နိုင်ငံတော်၏သမိုင်းကြောင်းနှင့်အတူ ယှဉ်တွဲနေသော ပြည်သူ့တပ်မတော်
*လွတ်လပ်ရေးကြိုးပမ်းမှုနှင့် တပ်မတော်မျိုးစေ့* မြန်မာနိုင်ငံသည် နယ်ချဲ့ အင်္ဂလိပ်တို့၏ မတရား ကျူးကျော်စစ် သုံးကြိမ် ဆင်နွှဲခံရကာ ၁၈၈၅ ခုနှစ် တွင် ထီးကျိုးစည်ပေါက် သူ့လက်အောက်သို့ ကျရောက်ခဲ့ရသည်။ သီပေါဘုရင်နန်းကျသော ၁၈၈၅ ခုနှစ် နိုဝင်ဘာလ၂၈ရက်နေ့မှ လွတ်လပ်ရေး ရသော ၁၉၄၈ ခုနှစ် ဇန်နဝါရီလ ၄ ရက်နေ့အထိ ၆၃ နှစ်တိုင်တိုင် လွတ်လပ်ရေး ဆုံးရှုံးခဲ့သည်။ ပထမကျူးကျော်စစ်မှ ရေတွက်လျှင် ကျွန်သက် နှစ်တစ်ရာ ရှိပေသည်။ ။
ထိုကာလအတွင်း အမျိုးသားရေးစိတ်ဓာတ် နှင့် အမျိုးသားရေးလှုပ်ရှားမှုများ ဆက်တိုက် ပေါ်ပေါက်လာခဲ့သည်။ တိုင်းရင်းသားတို့၏ သူ့ကျွန်မခံလိုသော စိတ်ဓာတ်ဖြင့် တော်လှန်ခဲ့ကြ သည့် နယ်ချဲ့ ဆန့်ကျင်ရေးတိုက်ပွဲများကို အင်္ဂလိပ် တို့သည် ဆယ်နှစ်ကြာအောင် ရက်ရက်စက်စက် နှိမ်နင်းခဲ့သည်။ နိုင်ငံရေးလှုပ်ရှားမှု၏ ရှေ့ပြေး အဖြစ် ဘာသာရေးအသင်းအဖွဲ့များဖြင့် စတင်ခဲ့ရာ တွင် ၁၉၀၆ ခုနှစ်တွင် စတင်ခဲ့သော “ဝိုင်အမ် ဘီအေ” ခေါ်ဗုဒ္ဓဘာသာကလျာဏယုဝအသင်းမှာ ထင်ရှားသည်။ ၁၉၂၀ ပြည့်နှစ်တွင် “ဂျီစီဘီအေ” ခေါ် မြန်မာအသင်းချုပ်ကြီးအဖြစ် ပြောင်းလဲ ဖွဲ့စည်းကာ နိုင်ငံရေးလှုပ်ရှားမှုများကို ကျယ်ပြန့်စွာ ဆောင်ရွက်ခဲ့သည်။
၁၉၃၀ ပြည့်နှစ် မေလ ၃၀ ရက်နေ့တွင် “တို့ဗမာအစည်းအရုံး” ပေါ်ပေါက်လာ၍ နိုင်ငံရေး လှုပ်ရှားမှုများကို အသွင်သစ်၊ အမြင်သစ်၊ အတွေး သစ်များဖြင့် ဖော်ဆောင်ခဲ့ရာတွင် အမည်ရှေ့မှာ သခင်အမည်ခံယူခြင်း၊ ဝိုင်အမ်ဘီ ဆရာတင် ရေးစပ်သော “တို့ဗမာ” သီချင်းဖြင့် လူထုကို စည်းရုံးလှုံ့ဆော်ခြင်း၊ “ဗမာပြည်သည် တို့ပြည်၊ ဗမာစာသည် တို့စာ၊ ဗမာစကားသည် တို့စကား” “တို့ပြည်ကို ချစ်ပါ၊ တို့စာကို ချီးမြှင့်ပါ၊ တို့စကားကို လေးစားပါ”ဟူသော ကြွေးကြော်သံများဖြင့် အမျိုးသားရေးစိတ်ဓာတ် တက်ကြွလာအောင် လှုံ့ဆော်ခြင်း၊ ကိုယ်ပိုင်အုပ်ချုပ်ရေး၊ ဟုမ္မရူး၊ ဒိုမီနီယံအဆင့်စသည့် တောင်းဆိုချက်များကို စွန့်လွှတ်ပြီး “လွတ်လပ်ရေးသည် ပထမလွတ်လပ်ရေးသည် ဒုတိယ- လွတ်လပ်ရေးသည် တတိယ”ဟူသော လုံးဝလွတ်လပ်ရေးကိုသာ အစဉ်တစိုက် တောင်းဆိုတိုက်ပွဲဝင်ခဲ့ခြင်းတို့ကို တွေ့ရသည်။
