သုတေသနမှ ဖွံ့ဖြိုးရေးသို့
သုတေသနပညာရပ်သည် ကမ္ဘာနှင့်ချီသည့် တီထွင် ဆန်းသစ်မှုများသာမက ကိုယ်ပိုင်စီးပွားရေး လုပ်ငန်းများကိုပါ ထိရောက်စွာ အကျိုးပြုသည်။ နိုင်ငံရေး၊ စီးပွားရေး၊ လူမှုရေး နယ်ပယ်မျိုးစုံတို့တွင် သုတေသနသည် အောင်မြင်မှုအတွက် အထောက် အပံ့ဖြစ်သည်။ အဆင့်မြင့်ပညာရပ်များသင်ယူရေး၊ နိုင်ငံတကာအဖွဲ့အစည်းများနှင့် ကုမ္ပဏီများ၏ စီမံကိန်းများဖော်ဆောင်ရေးမှသည် နိုင်ငံတော်၏ မူဝါဒများ ချမှတ်အကောင်အထည်ဖော်ရေးနှင့် စိစစ်လေ့လာအကဲဖြတ်ရေးစသည့် ကိစ္စရပ် အမျိုးမျိုးတွင် မရှိမဖြစ်အသုံးချရသော ပညာရပ် တစ်ခုဖြစ်သည်။
တိုးတက်အောင်မြင်မှုများရရှိလာ ယနေ့ကမ္ဘာကြီးသည် အသိပညာ၊ နည်းပညာ ကမ္ဘာကြီး ဖြစ်လာသည်။ နိုင်ငံဖွံ့ဖြိုးတိုးတက်ရေးအတွက် သက်ဆိုင်ရာပညာရပ်များအလိုက် သုတေသန ပြုလုပ်ခြင်း အခန်းကဏ္ဍနှင့် အကျိုးပြုပုံများကို ပိုမိုသိရှိခံစားလာကြသည်။ သုတေသန လုပ်ငန်းများကို အစိုးရနှင့် ပုဂ္ဂလိကလုပ်ငန်းရှင် များက ပိုမိုအားပေးထောက်ပံ့လာသည်ကို တွေ့ရသည်။ နိုင်ငံတိုင်းတွင် သုတေသနလုပ်ငန်းများကို စစ်ပြီးကာလမှစ၍ ပိုမိုအားပေး အလေးထားဆောင်ရွက်လာသည်နှင့်အညီသုတေသနနယ်ပယ် တွင် အထောက်အပံ့ကောင်းများ ရရှိလျှင် ရရှိသလို သိသာထင်ရှားသော တိုးတက်အောင်မြင်မှုများ ရရှိလာကြသည်။
ကမ္ဘာပေါ်တွင် ဗြိတိန်နိုင်ငံသည် သိပ္ပံနှင့်သုတေသနအရာတွင် ကမ္ဘာ့အင်အားအကောင်းဆုံး နိုင်ငံဖြစ်သည်။ ကမ္ဘာတစ်ဝန်းမှ ထက်မြက်သော ရှာဖွေတွေ့ရှိမှု၊ ပေါ်ထွန်းလာသော နည်းပညာများနှင့် ရှေ့တန်းရောက်နေသော ကမ္ဘာကျော် တက္ကသိုလ်များ ဖြစ်ထွန်းနေသော ကြောင့် တီထွင် ကြံဆမှုနှင့် ဖန်တီးထုတ်လုပ်နိုင်မှု စွမ်းအားဘက်တွင် အမြင့်မားဆုံးဖြစ်ခဲ့သည်။ ဗြိတိန်နိုင်ငံတွင် လွန်ခဲ့သည့် ဆယ်စုနှစ်နှစ်ခုအတွင်း ကုန်ထုတ်စွမ်းအား မြင့်တက်လာမှု၏ ထက်ဝက်ကျော်မှာ သိပ္ပံပညာနှင့် တီထွင်ဆန်းသစ်နိုင်မှု၏ သုတေသန ရလဒ်များကြောင့် ဖြစ်သည်ဟု ဆိုထားသည်။ ကုန်ထုတ်စွမ်းအား မြင့်တက်လာမှုကြောင့် အလုပ်အကိုင် အခွင့်အလမ်းများ ပိုမိုရရှိလာပြီး စီးပွားရေးလုပ်ငန်းများမှ အကျိုးအမြတ်များစွာ ၂ ပိုမိုရရှိ ခဲ့သည်။
