သွေးချင်းတို့ရဲ့ ပွဲတော်ဆီမှ တိုင်းရင်းသားသွေးချင်းတို့၏ ရိုးရာယဉ်ကျေးမှု ပြခန်းများ(၁)
ရန်ကုန်မြို့ ကျိုက္ကဆံအားကစားကွင်းတွင် ဒုတိယအကြိမ် မြောက်ကျင်းပသည့် ''သွေးချင်းတို့ရဲ့ ပွဲတော်ဆီ ၂၀၂၀'' ပွဲတော်ကြီးကို ဖေဖော်ဝါရီလ ၁ ရက်မှစတင်ကာ စည်ကားသိုက်မြိုက်စွာ ကျင်းပလျက်ရှိသည်။
ဖေဖော်ဝါရီ ၁ ရက်မှ ၇ ရက်အထိ ကျင်းပလျက်ရှိ သည့် ယခုနှစ် သွေးချင်းတို့ရဲ့ပွဲတော်ဆီ ၂၀၂၀ ပွဲတော်ကို မြန်မာနိုင်ငံ တိုင်းရင်းသားလုပ်ငန်းရှင်များအသင်းက ကြီးမှူး၍ ကယားတိုင်းရင်းသား လုပ်ငန်းရှင်အသင်းက ကျင်းပခြင်းဖြစ်ပြီး တိုင်းရင်းသားလူမျိုးများရေးရာ ဝန်ကြီးဌာန၊ စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေး ဝန်ကြီးဌာနနှင့် ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့တို့က ပူးပေါင်းပါဝင် ပံ့ပိုးပေးထားခြင်းဖြစ်သည်။
ပွဲတော်ကာလအတွင်း ကျိုက္ကဆံအားကစားကွင်း ကြီးအတွင်း ကချင်၊ ကယား၊ ကရင်၊ ချင်း၊ မွန်၊ ဗမာ၊ ရခိုင်၊ ရှမ်းနှင့် ‘၀’၊ ကိုးကန့်၊ တအာင်း၊ ပအိုဝ်း၊ နာဂ၊ ဓနု စသည့် တိုင်းရင်းသားများ၏ ယဉ်ကျေးမှုဆိုင်ရာပြခန်းများကို ခမ်းနားစွာ ပြင်ဆင်ထားသည်ကို မြင်တွေ့ရမည်ဖြစ်သည်။
ထို့ပြင် ဌာနေတိုင်းရင်းသားများကိုယ်တိုင် ဖျော်ဖြေသည့် ယဉ်ကျေးမှု၊ အကအလှများ၊ ချက်ပြုတ် ရောင်းချသည့် အစားအသောက်ဆိုင်ခန်းများလည်း ပါဝင်သည်ဖြစ်ရာ ပြည်ထောင်စုဖွား တိုင်းရင်းသား သွေးချင်းညီအစ်ကိုမောင်နှမများ၏ မတူကွဲပြားသည့် ရိုးရာယဉ်ကျေးမှု၊ ဓလေ့ ထုံးတမ်းစဉ်လာများ၊ နေထိုင်မှုပုံစံ များ၊ ဝတ်စားဆင်ယင်မှု၊ လူနေမှုပုံစံများ၊ အစားအစာ များ၊ သမိုင်းဆိုင်ရာများကို တစ်နေရာတည်းတွင် မြင်တွေ့ခွင့်ရရှိပြီး တိုင်းရင်းသားကမ္ဘာကြီးတစ်ခုသို့ ရောက်ရှိသွားသည့်အတိုင်း ခံစားရမည်ဖြစ်သည်။
ကချင်တိုင်းရင်းသား ရိုးရာယဉ်ကျေးမှုပြခန်း
