အမှန်နဲ့အမှား၊ ဓမ္မနဲ့အဓမ္မ ပြည်သူတွေ ကွဲပြားကြဖို့လိုပါပြီ
နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ ဥက္ကဋ္ဌ၊ တပ်မတော်ကာကွယ်ရေးဦးစီးချုပ်က မိန့်ခွန်း တစ်ရပ်မှာ တာဝန်ယူချိန်ကနေစတင်ပြီး ပါတီစုံ ဒီမိုကရေစီလမ်းကြောင်းကို ပြောင်းလဲသွားဖို့မရှိကြောင်းနဲ့ ၂၀၀၈ ခုနှစ် ဖွဲ့စည်းပုံ အခြေခံဥပဒေနဲ့အညီ ဆောင်ရွက်နေတယ်ဆိုတာကို ပြောကြားထားခဲ့ပြီးဖြစ်ပါတယ်။
အရေးပေါ်အခြေအနေတစ်ရပ်မှာ ပြည်သူတွေရဲ့ အဓိကလိုအပ်ချက်က စားဝတ်နေရေးနဲ့ တည်ငြိမ်အေးချမ်းရေး ဖြစ်ပါတယ်။ တည်တည်ငြိမ်ငြိမ်နဲ့ တိုင်းပြည်တိုးတက်ရေးကို ရှေးရှုလို့ စည်းကမ်းပြည့်ဝပြီး အနှစ်သာရရှိတဲ့ ရွေးကောက်ပွဲကို အမြန်ဆုံးပြန်လည်ကျင်းပနိုင်ဖို့ အားလုံးက တက်ညီလက်ညီ ရှေ့ဆက်ကြရမယ့်အချိန် ဖြစ်ပါတယ်။
နိုင်ငံ့ဝန်ထမ်းတွေဟာ တည်ဆဲအစိုးရရဲ့ ဩဇာခံရမှာဖြစ်ပါတယ်။ အုပ်ချုပ်တဲ့အစိုးရကို မကြိုက်တိုင်း၊ လက်မခံတိုင်းသာ နိုင်ငံ့တာဝန်တွေကို မလုပ်ဆောင်ဘဲ၊ ကြိုက်တဲ့အစိုးရကို စောင့် ဆိုင်းမယ်ဆိုရင်တော့ နိုင်ငံတော်နဲ့ နိုင်ငံသားတို့ရဲ့ သစ္စာစောင့်သိသူတွေမဟုတ်ဘဲ တစ်ဦး၊ တစ်ပါတီ ကို ချစ်မြတ်နိုးတဲ့၊ ပါတီစွဲမကင်းတဲ့ နိုင်ငံ့ဝန်ထမ်းကောင်း မပီသသူတွေ ဖြစ်မှန်းမသိ ဖြစ်သွားနိုင်ပါ တယ်။ တက်လာတဲ့အစိုးရတိုင်းကို မကြိုက်ဘူးဆိုပြီး ဝန်ထမ်းတွေက CDM ထပ်တလဲလဲ လုပ်ကြ မယ်ဆိုရင် တိုင်းပြည်ဘယ်လိုလုပ် မြင့်မားလာပါတော့မလဲ။ အဲဒါကြောင့်လည်း နိုင်ငံ့ဝန်ထမ်းတွေ အတွက် သက်ဆိုင်ရာ ဥပဒေတွေ၊ ကျင့်ဝတ်၊ စည်းကမ်းတွေကို နိုင်ငံတိုင်းမှာ ပြဋ္ဌာန်းထားရှိရ တာဖြစ်ပါတယ်။
