တိမ်ညိုကင်းလို့ လမင်းသာချိန်
“တိမ်ညိုကင်းလို့
လမင်းသာပြီ
ကြယ်တွေလှတာ ကြည့်ရအောင်”
သည်ကဗျာလေးဖတ်မိတော့ ကျွန်မရင်ထဲ လမင်းကြီးတစ်စင်း ထွန်းလင်းလာသလို ခံစားရသည်။ အမှန်ပင် မြူတိမ်တွေကင်းစင်ပြီး ကောင်းကင်တစ်ခုလုံး ကြည်လဲ့ဝင်းပကာ ကြယ်နက္ခတ်တာရာတွေ စုံလင်နေ သလိုထင်မိ၏။ သည်လို ညခင်းမျိုး ကျွန်မ စောင့်မျှော်နေရတာ ကြာခဲ့ပါပြီ။
အရွယ်ကစကားပြောလာခြင်း
အသက်အရွယ်လေးရလာတော့ လူအချို့နှင့် စကားပြောဆိုရသည်မှာ အဆီအငေးသိပ်မတည့်လှပေ။ အထူးသဖြင့် ဖြောင့်မတ်တည်ကြည်မှုကင်းမဲ့ပြီး အမှန်တရားနှင့် ကင်းဝေးနေသူအချို့နှင့် ပြောဆိုဆက်ဆံရသည့်အခါတိုင်း စိတ်နှလုံး မသာမယာဖြစ်ရ၏။ သမိုင်းကို လိမ်ညာဖုံးကွယ်ကာ မိမိ ထင်ရာ မြင်ရာ သိထားသည့်အရာများကိုသာ တရားသေစွဲကိုင်ပြီး မျက်စိမှိတ် ပြောဆိုနေကြသူများ ကျွန်မပတ်ဝန်းကျင် အသိုင်းအဝိုင်းတွင် များစွာ ရှိနေကြ သည့်အတွက်လည်း စိတ်မကောင်း ဖြစ်ရသည်။
အယူအဆသဘောထား မတူညီသည်ကို နားလည်လက်ခံနိုင်သော်လည်း ထိုးဇာတ်ဆန်ဆန် သမိုင်းအမှားများကို ပြောဆိုလာသည့်အခါတိုင်း ကျွန်မနှင့်အဆင်မပြေ ဖြစ်ရသည်။ ယင်းသဘောထား မမှန်မှုများကြောင့်ပင် အချို့မိတ်ဆွေများကို ကျွန်မ လမ်းခွဲခဲ့ရ၏။ နောက်ပိုင်းတွင် အငြင်းပွားစရာ အကြောင်းအရာများကို ဥပေက္ခာပြုကာ ရှောင်ဖယ်တတ်လာသည်။ ရသမျှ အချိန်လေးများကို ကျွန်မသမီးလေး ရှေ့ရေးအတွက်သာ ဖြည့်ဆည်းရင်း အချိန်ကုန်စေတော့သည်။ တကယ်တော့ ကျွန်မသမီးလေး အနာဂတ်သည် ကျွန်မအနာဂတ်၊ ကျွန်မတို့နိုင်ငံ၏ အနာဂတ်ဖြစ်သည်။ အတိတ်က ဖြစ်စဉ် ဖြစ်ရပ်တွေအပေါ် အငြင်းပွားနေရုံဖြင့် ဘာမှအလုပ်မဖြစ်တော့ဟု နားလည်မိ သည်။ အနာဂတ်ဘဝများ ဝေဝါးခဲ့ရသည့် ကျွန်မတို့ငယ်ဘဝများလို ကျွန်မ သမီးလေး အနာဂတ်ကို အဖြစ်ခံလို့မရပေ။
“သေဆုံးပြီးသား မျိုးဆက်များ၏အစဉ်အလာနှင့် စိတ်ဒဏ်ရာများမှာ သက်ရှိထင်ရှားရှိနေကြသူများ၏ ဦးနှောက်ပေါ်တွင် အိပ်မက်ဆိုးတစ်ခုပမာ ဖိစီးလျက်ရှိနေတတ်သည်” ဆိုသည့် ကား(လ)မက္ခ(စ်)၏ အဆိုအမိန့်ထဲကလို ကျွန်မတို့ကို အိပ်မက်ဆိုးများ ဖိစီးနေခဲ့လေပြီ။