ပြခန်းရှေ့တွင် ကချင်မနောတိုင်ကို ဝံ့ဝံ့ကြွားကြွား စိုက်ထူထားသည့် ကချင်တိုင်းရင်းသားတို့၏ ရိုးရာ ယဉ်ကျေးမှုပြခန်းတွင် ခခူးနယ်၊ လုံမီနယ်၊ ရဝမ်နယ်တို့ တွင် ရှေးခေတ်ကတည်းက အသုံးပြုခဲ့သော ကျောက်အိုးပုံ (ပုံစံတူ) ကို ပြခန်းရှေ့တွင် ခင်းကျင်းပြသထားသည်ကို ပထမ ဆုံးမြင်ရမည်ဖြစ်သည်။
ထို့နောက် ကချင်စကားလုံးကို မှန်ချပ်များဖြင့် ပုံဖော်ထားသည်ကိုလည်း ထူးခြားချက်တစ်ခု အနေဖြင့် မြင်တွေ့ ရမည်ဖြစ်ပြီး နောက်ဘက်တွင် ကချင်တိုင်းရင်းသား မျိုးနွယ်စုများဖြစ်သော ဂျိမ်းဖော၊ လီဆူ၊ ရဝမ် အစရှိသည့် မျိုးနွယ်စု ခြောက်စု၏ ဝတ်စားဆင်ယင်ပုံများကို ရုပ်တုများဖြင့် ဝတ်ဆင်ပြသထားသည်ကို မြင်တွေ့ ရမည်ဖြစ်သည်။
မျိုးနွယ်စု ခြောက်စု၏ ဝတ်စားဆင်ယင်ပြသမှု၏ နောက်ဘက်တွင် တောင်တန်းများပေါ်တွင် ဆောက်လုပ် ထားသည့် ကချင်ရိုးရာ အိမ်ကလေးကို ပုံစံငယ်ပြုလုပ် ထားပြီး ငြိမ်းချမ်းရေး အထိမ်းအမှတ် ချိုးဖြူငှက်ကို အလှပြသထားပြန်သည်။
ကချင်အိမ်ပုံစံငယ်နှင့် ပတ်သက်၍ ကချင်တိုင်းရင်းသား လုပ်ငန်းရှင်များ အသင်းဥက္ကဋ္ဌ ဦးခက်ထိန်နန်က “ဟိုတုန်းက ဒီလို အိမ်ပုံစံပဲလုပ်တာ၊ ရှည်မျောမျောပေါ့။ အဲဒီအထဲမှာ မီးဖိုရှိတာပေါ့။ ဟိုတုန်းကဆို မီးဖို လေးဖို ရှိတဲ့အိမ်၊ ခြောက်ဖိုရှိတဲ့အိမ် အဲဒီလို ဂုဏ်ယူပြီးပြော ကြတာ။ မိသားစု ပျော်ပျော်ပါးပါး နေထိုင်ကြတာပေါ့။ အိမ်ရှေ့က ငှက်က ကချင် တိုင်းရင်းသားတွေအနေနဲ့ ငြိမ်းချမ်းရေးက အရေးကြီးဆုံးဖြစ်တယ်ဆိုတဲ့အတွက် ကျွန်တော်တို့ ချိုးငှက်ကို အိမ်ရှေ့မှာ ထားတာပါ” ဟု ပြောသည်။
ဓာတ်ပုံများ
ပြခန်းပတ်လည်တွင် လာရောက်ကြည့်ရှုလေ့လာ သူများကို ဆွဲဆောင်နိုင်သည့် ရှေးခေတ်မှစ၍ ခေတ်အဆက်ဆက် ကချင်တိုင်းရင်းသားမိသားစုများ၊ ခေါင်းဆောင်များ၊ သူရဲကောင်းများ၏ သမိုင်းဝင် ဓာတ်ပုံများကို စိတ်ဝင်စားဖွယ်၊ ဗဟုသုတ ဖြစ်ဖွယ် ဗီနိုင်း များဖြင့် ပြသထားသည်ကို တွေ့မြင်ရသည်။
