင် မြန်မာနိုင်ငံ၏ လက်ရှိအခြေအနေအပေါ် တပ်မတော်၏အမြင်၊ အင်အားသုံးဖြိုခွင်းမှုတွေ လုပ်ဆောင်ရသည့်အကြောင်းရင်း၊ နာမည်ကြီး နိုင်ငံရေးသမား နိုဘယ်ဆုရဒေါ်အောင်ဆန်းစုကြည် ကို လက်ရှိနေအိမ်အကျယ်ချုပ်ဖြင့်ထားရှိမှု အခြေအနေ၊ ၎င်းအပေါ် သံသယရှိနေသည့် အမှုများနှင့် ၎င်းနှင့် မည်သူမျှ တွေ့ရှိခွင့်မရသည့်အကြောင်းရင်းတို့ကို ပြည့်ပြည့်စုံစုံ ရှင်းလင်းဖြေကြား ခဲ့ပါ သည်။ ဆူပူဆန္ဒပြမှုများအတွင်း သေဆုံးခဲ့သူအရေအတွက် အမှန်ကို တရားဝင်ထုတ်ဖော် ပြောကြား ခဲ့သလို ထိုဆူပူအကြမ်းဖက်မှုများ၏ နောက်ကွယ်တွင် မည်သည့်အဖွဲ့အစည်းက ထောက်ပံ့ပေးနေ သည်ဆိုသည့် အကြောင်းအရာကိုလည်း သုံးသပ်ပြောကြားခဲ့ပါသည်။ ထို့အပြင် ဗိုလ်ချုပ် ဇော်မင်းထွန်း အနေဖြင့်ရုရှား-မြန်မာ စစ်ဘက်နည်းပညာပူးပေါင်း ဆောင်ရွက်နေမှု အခြေအနေ များနှင့် ရုရှားနိုင်ငံ ထုတ် Sputnik-V ကိုဗစ်ကာကွယ်ဆေးကို အာရှနိုင်ငံအနေဖြင့် လိုအပ်မှု ရှိ/ မရှိအား တပ်မတော် အကြီးအကဲ အရာရှိကြီးများကာကွယ်ဆေးရွေးချယ် ထိုးနှံပုံအကြောင်းစုံကို ကျယ်ကျယ်ပြန့်ပြန့် ဆွေးနွေးပြောကြားခဲ့ပါသည်။
မေး ။ ။ ဘာလို့ မြန်မာနိုင်ငံမှာ တပ်မတော်ကနိုင်ငံတော်အာဏာကို လွှဲပြောင်းရယူဖို့ ဆုံးဖြတ်ခဲ့ ရတာလဲဆိုတာ သိလိုပါတယ်။
ဖြေ ။ ။ တပ်မတော်အနေနဲ့ ဖေဖော်ဝါရီလ ၁ ရက်နေ့မှစတင်ပြီး နိုင်ငံ့တာဝန်ကို လွှဲပြောင်းရယူ ခဲ့ရသည့် အကြောင်းရင်းမှာ ပြီးခဲ့သည့် နိုဝင်ဘာလ ရွေးကောက်ပွဲတွင် ဖွဲ့စည်းပုံ အခြေခံဥပဒေ ချိုးဖောက်မှုများ ယခင်အာဏာရ ပါတီဘက်မှ ပြုလုပ်ခဲ့တဲ့အတွက် ဖြစ်ပါတယ်။ မဲပေးပိုင်ခွင့်ရှိသူ ၃၉.၄ သန်းရှိတဲ့အနက်မှ မဲမသမာမှုပေါင်း ၁၀.