အိပ်မက်ဆိုးများ
ကျွန်မငယ်စဉ်က ဖေဖေ ကြုံတွေ့ခဲ့ရသည့် အရေးအခင်းကြီးများကို ပုံပြင်နားထောင်သလို နားထောင်ခဲ့ရသည်။ အစိုးရဝန်ထမ်းတစ်ဦးဖြစ်သည့် ဖေဖေက တစ်ခါတစ်ရံ လုပ်ငန်းခွင်က အဖြစ်အပျက်လေးများကို ရင်ဖွင့်တတ် သလို တစ်ခါတစ်ရံ သမိုင်းအဖြစ်အပျက်များနှင့် ယင်းဖြစ်ရပ်များမှာ ပါဝင် ခဲ့ကြသည့် ဇာတ်ကောင်ကြီးများကို စီကာပတ်ကုံး ပြောပြတတ်သည်။ မှတ်မှတ်ရရ ဆိုရလျှင် ၁၉၆၂ ခုနှစ် တပ်မတော်အာဏာရယူခဲ့မှုများနှင့် ဦးသန့် အရေးအခင်းများသည် ဖေဖေ့နှုတ်ဖျားတွင် ရေပန်းစားဆုံးဖြစ်သည်။
သမိုင်းဇာတ်စုံကို ထပ်ခါထပ်ခါ ပြောဖန်များလာတော့ ကျွန်မတို့လည်း နားရည်ဝကာ အလွတ်နီးပါး ရနေတော့၏။ တစ်ခါတလေ “ဖေဖေရယ်... ဒီအကြောင်းတွေက ထပ်နေပြီလေ”လို့ ပြောသည့်အခါ “ငါ့သမီး သိစေချင် လို့ပါ"ဟုသာ ပြောပြီး စကားကို အဆုံးသတ်ပေးသည်။
ဖေဖေတို့ မျိုးဆက်တွင် ဤအရေးအခင်းကြီးများကြောင့် စိတ်ဒဏ်ရာ မည်မျှရရှိခဲ့သည်ကို မသိနိုင်ပေမယ့် သက်ရှိထင်ရှားရှိနေသည့် ကျွန်မအတွက်တော့ အမှန်ပင် အိမ်မက်ဆိုးအဖြစ် ကျန်ရှိနေခဲ့သည်။
အပြောင်းအလဲတို့မည်သည် အချိန်ကာလကိုလိုက်၍ လှုပ်ရှားလည်ပတ်တတ်သည်မှာ ဓမ္မတာ ဖြစ်သည်။ အသွင်သဏ္ဌာန်အားဖြင့် ပြောင်းလဲမှု ရှိတတ်သလို ချိန်ကိုက်နှုန်းဖြင့်လည်း ပြောင်းလဲတတ်ကြ၏။ အချို့သော အပြောင်း၊ အလဲများက ပုံမှန်သဘာဝကျစွာ လိုက်နာပြောင်းလဲမှု ရှိသလို အချို့ပြောင်းလဲမှုများမှာ မည်သည့်စည်းမျဉ်းဥပဒေနှင့်မျှ ထိန်းကွပ်၍ မရနိုင်တော့သည့် ကြမ်းတမ်းသည့် အသွင်သဏ္ဌာန်များဖြင့် ပြောင်းလဲမှုများ ဖြစ်ပေါ်နေ တတ်သည်။ ။