ကချင်တိုင်းရင်းသားလုပ်ငန်းရှင်များ အသင်းဥက္ကဋ္ဌ ဦးခက်ထိန်နန်က “ကျွန်တော်တို့နိုင်ငံက ပြည်ထောင်စုနိုင်ငံပါ။ တိုင်းရင်းသားတွေနဲ့ စုဖွဲ့ထားတဲ့ နိုင်ငံဆိုတော့ တိုင်းရင်းသားတွေနဲ့ပတ်သက်တဲ့ ယဉ်ကျေးမှုက အလွန်ကို အရေးကြီးပါတယ်။ လူမျိုး တစ်မျိုးဆိုတာ ယဉ်ကျေးမှုက သူ့အမွေအနှစ်ပဲ၊ သူဆင်းသက်လာတဲ့လမ်းကြောင်းပေါ့။ ဒီနေ့ တိုင်းရင်းသားတွေအားလုံးက သူ့တိုင်း ရင်းသားနဲ့ သူဆင်းသက်လာတဲ့ ယဉ်ကျေးမှုနဲ့ပတ်သက်တာ၊ သမိုင်းကြောင်းနဲ့ပတ်သက်တာ ဒါတွေ ပြသတာ ဖြစ်ပါတယ်” ဟု ပြောသည်။
ပြခန်းအတွင်းတွင် ကချင်တိုင်းရင်းသားမျိုးနွယ်စုတို့ အသုံးပြုခဲ့ကြသည့် ကျောက်သားကို ထွင်းထုပြီး ပြုလုပ်ထားသည့် ဖိုခုံလောက်၊ ရဝမ် မျိုးနွယ်စု ရိုးရာ ဝက်အစွယ်နှစ်ဖက်ပါ ခေါင်းဆောင်း(ဦးထုပ်)များ၊ ရိုးရာ ချည်ထည်အဝတ်အစားများ၊ အသုံးအဆောင်များအပြင် ရန်သူကို ခုခံကာကွယ်ရာတွင် ဓားခုတ်၊ လှံထိုးသည့်အခါ အကာအကွယ်အဖြစ် အသုံးပြုခဲ့သည့် ဒိုင်းများကိုလည်း မြင်တွေ့ရမည်ဖြစ်သည်။
တူရိယာပစ္စည်းများ
ကြိုးအလျှော့အတင်းပေါ်လိုက်၍ အသံပြောင်းသည့် ရှေးအကျဆုံး ကြိုးတစ်ချောင်းတပ်တူရိယာ (ယခုခေတ် အခေါ် မယ်ဒလင် )တစ်ခုအပါအဝင် အခြားစိတ်ဝင် စားဖွယ်ပစ္စည်းများကိုလည်း တွေ့မြင်ရမည်ဖြစ်သည်။
ထို့ပြင် ကချင်တိုင်းရင်းသားတို့၏ အသုံးအဆောင် ပစ္စည်းများ ကျောက်စိမ်း၊ ပယင်းအစရှိသည့် ဒေသထွက်များကို ခင်းကျင်းပြသ ရောင်းချထားသည့်အတွက် စိတ်ဝင်စားသူများ လေ့လာနိုင် သည့်အပြင် အမှတ်တရ အဖြစ်လည်း ဝယ်ယူနိုင်ကြောင်း သိရသည်။
ရိုးရာစားသောက်ဆိုင်များ
ကချင်တိုင်းရင်းသားရေးရာ ယဉ်ကျေးမှုပြခန်းအပြင် ကချင်ရိုးရာ ဟင်းခတ်အမွှေးအကြိုင် များကိုသုံးကာ ချက်ပြုတ်ထားသည့် ရိုးရာအစားသောက်ဆိုင်များနှင့် အမှတ်တရပစ္စည်းရောင်းချ သည့် ဆိုင်များကိုလည်း ဖွင့်လှစ်ထားရာ ကချင်ဒေသ အစားအစာစစ်စစ် စားချင် သူများအတွက် အဆင်ပြေလှသည်။
