Skip to main content

ငြိမ်းချမ်းရေးကို မြတ်နိုးပါ တည်ငြိမ်ရေးကို အလေးထားပါ

စာချစ်သူ

သည်နေ့မနက်မှာတော့ တဖြောက်ဖြောက်နှင့် ရွာသွန်းဖြိုးနေသည့် မုန်တိုးမိုး စဲစပြုလေပြီ။ နေခြည်ပျပျ လင်းလက်လာမှုနှင့်အတူ အိမ်ခေါင်းရင်းမှ ချိုး၊ ဆက်ရက် စသည့် ကျေးငှက်သာရကာတို့၏ တွန်ကျူးသံများကိုလည်း ပြန်လည်ကြားလာရ၏။

အရောင်မျိုးစုံနှင့် တစ်သွေးတစ်မွေးလှပသော အမည်မသိ ငှက်ငယ်လေးတစ်ကောင်ကမူ ကျွန်တော့်မလှမ်းမကမ်းမှာ လာနားရင်း ဘာသာ ဘာဝ အော်မြည်တွန်ကျူးလို့ နေပြန်ပါ၏။ ကြည်နူးမှုနှင့်ယှဉ်သောစိတ်စေတသိက်တို့နှင့်အတူ ထမင်းတစ်ဆုပ်၊ ဆန်တစ်ဆုပ်ကို စက္ကူဟောင်းပေါ် ကြဲချ ကျွေးမိလေ၏။

ကျွန်တော်တို့နေထိုင်ရာ အိမ်ဂေဟာသည် သစ်ရိပ်ဝါးရိပ်များနှင့် ဆိတ်ငြိမ်ရာရပ်ကွက်ဖြစ်၍ ကျေးငှက်သာရကာ မျိုးစုံ လာကြ၊ နားကြသည်။ မနက်မနက်ဆို ကျီးကန်းတို့ကလည်း အုပ်လိုက်။ ကျွန်တော်တို့ ဇနီးမောင်နှံက သူတို့ကို စာကလေး ခွေ မုန့်လေးများ မကြာခဏ ကျွေးလေ့ရှိသည်မို့ မကြာမကြာ အစာလာတောင်းတတ်ကြလေသည်။

နိုင်ငံရေးမိုးလေဝသလည်း ခန့်မှန်းတတ်

ပြီးခဲ့သည့်ရက်များကမူ အဆက်မပြတ် ရွာသွန်းနေသော မုန်တိုင်းမိုးကြောင့် သူတို့ မလာ ကြ။ ကျေးငှက်တိရစ္ဆာန်များ၏ ပင်ကိုဗီဇ အသိက ထူးဆန်းလှသည်။ မိုးရိပ်လေရိပ်ကို သူတို့ သိသည်။ ရန်သူ၊ မိတ်ဆွေ ခွဲခြားတတ်သည်။ သဘာဝ မိုးလေဝသကိုသာမက လူတို့၏ပယောဂကြောင့် ဖြစ်ပေါ်လေ့ရှိသော နိုင်ငံရေးမိုးလေဝသကိုလည်း သူတို့ခန့်မှန်းတတ်သည်။ ငြိမ်းချမ်းသာယာမှု ကင်းမဲ့သော ပတ်ဝန်းကျင်ကို သူတို့ရှောင်ရှားတတ် လေသည်။ ကျွန်တော်သည် သူတို့အော်မြည် တွန်ကျူးသံများကိုနားဆင်ရင်း ဆရာသော်တာ ဆွေ ရေးသားခဲ့သော “သူတို့ ပြန်လာပါစေ” ဝတ္ထု ဆောင်းပါးကို ဖျတ်ခနဲ အမှတ်ရလိုက်မိသည်။

“သူတို့ ပြန်လာကုန်ကြပြီ အစ်ကိုကြီး .. အစ်ကိုကြီးပြောခဲ့တဲ့ လင်းဝက်တွေ၊ ဗျိုင်းတွေ လေ၊ မကြာခင် ကျွန်မတို့တစ်တွေ ငါးကောက်ကြရ တော့မယ်။ သူတို့ အသိုက်တွေလုပ်နေကြပြီ။ သာယာဝတီ ဗျိုင်းမွေးတွေလဲရတော့မယ်။ အဖေ လည်း သိပ်ဝမ်းသာနေတာပဲ...”

