ကိုဗစ်ကာကွယ်ဆေးထိုးပြီးရင် စိတ်ချလက်ချနေလို့ရပြီလား
ကိုရိုနာဗိုင်းရပ်စ် ကိုဗစ်-၁၉ ရောဂါကို ဖြစ်စေသော ကိုရိုနာဗိုင်းရပ်စ် (Coronavirus) သည် သက်ရှိအော်ဂဲနစ်ပစ္စည်းမဟုတ်ဘဲ အဆီလွှာဖုံးလွှမ်းနေသော ပရိုတင်းမော်လီကျူးသာလျှင်ဖြစ် သည်။ လူတို့၏ မျက်ရည်၊ နှာရည်နှင့် ချွဲသလိပ်တို့တွင်ပါရှိသော ဆဲလ်များတွင် တွယ် ကပ်လိုက်မှသာလျှင် လူကိုဒုက္ခပေးနိုင်အောင် မျိုးဗီဇပြောင်းခြင်းနှင့် မျိုးပွားခြင်းများ ဖြစ် လာသည်။
ထို့ကြောင့်ပင် ကိုရိုနာဗိုင်းရပ်စ်ပိုး ကူးစက်ခံထားရခြင်း ရှိ/မရှိကို စစ်ဆေးရာတွင် နှာခေါင်းတို့ဖတ်နှင့် အာခေါင်တို့ဖတ်တို့ကို ဓာတ်ခွဲ၍ ကြည့်ရှူရခြင်း ဖြစ်သည်။ ကိုရိုနာ ဗိုင်းရပ်စ်သည် ဗက်တီးရီးယားမဟုတ်သဖြင့် ဗက်တီးရီးယားကို ဖြိုခွင်းနိုင်သော ပဋိဇီဝဆေးများသည် ကိုရိုနာဗိုင်းရပ်စ်ကို မဖြိုခွင်း နိုင်ပေ။
ဗိုင်းရပ်စ်ကို ပျက်စီးစေခြင်း
ကိုရိုနာဗိုင်းရပ်စ်သည် ပရိုတင်းမော်လီကျူးသာ ဖြစ်သောကြောင့် အချိန်တန်လျှင် သဘာဝအလျောက် ဆွေးမြည့်ပျက်စီးသွားမည် ဖြစ်သည်။ ကိုရိုနာဗိုင်းရပ်စ်ပြိုကွဲပျက်စီးရန် ကြာမြင့်ချိန်မှာ အပူချိန်၊ စိုထိုင်းဆနှင့် တွယ်ငြိရာ မျက်နှာပြင်၏ အမျိုးအစားတို့အပေါ် မူတည်လျက် ကွဲပြားခြားနားသည်။ သာမန်အခန်းအပူချိန်၌ ကြေးနီနှင့် သစ်သား မျက်နှာပြင်များပေါ်တွင် အများဆုံး လေးနာရီအထိ၊ ကတ်ထူအပေါ်တွင် ၂၄ နာရီအထိ။ သတ္တုမျက်နှာပြင်ပေါ်တွင် ၄၂ နာရီအထိ။ ပလတ်စတစ်ပေါ်တွင် ၇၂ နာရီအထိ ရှင်သန်နိုင်သည်။
ကိုရိုနာဗိုင်းရပ်စ်သည် အလွန်နုနယ်ပြီး ၎င်း၏ အကာအကွယ်မှာ အပေါ်ယံရှိ အဆီလွှာ ကလေးသာလျှင် ဖြစ်သောကြောင့် ၎င်းကိုတိုက်ဖျက်ချေမှုန်းရန် အကောင်းဆုံး ပစ္စည်းများမှာ ဆပ်ပြာ၊ ပိုးသတ်ဆေးနှင့် ခရမ်းလွန် ရောင်ခြည်တို့ပင် ဖြစ်သည်။ ဆပ်ပြာအမြှုပ်များက စက္ကန့် ၂၀ အတွင်းမှာပင် ဗိုင်းရပ်စ်၏ အဆီလွှာကို ဖြိုခွဲဖျက်ဆီးနိုင်သည်။ ထို့ကြောင့်ပင် လက်ကိုဆပ်ပြာဖြင့် ဆေးကြောရာတွင် စက္ကန့် ၂၀ ပြည့်အောင် ပွတ်တိုက်ရန် လိုအပ်ခြင်း ဖြစ်သည်။