၄ သန်းကျော်ရှိကြောင်း စစ်ဆေးတွေ့ရှိ ခဲ့ပါတယ်။ မဲအားလုံးရဲ့ ၂၅ %ဟာ အလိမ်အညာတွေ ဖြစ်နေပါတယ်။ ဒီလိုမျိုးပမာဏရှိတဲ့ ချိုးဖောက်မှုတွေကို ဘယ်လိုနိုင်ငံကမှ လက်ခံနိုင်မှာမဟုတ်ပါဘူး။ တပ်မတော်အနေနဲ့ အဆိုပါချိုးဖောက်မှုတွေကို စစ်ဆေးဖော်ထုတ်ခဲ့ပါတယ်။ သက်သေ အထောက်အထားနဲ့တကွ ထုတ်ပြန်ပြောကြားခဲ့ပါ တယ်။ သတင်းစာရှင်းလင်းပွဲတွေ ပြုလုပ်ပြီး ရှင်းလင်းပြောကြားခဲ့ပါတယ်။ တာဝန်ရှိတဲ့ အစိုးရ ကိုလည်း ဖြေရှင်းပေးဖို့ တရားဝင်တောင်းဆိုခဲ့ပါတယ်။ ယခင်အာဏာရအစိုးရအဖွဲ့မှာ ဒါတွေကို ဖြေရှင်းဖို့ အချိန် ၃လ လုံလုံလောက်လောက် ရှိခဲ့ပါတယ်။ တာဝန်ရှိအဖွဲ့အစည်းများ ဖြစ်ကြတဲ့ ပြည်ထောင်စု ရွေးကောက်ပွဲကော်မရှင် လွှတ်တော်နှင့် အစိုးရထံတို့က လျစ်လျူရှုကာ တာဝန်ယူ ဆောင်ရွက် ပေးခြင်းမရှိတဲ့အပြင် ဖြေရှင်းချက်တစ်စုံ တစ်ရာပင် မပြုလုပ်ခဲ့ပါဘူး။ ကျွန်တော်တို့က ဒီမိုကရေစီ ဆန်စွာ ညှိနှိုင်းအဖြေရှာဖို့ တောင်းဆိုခဲ့ပေမယ့် သူတို့က အာဏာရှင်ဆန်စွာ လျစ်လျူရှု ငြင်းပယ် ခဲ့ကြပါတယ်။ ထိုအကြောင်းတွေကြောင့် ၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေအရ မဖြစ်မနေ နိုင်ငံကို အရေးပေါ်အခြေအနေ ကြေညာရတဲ့အဆင့်ထိ ရောက်ရှိလာခဲ့ပါတယ်။ တစ်နည်းအားဖြင့် ပြောရ မယ်ဆိုရင် ကျွန်တော်တို့သည်သာ ဒီမိုကရေစီရဲ့ အနှစ်သာရပျက်သုဉ်းမယ့်အရေးက ကာကွယ်ခဲ့တာ ဖြစ်ပါတယ်။ နိုင်ငံကို စစ်မှန်တဲ့ ဒီမိုကရေစီ လမ်းကြောင်းပေါ်မှာ ဆက်လက်ထိန်းသိမ်းပေးနိုင် ခဲ့ပါတယ်။
မေး ။ ။ ကျွန်တော်တို့အနေနဲ့ ဒီအကြောင်းအရာတွေကြောင့် မြန်မာတစ်နိုင်ငံလုံးမှာ ဆူပူဆန္ဒပြမှု အများအပြား ဖြစ်ပေါ်လာတာကို တွေ့မြင်နေရပါတယ်။ ကုလသမဂ္ဂလူ့အခွင့် အရေးဆိုင်ရာ မဟာမင်းကြီး Mrs. Michelle Bachelet က မြန်မာနိုင်ငံကို ဆီးရီးယားနဲ့ပင် နှိုင်းယှဉ်ပြောကြား ထားတာရှိပါတယ်။ ဒီလို ပြောကြားလာတဲ့ အခြေအနေအပေါ် ဗိုလ်ချုပ်အနေနဲ့ ဘာများမှတ်ချက် ပေးလိုပါသလဲ။ ငြိမ်းချမ်းစွာ ဆန္ဒပြသူတွေအပေါ် မလိုလားအပ်တဲ့ အင်အားသုံးနှိမ်နင်းမှုတွေ ရှိတယ်လို့ ပြောနေကြတာကိုရော လက်ခံပါသလား။