ကျွန်တော့်ညီမဆီက ဟိုအကြောင်း သည် အကြောင်းရေးသောစာထဲမှာ အထက်ပါအပိုဒ်ကို ဖတ်လိုက်ရတော့ လွန်စွာနှစ်ထောင်းအားရ ရှိပါဘိသည်။ ။

ကျွန်တော်တို့ အိမ်ခြေရင်းနှင့် ခေါင်းရင်း တလင်းထဲမှာ အလွန်ကြီးမားသော မန်ကျည်းပင် ကြီးများရှိပါသည်။ ဘယ်လောက် ကြီးမားပါ သနည်း။ မှန်းဆချက်နှင့်ပြောရသော် ယောက်ျား ကြီး သုံးယောက် ရင်ဆိုင်ပိုက်မျှ သူတို့လုံးပတ်က ရှိပေသည်။ ။

ကျွန်တော်တို့ငယ်စဉ်တောင်ကျေး ကလေး ဘဝ မှတ်မိသည့်အရွယ်မှစ၍ နှစ်စဉ်နှစ်တိုင်း မိုးဦးကျပြီဆိုလျှင် ဗျိုင်းများတစ်အုပ်ပြီး တစ်အုပ် ရောက်လာကြ၏။ ထို့နောက် လင်းဝက်များ ...။

နံနက်စောစော ဝှတ်-ဝှတ် ဟူသော သူတို့ အသံများကြားရမှ ... ။ “ဟော လင်းဝက်တွေလည်း ရောက်လာပြီဟေ့”

ကျွန်တော်တို့ အင်မတန်ဝမ်းသာကြသည်။ သူတို့ရောက်လာသည်ဆိုကတည်းက အသိုက်များ ကို အပြိုင်အဆိုင် လုပ်ကြလေသည်။ သူတို့သည် နှစ်စဉ် မိုးသံလေသံကြားပြီဆိုလျှင် ဤမန်ကျည်း ပင်ကြီးများပေါ်သို့ ရောက်လာကြပြီး အသိုက်များလုပ်ကာ ဥဥ၍ ကလေးများမွေးဖွား ကြလေသည်။

ဤအချိန်တိုင်သော် ကျွန်တော်တို့ရွာပတ်လည် က လယ်များ၊ ချောင်းများ၊ အိုင်များ၌ ရေများဖွေး၍ ငါးများပေါ်ပြီဖြစ်ရကား သူတို့သားသမီးများအတွက် ယူဆောင်လာကြကာ တစာစာအော်နေကြသော ပါးစပ်လေးများထဲ ခွံ့ကျွေးသည်၌ ငါးကကြီးပြီး ကလေးပါးစပ်မဆံ့၍လည်းကောင်း၊ စားပြီးပို၍ လည်းကောင်း အောက်သို့ တဖုတ်ဖုတ်ကျလာကြလေသည်။ ။

ကျွန်တော်တို့မှာ နေ့စဉ်ချက်ပြုတ်စားသောက် ရရုံမက ငါးပိပင် လုပ်ရပါသည်။ အများအားဖြင့် သူတို့ကလေးတွေကျွေးသည်မှာ ငါးခူ၊ ငါးရံ့များသာ ဖြစ်၍ ပထမတန်းရေချိုငါးပိကိုရပါသည်။ ။

တပေါင်း၊ တန်ခူး မိုးသားကျူးပြီဆိုလျှင် ကျွန်တော်တို့သည် သူတို့ကိုမျှော်ရပါသည်။ အဲ - မိုးကုန်ဆောင်းကူးတော့ ကျွန်တော်တို့ သူတို့ကို လွမ်း၍ ကျန်ခဲ့ရပါတော့သည်။ ။