ဘာသာရေး၊ နိုင်ငံရေး အသင်းအဖွဲ့များအပြင် ဆန္ဒပြလှုပ်ရှားမှု၊ လက်နက်ကိုင်တော်လှန်မှုများ ကလည်း ပြည်သူလူထု၏ နိုင်ငံရေးအသိအမြင်ကို ဖွင့်ပေးသည်။ တရားမျှတမှုမရှိသော တက္ကသိုလ် အက်ဥပဒေကို ဆန့်ကျင်ကာ ၁၉၂၀ ပြည့်နှစ် ဒီဇင်ဘာလ ၅ ရက်နေ့တွင် ကောလိပ်ကျောင်းသား များက သပိတ်မှောက်ကြသည်။ ထိုသပိတ်သည် တစ်ပြည်လုံးရှိ ကျောင်းများသို့ ကူးစက်ပြန့်ပွား သွားသည်။ ဂျီစီဘီအေအသင်းကြီးက အားပေးကူညီ သည်။ ကျောင်းသားများသာမက မိဘပြည်သူများပါ အမျိုးသားရေးစိတ်ဓာတ်နှင့် နယ်ချဲ့ဆန့်ကျင်ရေး စိတ်ဓာတ်များ မြင့်မားလာပြီး အမျိုးသားကျောင်း များနှင့် အမျိုးသားကောလိပ်များ ပေါ်ပေါက် လာသည်။ သပိတ်မှောက်သောနေ့ကို အမျိုးသားနေ့ ဟု နဝမအကြိမ်မြောက် ဂျီစီဘီအေအစည်းအဝေးက | သတ်မှတ်ခဲ့သည်။
နယ်ချဲ့ အစိုးရအုပ်ချုပ်စဉ် ရှားရှားပါးပါး လက်နက်ကိုင်ဆန့်ကျင်မှုမှာ ၁၉၃၀ ပြည့်နှစ် ဒီဇင်ဘာလအတွင်း ပေါ်ပေါက်ခဲ့သော ဆရာစံ အရေးတော်ပုံဖြစ်သည်။ နယ်ချဲ့အစိုးရ၏ ဖိနှိပ်မှုမျိုးစုံကြောင့် ဆင်းရဲတွင်းနက်လျက်ရှိသော တောင်သူ လယ်သမားများက ဂဠုန်တပ်ဖွဲ့၍ တော်လှန်ခြင်းဖြစ်သည်။ ထိုအရေးတော်ပုံသည် ဖျာပုံ၊ ဒေးဒရဲ၊ ဟင်္သာတ၊ အင်းစိန်၊ ပဲခူး၊ ပြည်၊ သရက်၊ မင်းဘူး၊ တောင်ငူ၊ ရမည်းသင်း၊ မြင်းခြံ၊ မိတ္ထီလာ၊ မန္တလေး၊ ရေနံချောင်း၊ ရွှေဘို စသည့် ခရိုင်များအထိ ပျံ့နှံ့ သွားကာ လက်နက်ကိုင်ဆန့်ကျင်ရေးအယူအဆကို ရစေသည်။
တစ်ဖန် ၁၉၃၈ ခုနှစ်တွင် ၁၃၀၀ ပြည့် အရေးတော်ပုံဟုထင်ရှားသောရေနံမြေအလုပ်သမား သပိတ်ကြီး ပေါ်ပေါက်လာခဲ့သည်။ ဤသပိတ်ကြီး၏ ထူးခြားချက်မှာ အလုပ်သမားများသာမကဘဲ
ကျောင်းသားများ၊ တောင်သူလယ်သမားများ၊ နိုင်ငံရေးသမားများနှင့် လူထုထောက်ခံမှုပါဝင်လာပြီး စုစည်းညီညွတ်မှု၏အင်အားကို ပြသနိုင်ခဲ့ခြင်း ဖြစ်သည်။
