ကိုဗစ်အလွန်အဆင့်မြင့်ပညာရေးကဏ္ဍ (၁၅) အလုပ်အကိုင်အခြေပြု အဆင့်မြင့်ပညာရေး
ကိုဗစ်-၁၉ ရောဂါကြီးပြီးစီးသွားသည်ဖြစ်စေ၊ မပြီးစီးသေးလျှင်လည်းဖြစ်စေ ကျွန်တော်တို့ မြန်မာနိုင်ငံအပါအဝင် ကမ္ဘာ တစ်ဝန်းရှိ နိုင်ငံအားလုံး အခြေခံပညာမူလတန်း၊ အလယ်တန်း၊ အထက်တန်းကျောင်းများ၊ တက္ကသိုလ်၊ ကောလိပ်၊ သိပ္ပံများတွင် ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာန၏ လမ်းညွှန်ချက်ကို လိုက်နာ၍ စနစ်တကျ ပြန်လည်ဖွင့်လှစ်ရန် စီမံချက်ဖြင့် ပြုလုပ် လျက်ရှိနေပါသည်။ တချို့နိုင်ငံများမှာ ပုံစံသစ် (New Normal) ဖြင့် ပြန်လည်ဖွင့်လှစ်လျက်ရှိနေပါသည်။
၂၁ ရာစု ကိုဗစ်အလွန် အဆင့်မြင့်ပညာရေးတွင် အလုပ်အကိုင်ရရှိရေးကို အဓိကအခြေပြုသော အဆင့်မြင့်ပညာရေး ဖြစ်ရမည့်အပြင် ပြောင်းလဲလာသောခေတ်စနစ်နှင့်အညီ သင်ရိုးညွှန်းတမ်းမှအစ ကမ္ဘာနှင့်မျက်ခြည်မပြတ်အောင် သတိထားရ ပါမည်။ နိုင်ငံတကာ အဆင့်မြင့်ပညာရေး ကျွမ်းကျင်ပညာရှင် (International Consultant of Tertiary Education) ဒေါက်တာ ဂျာမေးဆာလမီ (Dr. Jamil Salmi) ၏ အွန်လိုင်းကပို့ချသော ဧည့်သင်ခန်းစာပို့ချချက် (Visiting Lecture) မှ အတွေ့အကြုံအချို့ကို မျှဝေချင်ပါသည်။
ကမ္ဘာပေါ်တွင် မြေဧရိယာပေါများပြီး သဘာဝ အရင်းအမြစ်ပေါကြွယ်ဝသော ဘရာဇီးနိုင်ငံနှင့် နိုင်ငံ၏နေရာ တော်တော်များ များတွင် တောင်ကုန်းများ ချည်းဖြစ်နေသော တောင်ကိုရီးယားနိုင်ငံကို နှိုင်းယှဉ် ပြသခဲ့ပါသည်။
ဤဇယားအရ ဘရာဇီးနှင့် တောင်ကိုရီးယား နိုင်ငံများသည် ၁၉၆၀ ပြည့်နှစ်ခန့်တွင် အဆင့်မြင့်ပညာ သင်ကြားနေသော ကျောင်းသား ကျောင်းသူများ ရာခိုင် နှုန်းသည် သိပ်မကွာလှသော်လည်း (၁ ဒသမ ၂ ရာခိုင် နှုန်းနှင့် ၂ ဒသမ ၆ ရာခိုင်နှုန်း) ၂၀၁၈ ခုနှစ်တွင် အဆင့်မြင့်ပညာရေးကို သင်ယူနေသောကျောင်းသား ကျောင်းသူ ရာခိုင်နှုန်းသည် သိသာစွာကွာခြားသွား သည်ကို တွေ့ရှိရပါသည် (၁၈ ဒသမ ၄ ရာခိုင်နှုန်းနှင့် ၄၉ ဒသမ ၀ ရာခိုင်နှုန်း)။ သိပ္ပံနှင့် သုတေသနပညာရှင် (Scientists and Researchers) အများစုသည် ဘရာဇီး၌ တက္ကသိုလ်များတွင် ၇၁ ရာခိုင်နှုန်းရှိ နေသော်လည်း တောင်ကိုရီးယားတွင်မူ လက်တွေ့ လုပ်ကိုင်နေသော အစိုးရ၊ ပုဂ္ဂလိကကုမ္ပဏီများ (Private Companies)၊ စီးပွားရေးလုပ်ငန်းများ (Firms) တွင် သိပ္ပံနှင့်သုတေသနပညာရှင်များ ၄၉ ရာခိုင်နှုန်းအထိ များပြားစွာအလုပ်လုပ်နေသည်ကို ထူးခြားစွာ တွေ့မြင်ရပါသည်။