ယင်းသို့ ဗျိုင်းများ၊ လင်းဝက်များ နှစ်စဉ် မှန်မှန်လာခဲ့ကြသည်မှာ ကျွန်တော် လူမမည် မှတ်မိ သည့်အရွယ်မှစ၍ ကျွန်တော်လူလားမြောက် လူပျို ပေါက်ဖြစ်ပြီး အိမ်မှထွက်ခဲ့သည့်အချိန်အထိပင် ဖြစ်ချေသည်။

ရှေးဟောင်းနှောင်းဖြစ်ပြော အနှစ် ၂၀ ကျော်ကြာခဲ့ချေပြီ၊ ကာလအမျိုးမျိုး ပြောင်းခဲ့ပြီ။ ဘဝအထွေထွေကြုံခဲ့ကြပြီ။ လွန်ခဲ့ သောကာလကျွန်တော့်ဇာတိဌာနေမွေးရပ်မြေပြန်၍ အသက် ၇၀ ကျော် ဖခင်အိုနှင့် အသက် ၄၀ ကျော် သားအဖတို့တွေ့ဆုံကြကာ ရှေးဟောင်းနှောင်းဖြစ် များကို ပြောကြသည်။ ။

“ဒါနဲ့ အဖေ ... ကျွန်တော်တို့ မန်ကျည်းပင်ကြီး တွေပေါ် ဗျိုင်းတွေ၊ လင်းဝက်တွေ မလာကြတော့ ဘူးလား ...”

အဖေသည် သူ၏ယိုင်နဲ့နေသော သွားများကို ကိုင်တွယ်စမ်းသပ်နေရာမှ - “မလာကြတော့ဘူးကွယ်” “ဘယ်လောက် ကြာပြီလဲ” “ရပ်ရွာတွေ သေနတ်ကိုင်ခိုင်းကတည်းကစပြီး တော့ပေါ့ကွယ်၊ တဒိုင်းဒိုင်းနဲ့ ပစ်လိုက် ခတ်လိုက် ကြတာ”

ကျွန်တော်က ဖြတ်၍ “နို့ - အဖေကမပစ်ကြနဲ့ လို့ မပြောဘူးလား”

ကျွန်တော်က အမှတ်မဲ့ မေးလိုက်မိရာ အဖေ့ မျက်နှာသည် ရုတ်တရက် စိတ်မချမ်းမသာဖြစ်သွားကာ ..

“အဲဒီခေတ်က လူကြီးစကား နားထောင်တဲ့ ခေတ်လား သားရယ်၊ ကိုယ့်အသက်အန္တရာယ် ရန်မရှာအောင်ဘဲ သူတို့အလိုလိုက်၊ သူတို့ စိတ်ကြိုက်လိုက်နေရတာ”

ယင်းမှ ကျွန်တော်သတိရ၍ ဖခင်အိုအား ဒီလို မေးလိုက်မိတာ မှားလေခြင်းဟု ဝမ်းနည်းမိပါတော့ သည်။

ဟိုလူ ဒီလူတွေ၊ ဟိုအကြောင်းဒီအကြောင်းဖြင့် သေနတ်ကိုင်လိုက်ကြရတော့ မန်ကျည်းပင်က ငှက်ပစ်တာလောက် အပထားတော့ အိမ်လာပြီး ဓားပြတိုက် ပြန်ပေးဆွဲခြင်းကိုပင် ခံရပေမည်။ ။

ဤအတိုင်းမှန်၏။ ဖဆပလအစိုးရခေတ်ဆိုး ကြီးထဲတွင် ကျွန်တော့်အဖေ ဓားပြတိုက်ခံရ၍ မချိမဆံ့ရိုက်နှက်ပြီး ရှိသမျှပစ္စည်း ယူသွားကြသည်။ ယခုထက်တိုင် အဘိုးကြီးမှာ သူတို့ရိုက်နှက်သော ဒဏ်များ ခံနေရသည်။