ဖေဖေကြုံတွေ့ခဲ့ရသည့် အရေးအခင်းကြီးမျိုး ကျွန်မကိုယ်တိုင် နဖူးတွေ့ ဒူးတွေ့ ကြုံရလိမ့်မည်ဟု လုံးဝထင်မထားခဲ့ပေ။ ဖေဖေပြောပြခဲ့သည့် ၁၉၆၂ ခုနှစ် မတ်လ ၂ ရက်နေ့ တပ်မတော် အာဏာ ယူခဲ့ချိန်မှ ၁၉၇၄ ခုနှစ် မတ်လ ၂ ရက်နေ့ (ပထမအကြိမ် ပြည်သူ့လွှတ်တော် စတင်ကျင်းပသောနေ့) အထိ အချိန် (အတိအကျဆိုရလျှင် ၁၂ နှစ်)ကာလမျိုး သံသရာတစ်ပတ်လည် လိမ့်မည်ဟု ကျွန်မ ဘယ်တုန်းကမှ မမျှော်လင့်ထားခဲ့ပါ။
၁၉၈၈ ခုနှစ် စက်တင်ဘာလ ၁၈ ရက်နေ့တွင် ၁၉၇၄ ခုနှစ်မှစတင်၍ ၁၄နှစ်၆ လကြာ တည်မြဲခဲ့သည့် ဒုတိယဖွဲ့စည်းပုံအခြေခံဥပဒေကြီး ချုပ်ငြိမ်းပြီး တပ်မတော်က နိုင်ငံ့တာဝန်ကို တစ်ပတ်ပြန်လည် တာဝန်ယူခဲ့ရသည့် ဖြစ်စဉ်ကြီးကိုတော့ ဖေဖေပြောပြစရာ မလိုတော့ဘဲ ကိုယ်တိုင် တွေ့မြင် ခံစားခဲ့ရသည်။
ကျွန်မတို့ မျိုးဆက်ဖြတ်သန်းခဲ့ရသည့် သမိုင်းအတွေ့အကြုံနှင့် ဖေဖေတို့ မျိုးဆက် ကြုံတွေ့ခဲ့ရသည့် သမိုင်းဖြစ်ရပ်များကို နှိုင်းယှဉ်လေ့လာရင်း အိပ်မက်ဆိုးများပမာ ဖိစီးခဲ့ဖူးသည်။ ယင်းအိပ်မက်ဆိုး များကို ကျွန်မသမီးလေးတို့ မျိုးဆက်လက်ထက်တွင် လွတ်ကင်းစေချင်သည်။ သူတို့အနာဂတ် လှပသာယာစွာ ရှိနေစေချင်သည်။ နှစ်ပေါင်းများစွာ ဖြစ်ပေါ်နေသည့် နိုင်ငံရေးမိုးသက် မုန်တိုင်းများမှ ကင်းဝေးစေချင်သည်။ လက်ဝဲ၊ လက်ယာ၊ ဆိုရှယ်လစ်၊ ကွန်မြူနစ်၊ အရင်းရှင်စသည့် ဓလေ့အထုံများမှ ကင်းလွတ်ပြီး တိုင်းပြည်ပကတိအခြေအနေ ကို နားလည်သိမြင်စေချင်သည်။ ၁၉၈၈ ခုနှစ်ကဲ့သို့ လှိုင်းလေပြင်းထန်သော မုန်တိုင်းတစ်ခု ကျရောက်ခဲ့သည့် ဖြစ်စဉ်မျိုး လုံးဝ မလိုလားပေ။ ဤမုန်တိုင်းကြောင့် ဘယ်မျှရိုက်ခတ်ခံရသည်ကို ကျွန်မတို့မျိုးဆက် အသိဆုံးပင်ဖြစ်သည်။
ဖုံးကွယ်ထားသော အမှန်တရား
ဝန်ထမ်းဘဝက အနားယူပြီးနောက်ပိုင်း သမီးလေးအတွက် အချိန်ပိုပေးနိုင် လာသည်။ သမီး၏ ပညာရေးခရီး ဆုံးခန်းတိုင်အောင် ပါရမီဖြည့်ဆည်းရင်း ကျွန်မ၏ ဘဝဆည်းဆာချိန်များကို ကုန်ဆုံးနေရသည်။ တိုင်းပြည်တစ်ပြည် ဖွံ့ဖြိုးတိုးတက်ရေးအတွက် အခြေခံလိုအပ်ချက်သည် ပညာရေးပင်ဖြစ်သည်။ ပညာကို အခြေခံသည့် လူ့အဖွဲ့အစည်းများ တည်ဆောက်နိုင်မှသာ တိုင်းပြည် ဖွံ့ဖြိုးတိုးတက်မည်။ လူနေမှုအဆင့်အတန်းမြင့်မားမည်ဟု ယုံကြည်သည်။ ယနေ့လူငယ်များ၏ တိမ်းညွတ်မှုမှာ ပညာသင်ယူမှုဘက်တွင် ရှိနေသည့်အတွက် လွန်စွာအားရမိသည်။