ဖြေ ။ ။ မိတ်ဆွေတို့ကြားသိနေရတဲ့ဖေဖော်ဝါရီလ ၁ ရက်နေ့နောက်ပိုင်းမှာ ဆန္ဒပြမှုတွေ ရှိနေတယ်ဆိုတာကတော့ မှန်ပါတယ်။ ကျွန်တော်တို့အနေနဲ့ နိုင်ငံအတွင်း ဖြစ်ပေါ်တိုးတက်နေတဲ့ အခြေအနေတွေကို လေ့လာသုံးသပ်ဖို့အတွက် အချိန်လုံလုံလောက်လောက် ရရှိခဲ့ပါတယ်။ ကျွန်တော်တို့အနေနဲ့ ဆန္ဒပြမှုတွေကို အဆင့် ၅ ဆင့်ခွဲ သတ်မှတ်ထားပါတယ်။ ပထမအဆင့်ကို ဖေဖော်ဝါရီလ ၁၄ ရက်နေ့အထိ သတ်မှတ်ပါတယ်။ ထိုကာလတုန်းက အမှန်တကယ်ပဲ ဒီမိုကရေစီ လိုလားတဲ့ ငြိမ်းချမ်းစွာ ဆန္ဒပြမှုတွေ ရှိခဲ့ပါတယ်။ ထို့အတူပဲ မိမိတို့ရဲ့ လုံခြုံရေးတပ်ဖွဲ့ဝင်တွေ အနေနဲ့လည်း ပြဋ္ဌာန်းထားတဲ့ နည်းဥပဒေ စည်းမျဉ်း စည်းကမ်းများအတိုင်းသာ ကျင့်သုံး ထိန်းသိမ်း ခဲ့ပြီးတော့ မည်သည့် အင်အားသုံးဖြိုခွင်းမှုကိုမှမပြုလုပ်ခဲ့ပါဘူး။ ဒါဟာ လက်တွေ့မြေပြင်မှာ တွေ့ရှိခဲ့ရတဲ့ အမှန်တရားတစ်ခုပါ။
ဒုတိယအဆင့်ကတော့ ဖေဖော်ဝါရီလ ဒုတိယ အပတ်နောက်ပိုင်းမှာ စတင်လာခဲ့ပါတယ်။ ခုန ငြိမ်းချမ်းစွာ ဆန္ဒပြသူလို့ သတ်မှတ်ထားတဲ့အဖွဲ့ တွေဟာ အစိုးရယန္တရားပျက်သုဉ်းရေးလုပ်ငန်းစဉ် တွေကို စတင်ဆောင်ရွက်လာကြပါတယ်။ CDM လှုပ်ရှားမှုတွေကို လှုံ့ဆော်ဖန်တီးလာကြပါတယ်။ ထိုလှုပ်ရှားမှုနှင့်အပြိုင် Shadow Government တစ်ခုကို ဖွဲ့စည်းလာခဲ့ကြပါတယ်။ ထိုကဲ့သို့ လှုံ့ဆော်မှုတွေကြောင့် သာမန်ဆန္ဒပြနေသော ပြည်သူလူထုဟာ လုံခြုံရေးတပ်ဖွဲ့ဝင်တွေကို စတင် တိုက်ခိုက်ရဲလာကြပြီး တရားဥပဒေစိုးမိုးရေးစတင် ယိုယွင်းလာခဲ့ပါတယ်။ ၎င်းတို့အနေနဲ့ ကိုယ့် အလုပ်ကို သွားနေတဲ့ နိုင်ငံဝန်ထမ်းတွေကို နှောင့်ယှက် လာကြပါတယ်။ အခြားငြိမ်းချမ်းစွာ နေလိုတဲ့ ပြည်သူတွေကိုလည်း နှောင့်ယှက်ဖိအားပေးလာကြပါတယ်။ လူငယ်တွေကိုလည်း နည်းလမ်းအမျိုးမျိုးနဲ့ လမ်းပေါ်ထွက်လာအောင် သွေးထိုးလှုံ့ဆော်ခဲ့ကြပါတယ်။ မိမိတို့ဘက်မှ လုံခြုံရေးတပ်ဖွဲ့ဝင်တွေဟာ ဒီလိုလှုပ်ရှားမှုတွေအပေါ် အတတ်နိုင်ဆုံး သည်းခံတုံ့ပြန်နေခဲ့ပါတယ်။ ၎င်းတို့အနေနဲ့ Water Cannon တွေကိုသာ အသုံးပြုပြီးအသံပေးပစ်ဖောက် ခြင်းများကိုလည်း ဆောင်ရွက်ခဲ့ကြပါတယ်။