ပြီးခဲ့တဲ့ရက်ပိုင်းအတွင်းက ဒေါက်တာ ဇော်ဝေစိုးရဲ့ သတင်းစကားတစ်ခုဆိုပြီး လူမှုကွန်ရက်မှာ ပျံ့နှံ့နေတာမြင်တွေ့ရပါတယ်။ ဝန်ထမ်းအားလုံး CDM မှာ မဖြစ်မနေ ပါဝင်ကြရမယ်ဆိုပြီး ပြောထားတာပါ။ ဒါဆိုရင် နိုင်ငံခြားမှာ နေထိုင်အလုပ်လုပ်ကိုင်နေသူတွေ CDM လုပ်ဖို့ မြန်မာနိုင်ငံကို ပြန်လာခဲ့ကြပါသလား။ ဟိုက အလုပ်အကိုင်တွေကို စွန့်ခဲ့ကြပါသလား။ ဒီလိုပဲ ကုမ္ပဏီဝန်ထမ်းတွေ၊ စီးပွားရေးလုပ်ငန်းတွေနဲ့ လူမှု နယ်ပယ် အသီးသီးမှာ လုပ်ကိုင်ကြသူတွေ CDMမှာ အကုန်ပါဝင်ကြပြီလားဆိုပြီး မေးခွန်းတွေ ထုတ်လိုပါတယ်။ ဒါကြောင့် CDM ကို နိုင်ငံ့ဝန်ထမ်း တွေ မလုပ်မဖြစ် လုပ်အောင်တွန်းအားပေးကြသူတွေ အားလုံးကရော CDM မှာ ဘယ်လောက်ပါဝင်ကြသလဲ မေးခွန်းထုတ်လိုပါတယ်။ နိုင်ငံ့ဝန်ထမ်းတွေကို သီးသန့်ပစ်မှတ်ထားပြီး ဘဝပျက်အောင် ဖိအားပေး အရင်းပြုနေတယ်လို့ပဲ ယူဆမိပါတယ်။
လူမိုက်လက္ခဏာလေးပါး
တကယ်တမ်း CDM ကြောင့်သာ အောင်မြင်ခဲ့ မယ်ဆိုရင် နိုင်ငံ့ဝန်ထမ်းတွေရဲ့ အကျိုးစီးပွားနဲ့ နောက်ကွယ်ကနေ မြှောက်ပင့်ပေးနေတဲ့သူတွေရဲ့ အကျိုး စီးပွား ဘယ်သူကပိုသာနိုင်မလဲဆိုတာ နိုင်ငံ့ဝန်ထမ်းတွေ စဉ်းစားဆင်ခြင်စေလိုပါတယ်။ မိမိတို့ဘဝပျက်ခံပြီး တွန်းတင်ပေးလိုက်ရတဲ့သူ တွေက နိုင်ငံနဲ့ပြည်သူတွေအတွက် ဘယ်လောက်အထိ စွန့်လွှတ်ပေးနိုင်သူတွေလဲဆိုတာကို သတိချပ်စေလိုပါတယ်။ စာရေးသူမိတ်ဆွေတွေထဲမှာ နိုင်ငံတော်ကပေးအပ်တဲ့ အငြိမ်းစားလစာကို ခံစားနေလျက်က ဘဝတူ ဝန်ထမ်းတွေကို CDM လုပ်ခိုင်း တာ မြင်တွေ့ရပါတယ်။
မြတ်ဗုဒ္ဓကတော့ လူမိုက်လက္ခဏာလေးပါးကို ဟောကြားတော်မူထားခဲ့ပါတယ်။ အဓိပ္ပာယ်ကတော့ လူမိုက်တို့သည် နည်းလမ်းအမှားတွေကို လုပ်ဆောင်ပါတယ်။ သူတစ်ပါးကိုလည်း နည်းလမ်းအမှားတွေကို လုပ်ဖို့ တွန်းအားပေးပါတယ်။ မှားယွင်းနေတဲ့ နည်းလမ်းတွေကိုလည်း ကာကွယ်ပေးတတ်ပါတယ်။ မှားယွင်းနေတဲ့နည်းလမ်းတွေအပေါ် ဝေဖန်သုံးသပ် သူတွေကိုလည်း လက်မခံတတ်ဘူးဆိုပြီး ဟောကြားခဲ့ပါတယ်။