ရင်းနှီးမြှုပ်နှံမှုများစွာ ပုံအောထား
ယနေ့ကမ္ဘာတွင် နည်းပညာနှင့် စီးပွားရေး ထိပ်တန်းရောက်နေသော နိုင်ငံများသည် သုတေသန ဖွံ့ဖြိုးရေးလုပ်ငန်းများတွင် ရင်းနှီးမြှုပ်နှံမှုများစွာ ပုံအောထားသည်ကိုတွေ့ရသည်။ နည်းပညာ ပိုင်းဆိုင်ရာသုတေသနလုပ်ငန်းများတွင် များစွာရင်းနှီးမြှုပ်နှံထားသော နိုင်ငံများသည် အကျိုးရလဒ် အများဆုံးဖြစ်ထွန်းသည်ကို နားလည် ထားကြသည်။ အမေရိကန်၊ ဂျပန်၊ အစ္စရေး၊ ကနေဒါနှင့် တောင်ကိုရီးယားနိုင်ငံတို့သည် သုတေသန လုပ်ငန်းများတွင် ရင်းနှီးမြှုပ်နှံမှုများ သည့် နိုင်ငံများဖြစ်သည်။ ခေတ်မီဆန်းပြားသော နည်းပညာများကို ပြည့်ပြည့်ဝဝ အသုံးချ နိုင်သောကြောင့် နိုင်ငံအရှိန် အဟုန်ဖြင့် ဖွံ့ဖြိုးတိုးတက်လာနေခြင်းဖြစ်သည်။
မြန်မာနိုင်ငံသည် ဖွံ့ဖြိုးစနိုင်ငံဖြစ်သည့်အတွက် သုတေသနနည်းပညာကို အသုံးချနိုင်သည့် တတ်သိနားလည်သော လူ့စွမ်းအားအရင်းအမြစ်များ အထူး လိုအပ်လျက်ရှိသည်။ မြန်မာနိုင်ငံတွင် စစ်ကြိုခေတ် ကာလမှစ၍ မြန်မာ့သမိုင်းသုတေသနလုပ်ငန်းများ ဖြစ်ထွန်းလာခဲ့သည်။ စစ်ကြိုခေတ် ရန်ကုန် တက္ကသိုလ်တွင် သင်ကြားရေးသာမက သုတေသန | လုပ်ငန်းများကို ဆောင်ရွက်နိုင်ခဲ့သည်။ တက္ကသိုလ်၏ အသက်သည် သုတေသနလုပ်ငန်းဖြစ်သည်။ ဌာန အလိုက် သုတေသနလုပ်ငန်းများဆောင်ရွက်ခြင်း၊ ရေးသားပြုစုခြင်း၊ ထုတ်ဝေဖြန့်ချိခြင်းတို့ကို အကျိုး ရှိစွာ ဆောင်ရွက်နိုင်ခဲ့သည်။
ထူထောင်ထား
မြန်မာနိုင်ငံတွင် လူ့စွမ်းအားအရင်းအမြစ်ဖွံ့ဖြိုးရေးနှင့် သုတေသနဌာနခွဲကို ထူထောင်ထား သည်။ ဒေသတွင်းသာမက နိုင်ငံတကာနှင့် ရင်ပေါင်တန်း လုပ်ကိုင်ဆောင်ရွက် နိုင်သော စွမ်းဆောင်ရည်မြင့်မားသည့် အရည်အချင်းပြည့်ဝသော ဝန်ထမ်းများ တိုးတက် များပြားလာစေရန်အတွက် လူ့စွမ်းအား အရင်းအမြစ်များနှင့် သုတေသနလုပ်ငန်းများ ဖွံ့ဖြိုး တိုးတက်စေရန် ဆောင်ရွက်လျက်ရှိသည်။ မြန်မာ နိုင်ငံ၏စီးပွားရေး ဖွံ့ဖြိုးတိုးတက်ရေးအတွက် မူဝါဒ များချမှတ်ရာတွင် တစ်စိတ်တစ်ဒေသအဖြစ် အထောက်အကူပြုသည်။ မူဝါဒရေးရာ (ပြည်တွင်း/နိုင်ငံတကာ သုတေသနလုပ်ငန်းများနှင့် မျက်မှောက်ရေးရာ(ပြည်တွင်း/ပြည်ပ) သုတေသန လုပ်ငန်းများကို ဆောင်ရွက်ခြင်းဖြင့် ကမ္ဘာ့စီးပွားရေး၊ အာဆီယံနှင့် မြန်မာ့စီးပွားရေး အပေါ် ရှုမြင်သုံးသပ်၍ ပိုမိုကောင်းမွန်သော မြန်မာ့စီးပွားရေး ဝန်းကျင်ကောင်းတစ်ရပ် ဖော်ဆောင်ပေးနိုင်ရန် စီးပွားရေးဆိုင်ရာ ဖြစ်ပေါ်ပြောင်းလဲမှုများကိုအခြေခံ၍ မိမိတို့နိုင်ငံနှင့် ကိုက်ညီသည့် မူဝါဒများ၊ ပြုပြင်ပြောင်းလဲရန် လိုအပ်သည်များကို သုံးသပ်ဖော်ထုတ်ခြင်းများ ဆောင်ရွက်လျက်ရှိသည်။
မြန်မာနိုင်ငံတွင်သုတေသနနှင့်တီထွင်ဆန်းသစ် မှုလုပ်ငန်းဌာနများကိုလည်း ဖွဲ့စည်းထူထောင် ဆောင်ရွက်နေသည်ကိုတွေ့ရသည်။ ပြန်လည်ပြည့်မြဲ စွမ်းအင်ဆိုင်ရာ အသုံးပြုမှု Training Center ကို ထပ်မံတိုးချဲ့ဆောင်ရွက်ခြင်း၊ စံချိန်စံညွှန်း ဖွံ့ဖြိုးတိုးတက်ရန်နှင့် ပြန်ပြည့်မြဲ စွမ်းအင်ဆိုင်ရာ စမ်းသပ်မှုများ ဝန်ဆောင်မှုပေးခြင်း၊ ပညာရေးဝန်ကြီးဌာနနှင့် အိန္ဒိယနိုင်ငံ ပြန်ပြည့်မြဲနှင့် ဆန်းသစ်သော စွမ်းအင်ဝန်ကြီးဌာနတို့အကြား ပြန်ပြည့်မြဲစွမ်းအင်နယ်ပယ်တွင် ပူးပေါင်းဆောင်ရွက်မှု နားလည်မှုစာချွန်လွှာအား ဆက်လက်အကောင်အထည်ဖော်ဆောင်ရွက် ခြင်း၊ အီလက်ထရောနစ်နည်းပညာဆိုင်ရာသုတေသန နည်းပညာများ အပြန်အလှန် ပူးတွဲ လေ့လာခြင်းအတွက် BIRM မှ ကျွမ်းကျင်ပညာရှင်များလာရောက်၍ သင်တန်းပို့ချခြင်း၊ သုတေသနနှင့် တီထွင်ဆန်းသစ်မှု ဦးစီးဌာနမှ ရွေးချယ်စေလွှတ်သော သုတေသန ပညာရှင်များ BIRM သို့ သွားရောက်လေ့လာခြင်း အစီအစဉ်များ ဆောင်ရွက်ခြင်းတို့ကို ဆောင်ရွက် လျက်ရှိသည်။
သုတေသန ဓာတ်ခွဲခန်းများတိုးချဲ့