အမှန်အတိုင်းပြောရလျှင် ၂၀၂၀ပြည့်နှစ်သည် ကျွန်မတို့ လူသားအားလုံး အတွက်ကံမကောင်း အကြောင်းမလှသည့်နှစ်ဟု ဆိုရမည်။ စီးပွားရေး၊ လူမှုရေး၊ ပညာရေး ကဏ္ဍစုံထိခိုက်ရသည်။ ကိုဗစ်-၁၉ကပ်ဆိုးကြီးကို ရင်ဆိုင်အန်တုရင်း အိမ်တွင်းအောင်းနေရသည့်အဖြစ်ကို ရောက်ခဲ့သည်။
တကယ့်တကယ်တော့ ၂၀၂၀ ပြည့်နှစ်သည် မြန်မာနိုင်ငံအတွက် အရေးပါ သည့် နှစ်တစ်နှစ် ဖြစ်သည်။ ကိုဗစ်-၁၉ ရောဂါရင်ဆိုင်ရင်း ၂၀၂၀ ရွေးကောက်ပွဲ ကို ဆင်နွှဲကြရမည်။ ရွေးကောက်ပွဲဟု အသံကြားသည်နှင့် နိုင်ငံရေးနယ်ပယ်တွင် လှုပ်လှုပ်ရွရွဖြစ်နေသည်ကိုလည်း တွေ့ရ၏။ နိုင်ငံရေးပါတီ အသစ် ပလေယာ အသစ်များဖြင့် စုံစုံညီညီဆင်နွှဲခဲ့ကြသည်။ ဤရွေးကောက်ပွဲတွင် ကျွန်မတို့ အတွက် ထူးခြားချက်ကတော့ သမီးလေး ၁၈ နှစ်ပြည့်လို့ မဲပေးခွင့်ရခြင်းပင် ဖြစ်သည်။
တစ်ခါမှ မဲမပေးဖူးသည့်သမီးလေးက နိုင်ငံရေးအကြောင်းတွေစိတ်ဝင်စား လာသည်။ စပ်စုလာသည်။ ကျွန်မဖေဖေက နိုင်ငံရေးသဘောတရားတွေ၊ ဖြစ်စဉ်ဖြစ်ရပ်တွေကို နားရည်ဝအောင် ပြောခဲ့ပေမယ့် ကျွန်မကတော့သမီးလေးကို ပညာရေးကလွဲလို့ ဘာမှမပြောခဲ့ပေ။
လူငယ်တစ်ဦးဖြစ်သဖြင့် မိမိကိုယ်တိုင် လေ့လာသင်ယူလိမ့်မည်ဟု မျှော်လင့်ထားသည်။ ယနေ့အချိန်တွင် နည်းပညာတိုးတက်မှုကြောင့် လေ့လာ ရန်လွယ်ကူသည်။ မိမိစိတ်ဝင်စားရာ အကြောင်းအရာကို အင်တာနက်ရှိရုံဖြင့် လေ့လာဖတ်ရှုနိုင်သည်။ မှန်ကန်စွာ တွေးခေါ်မြော်မြင်မှု ကတော့ မိမိ၏ ဆင်ခြင်တုံတရားနှင့်သာ ဆိုင်သည်။ ။
၂၀၂၀ ရွေးကောက်ပွဲအကြိုကာလတွင် နိုင်ငံရေးပါတီများ အပြိုင်အဆိုင် မဲဆွယ်စည်းရုံးကြသည်။ ယခင်ကျင်းပခဲ့သည့် ရွေးကောက်ပွဲများကဲ့သို့ လွတ်လပ်စွာ မဲဆွယ်ဟောပြောနိုင်ခြင်းမရှိသော်လည်း လူမှုမီဒီယာပေါ်တွင် စည်းရုံးဟောပြောနေကြသည်။ ။