ဒုတိယကမ္ဘာစစ်ဖြစ်၍ အင်္ဂလိပ်တို့အခက်တွေ့နေသော ၁၉၃၉ ခုနှစ်ထဲတွင် နယ်ချဲ့ကို လျှို့ဝှက်တော်လှန်မည့် တော်လှန်ရေးရဲဘော်များကို မွေးထုတ်ပေးမည့် ပီအာပီခေါ် “ပြည်သူ့အရေးတော်ပုံပါတီ”ကို သခင်မြနှင့် သခင်အောင်ဆန်းတို့က ဦးဆောင် ဖွဲ့စည်းလိုက်ကြသည်။ ထို့ပြင် နိုင်ငံရေးအဖွဲ့အစည်း များကို ညီညွတ်စွာပေါင်းစည်းထားသော “ဗမာ့ ထွက်ရပ်ဂိုဏ်း” (Freedom Bloc) လည်း ထိုနှစ်အောက်တိုဘာလတွင် ပေါ်ထွက်လာ၏။ ဗမာ့ထွက်ရပ် ဂိုဏ်းတွင် ပါဝင်ပူးပေါင်းထားသော အဖွဲ့များမှာ တို့ဗမာအစည်းအရုံး၊ ဆင်းရဲသားဝံသာနုအဖွဲ့၊ ငါးပွင့်ဆိုင်အဖွဲ့နှင့် နေပြည်တော်အဖွဲ့တို့ ဖြစ်ကြ သည်။
ထို့ပြင် အပျော်တမ်းရဲတပ်၊ ဗမာ့လက်ရုံးတပ်၊ သံမဏိတပ်ဟူ၍ အခြေခံစစ်ပညာရရှိရန်နှင့်တပ်အဖွဲ့ အစည်း အလေ့အကျင့်ရရှိစေရန် ဖွဲ့စည်း ထားသော တပ်ဖွဲ့များလည်း ရှိသေးသည်။ အရေးကြုံက တပ်ဖွဲ့စည်းနိုင်ရန် ပြင်ဆင် ထားသည်။ ဗမာ့ထွက်ရပ်ဂိုဏ်းသည်ပင် လွတ်လပ် ရေးကို အနုနည်းဖြင့်မရပါက လက်နက်ကိုင် တော်လှန်ရန်အတွက် ၁၉၃၉ ခုနှစ် နိုဝင်ဘာလ ၁၈ ရက်နေ့တွင် မြေအောက်လျှို့ဝှက်အဖွဲ့ကို ဖွဲ့စည်းခဲ့သည်။ ဗမာ့ထွက်ရပ်ဂိုဏ်းတွင် တို့ဗမာ အစည်းအရုံးဝင် သခင်လူငယ် အများအပြား ပါဝင်ခဲ့ရာ ၎င်းတို့သည် နောင်တစ်ချိန်တွင် ရဲဘော်သုံးကျိပ်ဝင်များ ဖြစ်လာကြသည်။
နယ်ချဲ့ အစိုးရသည် ဗမာ့ထွက်ရပ်ဂိုဏ်း၏ လွတ်လပ်ရေးကြိုးပမ်းမှုကို လျစ်လျူရှုခဲ့သည်သာမက ၁၉၄၀ ပြည့်နှစ်တွင် ကာကွယ်ရေးဥပဒေ ထုတ်ပြန်ကာ နိုင်ငံရေးဖိနှိပ်မှုများ ပြုလုပ်ခဲ့သည်။ ထိုအခါ လက်နက်ကိုင်တိုက်ပွဲဝင်ရန်မှတစ်ပါး အခြားရွေးချယ်စရာလမ်း မရှိတော့ပေ။ ဤနည်းလမ်းကို အကောင်အထည်ဖော်ရန် နိုင်ငံခြားအကူအညီ လိုအပ်ပေသည်။ နိုင်ငံခြား အကူအညီရှာဖွေရာတွင် တို့ဗမာအစည်းအရုံးသည် ဂျပန်နှင့် အဆက်အသွယ်ရ၍ မြန်မာလူငယ် သုံးဆယ်ကို လေးသုတ်ခွဲကာ လျှို့ဝှက်စေလွှတ်ခဲ့သည်။ ၎င်းရဲဘော်သုံးကျိပ်သည် ဟိုင်နန်ကျွန်းတွင် အခြေခံစစ်ပညာသင်ကြား၍ ထိုင်ဝမ်ကျွန်းရှိ တာမာဆာတိုမြို့ ဗိုလ်သင်တန်းကျောင်းတွင် တန်းမြင့်စစ်ပညာကို ဆက်လက်ဆည်းပူးခဲ့သည်။ ရဲဘော်သုံးကျိပ်သည် မြန်မာနိုင်ငံ၏ လွတ်လပ်ရေး ကြိုးပမ်းမှုသမိုင်းတွင် ပထမဆုံးသန္ဓေတည်ခဲ့သော အမြုတေတပ်မတော်သားများပင် ဖြစ်တော့သည်။ ၎င်းတို့သည် စစ်သွေးစစ်မာန်တက်စေမည့် “ဗိုလ်” အမည်များကိုခံယူခဲ့ကြရာ တပ်မတော်ကို ရှေးဦးတည်ထောင်ခဲ့ကြသော ပုဂ္ဂိုလ်များဖြစ်ကြသဖြင့် ဂုဏ်ပြုဖော်ပြလိုက်ပါသည်။