“ဒီပွဲက ကျိူက္ကဆံကွင်းမှာ ကျင်းပတယ်ဆိုပေမယ့် တိုင်းရင်းသားတွေရဲ့ကမ္ဘာလို့ ဆိုနိုင်တာ ပေါ့။ တစ်နိုင်ငံလုံးက အားလုံး စုဖွဲ့ရောက်နေတာ။ တစ်နေရာတည်းမှာပဲ ကြည့်ရှုခွင့်ရမှာဖြစ်လို့ ဖိတ်ခေါ်ပါတယ်။ တစ်နိုင်ငံလုံးကို ခရီးသွားသလိုမျိုး ဒီကျိုက္ကဆံကွင်းကြီးထဲမှာ ဖြစ်သွား တာပေါ့။ အားလုံးရင်းရင်းနှီးနှီး ပါဝင်ကြပါလို့ ဖိတ်ခေါ်ပါတယ်”ဟု ကချင်တိုင်းရင်းသား ရိုးရာယဉ်ကျေးမှု ပြခန်းဖွင့်လှစ်ထားသည့် ကချင်တိုင်းရင်းသားလုပ်ငန်း ရှင်များအသင်းဥက္ကဋ္ဌ ဦးခက်ထိန်နန်က ပြောသည်။
ကယားတိုင်းရင်းသား ရိုးရာယဉ်ကျေးမှုပြခန်း
ယခုနှစ်သည် ကယားတိုင်းရင်းသားလုပ်ငန်းရှင် များအသင်းက ဦးဆောင်ကျင်းပသည့် ပွဲဖြစ်သည့်အတွက် ကယားလူမျိုးတို့၏ တံခွန်တိုင်ကို ခမ်းနားစွာထားရှိမှုနှင့်အတူ ကယားလူမျိုးတို့၏ တံခွန်တိုင်အကကိုပါ ကြည်နူးဖွယ် မြင်တွေ့ ခံစားကြရမည်ဖြစ်သည်။
ကချင်တိုင်းရင်းသား ရိုးရာယဉ်ကျေးမှု ပြခန်းနှင့် ကပ်လျက် ကယားတိုင်းရင်းသားရိုးရာ ယဉ်ကျေးမှု ပြခန်းတွင် ကယားတိုင်းရင်းသားတို့၏ ရိုးရာအသုံးအဆောင် တူရိယာပစ္စည်းများ၊ ဝတ်စားဆင်ယင်မှုများ၊ အထင်ကရနေရာများ၏ မှတ်တမ်းဓာတ်ပုံများ၊ လက်မှုပစ္စည်းများ၊ စာပေယဉ်ကျေးမှု၊ သင်ရိုးညွှန်းတမ်းများကို စိတ်ဝင် စားဖွယ် လေ့လာခွင့်ရမည်ဖြစ်သည်။
“လွန်ခဲ့တဲ့ နှစ်လလောက်ကတည်းက ကြိုတင် ပြင်ဆင်မှုတွေ လုပ်ခဲ့တာပါ။ ဒီလို အောင်အောင်မြင်မြင် ပြသနိုင်ဖို့ တိုင်းရင်းသားလူမျိုးစုတွေအားလုံးက ပါဝင်ကူညီပေးခဲ့တာ ဖြစ်ပါတယ်”ဟု ဌာနေတိုင်းရင်းသား စာပေနှင့်ယဉ်ကျေးမှု ကော်မတီ ဥက္ကဋ္ဌ ဦးမိုးဇက်အောင် လေးက ပြောသည်။
ရိုးရာ အိမ်ပုံစံငယ်
ကယားတိုင်းရင်းသားရိုးရာ ယဉ်ကျေးမှုပြခန်း အဝင်၀ထောင့်ဘက်တွင် ကယားတိုင်းရင်းသားတို့ နေထိုင်ရာ ရိုးရာအိမ်ပုံစံငယ်ကို ဒေသထွက် သစ်ခွပန်းပင် များဖြင့် အလှဆင်ပြသထားသည်ကို တွေ့ရသည်မှာ မျက်စိပသာဒရှိလှသည်။