ယင်းခေတ်သမယတွင် တောရွာများမှာ (မြို့တွေမှာလည်း) ဓားပြတိုက်၊ ပြန်ပေးဆွဲခံရခြင်းတို့မှာ ဘာမျှမဆန်းသောကိစ္စမျိုးလိုဖြစ်နေသည်။

ယခု ဗိုလ်ချုပ်ကြီး အစိုးရလက်ထက်၌ သိသိသာသာကြီး ပပျောက်သွားသည်ကို ဘယ်ပုဂ္ဂိုလ် ဘယ်ပါတီစွဲမှ မငြင်းနိုင်။ အဘယ်ကြောင့်ဟူမူ ဘယ်သူဘယ်ဝါဟု မခွဲခြားဘဲ ပြတ်ပြတ်သားသား ပြင်းပြင်းထန်ထန် အရေးယူခြင်းနှင့် အရပ်ရပ်ရှိ လက်နက်များကို သိမ်းဆည်းပစ်လိုက်သော ကြောင့် ဖြစ်ပေ၏။ ။

ကျွန်တော်တို့သားအဖ စကားပြောနေကြစဉ်ဝယ် ကျွန်တော်၏ညီမငယ်သည် အနားတွင် ရှိနေ၍ လင်းဝက်နှင့် ဗျိုင်းများအကြောင်း ရောက်သည်၌ သူလည်းရှေးဖြစ်ဟောင်း အောက်မေ့ကာ ဟိုတုန်းကလို ငါးတွေကောက်၊ ဗျိုင်းမွေးတွေ စုလိုက်ချင်ပါသေးသည်ဟု ဝင်ပြောပါသည်။

ထို့ကြောင့် ကျွန်တော်ပြန်ပြီး နှစ်ပတ်မျှ အကြာ၌ အမှတ်တရ စာထဲထည့်ရေးလိုက်ခြင်း ဖြစ်ပါသည်။ ။

ကျွန်တော်လည်း ဤစာဖတ်ပြီး အလွန်ဝမ်း သာ မိပါသည်။ ကြည့်စမ်း ရပ်ရွာမှာ သေနတ်တွေ မရှိတော့ဘူးဆိုတာ ဒီငှက်တွေ ဘယ်နှယ့်လုပ် သိကြပါလိမ့်။

ရာသီဥတုလည်းပြ သဘာဝလည်းသိကြ စင်စစ်တော့ တိုင်းပြည်၏ အခြေအနေကို ရာသီဥတုကလည်းပြသည်။ ကျေးငှက်သတ္တဝါတို့ လည်း သူတို့သဘာဝနှင့် သိကြသည်။ ။

အဖေသည် ဒီငှက်များ ပြန်လာကြသည်ကို သူမသေခင် မြင်ချင်ပါသေးသည်ဟု ပြောခဲ့သည်။

ဟော ...ယခု မြင်ရပါပြီ။

ကျေးရွာတွေသာယာတော့ ငှက်တိရစ္ဆာန်များပါ ငြိမ်းချမ်းစွာ မှီခိုအောင်းရပေမည်။ “သူတို့ ပြန်လာပါစေ......”

ရပ်ရွာအေးချမ်းသာယာရေးနှင့် ပြည်တွင်း ငြိမ်းချမ်းရေးအတွက် ရည်ရွယ်ရေးသားခဲ့သည့် ဆရာ့စာကို ကျွန်တော်ကြိုက်လွန်း၍ ခဏခဏ ပြန်ဖတ်လေ့ရှိသည်။ လင်းဝက်များ၊ ဗျိုင်းများ ပြန်လာကြသည်ကို ဖတ်ရသောအခါ ကျွန်တော်လည်း ဆရာ့နည်းတူ ဝမ်းသာခြင်း၊ ကြည်နူးခြင်း များခံစားရပါသည်။ရပ်ရွာအေးချမ်းသာယာရေးနှင့် တရားဥပဒေစိုးမိုးရေး ပျက်ပြားခဲ့သောကာလ အတွင်း သားကောင်ဖြစ်ခဲ့သည့် ဆရာ့အဖေနှင့် ကျေးလက်နေပြည်သူများအတွက်လည်း စိတ်မကောင်းခြင်းများစွာ ဖြစ်ရပြန်သည်။ ။