ထို့အပြင် နည်းပညာဖြန့်ဝေခြင်းနှင့် နည်းပညာ ကျွမ်းကျင်သော လူ့စွမ်းအားအရင်းအမြစ်များ ပြုစုပျိုးထောင်ရေးအတွက် ပူးပေါင်းဆောင်ရွက်မှု မှရရှိလာသော နည်းပညာများ ဖြန့်ဝေခြင်းနှင့် သုတေသန လုပ်ငန်းများမှရရှိလာသော အသိပညာများနှင့် လက်တွေ့အသုံးချ နည်းပညာပိုင်း ဆိုင်ရာ ကျွမ်းကျင်မှု သင်တန်းများ ဖွင့်လှစ်ခြင်းစသည့် လုပ်ငန်းများကို ဆောင်ရွက်ခြင်း၊ အရည်အသွေးမြင့် နာနိုဒြပ်ပစ္စည်းများကို သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေး၊ ပြန်ပြည့်ဖြိုး မြဲစွမ်းအင်ကဏ္ဍ၊ အသေးစားနှင့်အလတ်စား ကုန်ထုတ်လုပ်မှုကဏ္ဍများတွင် လက်တွေ့ အသုံးပြုနိုင်သည်အထိ ဆောင်ရွက်ခြင်း၊ နိုင်ငံတကာ အဆင့်မီအစားအစာ၊ ဆေးဝါးနှင့် ဓာတု နည်းပညာ သုတေသနဌာနအဖြစ် ဖွံ့ဖြိုးတိုးတက်စေရန် အတွက် နှစ်စဉ် စီမံကိန်းများဖြင့် သုတေသန ဓာတ်ခွဲခန်းများတိုးချဲ့၍ အစီအမံများချမှတ် အကောင်အထည်ဖော် ဆောင်ရွက်ခြင်း တို့ကို ဆောင်ရွက်လျက်ရှိသည်။ ။
ပညာရေးဝန်ကြီးဌာနအောက်ရှိ တက္ကသိုလ် များ၊ နည်းပညာတက္ကသိုလ်များနှင့် သုတေသနဌာန များမှနိုင်ငံအကျိုးပြု သုတေသနဆန်းသစ်တီထွင်မှု လုပ်ငန်းများ၊ အသေးစားစက်မှုလက်မှု လုပ်ငန်းနှင့် ပုဂ္ဂလိကလုပ်ငန်းများ၊ ပတ်ဝန်းကျင်ထိန်းသိမ်းရေးဆိုင်ရာ လုပ်ငန်းများ၊ စားသောက်ကုန်ပစ္စည်းများ၊ လူသုံးကုန်ပစ္စည်းများ၊ ဆောက်လုပ်ရေးသုံးပစ္စည်းများ၏ နိုင်ငံတကာအသိအမှတ်ပြု ISO/IEC 17025 လက်မှတ်ရရှိသော ဓာတ်ခွဲခန်းတစ်ခုဖြစ်လာစေ ရေးအတွက် စံချိန်စံညွှန်းနှင့်ကိုက်ညီသော ဓာတ်ခွဲခန်း ပြင်ဆင်ထားမှုများနှင့်ဓာတ်ခွဲတိုင်းတာ ဆောင်ရွက်မှုများကို အရည်အသွေးပြည့်မီရေး အတွက် အခြေခံလိုအပ်ချက်ဖြစ်သော ဓာတ်ခွဲ တိုင်းတာမှုစွမ်းဆောင်ရည် စစ်ဆေးခြင်း (Proficiency Testing)တွင်ပါဝင်ဆောင်ရွက်ခြင်း စားသောက်ကုန်ပစ္စည်းများနှင့် စိုက်ပျိုးရေး ထွက်ကုန်များကိုဓာတ်ခွဲတိုင်းတာမှုအရည်အသွေး တိုးတက်မြင့်မားလာရေးနှင့် တိုင်းတာအသုံးပြုသော စက်ပစ္စည်းကိရိယာများ ရေရှည်သုံးစွဲ နိုင်ရန် ထိန်းသိမ်းဆောင်ရွက်ရေးတို့အတွက် နည်းပညာဆွေးနွေးခြင်း၊ ဓာတ်ခွဲတိုင်းတာမှု ဆိုင်ရာ သတင်းအချက်အလက်များဖလှယ်ခြင်း သုတေသန လုပ်ငန်းများကို ဆောင်ရွက် လျက်ရှိသည်။
အုပ်ချုပ်ရေးစနစ်သစ်