တတိယအဆင့်ကတော့ ဖေဖော်ဝါရီလ စတုတ္ထအပတ်မှာ စတင်လာခဲ့ပါတယ်။ ဆူပူဆန္ဒပြသူတွေ အနေနဲ့ အကြမ်းဖက်နည်းဗျူဟာတွေကို အသုံးပြုပြီးတော့ လုံခြုံရေးတပ်ဖွဲ့ဝင်တွေကို တိုက်ခိုက် လာကြပါတယ်။ ထိုကာလမှာ ငြိမ်းချမ်းစွာ ဆန္ဒပြသူဆိုတာ မရှိတော့ပါဘူး။ အကုန်လုံးဟာ လက်နက်
ကိုယ်စီနဲ့ ဖြစ်ပါတယ်။ အဓိကအားဖြင့် ထိုအကြမ်း ဖက်မှုတွေကို ဦးဆောင်သူတွေဟာ NLD ပါတီဝင် တွေနဲ့ ၎င်းပါတီကို အစွန်းရောက်ယုံကြည်သူတွေ ဖြစ်ကြပါတယ်။ ၎င်းတို့အနေဖြင့် “ငါနဲ့မတူ ငါ့ရန်သူ” ဆိုတဲ့ မူဝါဒကို ကျင့်သုံးလာခဲ့ကြပါတယ်။ တစ်စုံတစ်ဦးကများ ၎င်းတို့နဲ့ ဆန့်ကျင်ဘက် အမြင် ရှိပါက ထိုသူဟာ သာမန်ပြည်သူပင်ဖြစ်လင့်ကစား လက်ရှိဖြစ်ပျက်နေတဲ့ အခြေအနေများကို သူတို့ နားလည်သလို နားမလည်ပါက အခြားမည်သည့် အကြောင်းပြချက်မှမရှိ သတ်ပစ်ရန် ဝန်မလေးကြတော့ပါ။ ထိုသို့ သတ်လိုတဲ့အခါများတွင် လက်ရဲ ဇက်ရဲရှိသော ကြေးစား လူသတ်သမားများကိုပင်ငှားရမ်းလုပ်ကြံ သတ်ဖြတ်တာတွေ ရှိခဲ့ပါတယ်။ ထိုအကြောင်းရင်းများ ကြောင့် ဖေဖော်ဝါရီလကုန်ပိုင်းမှစတင်ကာ လုံခြုံရေးတပ်ဖွဲ့ဝင်များအနေဖြင့် လက်နက်ကိုင်စွဲ အကြမ်းဖက်သောင်းကျန်းနေသော လူအုပ်ကြီးများကို ဖြိုခွင်းရန်အတွက် ပစ်ခတ်မှုတွေ စတင် ဆောင်ရွက်လာခဲ့ရပါတယ်။ ဒါတွေကိုပဲ အစီအစဉ်ရှိရှိ ရိုက်ကူးမှတ်တမ်းတင်ပြီး အနောက်နိုင်ငံ မီဒီယာတွေနဲ့ အနောက်နိုင်ငံအထောက်ပံ့ခံ ပြည်တွင်းမီဒီယာတွေက ချဲ့ကား ပုံဖော်ရေးသား ခဲ့ကြတာပဲ ဖြစ်ပါတယ်။ လှုပ်ရှားသူ နဲ့ရိုက်ကူးသူဟန်ချက်ညီညီ ကြိုတင်ဇာတ်တိုက်ကာ ကမ္ဘာကို လုပ်ကြံပြသနေကြတာပဲ ဖြစ်ပါတယ်။ ဒီလိုသတင်းမီဒီယာလွှမ်းမိုးမှုရပြီလို့သူတို့ သုံးသပ်လိုက်ကြတဲ့ အချိန်မှာပဲ မကြာခင် မြန်မာနိုင်ငံအတွင်းကို R2P တွေ ဝင်လာတော့မယ်ဆိုပြီး သတင်းလွှင့်တော့ တာပါပဲ။
အဲဒီနောက်မှာ အဆင့် ၄ ကို ကူးပြောင်းလာခဲ့ပါတယ်။ မြို့ရွာအုပ်ချုပ်ရေး အဆောက်အဦတွေကို ရည်ရွယ်ချက်ရှိရှိ တိုက်ခိုက်လာကြပါတယ်။ ဒီလို တိုက်ခိုက်လာတဲ့အဖွဲ့တွေထဲမှာ အဖွဲ့ ၃ ဖွဲ့ခွဲ တွေ့မြင်နိုင်ပါတယ်။ ပထမအဖွဲ့ကတော့ NLD ပါတီဝင်တွေ နဲ့ အစွန်းရောက်ထောက်ခံသူတွေ ဖြစ်ကြပါတယ်။ ဒုတိယတစ်ဖွဲ့ကတော့ လူရမ်းကားလူမိုက်တွေပဲ ဖြစ်ပါတယ်။ တတိယတစ်ဖွဲ့က တော့ ကြေးစားအကြမ်းဖက်သမားတွေပါ။ ထိုအဖွဲ့ ၃ ဖွဲ့ ပေါင်းစပ်ထားတဲ့ အကြမ်းဖက် လူအုပ်ကြီး က သူတို့ကို သူတို့ “ငြိမ်းချမ်းစွာ ဆန္ဒပြသူ” ဆိုပြီး ဆက်လက်ခံယူထားကြပြီးတော့ စက်ရုံတွေကို မီးရှို့တာတွေ၊ ရဲတပ်ဖွဲ့ ဝင်တွေကို ဖမ်းဆီးသတ်ဖြတ်တာတွေ၊ အစိုးရ လုပ်ငန်းတွေကို နှောင့်ယှက် တိုက်ခိုက်တာတွေ ဆောင်ရွက် လာခဲ့ကြပါတယ်။ ၎င်းတို့အနေနဲ့ တဖြည်းဖြည်းနဲ့ ပြည်ပရော၊ ကုလသမဂ္ဂရော ဘယ်သူကမှ သူတို့ကို လာရောက်ကူညီတိုက်ခိုက်ပေးမှာ မဟုတ်ဘူးဆိုတာ သဘောပေါက်လာကြတဲ့အခါမှာ လူငယ်အချို့ဟာ ကြံရာမရသည့်အဆုံး လက်နက်ကိုင် သောင်းကျန်းသူများထံ ထွက်ပြေးကာ တောခိုလာကြပါတော့တယ်။ အဲဒီအခါမှာတော့ သူတို့ဟာ လက်ရှိအစိုးရကိုတန်ပြန် တိုက်ခိုက်မယ့် ဖက်ဒရယ်စစ်တပ်အသစ်တစ်ခု တည်ထောင်တော့မယ်လို့ ကြွေးကြော်ခဲ့ကြပါတယ်။
အဆင့် ၅ ကိုတော့ မြန်မာ့တပ်မတော်နေ့ဖြစ်တဲ့ မတ်လ ၂၇ ရက်နေ့မှာ ပြည်သူ့တော်လှန်ရေးနေ့လို့ ခေါင်းစဉ်တပ်ပြီး ပြည်လုံးကျွတ်ဆူပူအုံကြွမှုတွေ လုပ်ဖို့ စီစဉ်လာခဲ့ကြပါတယ်။ လမ်းပေါ်မှာ တာဝန် ထမ်းဆောင်နေတဲ့ ရဲတပ်ဖွဲ့ဝင်တွေကိုသာမက ရဲစခန်းများ၊ အစိုးရအုပ်ချုပ်ရေး အဆောက်အဦ များနဲ့ အများပြည်သူနေအိမ်များကိုပါပစ်မှတ်ထား တိုက်ခိုက်လာကြပါတယ်။ ဧပြီလဆန်းမှ စတင်ပြီး ၎င်းတို့ဟာ ဖောက်ခွဲရေးပစ္စည်းများ၊ လက်လုပ်ဗုံး၊ လက်လုပ်မိုင်းများ၊ လက်ပစ်ဗုံးများဖြင့် အစိုးရ အဆောက်အဦများ၊ စာသင်ကျောင်းများ၊ သယ်ယူ ပို့ဆောင်ရေးယာဉ်များ၊ စက်ရုံအလုပ်ရုံ များ၊ ၎င်းတို့နှင့် နိုင်ငံရေးအမြင်ချင်းမတူညီသော သာမန်ပြည်သူများကို ပစ်ခတ်ဖောက်ခွဲ အကြမ်းဖက် လုပ်ငန်းတွေကို စတင်ဆောင်ရွက်လာခဲ့ကြပါတယ်။ ဒီအဖျက်အမှောင့်လုပ်ငန်းတွေကို မိမိတို့ ဘက်က တရားဥပဒေအတိုင်းပဲ တုံ့ပြန်ခဲ့ပါတယ်။