စစ်နှင့် စစ်၏အနိဋ္ဌာရုံများသည် လက်ဖမိုးနှင့် လက်ဖဝါးလို ဒွန်တွဲ ယှဉ်တွဲ၍ နေပေသည်။

ကမ္ဘာကျော် စစ်ဗိုလ်ချုပ်ကြီး ဂျော့အက်စ် ပက်တန်က -

“စစ်ပွဲဟူသည် သတ်ကြ၊ ဖြတ်ကြရသည့် အလုပ် ဖြစ်သည်။ ရန်သူတို့၏သွေးတွေ မြေသို့ကျ

အောင် မိမိက လုပ်ရင်လုပ်၊ သို့မဟုတ်ရင် ရန်သူ က မိမိရဲ့ သွေးတွေ မြေသို့ ကျအောင် လုပ်သွား လိမ့်မည်။ ဒါကြောင့် ရန်သူကို မိမိက လက်ဦးမှု ယူပြီး ရင်ပွင့်သွားအောင် ပစ်ထည့်လိုက်။ ဒါမှ မဟုတ်ဗိုက်ထဲကအူတွေ၊ အသည်းတွေ ပြုတ်ထွက် ကုန်အောင်ပစ်”

“စစ်ဆိုတာ ရိုးရိုးရှင်းရှင်းလေးပဲ။ သူသေ ကိုယ်ကြေ အသေချရတဲ့ပွဲပဲ။ ရက်စက်မှကြေကွဲ ဆိုသလို ပြတ်ပြတ်သားသားတိုက်ရတယ်။ စစ်နဲ့ အချစ်မှာ မတရားတာ မရှိဘူး။ ဒါကြောင့်လည်း ရိုးရိုးရှင်းရှင်းနဲ့ ရက်ရက်စက်စက် တိုက်ပွဲဝင်တတ် တဲ့လူမျိုးသာ စစ်ပွဲမှာလိုတယ်”

ပက်တန်၏ အဆိုအမိန့်ကား စစ်၏ရက်စက် ကြမ်းကြုတ်မှုများ၊ ဆိုးရွားကြမ်းတမ်းမှုများကို ဖော်ကျူးပြသနေသည်။ စစ်၏နောက်ဆက်တွဲ အနိဋ္ဌာရုံများကိုမူ အနုမာနနှင့် မှန်းဆသိမြင်နိုင် ပေသည်။ ဝေးဝေးမကြည့်ပါနှင့် မိတ်ဆွေ ...

မြဝတီမြို့ မြောက်ဘက် ၁၀ မိုင်အကွာတွင်ရှိ သော သောင်ရင်းမြစ်ကမ်းဘေးက အိုမီဂါ ပုံသဏ္ဌာန်ရှိ ဝါးခသစ်(ခေါ်) ကော့မူးရာစခန်း။ ၁၉၉၄-၉၅ ခုနှစ်တွင် မြန်မာ့တပ်မတော်က စခန်း သိမ်းတိုက်ပွဲကြီး ဆင်နွှဲခဲ့ပြီး နောက်ဆက်တွဲ အဖြစ်အပျက်ကို အောက်ပါအတိုင်း ဆဝါး သိမြင်နိုင်သည်။ ။