“မေမေ... သူတို့ပြောတာ တကယ်ပဲလား၊ ၈၈ တုန်းက စစ်တပ်က ဘာလို့ အာဏာသိမ်းခဲ့တာလဲ။ ဘာလို့ ဒီမိုကရေစီကို မပေးခဲ့တာလဲ”ဟု အွန်လိုင်းမှ မဲဆွယ်ဟောပြောမှုများ၊ အင်တာဗျူးများကို နားထောင်ရင်း သမီးလေးက ကျွန်မကို မေးခဲ့သည်။
ကျွန်မ မပြောချင်သည်များ ပြောရပေတော့သည်။ အွန်လိုင်းပေါ်တွင် နိုင်ငံရေးသမားအချို့က ၈၈ ခုနှစ် အရေးအခင်းကြီးကို လိုသလို ပုံဖျက် ပြောဆို၍ သူတို့ကိုယ်သူတို့ နိုင်ငံရေးသူရဲကောင်းများသဖွယ် အမွှမ်းတင်နေ ကြသည်ကို ကျွန်မ မမြင်ချင်၊ မကြားချင်ယောင်ဆောင်နေခဲ့သည်။ တပ်မတော်ကို အာဏာရှင်သဖွယ်စွပ်စွဲပြောဆို၍ သူတို့၏ နိုင်ငံရေးဥပဓိရုပ်ကို လှပအောင် ခြယ်သနေကြသည်။
သမီးက သိချင်မှတော့ ကျွန်မက ပြောရပေတော့သည်။ တကယ်တော့ ၈၈ အရေးအခင်းဆိုသည်မှာ ဒီမိုကရေစီတောင်းဆိုမှုက စတင်ခဲ့တာမဟုတ်ဘဲ လက်ဖက်ရည်ဆိုင်တွင် ကျောင်းသားနှင့် အရပ်သား ကက်ဆက်ခွေဖွင့်ခိုင်းရာမှ စကားများရန်ဖြစ်ခြင်းက စတင်ပေါ်ပေါက်ခဲ့ခြင်းဖြစ်သည်။ နောက်ပိုင်းတွင်
မြန်မာ့ဆိုရှယ်လစ်လမ်းစဉ်ပါတီအပေါ် အထွေထွေမကျေနပ်ချက်များကို အသုံးချကာ နိုင်ငံရေး တောကြောင်များက ပွဲလန့်အောင်လုပ်ခဲ့မှုကြောင့် ထိန်းမနိုင်သိမ်းမရ အရေးအခင်းကြီးတစ်ခု ဖြစ်ခဲ့ရသည်။
လူအချင်းချင်း ခေါင်းဖြတ် လူသတ်မှု၊ ရဲစခန်းများ မီးရှို့ဖျက်ဆီးမှု၊ ဂိုဒေါင်များ၊ နိုင်ငံပိုင် အဆောက်အအုံများ ဝင်ရောက်ဖောက်ထွင်း ဖျက်ဆီးမှု၊ နိုင်ငံတော် အုပ်ချုပ်ရေး ယန္တရားတစ်ခုလုံး ပျက်စီးကာ မင်းမဲ့စရိုက်ဆန်ဆန် ပြုကျင့်နေမှု၊ ကမ္ဘာ့အလယ်တွင် ခေါင်းဖြတ်၊ လူသတ်ပြီး ကြမ်းချင်တိုင်းကြမ်း၊ ရမ်းချင်တိုင်းရမ်းပြီး နိုင်ငံနှင့်လူမျိုး အရှက်ရစေမှု၊ လက်ဝဲကွန်မြူနစ် အကြွင်း အကျန်များက မီးလောင်ရာလေပင့်ပြီး ကြိုးကိုင်ခြယ်လှယ်မှု၊ နောက်ဆုံး ကုန်သွယ်ရေးရုံးတွင် တာဝန်ကျနေသည့် တပ်မတော်သားများထံမှ လက်နက်များ သိမ်းယူသည်အထိ လက်ရဲဇက်ရဲ လုပ်ဆောင်မှုများကို သမီးလေးအား ဇာတ်လမ်းစုံ ခင်းပြရသည်။ ။