ကမ္ဘာပေါ်တွင် လွန်ခဲ့သော ၁၀ နှစ်ခန့်က အောက်ပါ အလုပ်များကို မကြားဖူးပါဟု သူကရှင်းပြသွားပါသည်။
(က) ကွန်ပျူတာလုပ်ငန်းသုံးပရိုဂရမ်တီထွင်ထုတ်လုပ်သူ (Application Developer)၊
(ခ) လူမှုကွန်ရက်မန်နေဂျာ (Social Meida Manager)၊
(ဂ) ခေတ်ဆန်သောမြို့၊ အဆောက်အအုံ ဗိသုကာ ပညာရှင် (Smart City/Smart Building Architect)၊
(ဃ) မောင်းသူမဲ့ကားတီထွင်သူအင်ဂျင်နီယာ (Driverless Car Engineer)၊
(င) လိုအပ်ချက်ကိုဖြည့်ဆည်းပေးသော ကွန်ပျူတာ ပညာရှင် (Cloud Computing Specialist)၊
(စ) စာရင်း၊ ဇယားများစွာ တွက်ချက်ပေးသောပညာရှင် (Big Data Analyst)၊
(ဆ) ရေရှည်တည်တံ့ခိုင်မြဲမှုရရန် ဆောင်ရွက်ပေးသော စီမံခန့်ခွဲသူ (Sustainability Manager)၊
(ဇ) မောင်းသူမဲ့လေယာဉ်ကျွမ်းကျင်သူ (Drone Operator) စသည်တို့ဖြစ်ပါသည်။
ကမ္ဘာပေါ်၌ ကိုဗစ်အလွန်ကာလများတွင် လက်ရှိသင်ကြားနေသော ဘာသာရပ်ပေါင်းစုံ၊ လက်ရှိလုပ်ကိုင်နေသော အလုပ် အကိုင် အမျိုးအစားပေါင်း ၇၀၀ ခန့် ပျောက်ကွယ်၊ ဆုံးရှုံးသွားလိမ့်မည်ဟု ခန့်မှန်းရပြီး အောက်ပါအလုပ်အကိုင်အသစ်များ ဖြစ်ထွန်းလာလိမ့်မည်ဟု ခန့်မှန်း ရပါသည်။
(က) ရိုဘော့/အသိဉာဏ်ဆိုင်ရာအီလက်ထရွန်နစ်ပညာ/ဆက်သွယ်ထိန်းချုပ်မှုဆိုင်ရာများ (Robotics/Intelligent Electronics/ Cybernetics)၊
(ခ) လူ၏တစ်သျှူးအစိတ်အပိုင်းဆိုင်ရာနည်းပညာ (Organ and Human Tissue Technology)၊
(ဂ) ဒစ်ဂျစ်တယ် လုပ်ငန်းများထုတ်လုပ်ရေး (Digital Industrial Production)၊
(ဃ) မြို့ပြစိုက်ပျိုးရေး (Urban Agriculture)၊
(င) ဖြန့်ဝေနိုင်သောစီးပွားရေးပညာရှင်များ (Circular Economy Specialists)၊
(စ) ပင်လယ်ပြင်အနက်ပိုင်းဆိုင်ရာနည်းပညာ (Deep Ocean Technology)၊
(ဆ) ဘက်ထရီနည်းပညာ (Battery Technology)၊
(ဇ) နေရောင်ခြည်နှင့် လေစွမ်းအင်ဆိုင်ရာ နည်းပညာ (Solar and Wind Energy Technology) စသည် တို့ဖြစ်ပါသည်။