ပြခန်းအတွင်းပတ်လည်တွင် ကယားပြည်နယ်၏ အထင်ကရနေရာများဖြစ်သည့် ကယား ပြည်နယ် လွိုင်ကော်မြို့တွင်တည်ရှိသည့် ဟော်နန်း၊ ကယားတိုင်းရင်းသားတို့၏ တံခွန်တိုင်များ၊ ဘီလူးချောင်း အမှတ်(၃) ရေအားလျှပ်စစ်ဓာတ်အားပေးစက်ရုံ ပုံစံငယ် နှင့်အတူ အထင်ကရ တောင်ကွဲစေတီ၊ ရေနီပေါက်ဂူ၊ ဆင်တောင်၊ သဘာဝလိုဏ်ဂူ အစရှိသည်တို့တည်ရှိရာ နေရာများကို ဗီနိုင်းများဖြင့် ပြသထားသည်။
အသုံးအဆောင်ပစ္စည်းများ
ကယားတိုင်းရင်းသားတို့ အမဲလိုက်ရာတွင် အသုံးပြု သည့် တူမီးသေနတ်များ၊ ဒူးလေးများ၊ ဘူးသီးခြောက် ရေဘူး၊ ကျွဲချို၊ ဝါးဖြင့် ရက်လုပ်ထားသည့် ကယားရိုးရာ ခေါင်ရည်ခွက်အပါအဝင် အခြားစိတ်ဝင်စားဖွယ် ဝါးဖြင့် ပြုလုပ်ထားသည့် လက်မှုပစ္စည်းများ၊ ဆီကြိတ်ရာတွင် အသုံးပြုသည့် ဆီဆုံများ၊ ရိုးရာချည်ထည်များကိုလည်း ခေတ်သစ်နှင့် ခေတ်ဟောင်းခွဲခြားကာ ပြသထားသည်ကို မြင်တွေ့ရမည်ဖြစ်သည်။
ကယား၊ ကယန်း၊ ကယော၊ ဂေဘား၊ မနုမနော၊ ယင်းတလဲ အစရှိသည့် တိုင်းရင်းသားမျိုးနွယ်စု ခြောက်စု၏ ဝတ်စားဆင်ယင်မှုများကို ရုပ်တုများဖြင့် လှပစွာပြင်ဆင် ပြသထားသည်ကို စိတ်ကြည်နူးဖွယ် မြင်တွေ့ရမည်ဖြစ်သည်။ လွိုင်ကော်၊ ဖလူဆို၊ ဘော်လခဲ၊ ဒီးမော့ဆို အစရှိသည့် ဒေသများမှ အဓိကထွက်ကုန် များကိုလည်း ပြသထားသည်။
ကယားတိုင်းရင်းသားတို့၏ ဗုံတို၊ ဗုံရှည်၊ မောင်း၊ လင်ကွင်း၊ ဝါးပုလွေ၊ ကျွဲချို အစရှိသည့် ရိုးရာတူရိယာ ပစ္စည်းများကိုလည်း ခင်းကျင်းပြသထားသည်။
ကယောဖားစည်
ပြခန်းအတွင်း ထူးခြားချက်အနေဖြင့် ကြီးမားသည့် ကယောမျိုးနွယ်စုတို့ အထွတ်အမြတ် တီးခတ်ရာ ဖားစည် ငါးခုကို မြင်တွေ့ရမည်ဖြစ်သည်။
ကယားတိုင်းရင်းသားရိုးရာပြခန်းတွင် ကယန်းတိုင်းရင်းသား ပြခန်းလည်း ထည့်သွင်းပြသ ထားရာ ကယန်းတိုင်းရင်းသူတစ်ဦး အထည်ရက်လုပ်နေသည့် မြင်ကွင်းကလည်း စိတ်ဝင်စား စရာကောင်းလှသည်။
ရိုးရာစားသောက်ဆိုင်များ
ဒေသထွက်အစားအစာများနှင့် ရိုးရာခေါင်ရည် အပါအဝင် ကယားပြည်နယ်၏ နာမည်ကြီးဒေသ ထွက်ကုန်များနှင့် ရိုးရာအစားအစာများကို ဝယ်ယူလို သူများအတွက် ရောင်းချပေးသည့် ဈေးဆိုင်များလည်း ဖွင့်လှစ်ထားကြောင်း သိရသည်။