ဗိုင်းရပ်စ်ကူးစက်ပုံ
ကိုရိုနာဗိုင်းရပ်စ်သည် ၎င်းကိုယ်တိုင် သော်လည်းကောင်း၊ လေထဲ၌ပျံ့လွင့်နေသည့် အမှုန်အမွှားများ(Particles)တွင် တွယ်ကပ် ပြီးသော်လည်းကောင်းလေထဲ၌ စီးများသွားနိုင်ခြင်း မရှိသော်လည်း ဆဲလ်တစ်ခုခုကို တွယ်ကပ်ပြီး လေထဲ၌ လိုက်ပါစီးမျောနိုင်သည်။
ရောဂါပိုးရှိနေသူက နှာချေချောင်းဆိုးသည့်အခါ ထွက်ပေါ်လာသော နှာရည်နှင့် တံတွေး အစက်အမှုန်များအနက် အနည်းစုဖြစ်သော လေတက်လေးသည့် အစက်အမှုန်များက အောက်သို့ကျဆင်းသွားသော်လည်း အများစုဖြစ်သော လေထက်ပေါ့ပါးသည့် အစက်အမှုန်များကမူ အကွာအဝေးတစ်ခုအထိ လေထဲ၌ လွင့်မျောသွားရာတွင် ၎င်းအစက်အမှုန်များ၏ ဆဲလ်များ၌ ကိုရိုနာဗိုင်းရပ်စ်များက တွယ်ကပ်လိုက်ပါ စီးမျောသွားခြင်းဖြင့် ရောဂါကို ထပ်ဆင့် ကူးစက်စေ နိုင်သည်။
တရုတ်နိုင်ငံတွင် ကိုဗစ်-၁၉ ကူးစက်မှု ဖြစ်နေသူတစ်ဦးက စားပွဲဝိုင်းတစ်ခုတည်း၌ အတူစားသောက်နေသူ လေးဦးကို ရောဂါ ကူးစက်စေခဲ့ရုံမျှမက မျက်နှာချင်းဆိုင်စားပွဲ၌ စားသောက်နေသူတစ်ဦးကိုပါ ရောဂါကူးစက် စေခဲ့သည်။ သို့ရာတွင် ၎င်းနှင့် ကျောချင်းကပ်၍ စားသောက်နေသော အခြားစားပွဲဝိုင်း တစ်ခုရှိ တစ်ယောက်တလေကိုမျှ ကူးစက်စေခဲ့ခြင်း မရှိပေ။
အကြောင်းရင်းမှာကား ၎င်းစားသောက် ဆိုင်ထဲ၌ ဖွင့်ထားသော လေထုတ်ပန်ကာများ (Exhaust Fans) က ထုတ်လွှတ်နေသော လေစီးကြောင်းအရ လေညာတွင် ရှိနေသူကို ကူးစက်စေခဲ့ခြင်း ဖြစ်သည်။
အစာစားနေသော အချိန်သည် Mask နှင့် Face Shield ကို တပ်ဆင်မထားသော အချိန်ဖြစ်သည့်အပြင် စားသောက်သည့်အခါနှင့် စကားပြောသည့်အခါများ၌ ပါးစပ်မှ တံတွေး အစက်အမှုန်များစွာ ထွက်ပေါ်နေမည်ဖြစ်သည့်အတွက် မိသားစုထမင်းဝိုင်း ကဲ့သို့သော တစ်ဦးနှင့်တစ်ဦး နှစ်မီတာ (ခြောက်ပေခွဲ)မကွာသော အနေအထားတွင် စကားပြောရင်း စားသောက်ခြင်းက ကိုဗစ်၁၉ ရောဂါကူးစက်ရန် အခွင့်အလမ်းအများဆုံး ရှိနေသော အချိန်ဖြစ်သည်ကိုလည်း အထူးသတိပြုကြရန် လိုအပ်သည်။
