သတင်းမီဒီယာကောင်စီ(သို့မဟုတ်)လွတ်လပ်သည့် တစ်ခုတည်းသော မီဒီယာအဖွဲ့အစည်း
မြန်မာနိုင်ငံမှာ သတင်းမီဒီယာကောင်စီကို ဥပဒေဖြင့် စတင်ဖွဲ့စည်းဖို့အတွက် ပြန်ကြားရေး ဝန်ကြီးဌာနနဲ့ စာနယ်ဇင်းကောင်စီ(ယာယီ)တို့အကြား ပူးပေါင်းဆောင်ရွက်ခဲ့ကြတာကို ပြန်ပြောင်းသတိရမိတဲ့အတွက် ဒီဆောင်းပါးကို ရေးဖြစ်ခဲ့ပါတယ်။
ကျွန်မ ပြန်ကြားရေးဝန်ကြီးဌာနကို ပြောင်းရွှေ့ တာဝန်ထမ်းဆောင်စဉ်အချိန် ၂၀၁၂ ခုနှစ် လောက်မှာ မြန်မာနိုင်ငံရဲ့ မီဒီယာဖွံ့ဖြိုးရေးနဲ့ ပတ်သက်ပြီး ဆောင်ရွက်ဖို့ ပြန်ကြားရေးဝန်ကြီး ဌာနနဲ့ စာနယ်ဇင်းလောကမှပုဂ္ဂိုလ်များ ညှိနှိုင်းကာ စာနယ်ဇင်းကောင်စီ(ယာယီ)ကို ဖွဲ့စည်းခဲ့ တယ်လို့ သိရပါတယ်။ အဲဒီနောက် -
(က) နိုင်ငံတော်ဖွဲ့စည်းပုံအခြေခံဥပဒေပါ ပြဋ္ဌာန်းချက်နှင့်အညီ နိုင်ငံသားတိုင်း လွတ်လပ်စွာ ရေးသားထုတ်ဝေဖြန့်ချိခွင့်ရှိသည့် သတင်းမီဒီယာလုပ်ငန်းများ ဖြစ်ပေါ်စေရန်၊
(ခ) သတင်းမီဒီယာလုပ်ငန်းသည် စတုတ္ထမဏ္ဍိုင်အဖြစ် ပီပြင်စွာရပ်တည်နိုင်စေရန်၊
(ဂ) သတင်းမီဒီယာများ၏ ရပိုင်ခွင့်နှင့်လွတ်လပ်ခွင့်များ အပြည့်အဝရရှိစေရန်၊
(ဃ) သတင်းမီဒီယာသမားများ လိုက်နာရမည့် တာဝန်၊ ကျင့်ဝတ်၊ စည်းကမ်းနှင့် ကျင့်စဉ် များကို ဆိုင်ရာလုပ်ငန်း၊ အဖွဲ့အစည်းများအတွင်း သတ်မှတ်ရေးဆွဲရန်၊
(င) နိုင်ငံသားတိုင်း၏ သတင်းသိပိုင်ခွင့်ကို ဖြည့်ဆည်းပေးရန်၊
(စ) သတင်းမီဒီယာတစ်ခုခုတွင် ရေးသားဖော်ပြ ထုတ်လွှင့်မှုတစ်ရပ်ရပ်နှင့် စပ်လျဉ်း၍ တစ်စုံတစ်ယောက်၏ တိုင်ကြားချက်၊ အငြင်းပွားချက်များကို နှစ်ဖက်ညှိနှိုင်း ဖြေရှင်းသော နည်းလမ်းဖြင့် ကျေအေးပြေငြိမ်းစေရန်ဆိုတဲ့ ရည်ရွယ်ချက် ကောင်းတွေကို အကောင်ထည်ဖော် ဆောင်ရွက်ပေးနိုင်မည့် သတင်းမီဒီယာကောင်စီတစ်ခု ပေါ်ပေါက်လာစေဖို့ သတင်းမီဒီယာ ဥပဒေကြမ်းကို ပြန်ကြားရေးဝန်ကြီးဌာနနဲ့ စာနယ်ဇင်းကောင်စီ(ယာယီ)တို့အကြား ဆွေးနွေး ညှိနှိုင်းရေးဆွဲခဲ့ကြပါတယ်။