“တိုင်းရင်းသားတွေရဲ့ ရပ်တည်မှု၊ စာပေ၊ ယဉ်ကျေးမှု တွေကို ဒီပွဲမှာ ထုတ်ဖော်ပြခွင့်ရလို့ ဝမ်းသာမိပါတယ်။ ကျွန်တော်တို့ရဲ့ ဓလေ့ထုံးတမ်းတွေကို လာရောက် လေ့လာကြဖို့လည်း ဖိတ်ခေါ်ချင်ပါတယ်”ဟု ဌာနေတိုင်းရင်းသားစာပေနှင့် ယဉ်ကျေးမှုကော်မတီဥက္ကဋ္ဌ ဦးမိုးဇက်အောင်လေးက ပြောသည်။
ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ ပြခန်း
ယနေ့ ပွဲတော်တွင် ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ ခြောက်ခုမှလည်းပါဝင်ပြသရာ ပအိုဝ်းကိုယ်ပိုင် အုပ်ချုပ်ခွင့်ရဒေသ ရိုးရာယဉ်ကျေးမှုပြခန်း ပြင်ဆင်ထားရှိပုံမှာလည်း အခြား ကိုယ်ပိုင် အုပ်ချုပ်ခွင့်ရ ဒေသပြခန်းများ နည်းတူ ထူးခြားလှသည်။
ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရ ဒေသပြခန်းရှေ့တွင် ၆၁ ပေရှိ ပအိုဝ်းရိုးရာပဒေသာပင်ကြီးကို ပထမဆုံး မြင်တွေ့ရမည်ဖြစ်သည်။
ခြံဝင်းအတွင်း ဝင်လိုက်သည်နှင့် ပအိုဝ်းရိုးရာ အိမ်ပုံစံတူဟုဆိုသော်လည်း တကယ်လက်ရှိ လူနေထိုင်၍ရသည့် အိမ်အတိုင်းဆောက်လုပ်ပြသထားသည့် ပအိုဝ်းရိုးရာ ဝါးအိမ်ကို မြင်တွေ့ရမည်ဖြစ်သည်။
“ဒေသမှာ ဆောက်လုပ်နေတဲ့ အိမ်ပုံစံငယ်လေးကို ဆောက်ပြတယ်။ ဝါးနဲ့ပဲ ဆောက်တယ်။ သံချောင်း တစ်ချောင်းမှ မပါဘူး။ ရိုးရာအိမ်လေးပါ” ဟု ပအိုဝ်း စာပေနှင့် ယဉ်ကျေးမှုအဖွဲ့ (ရန်ကုန်) မှ ဒေါ်နန်းလုံခမ်းက ပြောသည်။
အိမ်ပေါ်သို့ တက်လိုက်သည်နှင့် အဝင်ဝတွင် ပအိုဝ်း ဒေသ၏ အဓိကလုပ်ငန်းဖြစ်သော အိမ်တွင်း မှု သနပ်ဖက် လုပ်ငန်းကို ခင်းကျင်းပြသထားပြီး ဝါးဖြင့်ပြုလုပ်ထားသော အသုံးအဆောင် ပစ္စည်းများ၊ ကျပ်ခိုးစင်နှင့် ဟင်းချက်စရာ ပစ္စည်းအစုံပါဝင်သည့် မီးဖိုတို့ကို ခင်းကျင်း ပြသ ထားရာ ပအိုဝ်းတိုင်းရင်းသားတို့၏ ရိုးရှင်းသော နေထိုင်မှုပုံစံကို ရှင်းကနဲ မြင်သာစေမည် ဖြစ်သည်။