“၁၉၉၆ ခုနှစ် နှစ်ဆန်းတွင် စစ်ဆင်ရေး အလှည့်ကျ တာဝန်ထမ်းဆောင်ဖို့ ရောက်ရှိ လာသော တပ်မမှူး ဗိုလ်မှူးကြီးစိန်ဝင်း ဦးစီးတပ်မ (၁၀၁) ရှေ့တန်းတပ်မဌာနချုပ်ရုံးသို့ ကော့ကရိတ်မြို့နယ် လှိုင်ကွယ်ရွာမှ ယောဂီ ဝတ်စုံဝတ် အမျိုးသမီးကြီးတစ်ဦး ရောက်လာ သည်။ နာမည်ရင်းမှာ ဒေါ်စန်းရင် ဖြစ်သော်လည်း ပုဂ္ဂိုလ်များ ဝင်စီး၍ စီးရှင်ဟု ခေါ်ကြသည်။

တပ်မမှူးနှင့် စကားပြောနေစဉ်မှာပင် ဒေါ်စန်းရင်၏ ကိုယ်ခန္ဓာမှာ တုန်တက်လာပြီး ယောကျာ်းကြီး တစ်ဦးကဲ့သို့လေသံပြောင်းသွားကာ အတားအဆီးမဲ့စကားတွေ ပြောလေတော့သည်။

“ငါက အဖိုးမောင်းတစ်လုံးလို့ ခေါ်တယ်။ ဒေါနတောင်တစ်ကြောက တောင်စောင့်နတ်ပေါ့ ကွာ။ ဟိုး သောင်ရင်းကမ်းနဖူးက ကော့မူးရာ ဆိုတဲ့ တောအုပ်လေးရှိတယ်မဟုတ်လားဘွဲ့ -- အဲဒီမှာ ဟိုးအတိတ်က စစ်ပွဲကြီးတွေ အကြီး အကျယ်တိုက်ခဲ့ကြတယ်လေကွာ၊ အဲဒီတိုက်ပွဲ တွေမှာ ကရင်စစ်သားတွေရော၊ ဗမာစစ်သားတွေရော မရှုမလှ သေဆုံးခဲ့ကြရတယ်။ အဲဒါတွေ မင်းတို့မေ့နေကြပြီလားဟေ့” “မမေ့ပါဘူး ခင်ဗျ” “အဲလေကွာ ... ခုတော့ သူတို့ခမျာ နေစရာ မရှိသွားစရာမရှိ မကျွတ်မလွတ်တဲ့ ဘဝမှာ နာနာ ဘာဝအဖြစ် ရောက်နေကြရတယ်။ သူတို့အတွက် အလှူဒါနလုပ်ပြီး အမျှပေးရမယ်။ အောင်စေတီ တစ်ဆူ တည်ပေးရမယ်ဘွဲ့ ”

တပ်မမှူးက နားထောင်နေရင်း ဟိုးအတိတ် ဆီက အရိပ်တွေ တဖြည်းဖြည်းထင်ဟပ်လာ၍

“အလှူလုပ်ပေးပါ့မယ်။ ကျဆုံးသွားခဲ့တဲ့သူ တွေအတွက် စေတီလေးတည်ပြီး အလှူလုပ်တာ ဟာ အင်မတန်ကို ကောင်းပါတယ်” ။

သို့နှင့် ဘုရားတည်ရန် တပ်မမှူးကြီး၏ တာဝန်ပေးချက်အရ ကိုးတောင်ပြည့်စေတီ တစ်ဆူကို တပ်မတော်သားများ၏ လုပ်အားဖြင့် တည်ထားလိုက်ကြလေ၏။