တကယ်တော့ ယနေ့အသက် ၃၀ အရွယ် လူငယ်များသည် ၈၈ အရေး အခင်းကို ကောင်းစွာ မသိဘဲ အချို့က ထင်ရာမြင်ရာ ပြောဆိုနေသည်များ ကိုသာ နားထောင်ပြီး အမှန်ဟု ထင်မှတ်နေကြသည်။ အချို့သောပုဂ္ဂိုလ် များက တောမီးလောင်အောင် မီးရှို့ပြီး လက်ခမောင်းခတ်နေကြသည်။ သူတို့ကိုယ်သူတို့ ဒီမိုကရေစီသူရဲကောင်းများ၊ စွန့်လွှတ်ပေးဆပ်သူများအဖြစ် ထိုးဇာတ်များ ဖန်တီးကာ ပြောဆိုထုတ်လွှင့်နေကြသည်ကိုလည်း တွေ့ရ၏။
၈၈ အရေးအခင်းနှင့်ပတ်သက်၍ သမ္မတကြီး ဒေါက်တာမောင်မောင် ရေးခဲ့သည့် “မြန်မာနိုင်ငံ၏ ၁၉၈၈ ခုနှစ် အရေးအခင်း” ပထမတွဲ၊ ဒုတိယတွဲ စာအုပ်များကို သမီးလေးအား ဖတ်ရှုစေခဲ့သည်။ ကျွန်မပြောတာ နားထောင် သည်ထက် သူကိုယ်တိုင် အစွဲကင်းကင်းဖြင့် လေ့လာဖတ်ရှုသည်က ပို၍ ကောင်းသည်ဟု ထင်သည်။
“မေမေ... အဲဒီတုန်းက ဒီမိုကရေစီပြောင်းလဲဖို့အတွက် ပြည်သူ့ဆန္ဒ ခံယူပြီး ရွေးကောက်ပွဲကျင်းပ ပေးမယ်လို့ သမ္မတကြီး ဒေါက်တာမောင်မောင် က ပြောခဲ့တာကို ဘာလို့လက်မခံဘဲ ကြားဖြတ်အစိုးရ ဖွဲ့ပေးဖို့ ဇွတ်အတင်း တောင်းဆိုကြတာလဲဟင်”။
“အဲဒါပဲ သမီးရယ်...တည်ဆဲအခြေခံဥပဒေမှာ ကြားဖြတ်အစိုးရဖွဲ့စည်းဖို့ မပါဝင်တဲ့အတွက် ဖွဲ့ပေးလို့ မရတာကို အတင်းအဓမ္မတောင်းဆိုတယ်။ အခြေခံဥပဒေကို ချိုးဖောက်အောင် တွန်းအားပေးကြတယ်... သမိုင်းမှာ
ကြားဖြတ်အစိုးရဖွဲ့ပေးလိုက်ပြီး အခြေခံဥပဒေကို ချိုးဖောက်တဲ့ လူကြီးတွေ အဖြစ် နောင်လာ နောင်သားတွေ ပြောစမှတ်တွင်အောင် လုပ်ကြတာလေ...။
“နောက်ပြီး... သမီးဖတ်မိမယ်ထင်တယ်... ၁၉၈၈ ခုနှစ် စက်တင်ဘာ ( ၁ ရက်နေ့က ပြောကြားခဲ့တဲ့ သမ္မတကြီး ဒေါက်တာမောင်မောင် မိန့်ခွန်းမှာ ၁၉၆၂ ခုနှစ်က ဖြိုခွင်းခံရတဲ့ ကျောင်းသားသမဂ္ဂ အဆောက်အအုံကို အေးချမ်းတည်ငြိမ်စိုးရိမ် ဒေါသကင်းတဲ့ မကြာသောတစ်နေ့မှာ ကျွန်တော်တို့ ပျော်ပျော်ပါးပါး အုတ်မြစ်ချပွဲ ကျင်းပကြရအောင်လို့ ပြောခဲ့တာကိုကြည့်ရင် အစိုးရအနေနဲ့ ဘယ်လောက် လိုက်လျောပေးခဲ့တယ် ဆိုတာ သမီး သိရောပေါ့။