တကယ်လို့ ကုလသမဂ္ဂလူ့အခွင့်အရေးဆိုင်ရာ မဟာမင်းကြီးအနေနဲ့ ဒါတွေကို ငြိမ်းချမ်းစွာ ဆန္ဒ ပြသူလို့ ပြောဆိုသုံးစွဲချင်တယ်ဆိုရင်တော့ ပထမ အဆင့်ကာလအတွက်သာ မှန်ပါလိမ့်မယ်။ ယခု လက်ရှိအချိန်မှာတော့ လမ်းပေါ်ထွက် ဆန္ဒပြသူတွေဟာ အကြမ်းဖက်သောင်းကျန်းသူ အဆင့်ကို ရောက်ရှိပြီး ဖြစ်ပါတယ်။ သူတို့မှာ လက်နက်တွေ၊ ဖောက်ခွဲရေးပစ္စည်းတွေ ရှိတယ်။ ၎င်းတို့အနေနဲ့ “ငါနဲ့မတူ ငါ့ရန်သူ” ဆိုတဲ့ အယူဝါဒကို လက်ကိုင် ထားတယ်။ ၎င်းတို့အနေနဲ့ အစိုးရဝန်ထမ်းတွေနဲ့ သာမန်ငြိမ်းချမ်းစွာ အလုပ်လုပ်နေကြတဲ့ ပြည်သူ တွေကို ဖမ်းဆီးသတ်ဖြတ်တယ်။ ဒီလူတွေကိုမှ Mrs. Michelle Bachlelet က “ငြိမ်းချမ်းစွာ ဆန္ဒပြသူတွေ” လို့ သတ်မှတ်သုံးနှုန်းနေရင်တော့ အမှားကြီး မှားသွားမှာပဲ ဖြစ်ပါတယ်။ ဒါကြောင့် သူ့ကိုမေးလိုတာက ကျွန်တော်တို့နိုင်ငံအတွင်း ဖြစ်ပေါ်တိုးတက်မှုအခြေအနေတွေကို အမှန် တကယ်ရော နားလည်ပါရဲ့လားဆိုတဲ့ မေးခွန်းပဲ ဖြစ်ပါတယ်။ ကျွန်တော်တို့နိုင်ငံကို ဆီးရီးယားနိုင်ငံလို ဖြစ်စေချင်နေကြတာပါ။ အနောက်နိုင်ငံ တွေက ဆီးရီးယားနိုင်ငံမှာ ဖြစ်ပျက်ခဲ့တာတွေကိုကျွန်တော် တို့နိုင်ငံထဲမှာ မြင်ချင်နေကြတာ ဖြစ်ပါတယ်။ ကျွန်တော်တို့အနေနဲ့ ယုံယုံကြည်ကြည် ပြောနိုင် တာကတော့ ကျွန်တော်တို့နိုင်ငံမှာ ဒီလိုမျိုး ဘယ်တော့မှ ဖြစ်လာမှာမဟုတ်ပါဘူး။ မြန်မာ့ တပ်မတော်နဲ့ လက်ရှိတာဝန်ယူထားရတဲ့ အစိုးရဟာ ဒီမိုကရေစီလမ်းကြောင်းအတိုင်း လျှောက်လှမ်း နေတာဖြစ်ပြီး ပြည်သူက နားလည်ထား တဲ့ ဒီမိုကရေစီထက်ကို ပိုပြီး စစ်မှန်ခိုင်မာပါတယ်။ ကျွန်တော်တို့ လမ်းကြောင်းဟာ မှန်ကန်ပြီးသား ဖြစ်ပါတယ်။
(ဆက်လက်ဖော်ပြပါမည်)