ကိုဗစ်-၁၉ ကာကွယ်ဆေးများ
၂၀၁၉ ခုနှစ် နှောင်းပိုင်းမှစ၍ ၂၀၂၀ ပြည့်နှစ်ကုန်အထိ ကာလအတွင်း ကမ္ဘာ တစ်ဝန်း၌ ကူးစက်ပြန့်ပွားခဲ့သည့် ကိုရိုနာ ဗိုင်းရပ်စ် မျိုးဗီဇများ အားလုံးအတွက် အကျုံးဝင်သည့် ကာကွယ်ဆေး(COVID Vaccine) များကို ဆေးပညာဆိုင်ရာဘက်တွင် ထိပ်တန်းအဆင့်၌ရှိသည့် ကမ္ဘာ့နိုင်ငံအချို့က ထုတ်လုပ်လျက်ရှိနေကြပြီ ဖြစ်သလို အချို့ကလည်း စတင်ထုတ်လုပ်ရန် စိုင်းပြင်းနေ ကြပြီဖြစ်သည်။ တစ်ဖက်တွင်လည်း အချို့သော နိုင်ငံများတွင် ကိုဗစ် ကာကွယ်ဆေး များကို စတင်ထိုးနှံပေးလျက် ရှိနေပြီဖြစ်သည်။
လက်ရှိ ထုတ်လုပ်ထားကြသော ကိုဗစ် ကာကွယ်ဆေးများနှင့် ဆက်လက်ထုတ်လုပ်သွားကြမည့် ကိုဗစ် ကာကွယ်ဆေးများကို အလွန်နိမ့်သော အပူချိန် ကန့်သတ်ချက် တစ်ရပ်အတွင်း၌သာ သိုလှောင် ရွှေ့ပြောင်း သယ်ယူ/လားသိုကြရမည် ဖြစ်သည့်အတွက် ဖော်ပြပါ လုပ်ငန်းစဉ်များအနက် အဆင့်တစ်ခုခုတွင် အကြောင်းအမျိုးမျိုးကြောင့် အပူချိန်ကန့်သတ်ချက်ဘောင်ကို ကျော်လွန် သွားခဲ့မည်ဆိုလျှင် ဆေး၏ အာနိသင်ပျက် ပြယ်ပြီးဖြစ်သည့်အတွက် ကိုရိုနာဗိုင်းရပ်စ် ကူးစက်မှုမှ ကာကွယ်ပေးနိုင်မည် မဟုတ်သည်ကို အထူးသတိပြုကြရန်လိုအပ်သည်။
ကာကွယ်ဆေးထုတ်လုပ်မှု
ဗိုင်းရပ်စ်ပိုး ကူးစက်ခံရခြင်းမှ ကာကွယ်ပေးနိုင်မည့် ဆေးဝါးများကို ထုတ်လုပ်နိုင်ရန်အတွက် ဆေးသိပ္ပံဆိုင်ရာပြဋ္ဌာန်းကန့်သတ် ချက်များအတွင်းမှ ဖော်စပ်နည်းကို ရှာဖွေဖော်ထုတ်ခြင်းနှင့် စမ်းသပ်ထုတ်လုပ်ခြင်း၊ ကြွက်၊ ပူး၊ ယုန်၊ မျောက် စသော သတ္တဝါများဖြင့် စမ်းသပ်ခြင်း၊ ရောဂါမရှိသေးသော အစမ်းသပ်ခံ စေတနာရှင် လူသားများအား စမ်းသပ်ထိုးနှံခြင်း၊ ရောဂါရှိနေသူ အစမ်းသပ်ခံ လူနာများအား အုပ်စုခွဲ၍ စမ်းသပ်ထိုးနှံခြင်း အစရှိသော သုတေသန စမ်းသပ် ချက်များစွာကို ပြုလုပ်ပြီးမှ အကောင်းဆုံးသော သုတေသနရလဒ်ဖြစ်သည့် ဖော်မြူလာဖြင့် ထုတ်လုပ်ကြရသည်။