နေရောင်ခြည်စွမ်းအင်အသုံးပြုမှုနှင့်ပတ်သက်၍ ကျွန်တော်တို့အိမ်နီးချင်း စင်ကာပူနိုင်ငံမှခေါင်းဆောင်များ စဉ်းစားပုံကို အတုယူစေလိုပါသည်။ သူတို့နိုင်ငံသည် နောင်အနာဂတ်တွင် စွမ်းအင်လိုအပ်မှု များစွာလိုအပ်လာနိုင်၍ စင်ကာပူအမျိုးသား တက္ကသိုလ် (National University of Singapore - NUS) တွင် နေရောင်ခြည်စွမ်းအင်သုတေသန ဌာန၊ သိပ္ပံ (Institute of Solar Energy) ကိုတည်ထောင်ရန် အတွက် နိုင်ငံခြားမှကျွမ်းကျင်သော သိပ္ပံပညာရှင်ကို ပါမောက္ခအဖြစ် နှစ်ရှည် ငှားရမ်းလိုက်ပြီး စင်ကာပူ နိုင်ငံသားများအား လေ့ကျင့်သင်ကြားပေးကာ ပင်လယ်ထဲတွင်ပါ နေရောင်ခြည် စွမ်းအင်သုံး ဆဲလ်များ (Photovoltaic Cells/Panels) ထားရှိ အသုံးပြုလျက်ရှိနေပါသည်။ နေရောင်ခြည်စွမ်းအင် သုတေသနကို စင်ကာပူဒေါ်လာ ၃ ဒသမ ၅ ဘီလီယံအထိ ရင်းနှီးမြှုပ်နှံကာ သုတေသန ပြုလုပ်လျက်ရှိပြီး ၂၀၅၀ ပြည့်နှစ်တွင် တစ်နိုင်ငံလုံး၏ ၄၃ ရာခိုင်နှုန်းကို နေရောင်ခြည်စွမ်းအင်မှ သုံးစွဲရန် ရည်မှန်းချက် (Great Target) ကြီးစွာထားရှိ ဆောင်ရွက်လျက်ရှိသည်ကို တွေ့နေရပါသည်။ တက္ကသိုလ်များမှ အသုံးချသုတေသန (Applied Research) ကို နိုင်ငံတော် စီမံကိန်း (Government Projects) များတွင် အသုံးချနေပုံကို အတုယူနိုင်ပါသည်။
အာဆီယံ (ASEAN) နိုင်ငံတစ်နိုင်ငံဖြစ်သော ဖိလစ်ပိုင်နိုင်ငံတွင် အစိုးရ၊ ပုဂ္ဂလိကတက္ကသိုလ် ၁၄၀ ကျော်မှ သူနာပြု ဘာသာရပ်ဆိုင်ရာ အသိအမှတ်ပြုလက်မှတ်ရ (Certificates)၊ ဒီပလိုမာ (Diploma)၊ ဘွဲ့ဒီဂရီ (Degree) များစွာ မွေးထုတ် ပေးပြီး တိုင်းပြည်အတွက် နိုင်ငံခြားဝင်ငွေ (Foreign Exchange - FE) ရရှိရန် နိုင်ငံတကာတွင်ထွက် အလုပ်လုပ်နေသော သူနာပြုပေါင်း နှစ်သန်းကျော်ရှိပြီး နိုင်ငံခြားဝင်ငွေ ရှာဖွေပေးလျက်ရှိနေကြောင်း ဖတ်ရှုလေ့လာရပါသည်။ အဆင့်မြင့်ပညာ သင်ကြားပေးသော တက္ကသိုလ်များမှ တိုင်းပြည်ဝင်ငွေတိုးအောင်ရှာဖွေပေးနေသည်ကို အတုယူနိုင်ပါသည်။
တစ်ဖန် အိမ်နီးချင်းထိုင်းနိုင်ငံတွင်လည်း နှစ်စဉ် သန်း ၄၀ သော ကမ္ဘာလှည့်ခရီးသွားများ ဘာသာရပ်ပေါင်းစုံ ဥပမာ-ပတ်ဝန်းကျင်အခြေပြုကမ္ဘာလှည့်ခရီးသွားလုပ်ငန်း (Eco-Tourism)၊ စိုက်ပျိုးရေးအခြေပြုကမ္ဘာလှည့်ခရီးသွား လုပ်ငန်း (Agro-Tourism)၊ အားကစားအခြေပြု ကမ္ဘာလှည့် ခရီးသွားလုပ်ငန်း (Sport Tourism) စသည်ဖြင့် ပြည်တွင်း၊ ပြည်ပ လာရောက်သူခရီးသွားများ စိတ်တိုင်းကျစေရန် တက္ကသိုလ်ကောလိပ် ၁၀၀ လောက်တွင်ရှိသော