စုံစုံညီညီ တက်ရောက် ဘုရားထီးတော်တင်၊ အနေကဇာတင် အလှူ တော်မင်္ဂလာရေစက်ချ အခမ်းအနားကို ထီးချရား ဆရာတော်က ကြီးမှူး၍ တပ်မမှူး၊ အရာရှိ၊ စစ်သည် များ စုံစုံညီညီတက်ရောက်ခဲ့သလို ကော့ကရိတ်မြို့ မှ ဆိုင်းဝိုင်းငှားရမ်း၍ ပတ်ဝန်းကျင်ကျေးရွာများမှ ဒေသခံပြည်သူလူထုကိုလည်း ဖိတ်ကြားခဲ့၏။ အလှူတော်ရေစက်မချခင် အရီး ဒေါ်စန်းရင်က ကန်တော့ပွဲမှတင်ထားသော ရေမန်းခွက်ကို ယူ၍ အလှူဒါနများကို သာဓုခေါ်ရန် ဖိတ်ခေါ်ရင်း ရေမန်းခွက်မှ ရေစင်များကို အရပ်ရှစ်မျက်နှာရှိ ဒေသခံတရားနာပရိသတ်အနှံ့အပြားသို့ ပက်ဖျန်း ပေးလိုက်ရာ လူပုံအလယ်တွင် မထင်မှတ်သော ဖြစ်ရပ်ကြောင့် ရုတ်ရုတ်သဲသဲဖြစ်သွားလေသည်။ “ ...ထိခေါင် ထိခေါင် ထိခေါင်လားဟေ့” “ဘာမထီ အာဇာနည် တပ်မတော်ချီလာပြီ” “ဘယ်ညာ ဘယ်ညာ ဘယ်ညာ”

“အဖိုးမောင်တစ်လုံးရေ - ကျွန်တော်တို့ဘဝကို ဒီလိုပဲ ပစ်ထားတော့မှာလား ... အီဟီဟိ”

လေးငါးဆယ်ခန့်ရှိသော လူထုပရိသတ်အတွင်း မှ မကျွတ်မလွတ်နိုင်သေးသော ပရလောကသား များက ဝင်ပူးပြီး စိတ်စွဲရာတွေကို သီဆိုအော်ဟစ် ကခုန်မြူးထူးနေကြသောမြင်ကွင်းကငိုရမလို ရယ်ရ မလို ပြောမယုံကြုံဖူးမှပင် နားလည်နိုင်ပေလိမ့်မည်။

ထီးချရားဆရာတော်ကြီးက သံဝေဂယူဖွယ် မြင်ကွင်းကိုကြည့်ရင်း - “ကဲ ကဲ... အားလုံးပဲ တရားနာဖို့စုံကြပြီဆိုရင် ဒီနေ့ ဒီရက်ပြုလုပ်တဲ့ ကော့မူးရာ စခန်းပေါ်က ကိုးတောင်ပြည့်စေတီလေးကို ဟိုးအတိတ်ကာလ များစွာက ဤနေရာ ဤဒေသမှာ တိုက်ပွဲဝင်ရင်း ကျဆုံးခဲ့ရတဲ့ မြန်မာ့တပ်မတော်သားတွေ၊ ကရင် တိုင်းရင်းသားတွေ ကျွတ်ပါစေ၊ လွတ်ပါစေဆိုတဲ့ သဘောနဲ့ အကျွတ်အလွတ်အောင်စေတီလို့ သမုတ် လိုက်တယ်။ ဒီနေ့ ဒီအချိန်ကစပြီး ဒီနေရာဟာ အတိတ်ကာလ နှစ်များစွာက စစ်ပွဲတွေကို အဆုံး သတ်စေခဲ့တဲ့ အောင်မြေဖြစ်လို့ ဒီနေ့ ဒီရက် ဒီအချိန် ကစပြီး အရာရာအောင်မြင်ပြီလို့ သဘောထားလိုက် ကြတော့၊ ကဲ ရေစက်ချမယ်။ အားလုံးလိုက်ဆိုကြ”

“အားလုံးကြားကြားသမျှ အမျှ - အမျှ- အမျှ ယူတော်မူကြပါကုန်လော့ ” “သာဓု - သာဓု - သာဓု”