ကမ္ဘာ့ ကပ်ရောဂါဆိုးကြီးများထဲတွင် တစ်ခုအပါအဝင်ဖြစ်သည့် Corona Virus Disease 2019 (COVD-19)ကို ဖြစ်စေသော ကိုရိုနာဗိုင်းရပ်စ်သည် မျက်မှောက် ကမ္ဘာ့လူသားတို့၏ လက်လှမ်းမီသမျှသော အတွေ့အကြုံများအရ အပြောင်းအလဲအမြန်ဆန်ဆုံးနှင့် အထူးဆန်းဆုံးသော ဗိုင်းရပ်စ်ပိုးဟုပင် ဆိုရမည်ဖြစ်သည်။
နှောင်းအတိတ်ကာလများက ကမ္ဘာ့ကပ် ရောဂါများအဖြစ် နာမည်ဆိုးဖြင့် ကျော်ကြားခဲ့သော ပလိပ်ရောဂါ၊ ကာလဝမ်းရောဂါ၊ တုပ်ကွေးရောဂါများမှာ လူသန်းပေါင်းများစွာ တို့ကို အသက်ဆုံးရှုံးစေခဲ့သည့်တိုင် ကိုရိုနာဗိုင်းရပ်စ်လောက် ပြောင်းလဲမှု မမြန်ဆန်ခဲ့ ကြပေ။
အပြောင်းအလဲမြန်သော ဗိုင်းရပ်စ်
ဖြစ်ပွားရာဒေသအပေါ် မူတည်ပြီး မျိုးကွဲခြင်း၊ မျိုးဗီဇ ကွဲခြင်း၊ မျိုးပွားနှုန်း ကွဲပြားခြင်း၊ ရောဂါကူးစက်ခံရသူများတွင် မျိုးဗီဇအလိုက် ဗိုင်းရပ်စ်ပိုးအကောင်ရေ ခြားနားခြင်း၊ မျိုးကွဲမှုနှင့် မျိုးဗီဇကွဲပြားမှုအပေါ် မူတည်၍ ကူးစက်မှုအညွှန်းကိန်းများ ကွဲပြားခြားနားခြင်းစသော ကိုဗစ်-၁၉ ရောဂါ၏ သဘောသဘာဝများကြောင့် လေ့လာဆန်းစစ်သူများနှင့် သုတေသနပညာရှင်များကို အကြီးအကျယ် ခေါင်းခဲစေခဲ့သည်။ ထိုမျှသာမက ကာကွယ်ဆေးဖော်စပ်မည့် ဆေးသိပ္ပံပညာ ရှင်များကိုလည်း ၎င်းတို့၏လုပ်နည်းအဆင့်ဆင့်နှင့် ဆေးပညာဆိုင်ရာ အကန့်အသတ်များအပေါ် စိန်ခေါ်မှုများစွာကို ပေးစွမ်းခဲ့သည်။
ထိုကဲ့သို့သော အခက်အခဲ အကျပ်အတည်းများစွာတို့ကို ရင်ဆိုင်ဖြတ်သန်းရပြီးမှ လူသားတို့၏ ကောင်းကျိုးချမ်းသာအတွက် ကိုဗစ်-၁၉ ကာကွယ်ဆေး ထုတ်လုပ်နိုင်မည့် ဖော်မြူလာကို ရရှိလာသည့်အခါ သက်ဆိုင်ရာ အစားအသောက်နှင့် ဆေးဝါးကြီးကြပ်ကွပ်ကဲရေး ဌာနများ၏ တရားဝင် ခွင့်ပြုချက်ကိုရရှိအောင် ဆေးဝါးနမူနာများကို သုတေသနမှတ်တမ်း အပြည့်အစုံနှင့်တကွ အစစ်ဆေးခံကြရသည်။