လက်ရှိ CDM လုပ်သူဝန်ထမ်းဦးရေဟာ ရာခိုင်နှုန်းအတော်များနေပြီလို့ စာရင်းဇယားမပါဘဲ ပြောဆိုနေကြပေမယ့် တကယ်တမ်းတော့ လုပ်ငန်း ဌာနတွေအားလုံးရဲ့ ဝန်ထမ်းအင်အား ၂၅ ရာခိုင်နှုန်း ပြည့်ပြီလို့တောင် မကြားရပါဘူး။ စုစုပေါင်းဝန်ထမ်း ၁၁ သိန်းလောက်အနက်မှာ လူတစ်သိန်း၊ နှစ်သိန်း ပါဝင်တဲ့အတိုင်းအတာဟာ အောင်မြင်မှုတစ်ရပ် မဟုတ်ဘူးလို့တော့ စာရေးသူကရှုမြင်ပါတယ်။ နိုင်ငံ့ ဝန်ထမ်းဆိုတာ ဘယ်အစိုးရတက်တက် မှန်မှန်ကန်ကန် သစ္စာရှိရှိနဲ့ နိုင်ငံ့အကျိုးကို ဆောင်ရွက်ကြရမယ့်သူတွေ ဖြစ်ပါတယ်။ ဒါကြောင့် လက်ရှိမှာ အဓမ္မတရားက ဖိအားပေးတိုက်ခိုက်နေရင်တောင် အပြုံးမပျက် ရုံးတက်ကြဖို့လိုအပ်ပါတယ်။
ကွန်မြူနစ်ဝိညာဉ်မစီးမျောစေလို
လုပ်ကြံမှုအမျိုးမျိုးနဲ့ ကောလာဟလလွှင့်ပေးနေကြတဲ့ သတင်းဝက်ဘ်ဆိုက်တွေနဲ့ လူမှုကွန်ရက်က မဟုတ်မမှန်တဲ့ သတင်းဗီဒီယိုတွေ၊ လူငယ်မျိုးဆက် သစ်တွေကို မြှောက်ပေးနေတဲ့ စကားသံတွေနဲ့ ပြင်ဆင်တည်းဖြတ်ထားတဲ့ ဓာတ်ပုံတွေဟာ ရောထွေးနေပြီး အမှားကို အမှန်၊ အဓမ္မကို ဓမ္မအနေနဲ့ ပုံသွင်းထားတာကို မြင်တွေ့နေရပါတယ်။ ပြည်သူတွေနဲ့ နိုင်ငံ့ဝန်ထမ်းတွေကို အကျပ်အတည်းဖြစ်အောင်၊ နိုင်ငံတော်တည်ငြိမ်အေးချမ်းမှု ပျက်ပြားအောင် အကွက်ကျကျ ဖန်တီးနေသူတွေ၊ ပြည်သူတွေ အကြောက်တရား အမြစ်တွယ်အောင်ဖန်တီးထားတဲ့ လုပ်ကြံမှုတွေကလည်း နေရာယူလာတာကို တွေ့မြင်နေရပါတယ်။
ကိုယ့်နိုင်ငံသားအချင်းချင်းမို့ စိတ်ရှည်လက်ရှည်ထားပြီး အသိပညာပေးဆဲကာလဖြစ်လို့ အတတ်နိုင်ဆုံး ထိခိုက်မှုနည်းအောင် ပြုမူနေရတဲ့အပေါ် အခွင့်ကောင်းယူပြီး လက်နက်မဲ့ပြည်သူတွေကို လမ်းပေါ်ထွက်ခိုင်းနေခြင်းဟာ တမင်စတေးပစ်နေခြင်းလားလို့ တွန်းပို့ဖျက်ဆီးသူတွေကို မေးခွန်း ထုတ်လိုပါတယ်။ လူငယ်လေးတွေရဲ့ ခံစားချက်တွေကို အမုန်းတရားတွေအဖြစ်ပြောင်းလဲပြီး ခေတ်သစ် ကွန်မြူနစ်အသွင်ဖန်တီးနေခြင်း၊ ဒီမိုကရေစီကို မထီမဲ့မြင်ပြုခြင်းလို့ပဲ စာရေးသူကတော့ ယူဆမိပါတယ်။