လူမှုရေးနှင့် လူမှုသိပ္ ပံမဟာဌာန (Faculty of Humanities and Scoial Science)၊ အများနှင့်ဆက်သွယ်ရသောမဟာဌာန (Faculty of Mass Communication)၊ ဝိဇ္ဇာပညာမဟာဌာန (Faculty of Arts)၊ စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေး ဆိုင်ရာ မဟာဌာန (Faculty of Economics/Business) အသီးသီးအောက်ရှိ ဟိုတယ်စီမံခန့်ခွဲမှုဌာနများ (Departments of Hotel Management)၊ ကမ္ဘာလှည့် ခရီးသွားဖွံ့ဖြိုးမှုဆိုင်ရာဌာန (Departments of Hospitality and Tourism Development) များမှ အပြိုင်အဆိုင် ဘွဲ့ရပညာတတ်များ မွေးထုတ်ပေးနေပြီး ဘွဲ့ရပညာတတ်များက ပြည်တွင်း၌ပင် အလုပ်လုပ်ကာ တိုင်းပြည်ဝင်ငွေရှာပေး နေသည့် လုပ်ငန်းကိုလည်း အားကျအတု ယူနိုင်ပါသည်။
ရုရှားနိုင်ငံ သမ္မတက ၂၀၂၀ ပြည့်နှစ် ဒီဇင်ဘာလ ၌ ဉာဏ်ရည်တု (Artificial Intelligence- AI) နည်း ပညာအွန်လိုင်းကွန်ဖရင့် (Online Conference) တွင် မိန့်ခွန်းပြောကြားရာ၌ သုတေသနဌာနအကြီးအကဲများ၊ တက္ကသိုလ်ပါမောက္ခများအနေဖြင့် ခေတ်နောက်ကျသော အတွေးအခေါ်များ၊ လုပ်ရိုးလုပ်စဉ်များနှင့်ပုံစံ ဟောင်းများကို ပြောင်းလဲသင်ကြားပေးပြီး သတင်း အချက်အလက်၊ ဆက်သွယ်ရေးနည်းပညာများ (Information and Communication Technology - ICT) နှင့် ဒစ်ဂျစ်တယ် လမ်းကြောင်းများသည် ဆရာ ဆရာမများ၊ ကျောင်းသား ကျောင်းသူများအတွက် အထောက်အပံ့ကောင်းများ ဖြစ်လာနိုင် ပါကြောင်း လမ်းညွှန်သွားသည်ကို ကြားသိရပါသည်။
သို့ဖြစ်ပါ၍ ကိုဗစ်အလွန်ကာလများတွင် ကျွန်တော်တို့နိုင်ငံ၏ အဆင့်မြင့်ပညာသင် ဘာသာရပ်ပေါင်းစုံ၊ တက္ကသိုလ်၊ ကောလိပ်၊ သိပ္ပံပေါင်းစုံမှ သင်ရိုးညွှန်းတမ်းများအား အသက်မွေးဝမ်းကျောင်း ပညာများကို ဦးစားပေးကာ ကိုဗစ်အလွန်ကာလများ၌ တိုင်းပြည် ဝင်ငွေကို တစ်ဖက်တစ်လမ်းမှ ရှာဖွေပေးပြီး အစိုးရ၊ ပုဂ္ဂလိကကဏ္ဍများမှ အရေးတကြီးလိုအပ်လျက်ရှိသော အလုပ်အကိုင်များ အတွက် အဆင်သင့်ဖြစ်နေသော ဘွဲ့ရပညာတတ်များ မွေးထုတ်ပေးနိုင်၍ ရေရှည်တည်တံ့သော ဖွံ့ဖြိုး တိုးတက်မှု (Sustainable Development) အတွက် အဆင့်မြင့်ပညာသင် တက္ကသိုလ်၊ ကောလိပ်၊ သိပ္ပံကျောင်းများမှ ဆောင်ရွက်ပေးနိုင်ပါစေကြောင်း ဆုတောင်းမေတ္တာပို့သလိုက်ရပါသည်။ ။
ဒေါက်တာမျိုးကြွယ် (ဆင်ပေါင်ဝဲ)