မြန်မာနိုင်ငံပညာရေး သုတေသနဦးစီးဌာနသည် ၁၉၅၅ ခုနှစ်တွင် ပညာညွှန်ကြားရေးဝန်ရုံး အောက်ရှိ ပညာရေးသုတေသနဌာနခွဲ တစ်ခုဖြစ်ခဲ့သည်။ ၁၉၆၆ ခုနှစ် အောက်တိုဘာလ ၁ ရက် နေ့ မှစ၍ မြန်မာနိုင်ငံပညာရေး သုတေသနဗျူရို (Burma Education Research Bureau - BERB) အမည်ဖြင့် သီးခြားဌာနတစ်ခုအဖြစ် ဖွဲ့စည်းတည်ထောင်ခဲ့သည်။ ၁၉၇၂ ခုနှစ် မတ်လတွင် အုပ်ချုပ်ရေးစနစ်သစ်ကို ချမှတ်ပြဋ္ဌာန်း အကောင်အထည် ဖော်သည့်အခါ မြန်မာနိုင်ငံပညာရေး သုတေသနဗျူရိုကို ပညာရေးဝန်ကြီးဌာန၏ ဦးစီးဌာနတစ်ခုကဲ့သို့ အဖွဲ့တစ်ရပ်အဖြစ် ပြုပြင်ပြောင်းလဲပြင်ဆင်တိုးချဲ့ ဖွဲ့စည်းခဲ့သည်။ စကားရပ်များ ပြောင်းလဲ သတ်မှတ်သည့်ဥပဒေ (ဥပဒေအမှတ် ၁၅/၈၉) အရ ၁၉၉၀ ပြည့်နှစ်တွင် မြန်မာနိုင်ငံပညာရေး သုတေသနအဖွဲ့ (Myanmar Education Research Bureau-MERB) ဟုအမည်ပြောင်းလဲ ခေါ်တွင်စေခဲ့သည်။ ၂၀၀၄ ခုနှစ် ဖေဖော်ဝါရီလ ၂၀ ရက်နေ့တွင် မြန်မာနိုင်ငံ ပညာရေးသုတေသနအဖွဲ့ဦးစီးဌာန (Department of Myanmar Education Research Bureau - DMERB) အဖြစ်သို့ ပြန်လည် ပြုပြင်တိုးချဲ့ ဖွဲ့စည်းခဲ့သည်။
မြန်မာနိုင်ငံရှိ သုတေသနဆိုင်ရာလုပ်ငန်း များသည်စစ်ကြိုခေတ်၊ စစ်ပြီးခေတ်ကာလမှသည် မျက်မှောက်ခေတ်ကာလများအထိ နိုင်ငံတော် အစိုးရအဆက်ဆက်တို့က ဦးစားပေးအလေးထား
ဆောင်ရွက်ခဲ့သည်။
ဝန်ကြီးဌာနများအလိုက်၊ သက်ဆိုင်ရာဌာနများအလိုက်၊ ဘာသာရပ်ဆိုင်ရာ များအလိုက် သုတေသနလုပ်ငန်းများကိုထည့်သွင်း ဆောင်ရွက်ခဲ့သည်။ မြန်မာနိုင်ငံသည် စိုက်ပျိုးရေးကို အခြေခံသောနိုင်ငံဖြစ်၍ စိုက်ပျိုးရေး ဆိုင်ရာ သုတေသန လုပ်ငန်းများစွာကို ကြိုးပမ်းကြံဆ လုပ်ကိုင်ခဲ့ကြသည်။ သို့သော် သုတေသနလုပ်ငန်းဆိုသည်မှာ ရေရှည်ရင်းနှီးမြှုပ်နှံရသော လုပ်ငန်းဖြစ်ခြင်း၊ ရင်းနှီးမြှုပ်နှံမှုပမာဏ များပြားခြင်းတို့ကြောင့် အောင်မြင် မှုအတိုင်းအတာ ထိရောက်စွာပေါ်မလာဘဲ နှေးကွေးနေသည်ဟုဆိုရမည်ဖြစ်သည်။
အကြိမ်ရေအမြောက်အများ