ရဲဘော်သုံးကျိပ်၏အမည်များမှာ သခင် အောင်ဆန်း (ဗိုလ်တေဇ)၊ သခင်ရှုမောင် (ဗိုလ်နေဝင်း)၊ သခင်လှဖေ (ဗိုလ်လက်ျာ)၊ သခင် လှမောင် (ဗိုလ်ဇေယျ)၊ သခင်အောင်သန်း (ဗိုလ်စကြာ)၊ သခင်စံလှိုင် (ဗိုလ်အောင်)၊ သခင် ထွန်းအုပ် (ဗိုလ်ဘွဲ့မခံ)၊ ကိုထွန်းရှိန် (ဗိုလ်ရန်နိုင်)၊ သခင်လှမြိုင် (ဗိုလ်ရန်အောင်)၊ ကိုရွှေ (ဗိုလ်ကျော်ဇော)၊ သခင်အောင်သန်း (ဗိုလ်ရဲထွဋ်)၊ သခင်ဗဂျမ်း (ဗိုလ်လရောင်)၊ သခင်တင်အေး (ဗိုလ်ဖုန်းမြင့်)၊ သခင်ထွန်းခင် (ဗိုလ်မြင့်ဆွေ)၊ သခင်စံမြ (ဗိုလ်တောက်ထိန်)၊ ကိုလှ (ဗိုလ်မင်းရောင်)၊ သခင်စောလွင် (ဗိုလ်မင်းခေါင်)၊ သခင်ကျော်စိန် (ဗိုလ်မိုးညို)၊ သခင်သစ် (ဗိုလ်စောနောင်)၊ သခင် ခင်မောင်ဦး (ဗိုလ်တာရာ)၊ သခင်ထွန်းလွင် (ဗိုလ်ဗလ)၊ သခင်သန်းညွန့် (ဗိုလ်ဇင်ယော်)၊ သခင်ထွန်းရွှေ (ဗိုလ်လင်းယုံ)၊ သခင်သန်းတင်-၂ (ဗိုလ်မြဒင်)၊ သခင်ငွေ (ဗိုလ်စောအောင်)၊ သခင် မောင်မောင် (ဗိုလ်ဉာဏ)၊ သခင်အေးမောင် (ဗိုလ်မိုး)၊ သခင်စိုး (ဗိုလ်မြင့်အောင်)၊ ကိုဆောင်း (ဗိုလ်ထိန်ဝင်း)၊ သခင်သန်းတင်-၁ (ဗိုလ်ဘွဲ့မခံ၊ ဖော်မိုဆာကျွန်းတွင်ကွယ်လွန်)တို့ ဖြစ်ကြသည်။
မြန်မာ့လွတ်လပ်ရေး ကြိုးပမ်းမှုသမိုင်းတွင် မီနာမီအဖွဲ့ (Minami Kikan)သည် အရေးပါသောကဏ္ဍမှ ပါဝင်ခဲ့သည်။ စင်စစ် တို့ဗမာအစည်းအရုံးက သခင်အောင်ဆန်းနှင့် သခင်လှမြိုင်တို့ကို ဟိုင်လီ (Hailee) သင်္ဘောဖြင့် တရုတ်နိုင်ငံ အမွိုင်မြို့ (Amoy) သို့ စေလွှတ်ခဲ့ခြင်းမှာ တရုတ်ကွန်မြူနစ်ပါတီနှင့် ဆက်သွယ်၍ အကူအညီတောင်းခံရန်ဖြစ်သည်။ သို့သော် သူတို့နှစ်ဦးသည် အဆက်အသွယ်မရဘဲ အမွိုင်တွင် သောင်တင်နေကြသည်။ ထိုအချိန်၌ တရုတ်-မြန်မာလမ်းမကြီးကို ဖြတ်တောက်ရန် အလိုရှိနေသော ဂျပန်က မြန်မာပြည်ကို စိတ်ဝင်စားလာပြီး ဗိုလ်မှူးကြီးဆူဇူကီးအား နည်းလမ်းရှာဖွေရန် မြန်မာပြည်သို့ စေလွှတ်ထားခဲ့သည်။ ၎င်းသည် သခင်ကိုယ်တော်မှိုင်း၊ သခင်မြစသော တို့ဗမာ အစည်းအရုံးဝင်များနှင့် ဆက်သွယ်မိပြီး သခင်အောင်ဆန်းနှင့် သခင်လှမြိုင်တို့ကို တိုင်ပေရှိ ဂျပန်စစ်ဌာနချုပ်မှတစ်ဆင့် တိုကျိုမြို့သို့ ခေါ်ဆောင် နိုင်ခဲ့သည်။