ကျွန်မအနေနဲ့ ပြန်ကြားရေးဝန်ကြီးဌာနကိုယ်စား ဥပဒေကြမ်းကို ရေးဆွဲရေးမှာ ထဲထဲဝင်ဝင် ပါဝင်ခဲ့သူဖြစ်တာမို့ သတင်းမီဒီယာကောင်စီတစ်ခု ပေါ်ပေါက်လာရေးအတွက် ဥပဒေကြမ်း ရေးဆွဲသူများအနေနဲ့ ဘယ်လောက် အားစိုက် ကြိုးပမ်းခဲ့ရသလဲဆိုတာ ယခုအချိန်အထိ အမှတ် ရနေဆဲ ဖြစ်ပါတယ်။ အချင်းချင်း ငြင်းခုံကာ အဖြေရှာ ညှိနှိုင်းခဲ့တာတွေ၊ နံနက် ၃ နာရီလောက် အထိ အလုပ်လုပ်ခဲ့ရတာတွေ၊ နိုင်ငံတကာရှိ သတင်းမီဒီယာကောင်စီတို့ရဲ့ သဘောသဘာဝ၊ တာဝန်၊ လုပ်ပိုင်ခွင့်၊ ရပိုင်ခွင့်၊ ဘဏ္ဍာရေး၊ လွတ်လပ်မှု၊ ကောင်စီဝင်များကို ရွေးချယ်မှုပုံစံ၊ မိမိနိုင်ငံနဲ့ သင့်တော်မှုရှိမယ့်အခြေအနေ၊ သတင်းသမားများ စောင့်စည်းအပ်တဲ့တာဝန်၊ ကျင့်ဝတ်နဲ့ ရပိုင်ခွင့် အစရှိတာတွေကိုလေ့လာကာ နိုင်ငံတကာအဆင့်မီ ဥပဒေတစ်ခု ထွက်လာစေဖို့ အချိန်များစွာပေးပြီး လေ့လာခဲ့ရပါတယ်။ ပြန်ကြားရေးဝန်ကြီးဌာနနဲ့ စာနယ်ဇင်း ကောင်စီ(ယာယီ)တို့အကြား ဆွေးနွေးမှုအကြိမ်ကြိမ် ပြုလုပ်ကာ ၂၀၁၄ ခုနှစ် မတ်လတွင် သတင်းမီဒီယာဥပဒေကို ပြဋ္ဌာန်းနိုင်ခဲ့ပါတယ်။
ဥပဒေပြဋ္ဌာန်းပြီးနောက် မီဒီယာကဏ္ဍဖွံ့ဖြိုးရေးနဲ့ ပြည်သူ့အကျိုးပြုစေဖို့ သတင်းမီဒီယာ ကောင်စီ ဖွဲ့စည်းရေးကို ဆက်လက်ဆောင်ရွက်ကြရပါတယ်။
ဒီဥပဒေအရ သတင်းမီဒီယာကောင်စီ ရွေးချယ်တင်မြှောက်ရေးအဖွဲ့ ဖွဲ့စည်းရာတွင် အဖွဲ့ဝင်များ ၏ ရွေးချယ်မှုကြောင့် အတွင်းရေးမှူးအဖြစ် ကျွန်မဆောင်ရွက်ခဲ့ရပါတယ်။ ကျွန်မတို့ရဲ့ သတင်းမီဒီယာကောင်စီ ရွေးချယ်တင်မြှောက်ရေးအဖွဲ့နဲ့ စာနယ်ဇင်းကောင်စီ(ယာယီ) တို့အကြား သတင်းမီဒီယာကောင်စီဝင်များကို ရွေးချယ်တင်မြှောက်မယ့်ပုံစံနဲ့ နည်းလမ်း များကို အကျေအလည် ဆွေးနွေးကြပြီးနောက် မူကြမ်းကို ပြန်ကြားရေးဝန်ကြီးဌာနကို တင်ပြပြီး ဝန်ကြီးဌာနမှ အမိန့်ညွှန်ကြားချက်ထုတ်ပြန်ပေးခဲ့ပါတယ်။