“အဲဒါပဲ သမီး... ကမ္ဘာပေါ်မှာ ဒီမိုကရေစီကူးပြောင်းကြတဲ့ ပုံစံ(၂)မျိုး ရှိတယ်... တစ်မျိုးက တည်ဆဲ အစိုးရနဲ့ ဒီမိုကရေစီအင်အားစုများအကြား ပဋိညာဉ်ပြုပြီး ပြောင်းလဲရတဲ့အပြောင်းအလဲ (Pacted Transition) ဖြစ်ပြီး နောက်တစ်မျိုးက ဦးဆောင်သူများက အခြေအနေတစ်ခုကို သတ်မှတ်ပြီး ပြောင်းလဲပေးရတဲ့ (Imposed Transition) ပုံစံပေါ့”
“မြန်မာ့ဆိုရှယ်လစ်လမ်းစဉ်ပါတီအစိုးရက အခြေခံဥပဒေနဲ့အညီ ပဋိညာဉ်ပြုပြီး ပြောင်းလဲဖို့ ကမ်းလှမ်းခဲ့တာကို လက်မခံဘဲ ဇွတ်အတင်း ကြားဖြတ်အစိုးရ တောင်းခဲ့ကြတယ်...တိုင်းပြည်အနှံ့ ဆန္ဒပြပွဲတွေ၊ သပိတ် စခန်းတွေဖွင့်ပြီး ထင်တိုင်းကြဲခဲ့ကြတယ်... အဲဒါကြောင့် ၁၉၇၄ အခြေခံဥပဒေ လည်း ချုပ်ငြိမ်းပြီး... တပ်မတော်က တာဝန်ယူ ထိန်းသိမ်းခဲ့ရတာပေါ့ သမီး ရယ်...”။
“ဒါဆို...တပ်မတော်က ဒီမိုကရေစီကူးပြောင်းရေးမှာ အဓိက ပလေယာ ပေါ့နော်...”
“ဟုတ်တယ် သမီး... နိုင်ငံတစ်နိုင်ငံ ဒီမိုကရေစီပြောင်းလဲဖို့ဆိုတာ
ဈေးဆိုင်မှာ ဈေးဝယ်သလို ချက်ချင်းလက်ငင်း ဆောင်ရွက်လို့ရတာ မဟုတ်ဘူး... ဒီမိုကရေစီပြောင်းလဲဖို့ အတွက် ရှေ့ပြေးအခြေအနေ(Precondition) (၃) ရပ်ရှိဖို့ လိုတယ်... နံပါတ်(၁)က စီးပွားရေးဖွံ့ဖြိုး တိုးတက်မှု၊ နံပါတ်(၂) က တရားဥပဒေစိုးမိုးရေး(Rule of Law) ၊ နံပါတ်(၃)ကတော့ ထိရောက် စွမ်းဆောင်နိုင်သည့် အုပ်ချုပ်ရေးစနစ်တို့ပေါ့ သမီးရယ်...”
ကျွန်မ စကားမဆုံးခင် သမီးကဖြတ်၍ မေးခွန်းတစ်ခုမေးလိုက်သည်။ “အဲဒီအချိန်က မေမေပြောတဲ့ အခြေအနေတွေ မရှိဘူးလား”
“ရှင်းရှင်းပြောရရင် အဲဒီ(၃)ချက်လုံး မရှိဘူးသမီး။” စီးပွားရေးအခြေ အနေ ချွတ်ခြုံကျနေတယ်၊ တရားဥပဒေစိုးမိုးမှုမရှိဘူး၊ အုပ်ချုပ်ရေးယန္တရား တစ်ခုလုံး ပျက်ပြားနေတယ်... ဒါတွေကို ပြန်လည်တည်ဆောက်ပေးဖို့ တပ်မတော်က နိုင်ငံတော်တာဝန်ကို ယူလိုက်ရတာပဲ သမီး...”