မိမိတို့ နေ့စဉ်ထိတွေ့ အသုံးပြုနေရသည့် အရာဝတ္ထုတိုင်းသည် အကြိမ်ရေ အမြောက်အမြား သုတေသနပြုလုပ် လေ့လာဆန်းစစ်ပြီးမှ ရရှိလာသော ကုန်ပစ္စည်းများဖြစ်သည်။ လူမှုအသိုက် အဝန်း ကြီးတစ်ခုလုံးအတွက် အသက်ရှည်နေထိုင်ရန် မရှိမဖြစ်အသုံးပြုရန် လိုအပ်သော ပစ္စည်းများ၊ ဖွံ့ဖြိုးတိုးတက်သည့် တိုင်းပြည်၊ ချမ်းသာကြွယ်ဝသည့် တိုင်းပြည် ဖြစ်ပေါ်ရေး အတွက် သုတေသနပြုလုပ် တီထွင်ဆန်းသစ် ထုတ်လုပ်မှုများသည် မဖြစ်မနေ လိုအပ်သည်။ ထုတ်ကုန်ပစ္စည်းများ ခေတ်နှင့်အညီ အဆင့်မြင့်ပေါ်ထွက်လာရေး၊ အသုံးပြု လာနိုင်ရေး၊ အခြားခေတ်မီပစ္စည်းများ ပေါ်ထွက်လာရေး ကျန်းမာရေးနှင့် ပတ်သက်သော ဆေးပစ္စည်းများ နှင့် ဆေးများပေါ်ထွက်လာရေး၊ ပြည်သူများ နေ့စဉ်အသုံးပြုနေရသော ပစ္စည်းများကို ပိုမို ကောင်းမွန်သော အမျိုးအစားများဖြစ်အောင် အစဉ်အမြဲ ဆန်းသစ်တီထွင် သုတေသန ပြုနေရသည်။
ရင်းနှီးမြုပ်နှံ့မှုပိုမိုပြုလုပ်နိုင်အောင်
မြန်မာနိုင်ငံသည် စိုက်ပျိုးရေးနိုင်ငံဖြစ်၍ စိုက်ပျိုးရေးကဏ္ဍအမျိုးမျိုးတို့တွင် ဈေးကွက်ဝင်သော၊ အရည်အသွေးမြင့်မားသော စိုက်ပျိုးရေး ထုတ်ကုန်များ ထုတ်လုပ်နိုင်အောင် စိုက်ပျိုးရေး သုတေသနကို တိုးတက်မြှင့်တင်နိုင်ရေး ရင်းနှီး မြှုပ်နှံမှု ပိုမိုပြုလုပ်နိုင်အောင် ကြိုးစားရမည်ဖြစ် သည်။ မျက်မှောက်ကာလတွင် နိုင်ငံများအနေဖြင့် စားနပ်ရိက္ခာဘက်တွင် ပိုမိုလိုအပ်နေသော အချိန်၌ စိုက်ပျိုးရေးကဏ္ဍတွင် ပိုမိုသုတေသနပြုလုပ်ခြင်းဖြင့် စီးပွားရေးနှင့် အခွင့်အလမ်း ကောင်းများကို ရှာဖွေယူရမည်ဖြစ်သည်။ ပိုမိုကောင်းမွန်သော မျိုးစေ့အသစ်များ၊ မြေဩဇာ အသစ်များ၊ စိုက်ပျိုးရေးနည်းလမ်းအသစ်များ ပေါ်ပေါက်လာရေး အစရှိသည်တို့သည် သုတေသန ပြုလေ့လာစမ်းသပ် ဖော်ထုတ်မှုများ ပြုလုပ်မှသာ အလားအလာကောင်းများ ရရှိမည်ဖြစ်သည်။
ကမ္ဘာ့နိုင်ငံများသည် ကဏ္ဍအသီးသီးတွင် အစဉ်ခေတ်မီ တိုးတက်နေစေရန်အတွက် သုတေသန လုပ်ငန်းများကို အပြိုင်အဆိုင်လုပ်ကိုင်နေ ကြသည်။ ပညာရေး၊ ကျန်းမာရေး၊ သိပ္ပံနည်းပညာ နှင့် စစ်ရေးတို့တွင်ပါ အစဉ်အမြဲ တီထွင်ဖန်တီး နေကြသည်။ နည်းပညာအသာစီးရအောင် သုတေသနပြု တီထွင်ထုတ်လုပ်မှု ပြုလုပ်နိုင်သော နိုင်ငံများသည် တစ်ပန်းသာစမြဲဖြစ်သည်။ ပြည်သူ များအတွက်မူ လူမှုစီးပွားဖွံ့ဖြိုးရေးသည် အစဉ်အရေးကြီးနေသဖြင့် ကမ္ဘာပေါ်ရှိ သက်ရှိများ အားလုံးနေထိုင်ရာ လောကကြီးတစ်ခုလုံးအတွက် သုတေသနလုပ်ငန်းများကို အဆက်မပြတ် လုပ်ဆောင်နေကြရမည်ဖြစ်သည်။