အဲဒီနောက်မှာ ရွေးချယ်တင်မြှောက်ရေးအဖွဲ့က ကောင်စီဝင်လောင်း အဆိုပြုလွှာကို တောင်းခံကြပြီး သတ်မှတ်စည်းမျဉ်းများနဲ့ ကိုက်ညီမှု ရှိ၊ မရှိကို ရွေးချယ်တင်မြှောက်ရေး အဖွဲ့က စိစစ်လို့ ကိုက်ညီသူ များစာရင်းကို ထုတ်ပြန်ပေးရပြီး ဥပဒေနဲ့အညီ ရွေးချယ်ပွဲကို ကျင်းပပေး ရပါတယ်။ သတင်းမီဒီယာ ကောင်စီဝင်များအဖြစ် ရွေးချယ်ခံရသူများစာရင်းကို ပြန်ကြားရေး ဝန်ကြီးဌာနမှတစ်ဆင့် နိုင်ငံတော်သမ္မတရုံးသို့ တင်ပြရပါတယ်။
နိုင်ငံတော်သမ္မတက အမိန့်ကြော်ငြစာ ထုတ်ပြန်ပြီးနောက် နည်းဥပဒေ(၁၄)အရ သမ္မတရှေ့မှောက်တွင် ကတိသစ္စာ ပြုကြရပါတယ်။ ဒီလိုနဲ့ သတင်းမီဒီယာဥပဒေ ပုဒ်မ ၁၂ အရ “ကောင်စီသည် စာနယ်ဇင်းသမား များနှင့် စပ်လျဉ်း၍ ဤဥပဒေပါ ပြဋ္ဌာန်းချက်များနှင့် အညီ လွတ်လပ်စွာဆောင်ရွက်နိုင်သည့် တစ်ခုတည်းသော အဖွဲ့အစည်းဖြစ်သည်” ဟူသည့် မြန်မာနိုင်ငံရဲ့ ပထမဦးဆုံးသော သတင်းမီဒီယာကောင်စီကို အဘဦးခင်မောင်လေး ဦးဖိုးသောကြာ(ယခုကွယ်လွန်) ဥက္ကဋ္ဌအဖြစ် ဦးဆောင်သော ကောင်စီကို ၂၀၁၅ ခုနှစ် နိုဝင်ဘာလတွင် အောင်မြင်စွာ ဖွဲ့စည်းနိုင်ခဲ့ပါတယ်။
ပေးအပ်တဲ့တာဝန်များကို သက်တမ်းသုံးနှစ်ကြာ ကျေပွန်စွာ ဆောင်ရွက်ကြပြီးနောက် ဒုတိယ အကြိမ် သတင်းမီဒီယာကောင်စီအသစ်ရွေးချယ်ဖို့ အချိန်ကျရောက်တဲ့အခါ သတင်းမီဒီယာ ကောင်စီ ရွေးချယ်တင်မြှောက်ရေးအဖွဲ့အသစ်ကို ဖွဲ့စည်းပြီး ဥပဒေနဲ့အညီ ယခင်အတိုင်း ဆောင်ရွက်ကြရပါတယ်။ ကျွန်မတို့အဖွဲ့က ဒုတိယအကြိမ် သတင်းမီဒီယာကောင်စီဝင်များ စာရင်းကို ၂၀၁၈ ခုနှစ် စက်တင်ဘာလ ၂ ရက်နေ့မှာ ကြေညာခဲ့ပါတယ်။ ဒုတိယအကြိမ် သတင်း မီဒီယာကောင်စီမှာ ဥက္ကဋ္ဌအဖြစ် ဦးဆောင်သူကတော့ အဘဦးအုန်းကြိုင် (ဟံသာဝတီ) (ယခုကွယ်လွန်) ဖြစ်ပါတယ်။