“ဒီကပစ္စည်းတွေကို နယ်မှာရှိတဲ့ ပအိုဝ်းအိမ်တွေကနေ စုဆောင်းတယ်။ တောင်ကြီးမှာရှိတဲ့ ပအိုဝ်းစာပေနဲ့ ယဉ်ကျေးမှုကော်မတီကနေ ပံ့ပိုးပေးတာတွေရှိတယ်။ ဒီအိမ်ကိုရောက်လာရင် ပအိုဝ်းဒေသက အိမ်ကိုရောက်လာ သလို ခံစားရအောင် ပြင်ဆင်ထား တာပါ” ဟု ဒေါ်နန်း လုံခမ်းက ပြောသည်။
ရှေးခေတ်ခေါင်းလောင်းတစ်စုံ
တမူထူးခြားချက်အနေဖြင့် ပအိုဝ်းလူမျိုးတို့ အသုံးပြုသည့် အလေးချိန်တိကျမှန်ကန်သည့် ချိန်ခွင်ကို ခြံဝင်းအတွင်းရှိ ဝါးစင်ပေါ်တွင် ပြသထားကာ ရှေးခေတ်လက်ရာ ခေါင်းလောင်း တစ်စုံကို အိမ်ခေါင်းရင်းခန်းတွင် သီးသန့် ပြသထားသည်ကို လေ့လာနိုင်မည်ဖြစ်သည်။
ရှေးဟောင်းခေါင်းလောင်းနှင့် ပတ်သက်၍ “ရှေးဟောင်း ပအိုဝ်းခေါင်းလောင်းက အလှူအတန်း တွေ ပြုလုပ်တဲ့အချိန်မှာဆိုရင် ပြီးတာနဲ့ အောင်မြင်တဲ့အထိမ်း အမှတ်နဲ့ ခေါင်းလောင်းကို နှိပ်ပေးတာပေါ့။ သူက ရှေးဟောင်းပဲ။ အခုခေတ်မရှိတော့ဘူး။ တစ်စုံကို အကြီး အသေးပေါ် မူတည်ပြီး သိန်း ၂၀၊ သိန်း ၃၀ ရှိတယ် ”ဟု ပအိုဝ်း စာပေနှင့်ယဉ်ကျေးမှုအဖွဲ့(ရန်ကုန်)မှ ဒေါ်နန်း လုံခမ်းက ပြောသည်။
ပအိုဝ်းတူရိယာပစ္စည်းများ
ထို့ပြင် ဗုံတို၊ ဗုံရှည်၊ မောင်း၊ လင်ကွင်း၊ ပအိုဝ်းရိုးရာ မီးပုံးများ၊ ပအိုဝ်းဒေသထွက် ပြောင်း၊ ကြက်သွန်ဖြူ၊ အာလူး အစရှိသည့် ဒေသထွက်ကုန်များ၊ စိုက်ခင်းငယ်များ၊ ရိုးရာအသုံးအဆောင် များကို ခြံဝင်းအတွင်းရှိ စင်များပေါ်တွင် ခင်းကျင်းပြသထားရာ စိတ်ဝင်စားဖွယ်ရာ ပင်ဖြစ်သည်။
ပအိုဝ်းကိုယ်ပိုင် အုပ်ချုပ်ခွင့်ရဒေသမြေပုံ
ပြခန်းခြံဝင်းအတွင်း ဟိုပုံး၊ ပင်လောင်း၊ ဆီဆိုင် စသည့် ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ မြေပုံကို မြေဖြင့်ပြုလုပ်ထားပြီး ဒေသထွက် ထောပတ်၊ သနပ်ဖက်၊ ပြောင်း၊ စပါး၊ ငရုတ် အစရှိသည့်သီးပင်စားပင်များ စိုက်ပျိုးပြသထားပြန်သည်။