သမီး စိတ်ဝင်စားနေတုန်း ကျွန်မစကားတွေ မနားတမ်းပြောလိုက်သည်။ ။
“တပ်မတော်က ဦးဆောင်ပြီး ဖွဲ့စည်းပုံအခြေခံဥပဒေကို ရေးခဲ့တယ်... တပ်မတော်ကပဲ ဒီမိုကရေစီ အခြေခံအုတ်မြစ်တွေချပေးခဲ့တယ်...တပ်မတော် ကပဲ ဖွဲ့စည်းပုံအခြေခံဥပဒေနဲ့အညီ ရွေးကောက်ပွဲမှာ အနိုင်ရတဲ့ပါတီကို အာဏာလွှဲပြောင်းပေးခဲ့တယ်လေ”
“အဲဒီအကြောင်းတွေကို ဘာကြောင့် ထိမ်ချန်ပြီး တပ်မတော်ကို မမှန်မကန် စွပ်စွဲပုတ်ခတ် စော်ကားနေတာလဲ မေမေ...”
“သမီးရယ်... ဖဆပလဝန်ကြီးဟောင်း ဦးထွန်းဖေရေးတဲ့ အဘယ် ကြောင့် ပါလီမန်ဒီမိုကရေစီ ကျဆုံးရတာလဲ စာအုပ်ကို ဖတ်ရင် ပိုပြီးရှင်းသွား လိမ့်မယ်... အဓိကကတော့ တပ်မတော်ကို အမျိုးသားနိုင်ငံရေး ဦးဆောင်မှု အခန်းကဏ္ဍကနေ ဖယ်ထုတ်ဖို့ ကြိုးစားကြတယ်... သမိုင်းအမှားတွေနဲ့ ပုံဖျက်ပြောဆိုနေကြတယ် ”
သမီးကို စကားတွေ အရှည်ကြီး ပြောဖြစ်ခဲ့သည်။ သူတို့လို လူငယ်တွေက သမိုင်းအမှန်ကို မသိလို့ မဖြစ်။ သူတို့၏ ဦးနှောက်ထဲတွင် အမှန်တရားများ ရှိနေရမည်။ တပ်မတော်ကို ပုတ်ခတ်စော်ကားပြောဆိုမှုများ ကြီးထွားလာပြီး လူငယ်ထုအတွင်း အာဃာတကြီးမားလာမည်ကို ကျွန်မ အလွန်စိုးရိမ်မိသည်။
ကျွန်မ စကားအဆုံးမှာ သမီးကလေးမျက်နှာတွင် ကျေနပ်နေသည့် အပြုံးရိပ်ကို တွေ့ရသည်။ သူ့ရင်ထဲတွင် အစိုင်အခဲတစ်ခုပမာ ဖြစ်နေသည့် တပ်မတော်အပေါ် အထင်လွဲမှားစိတ်ကို ကျွန်မ ဖြေဖျောက်ပေးနိုင်ခဲ့၏။ တကယ်တော့ ကျွန်မသမီးလေးသည် ကျွန်မဘဝ၏လမင်းတစ်စင်းသာ ဖြစ် သည်။ လမင်းကြီးသာနေသည့်ညခင်းတစ်ခုတွင် တိမ်ညိုတိမ်မည်းတို့ ပိတ်ဖုံး ကာဆီးနေပါက လမင်းကြီးအလှကို မမြင်ရ၊ မတွေ့ရသကဲ့သို့ လူတစ်ယောက်၏ စိတ်သန္တာန်တွင်လည်း အယူအဆ အမှားများ၊ ယုံမှားသံသယစိတ်များ၊ ဒေါသ မောဟတရားများ လောင်မြိုက်ပိတ်ဖုံးနေပါက ပူလောင် နွမ်းလျနေမည်သာ ဖြစ်သည်။ လူသားအားလုံး ဒေါသ၊ မောဟကင်းကွာ၍ အမှန်တရားကို ရှုမြင် နိုင်ကြပါစေ။ ။
မိုးမိုးမြင့်