သတင်းမီဒီယာကောင်စီဝင်များ ဖြစ်လာသူများ ကိုကြည့်ရင် သတင်းမီဒီယာသမားများ၊ သတင်း အေဂျင်စီများ၊ ပုံနှိပ်ထုတ်ဝေသူများ၊ စာရေးဆရာများ၊ကဗျာဆရာများ၊ ကာတွန်းရုပ်ပြ ဆရာများ၊ လူမှုရေး၊ စီးပွားရေး၊ စာပေယဉ်ကျေးမှု၊ ဥပဒေရေးရာ၊ သိပ္ပံနဲ့ နည်းပညာဆိုင်ရာ အသိပညာရှင်နဲ့ အတတ်ပညာရှင် အသင်းအဖွဲ့များ၊ သမ္မတနဲ့ လွတ်တော်နှစ်ရပ်မှ ရွေးချယ် ပေးပို့သည့်သူများ၊ တစ်သီးပုဂ္ဂလ ပါဝင်ရွေးချယ်ခံအနိုင်ရသူများနဲ့ မိမိတို့ဆိုင်ရာ အသင်းများ မှာ ယှဉ်ပြိုင်အောင်မြင်ပြီးမှ ရွေးချယ်တင်မြှောက်ရေးအဖွဲ့က ကျင်းပတဲ့ ရွေးချယ်ပွဲမှာ ထပ်မံ ယှဉ်ပြိုင်၍ အနိုင်ရလို့ ကောင်စီဝင်များ ဖြစ်လာကြတဲ့သူများ ပါဝင်တာတွေ့ရပါတယ်။ တင်ပြချင်တာက ကောင်စီဝင် ဖြစ်လာသူများအနေနဲ့ အလွယ်တကူ ဖြစ်လာကြသူများ မဟုတ်ကြပါ။ သူတို့ရဲ့ ဆိုင်ရာကဏ္ဍတွေမှာ နာမည်သတင်းရှိသူများဖြစ်တာ တွေ့ရပါတယ်။
ကောင်စီဝင်များ ဖြစ်လာပြီးနောက်တွင်လည်း သတင်းမီဒီယာဥပဒေ ပုဒ်မ(၁၇)ပါ ပြဋ္ဌာန်းချက် များဖြစ်တဲ့ ကောင်စီရဲ့ အောက်ပါတာဝန်များကို ဆောင်ရွက်ကြရပါတယ်-
(က) သတင်းမီဒီယာ ကို စောင့်ကြည့်ခြင်းနှင့် အရည်အသွေးမြှင့်တင်ပေးခြင်း၊
(ခ) သတင်းမီဒီယာ လုပ်ငန်းသုံးပစ္စည်းများ ပြည်ပမှတင်သွင်းရာတွင် အဆင်ပြေချောမွေ့ စေရေးအတွက် သက်ဆိုင်ရာ အစိုးရဌာနများနှင့် ညှိနှိုင်းခြင်း၊
(ဂ) သတင်းမီဒီယာဆိုင်ရာ အလုပ်ရုံဆွေးနွေးပွဲများ၊ ဟောပြောပွဲများ ကျင်းပစီစဉ်ခြင်း၊
(ဃ) သတင်းဆိုင်ရာ ထူးချွန်သူများကို ဆုချီးမြှင့်ရေးအတွက် စာနယ်ဇင်းအဖွဲ့အစည်းများနှင့် ညှိနှိုင်း ဆောင်ရွက်ခြင်း၊
င) သတင်းမီဒီယာလုပ်ငန်းတိုးတက်ရေးအတွက် စီမံချက်များ ရေးဆွဲဆောင်ရွက်ခြင်း၊