“ဒေသထွက် ပြောင်း၊ ကြက်သွန်ဖြူ၊ ငရုတ်သီးကအစ တကယ်စိုက်ပြထားတယ်။ လာကြည့်သွားတဲ့သူတွေက ဒီဒေသက တကယ်ထွက်ပါလားဆိုပြီး သူတို့ ပိုပြီးမှတ်မိ စေဖို့ပါ။ ပအိုဝ်းဒေသက ဘာတွေ ထွက်သလဲဆိုတာ သိစေ ချင်တဲ့အတွက် မြေပုံနဲ့တကွ ရှင်းပြထားခြင်း ဖြစ်ပါတယ်” ဟု ဒေါ်နန်းလုံခမ်းက ပြောသည်။
ထို့ပြင် ပအိုဝ်းလူမျိုးတို့ ရိုးရာယုံကြည်မှု စူဠာမုဏိ မြတ်စွာဘုရားအား ပူဇော်သည့် ကျောင်း ဆောင်ကိုပါ ကြည်ညိုဖွယ်ဖူးမြင်ရသည့်အပြင် စိုက်ပျိုးရေးအတွက် မိုးလေဝသ ကောင်းစေရန် ဒုံးပစ်လွှတ်သည့် ဓလေ့အရ အဆင့်ဆင့်ဒုံးပစ်လွှတ်ပုံနှင့် အတူ ပစ်လွှတ်သည့် မီးရှူးစင် ကိုပါ ခြံဝင်းအတွင်း စိတ်ဝင်စားဖွယ်လေ့လာနိုင်သည်။
မီးရှူးစင်နှင့် ပတ်သက်၍ “စိုက်ပျိုးရေးကို အဓိကထား တာဖြစ်တဲ့အတွက် ရာသီဥတု ကောင်းမွန်ဖို့ မိုးဦးကာလ ၆ လပိုင်း၊ ၇ လပိုင်းဆို မိုးခေါ်တဲ့ ဒုံးလွှတ်တာပေါ့။ ဒုံးက ပအိုဝ်း တစ်မျိုးသားလုံးကို ကိုယ်စားပြုပြီး မိုးခေါ်တာ။ ဒါကိုပြချင်လို့ပါ”ဟု ဒေါ်နန်းလုံခမ်းက ပြောသည်။
ပြခန်းသို့ လာရောက်လည်ပတ်သူများအား ပအိုဝ်း ရိုးရာ အကအလှများဖြင့် နေ့စဉ်ဖျော်ဖြေမှုများ ပြုလုပ် မည်ဖြစ်ပြီး တခြားထူးခြားသည့် အစီအစဉ်များလည်း ရှိကြောင်း သိရသည်။
ဒေသထွက်ကုန်ရောင်းချသည့် ဆိုင်ခန်းများ
ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ ပြခန်းနှင့်အတူ ကျိုက္ကဆံကွင်းအတွင်း ပအိုဝ်းရိုးရာ အဝတ် အထည်၊ ရိုးရာထမင်းဟင်း၊ ဟင်းထုပ်၊ လက်ဖက်ခြောက်၊ လိမ္မော်သီး၊ ထောပတ်သီး အစရှိသည့် ဒေသထွက်ပစ္စည်း ရောင်းချသည့် ဆိုင်များလည်း ဖွင့်လှစ်ထားကြောင်း သိရသည်။
“ဒုတိယအကြိမ်ဆိုတော့ အစ်မတို့ယဉ်ကျေးမှုကို တခြားတိုင်းရင်းသားနဲ့အတူ ဝေမျှခွင့်ရတဲ့ အတွက် ကျေးဇူးတင်ပါတယ်။ ဒီလိုမျိုး အချင်းချင်းယဉ်ကျေးမှုတွေ နားလည်ပြီးသွားပြီဆိုရင် တစ်ဦးနဲ့တစ်ဦး ပိုပြီးရင်းနှီး နွေးထွေးကာ စည်းလုံးကြမယ်လို့ ထင်ပါတယ်။ လာရောက်ကြပါလို့ ဖိတ်ခေါ်ပါတယ်”ဟု ဒေါ်နန်းလုံခမ်းက ပြောသည်။
စုစည်းတင်ပြသူ- သီသီမင်း
ဓာတ်ပုံ -တင်စိုး(မြန်မာ့အလင်း)