အစဉ်သုတေသနပြုနေရမည်
ကျောင်းသူ ကျောင်းသားလူငယ်များ၏ အတွေးအခေါ်များ ဖွံ့ဖြိုးတိုးတက်လာရေးအတွက် ပညာရေးကဏ္ဍကို အစဉ်သုတေသန ပြုနေရမည်ဖြစ်သည်။ ယနေ့ကမ္ဘာပေါ်ရှိ ပြည်သူများ လိုအပ်ချက်မြင့်မားလာသော လူ့အသုံးအဆောင် ပစ္စည်းများ၊ စားနပ်ရိက္ခာများပါ ခေတ်မီဖွံ့ဖြိုး လာရေးကို သုတေသန ပြုနေရမည်ဖြစ်သည်။ ကမ္ဘာကြီးတွင် ရောဂါအသစ်အဆန်းများ မကြာခဏ ပေါ်ပေါက်နိုင်လာသောကြောင့် အစွမ်းထက် ထိရောက်သော ဆေးနှင့် ဆေးပစ္စည်း များ အလျင်အမြန် ပေါ်ပေါက်လာရေးကို ဆေးသုတေသနပြု နေရမည်ဖြစ်သည်။ ရာသီဥတု ပြောင်းလဲမှုကြောင့် ကြုံတွေ့နေရသော သဘာဝဘေးဒဏ်များအား ရင်ဆိုင်ဖြေရှင်းနိုင်ရေး နည်းလမ်းများကိုလည်း ရှာဖွေသုတေသနပြုနေရမည်ဖြစ်သည်။
ကမ္ဘာလောကကြီး သက်ရှိအားလုံး အကျိုးပြုလို့ ခေတ်မီဖွံ့ဖြိုးတိုးတက်လာရေး၊ လူသား အားလုံး အသက်ရှင်သန် နေထိုင်ဖွံ့ဖြိုးရေးအတွက် သက်ရှိလောကဖွံ့ဖြိုးမှု၊ သဘာဝပတ်ဝန်း ကျင်ဖွံ့ဖြိုးမှု သုတေသနလုပ်ငန်းများကို အဆက်မပြတ် ကြိုးပမ်းလုပ်ဆောင် နေကြရမည် ဖြစ်သည်။ သုတေသနလုပ်ငန်းများ ထိရောက်အောင်မြင်အောင် လုပ်ဆောင်ရာတွင် သုတေသန ပညာရှင်များ၊ နိုင်ငံတော်အစိုးရနှင့် ပြည်သူများအားလုံး တက်ညီလက်ညီ ပူးပေါင်းပါဝင် ဆောင်ရွက်ကြပါလျှင် မြန်မာနိုင်ငံ၏ ပညာရေး၊ ကျန်းမာရေး၊ လူမှုရေးနှင့် စီးပွားရေး စသည့် ကဏ္ဍများ ဖွံ့ဖြိုးတိုးတက်လာမည်မှာနဲ့ သေချာပါသည်။
မြန်မာလူမျိုးများ၊ မြန်မာလူသားအရင်းအမြစ်များမှာ ဉာဏ်ရည်မြင့်မားကြသူများ ဖြစ်ပါသည်။ အတွေးအခေါ် မြင့်မားကြသူများ ဖြစ်ပါသည်။ ရရှိလာမည့် အခွင့်အရေးများကို အသုံးချ၍ နယ်ပယ်ကဏ္ဍ အသီးသီးတွင် သုတေသနမှ ဖွံ့ဖြိုးရေး၊ ဖွံ့ဖြိုးရေးမှ သုတေသနလုပ်ငန်းများကို တက်ညီလက်ညီပြုလုပ်ကြရမည်ဖြစ်ပါကြောင်း။
ကိုလူလှ