(စ) လိုအပ်သည့်အချိန်တိုင်း သတင်းထုတ်ပြန်ခြင်း၊
(ဆ) ပြည်သူများ သတင်းမှန်သိခွင့်ရရှိရေးအတွက် အစိုးရဌာန၊ အစိုးရအဖွဲ့အစည်း၊ လူထု အခြေပြုအဖွဲ့ အစည်းများတွင် သတင်းထုတ်ပြန်ရေးတာဝန်ခံတစ်ဦး သတ်မှတ်ထားရှိရေး အတွက် ကောင်စီက ညှိနှိုင်းဆောင်ရွက်ခြင်း၊
(ဇ) မိမိလုပ်ငန်းဆောင်ရွက်မှု အခြေအနေနှင့် ရှေ့လုပ်ငန်းစဉ်များကို နိုင်ငံတော်သမ္မတထံ တစ်နှစ် လျှင်တစ်ကြိမ် မပျက်မကွက် အစီရင်ခံခြင်းတို့ကို ဆောင်ရွက်ကြပါတယ်။
ဒါ့အပြင် ပုဒ်မ(၁၈)အရ ကောင်စီရဲ့ လုပ်ငန်းတာဝန်များကို ဆောင်ရွက်ရာမှာ လိုအပ်တဲ့ ကော်မတီများကို ဖွဲ့စည်းကာ လုပ်ငန်းတာဝန်တွေ သတ်မှတ်ပြီး ဆောင်ရွက်မှုများလည်း ရှိပါတယ်။ သာဓကအားဖြင့် ဒီဥပဒေပြဋ္ဌာန်းရခြင်း ရည်ရွယ်ချက် တစ်ခုဖြစ်တဲ့ သတင်းမီဒီယာ တစ်ခုခုတွင် ရေးသားဖော်ပြ ထုတ်လွှင့်မှုတစ်ရပ်ရပ်နှင့်စပ်လျဉ်း၍ တစ်စုံတစ်ယောက်၏ တိုင်ကြားချက်၊ အငြင်းပွားချက်များကို နှစ်ဖက်ညှိနှိုင်းဖြေရှင်းသော နည်းလမ်းဖြင့် ကျေအေး ပြေငြိမ်းစေရန် အငြင်းပွားမှုနှင့် တိုင်ကြားမှုများ ညှိနှိုင်းဖြေရှင်းမှုကော်မတီ (Complaint committee)ကို ဖွဲ့စည်းကာ ဆောင်ရွက်ပေးပါတယ်။ ဒီလိုဆောင်ရွက် ပေးတဲ့အတွက် ၂၀၁၈ ခုနှစ် အောက်တိုဘာလမှ ၂၀၂၀ ပြည့်နှစ် မတ်လ ၃၁ ရက်အထိ တိုင်ကြားမှု ၁၆၂ ခုကို လက်ခံရရှိခဲ့ပါတယ်။ ၎င်းတို့အနက် ဖြစ်စဉ်ပေါင်း ၃၈ ခုကို ဖြေရှင်းပေး နိုင်ခဲ့ကာ တိုင်ကြားမှု ၁၀ ခုမှာ ပြန်လည်ရုပ်သိမ်း ခဲ့ပါတယ်။ အထူးသဖြင့် တရားစွဲဆိုထားပြီးဖြစ်တဲ့ အမှုလေးခု ကိုလည်း အငြင်းပွားမှုနှင့် တိုင်ကြားမှုများ ညှိနှိုင်းဖြေရှင်းမှုကော်မတီက ပြေလည်အောင် ဖြေရှင်းပေးနိုင်ခဲ့ပါတယ်။