ဒီနေရာမှာ ဗိုလ်ချုပ်အောင်ဆန်းက သခင်နု (ဦးနု)ကိုပြောခဲ့တဲ့စကားတစ်ခွန်းကို သတိရမိပါ တယ်။ “ဒီမှာ ကိုနု၊ အသိဉာဏ်ရှိတဲ့ဒေသမှာ အမှားနဲ့ အမှန်ကို စကားလုံးနဲ့ ခွဲခြားပြီးပြောပြလို့ ရကောင်းပေမယ့် အသိဉာဏ်မရှိတဲ့ဒေသမှာ ဗုဒ္ဓဘုရားရှင်ကြွလာပြီး တရားဟောတောင် ညည်းလို့ အပြစ်ပြောမယ့်သူတွေ တစ်ပုံကြီး။ အဲဒီတော့ ကျုပ်တို့မှာ လုပ်စရာတစ်ခုပဲရှိတယ်။ ကြိုက်သည်ဖြစ်စေ၊ မကြိုက်သည်ဖြစ်စေ တိုင်းပြည်ကောင်းစားဖို့ဆိုရင် ဒယဉ့်တိုက်ပြီး ဆွဲခေါ်သင့်ရင် ခေါ်ရမှာပဲ..” ဆိုတဲ့ စကားရပ်ဖြစ်ပါ တယ်။
ဆန္ဒပြနေတဲ့ လူငယ်မျိုးဆက်သစ်တွေ အနေနဲ့ လုံခြုံရေးတာဝန်ယူထားရသူတွေအပေါ် ဥပဒေမဲ့လုပ်ရပ်တွေ ဆက်လက်မလုပ်ဆောင်စေဖို့ လည်း တိုက်တွန်းလိုက်ပါတယ်။ ပြီးခဲ့တဲ့ရက် စာရေးသူက လူငယ်တစ်ယောက်နဲ့ စကားစမြည် ပြောဖြစ်တော့ “ကျွန်တော်တို့လူငယ်တွေ အများစု
က ဆန္ဒပြပွဲတွေမှာ ဂိမ်းတွေထဲက စစ်တိုက်တမ်း ဆော့နေကြသလိုပဲ” လို့ ညည်းညူ ပြောသွားပါ တယ်။ အေးအေးချမ်းချမ်း ဆန္ဒထုတ်ဖော်နေရမယ့်အစား လက်နက်မဲ့လူငယ်တွေဟာ အတင်း အဓမ္မဇွတ်တိုးလုပ်ဆောင်နေတာတွေ၊ ရပ်ရမယ့် အချိန်မှာ မရပ်တန့်ဘဲ သွေးဆူနေတာတွေက ထိခိုက်နစ်နာမှုတွေကို လာပါလို့ ဖိတ်ခေါ်နေတဲ့အတိုင်း မြင်တွေ့နေရပါတယ်။
လမ်းပိတ်ဆို့မှုတွေကြောင့် ဆေးရုံတွေဆီ အချိန်မီမရောက်လာနိုင်တဲ့ လူနာတွေ၊ ကျောင်း တွေမဖွင့်လို့ လမ်းပျောက်နေရတဲ့ ကျောင်းသား ကျောင်းသူတွေ၊ နေ့စဉ်စားဝတ်နေရေး ဖြေရှင်းဖို့ မဖြစ်နိုင်တော့လို့ဘဝကိုအရှုံးပေးခါနီး လက်လုပ်လက်စားတွေ၊ ဝန်ထမ်းတွေရဲ့ လုပ်ခလစာနဲ့ ရပ်တည်နေရတဲ့ဇနီး၊ သား၊ သမီး၊ မိဘဘိုးဘွားတွေ၊ မြှောက်ပင့်သူတွေရဲ့ စကားနားယောင်လို့ လမ်းမတွေပေါ်မှာ အသက်တွေကို အလဟဿစတေး နေကြတဲ့ လူငယ်တွေရဲ့ မိဘဆွေမျိုးတွေ... သူတို့ မျက်နှာတွေကို ထောက်ထားသောအားဖြင့် ဆူပူအကြမ်းဖက်မှုတွေကို ရပ်တန်းက ရပ်သင့်ကြပါပြီ။
ဆရာမင်းယုဝေရဲ့ ကျဆုံးသူဆိုတဲ့ ကဗျာလေး တစ်ပုဒ်ရှိခဲ့ပါတယ်။ ။
ကျဆုံးသူ
အစိမ်းအနီ၊ ရှိကြသည်တွင်
အနီကိုသာ၊ ငါကြိုက်ပါလည်း
သင့်မှာမကြိုက်၊
အစိမ်းကြိုက်၏။
စံပယ်နှင်းဆီ၊ ရှိကြသည်တွင်
နှင်းဆီကိုသာ၊ ငါကြိုက်ပါလည်း
သင့်မှာမကြိုက်၊ စံပယ်ကြိုက်၏။
အကြိုက်အညီ၊ မတူသည်ကား
ဤမှာလောက သဘာဝ။
သို့စဉ်ကြိုက်လည်း
အကြိုက်အညီ၊ မတူသည်ကို
မကြည်မသာ၊ ရန်မာန်ရှာ၍
ငါနှင့်မတူ ငါ့ရန်သူဟု
မှတ်ယူငြင်ငြို၊ အမျက်သိုက
ထိုသူ ကျဆုံးရမည်တကား။ ။
အမှားကိုအမှန်ထင်ပြီး သံဃာတော်တွေကို စော်ကားမှုတွေမြင်တွေ့နေရပါတယ်။ မတူညီဘူး ဆိုတဲ့အမြင်တွေ၊ မြှောက်ပင့်မှုတွေအကြား မိမိထက် သီလ၊ သမာဓိ၊ ပညာ ပြည့်စုံသူတွေ၊ ဆရာသမားတွေကို ပုတ်ခတ်ပြောဆိုနေကြတာတွေကိုလည်း စိတ်မသက်သာဖွယ် မြင်တွေ့နေရပါတယ်။ အမုန်းတရားတွေ၊ ဒေါသအာဃာတတွေနဲ့ တမြည့်မြည့် လောင်ကျွမ်း နေကြတာ၊ မိဘနဲ့သားသမီး မူလက ချစ်ခင်လေးစားသူအချင်းချင်း ခင်မင်မှုနဲ့ ချစ်ခြင်း တရားတွေပျက်စီး၊ တစ်ဦးနှင့်တစ်ဦး ထိခိုက်အောင် တိုက်ခိုက်လာကြတာတွေဟာ ရပ်ကွက်၊ မြို့နယ် အသီးသီးမှာ မြင်တွေ့နေရပါတယ်။
မတည်ငြိမ် မအေးချမ်းမှုတွေ၊ အမုန်းတရားတွေကို ရပ်တန်းကရပ်ပြီး တူညီတဲ့ ရည်မှန်းချက် ပန်းတိုင်ဖြစ်တဲ့ ဒီမိုကရေစီခရီးကို ပြည်သူတစ်ရပ်လုံး ထိခိုက်မှုအနည်းဆုံးနည်းလမ်းနဲ့ ပုံဖော်လျှောက်လှမ်းခြင်းကသာ အမှန်ကန်ဆုံးသော ရွေးချယ်မှုနည်းလမ်းဆိုတာ မျိုးဆက်သစ်လူငယ် တွေနဲ့ ပြည်သူတစ်ရပ်လုံးကို သိစေလိုလှပါပြီဟုသာ။ ။
ကနောင်