ဂျပန်စစ်ဦးစီးချုပ်ရုံးသည် ၁၉၄၁ ခုနှစ်၊ ဖေဖော်ဝါရီလ ၁ ရက်နေ့တွင် ဗိုလ်မှူးကြီးဆူဇူကီးခေါင်းဆောင်သော မီနာမီအဖွဲ့ကိုဖွဲ့စည်းပေးခဲ့သည်။ အဖွဲ့တွင် ဂျပန်ကြည်းတပ်၊ ရေတပ်အရာရှိများ၊ သခင်အောင်ဆန်း၊ သခင်လှမြိုင်နှင့် ဂျပန်တွင် ပညာတော်သင် ရောက်ရှိနေသည့် ကိုဆောင်းတို့ ပါဝင်သည်။
မီနာမီသည် လျှို့ဝှက်အဖွဲ့အစည်းဖြစ်သည်။ မြန်မာလူငယ်များအား စစ်ပညာသင်ပေးသော သတင်းပေါက်ကြားသွား၍ မဖြစ်ချေ။ ထို့ကြောင့် နန်ပိုကီ ဂျိုချိုဆာကိုင် (Nanpo Kigyo Sakai) ခေါ် တောင်ပိုင်းဒေသ စီးပွားရေးလုပ်ငန်းများလေ့လာရေး အဖွဲ့ဟူ၍ အသွင်ယူလှုပ်ရှားခဲ့သည်။ မီနာမီအဖွဲ့၏ လုပ်ငန်းတာဝန်များမှာ မြန်မာပြည်မှ မျိုးချစ်လူငယ် များကို ဂျပန်ပြည်သို့ရောက်အောင် ကူညီရန်နှင့် လွတ်လပ်ရေးကြိုးပမ်းမှုကို ကူညီရန်၊ ဟိုင်နန်ကျွန်း တွင် စစ်သင်တန်းပေးရန်၊ သင်တန်းဆင်း မြန်မာ မျိုးချစ်လူငယ်များအား လက်နက်တပ်ဆင်ပေးပြီး
မြန်မာပြည်တွင်းသို့ ပြန်လွှတ်၍ လွတ်လပ်ရေး တိုက်ပွဲများဆင်နွှဲစေရန်၊ ယိုးဒယား-မြန်မာနယ်စပ် တွင် မီနာမီအဖွဲ့ ဌာနခွဲများဖွင့်လှစ်ရန်၊ တနင်္သာရီ ဒေသကို သိမ်းပိုက်ပြီးက လွတ်လပ်ရေးကြေညာ ပေးရန်တို့ဖြစ်၏။
ရဲဘော်သုံးကျိပ်သည် ဗိုလ်သင်တန်းကျောင်း တွင် စစ်သေနင်္ဂဗျူဟာနှင့် ဂျပန်လုပ် နောက်ဆုံးပေါ် လက်နက်ငယ်သင်တန်းတက်နေစဉ် ၁၉၄၁ | ခုနှစ် ဒီဇင်ဘာလ၈ရက်နေ့၌ ပစိဖိတ်သမုဒ္ဒရာထဲမှ ဟာဝိုင်ယီကျွန်းရှိ အမေရိကန်ရေတပ်စခန်း (ပုလဲဆိပ်ကမ်း)ကို ဂျပန်ရေတပ်က ရုတ်တရက် ဝင်တိုက်ခြင်းဖြင့် အရှေ့အာရှစစ်ပွဲကြီးကို စတင် လိုက်သည်။
ထိုအခါတွင် ဗိုလ်မှူးကြီးဆူဇူကီးသည် ရဲဘော်သုံးကျိပ်ကို ထိုင်းနိုင်ငံ ဘန်ကောက်မြို့သို့ အသုတ်လိုက်စေလွှတ်ခြင်းဖြင့် မြန်မာ့လွတ်လပ်ရေး တိုက်ပွဲစီမံချက်ကို စတင်အကောင်အထည် ဖော်သည်။ (ဆက်လက်ဖော်ပြပါမည်)
အောင်ဇေယျ