ဒီဖြစ်စဉ်တွေကတော့ ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့က Eleven Media Group ကို တရားရုံး မှာ တရားစွဲဆိုခဲ့တဲ့အမှုကို သတင်းမီဒီယာကောင်စီက နှစ်ဖက်တွေ့ဆုံ ညှိနှိုင်းပေးခဲ့လို့ နှစ်ဖက်ကျေအေးကာ အမှုပြန်လည် ရုပ်သိမ်းခဲ့ကြပါတယ်။ ကျန်သုံးမှုက တပ်မတော်က RFA သတင်းဌာန၊ DVB သတင်းဌာန၊ Eleven Media Group သတင်းဌာနနှင့် ကန္တရဝတီတိုင်းမ် သတင်းဌာနတို့ကို တရားရုံးတွင် တရားစွဲဆိုထားမှုများကို သတင်းမီဒီယာကောင်စီမှ ကြားဝင်ညှိနှိုင်း ဆောင်ရွက်ပေးခဲ့လို့ ပြေလည်သွားခဲ့ပါတယ်။ (၃၇) acepos Universal Periodical Review (UPR) လုပ်ငန်း အဖွဲ့အစည်းအဝေးတွင် မြန်မာနိုင်ငံ၏ UPR အစီရင်ခံစာ အပေါ် သုံးသပ်မှုကို ၂၅.၁.၂၀၂၁ ရက်နေ့ ဂျီနီဗာတွင် ကျင်းပပြုလုပ်ခဲ့ရာ ပြန်ကြားရေး ဝန်ကြီးဌာန ကိုယ်စားလှယ်အဖြစ်ကျွန်မက ဖြေကြားရာတွင် သတင်းမီယာကောင်စီ၏ ဆောင်ရွက်နိုင်ခဲ့မှုများကို ထည့်သွင်းဆွေးနွေး တင်ပြခဲ့ပါတယ်။
သတင်းမီဒီယာကောင်စီက အခြားပြည်တွင်း၊ ပြည်ပမီဒီယာဖွံ့ဖြိုးရေး ဆောင်ရွက်တဲ့ အဖွဲ့အစည်းများနဲ့ ပူးပေါင်းပြီး သင်တန်းများ၊ သတင်းသမားများအတွက် မီဒီယာကျင့်ဝတ်၊ ရွေးကောက်ပွဲဆိုင်ရာ သတင်းရေးသားတင်ပြရာမှာ လိုက်နာသင့်တဲ့ ကျင့်ဝတ် အစရှိတဲ့ မီဒီယာဆိုင်ရာ ကျင့်ဝတ် စည်းကမ်းလိုက်နာစေရန်နဲ့ အတတ်ပညာများ တိုးပွားလာစေရန် ဆောင်ရွက်ပေးပါတယ်။ ပြန်ကြားရေးဝန်ကြီးဌာနနဲ့ ပူးပေါင်းကာ မဏ္ဍိုင်ကြီးလေးရပ် တွေ့ဆုံပွဲများကို ကျင်းပကာ သတင်းမှန်များကို အချိန်နဲ့တစ်ပြေးညီ ရယူထုတ်ပြန်နိုင်ရန် အတွက် ညှိနှိုင်းအဖြေရှာခဲ့ကြလို့ တိုးတက်မှုများလည်း ရှိခဲ့ပါတယ်။ မီဒီယာကဏ္ဍ တိုးတက်ရန် ရည်ရွယ်ပြီး မြန်မာ့တပ်မတော်နဲ့ သတင်းမီဒီယာကောင်စီအကြား ဆွေးနွေးတွေ့ဆုံမှုများ ကိုလည်း ဆောင်ရွက်နိုင်ခဲ့ကြတာကိုလည်း တွေ့ရှိရပါတယ်။