သက်ဆိုင်ရာတို့၏ ခွင့်ပြုချက်ကိုရရှိပြီးသည့် အခါတွင်လည်း Mass Production ဟု ခေါ်ဆိုသော ပမာဏ အများအပြားကို ထုတ်လုပ်ရောင်းချနိုင်ရန်အတွက် ဆေးဝါးထုတ်လုပ်ရေးစက်ရုံများက GMP ဟုခေါ်ဆိုသည့် ကောင်းမွန်သော ထုတ်လုပ်မှုကျင့်စဉ် (Good Manufacturing Practice) နှင့်အညီ စနစ်တကျ လိုက်နာ၍ ထုတ်လုပ်ပေးကြရသည်။
ထုတ်လုပ်ပြီးသော ကာကွယ်ဆေးများပြောင်းခြင်း၊ ဖြန့်ဝေခြင်း၊ ထိုးနှံခြင်းစသော လုပ်ငန်းစဉ် အဆင့်တိုင်းတွင်လည်း ကန့်သတ်ထားသည့် အပူချိန်ပမာဏအတွင်း၌သာ ရှိနေစေရန်အတွက် အထူးပင် ဂရုတစိုက် လုပ်ဆောင်ကြရသည်။
ကာကွယ်ဆေးများ၏ အာနိသင်
လက်ရှိအားဖြင့် ထုတ်လုပ်အတည်ပြုထားသော အရည်အသွေးမြင့် ကိုဗစ်-၁၉ ကာကွယ်ဆေးများသည်ပင်လျှင် ၇၅ ရာခိုင်နှုန်းမှ ၉၇ ဒသမ ၅ ရာခိုင်နှုန်း အထိသာ ကာကွယ်ပေးနိုင်သည်ကိုလည်း သတိပြုကြရမည် ဖြစ်သည်။ အရည်အသွေးနိမ့်သော ကိုဗစ်-၁၉ ကာကွယ်ဆေးများကမူ ၇၅ ရာခိုင်နှုန်း အောက်သာ ကာကွယ်ပေးနိုင်ကြသည်။ ယင်းကဲ့သို့ ကာကွယ်ပေးရာတွင်လည်း သတ်မှတ်ချက်နှင့်အညီ အကြိမ်ရေ ပြည့်အောင်ထိုးနှံရန် လိုအပ်သလို တစ်ကြိမ်နှင့် တစ်ကြိမ်အကြားခြားရမည့် ရက်အကန့်အသတ်ကို မကျော်လွန်အောင်လည်း ဂရုပြု ကြရမည် ဖြစ်သည်။
အမေရိကန် ပြည်ထောင်စုတွင် ပထမတစ်ကြိမ် ကာကွယ်ဆေးထိုးထားပြီးသော သူနာပြုတစ်ဦး ကိုဗစ်-၁၉ ရောဂါ ကူးစက်ခံခဲ့ရသော ဖြစ်ရပ်က ကာကွယ်ဆေးကို အကြိမ်ရေပြည့်အောင် မထိုးရသေးမီအတွင်း ကူးစက်ခံရရန် အခွင့်အလမ်း ရာနှုန်းပြည့် ရှိနေသေးသည်ကို သက်သေပြခဲ့ပြီး ဖြစ်သည်။
သတ်မှတ်ချက်များနှင့်အညီ ကိုဗစ်-၁၉ ကာကွယ်ဆေးကို ထိုးနှံပြီးသည့်အခါတွင်လည်း တစ်ကိုယ်ရည် ကာကွယ်မှုများကို ဆက်လက် လုပ်ဆောင်ရဦးမည် ဖြစ်သည်။ အကြောင်းမူကား ဆေးအာနိသင်ထိရောက်မှု အတွက်သာမကဘဲ ဘေးထွက်ဆိုးကျိုးများနှင့် ပတ်သက်၍လည်း တစ်ကမ္ဘာလုံး အတိုင်းအတာအားဖြင့် လေ့လာဆန်းစစ်ထားသည့် မြေပြင်သုတေသန ရလဒ်များကိုပါ စောင့်ကြည့်ရန် လိုအပ်နေသေးသောကြောင့်ပင် ဖြစ်ပေသည်။ ။
ပါမောက္ခကိုကိုအောင် (သိပ္ပံစာရေးဆရာကိုကိုအောင်)