ငြိမ်းချမ်းရေး အသီးအပွင့်ခံစား ဝါးခသစ်(ခေါ်) ကော့မူးရာစခန်းဆီက နောက် ဆက်တွဲ စစ်အနိဋ္ဌာရုံတို့သည် ဤသို့လျှင် ဝမ်းနည်း ကြေကွဲဖွယ်ကောင်းလေစွ။ သို့ရာတွင် ထို့နောက် ပိုင်း ကရင်ပြည်နယ်တစ်ဝန်းလုံးရှိ ဒေသခံပြည်သူ များသည် ငြိမ်းချမ်းရေး၏ အသီးအပွင့်များကို ခူးဆွတ်ခံစားနိုင်ခဲ့၍ နှစ်ပေါင်းများစွာ အေးချမ်း သာယာစွာ နေထိုင်ခွင့်ရလာခဲ့ကြသည်။ ငြိမ်းချမ်းတော့ ရပ်ရွာများ သာယာဝပြောလာသည်။ ကရင် ပြည်နယ်၏ သဘာဝအလှသည် ပို၍ ပီပြင်၊ ပို၍ လှပလာသည်။

ပစ္စက္ခကာလတွင်မူ ဘေးပယောဂများကို နားယောင်နေကြသူအချို့သည် သာစွဌာနေ ဇွဲကပင်မြေကို နောက်ထပ်တစ်ဖန် စစ်တလင်း မြေဖြစ်အောင်ပြန်လည် အသက်သွင်းလိုကြသည်။ တိုက်ကွက်အချို့ကို တစ်ကျော့ပြန်ဖန်တီးလာခဲ့ကြ ပြန်ပါသည်။ ရက်စက်ကြမ်းကြုတ်သော စစ်ပွဲနှင့် အတူ တစ်ပါတည်းကပ်လျက် လိုက်ပါလာသော စစ်၏အနိဋ္ဌာရုံ မြင်ကွင်းအချို့ကိုလည်း မြင်တွေ့ လာရပြန်သည်။

ထို့အတူ လက်ရှိမြန်မာ့နိုင်ငံရေးပြောင်းလဲ မှုဖြစ်စဉ်နှင့်ပတ်သက်၍ မကျေနပ်သူ နိုင်ငံရေး သမားအချို့နှင့် ဝန်းရံထောက်ခံသူအချို့သည် နုနယ်ပျိုမျစ်သော လူငယ်ထုကို သားသမီးချင်း ကိုယ်ချင်းမစာ ဆိုရှယ်မီဒီယာလူမှုကွန်ရက်ထက်မှ မြှောက်ပင့်သွေးထိုး လှုံ့ဆော်လျက်ရှိနေကြပြန် သည်။ ဘာတဲ့ -

“တော်လှန်ရေးဆိုတာ မှည့်တဲ့အချိန်မှ ပြုတ်ကျ လာမည့် ပန်းသီးတစ်ခု မဟုတ်ပါ။ သင်ကိုယ်တိုင် ပြိုလဲပြုတ်ကျအောင် လုပ်ယူရမှာ...”

“ကျွန်တော်ကတော့ အသေခံမယ့်အစား အနားရှိတဲ့ ရရာလက်နက်နဲ့ ပြန်ချမှာပဲ” ဟူသည့် တစ်ခေတ်တစ်ခါက နာမည်ကျော် ပြောက်ကျား တော်လှန်ရေးသမားကြီး ချီထွေဗာရာ၏ တော်လှန် ရေးဒဿနများကို ရေးသားဖော်ပြကာ ရိုးသား ဖြူစင်သောလူငယ်များကို တော်လှန်ရေး၊ တော်လှန်ရေးဟုဆိုကာ အသိမဲ့လမ်းကြောင်းပေါ် သို့ တွန်းပို့နေကြဆဲပါတကား။ ။

ကိုးကား။ ။ မြန်မာပြည်သားကိုကို၏ ငါ့နိုင်ငံတော် ငါ့နိုင်ငံသား ငါ့တပ်မတော် အတွက် အပိုင်း(၃) သောင်ရင်းကမ်း နဖူးက ကော့မူးရာ