သတင်းမီဒီယာ ဖွံ့ဖြိုးတိုးတက်စေဖို့ ကောင်စီဝင်များအနေနဲ့ ဥရောပနိုင်ငံများနှင့် အာရှဒေသ နိုင်ငံများသို့ လေ့လာရေးသွားရောက်မှုများလည်း ပြုလုပ်ကြပါတယ်။ မှတ်မှတ်ရရ ၂၀၁၉ ခုနှစ်က ကောင်စီဥက္ကဋ္ဌကြီး အဘဦးအုန်းကြိုင်က ဥရောပသုံးနိုင်ငံ မီဒီယာလေ့လာရေး ခရီးစဉ်တွင် ကိုယ်စားလှယ်အဖွဲ့၏ အတွင်းရေးမှူးအဖြစ်လိုက်ပါရန် ကျွန်မကို ဖိတ်ခေါ် ခဲ့ပါတယ်။ အကြောင်းအမျိုးမျိုးကြောင့် ကျွန်မ မလိုက်ဖြစ်ခဲ့သော်လည်း သတင်းမီဒီယာ ကောင်စီနဲ့ ပြန်ကြားရေးဝန်ကြီးဌာနအကြား အပြန်အလှန်လေးစားမှုနဲ့ တန်ဖိုးထားမှုဆိုတဲ့ အငွေ့အသက်ကို ကျွန်မ အမှတ်ရတန်ဖိုးထားဆဲပါ။ ကောင်စီဝင်/ကောင်စီဝင်ဟောင်းအချို့ ကို ပြန်ကြားရေးဝန်ကြီးဌာနမှာ ပြည်ထောင်စုဝန်ကြီးအဖြစ် တာဝန်အပ်နှင်းခံရသူ နှစ်ဦးနဲ့ ဒုတိယ ဝန်ကြီး/ဒုတိယဝန်ကြီးနှင့် အဆင့်တူ ရာထူးများကို တာဝန်အပ်နှင်းခံရသူ နှစ်ဦးရှိခဲ့ပြီး ဖြစ်ပါတယ်။
အချုပ်အားဖြင့် တင်ပြရလျှင် မြန်မာနိုင်ငံရဲ့ မီဒီယာကဏ္ဍကို ဟန်ချက်ညီညီ ဖွံ့ဖြိုးတိုးတက်မှု ရရှိစေရန် ဌာနဆိုင်ရာများ၊ ပြည်တွင်း၊ ပြည်ပရှိ မီဒီယာဆိုင်ရာ အဖွဲ့အစည်းတွေနဲ့ ပူးပေါင်း ဆောင်ရွက်နေတဲ့ သတင်းမီဒီယာကောင်စီဝင်များရဲ့ တာဝန်တွေဟာ များပြားသလို၊ ဒီတာဝန်တွေကို လစာမယူဘဲ စိတ်စေတနာ သန့်သန့်နဲ့ ဆောင်ရွက်နေကြသူများဖြစ်ကြလို့ လေးစားတန်ဖိုး ထားထိုက်သူများလည်း ဖြစ်ကြပါတယ်။ ဘယ်လိုအခြေအနေ အချိန်အခါ မျိုးမှာပဲဖြစ်ဖြစ် သတင်းမီဒီယာသမားတွေနဲ့ ပြည်သူတွေအကြား၊ သတင်းမီဒီယာသမားတွေနဲ့ တာဝန်ရှိအဖွဲ့အစည်းတွေအကြား ဆက်သွယ်ပေါင်းကူး ညှိနှိုင်းပေးသူအဖြစ်နဲ့ သတင်းမီဒီယာ ကောင်စီရဲ့ အသုံးဝင်အားထားရမှုတန်ဖိုးအား အမြဲအရေးပါနေမှာဖြစ်ကြောင်း တင်ပြလိုက် ရပါတယ်။
ဒေါ်တာသီတာတင်