Skip to main content

မြို့ပြနှင့် အိမ်ရာဖွံ့ဖြိုးရေးဦးစီးဌာန၏ နှစ် (၁၀၀) ပြည့်ပွဲ

မြန်မာနိုင်ငံတွင် ပြည်သူတို့၏ “နေရေး” ကို အဖြေတွေး၍ နည်းလမ်းမျိုးစုံဖြင့် ခေတ်အဆက်ဆက် ဖြည့်ဆည်း ပေးလျက်ရှိသော တစ်ချိန်တုန်းက “အိုးအိမ်” ဟု လူသိ များခဲ့သည့် မြို့ပြနှင့် အိမ်ရာဖွံ့ဖြိုးရေးဦးစီးဌာနကြီးသည် ၂၀၂၁ ခုနှစ် ဖေဖော်ဝါရီလ ၁ ရက်နေ့တွင် သက်တမ်း ကာလနှစ် (၁၀၀) ပြည့်မြောက်မည် ဖြစ်ပေသည်။ စာရေး သူသည် အဆိုပါဌာန၏ အငြိမ်းစားအရာထမ်းတစ်ဦး ဖြစ်ပြီး နှစ်ပေါင်း ၃၀ ကျော် တာဝန်ထမ်းဆောင်ရင်း ပြည်သူတို့၏ နေရေးပြဿနာဖြေရှင်းရာတွင် အုတ်တစ်ချပ်၊ သဲတစ်ပွင့်ပမာအလား တစ်တပ်တစ်အား ပါဝင် ဖြေရှင်းဆောင်ရွက်ခွင့်ရခဲ့သည့်အတွက် များစွာဂုဏ်ယူမိ သကဲ့သို့ ဌာနကြီး၏ နှစ် (၁၀၀) ပြည့်ပွဲကို မျက်ဝါးထင်ထင် ပါဝင်ဆင်နွှဲခွင့်ရသည့် မိမိ၏ကြုံတောင့်ကြုံခဲ အငြိမ်းစား ဝန်ထမ်းဘဝကိုပါ ဝင့်ကြွားမဆုံး တစ်ပြုံးပြုံးရှိနေပါသည်။ ထို့ကြောင့် ဆောက်လုပ်ရေးဝန်ကြီးဌာန မြို့ပြနှင့် အိမ်ရာ ဖွံ့ဖြိုးရေးဦးစီးဌာန၏ သမိုင်းကြောင်းကို အများပြည်သူ တို့ သိရှိစေရန်အလို့ငှာ ဤဆောင်းပါးကို မဖြစ်မနေ ရေးသားမိခြင်းဖြစ်ပါသည်။ ရှေးဦးစွာ နှစ် (၁၀၀) ပြည့် ဆုတောင်းအဖြစ် “ဇေယျတု သဗ္ဗမင်္ဂလံ ပြည်ထောင်စု မြန်မာနိုင်ငံတော် နိုင်ငံသူနိုင်ငံသား တိုင်းရင်းသား ညီအစ်ကိုမောင်နှမအပေါင်းတို့သည် ကောင်းကျိုး ချမ်းသာ ခပ်သိမ်းသော ကျက်သရေမင်္ဂလာအဖြာဖြာတို့ဖြင့် ပြည့်ဝစုံလင် ပျော်ရွှင်ညီညာ လိုရာပြီးမြောက် ခရီးရောက်၍ အစိုးရသစ်ကို ကြိုဆိုရင်း လျှမ်းလျှမ်း တောက် အောင်မြင်ကြပါစေသတည်း” ဟု လှိုက်လှိုက် လှဲလှဲ ဆုတောင်းအပ်ပါသည်။

ဌာန၏အတိတ်ကာလ နှစ် ၁၀၀

ဌာန၏အတိတ်ကာလ နှစ် ၁၀၀ နိဒါန်းစခန်းအဖွင့်ကား မြန်မာနိုင်ငံတွင် “ရန်ကုန်စည်ပင်သာယာအဖွဲ့” (Rangoon Development Trust - R.D.T) ဟူ၍ စတင် ပေါ်ပေါက်သော ၁၉၂၁ ခုနှစ် ဖေဖော်ဝါရီလ ၁ ရက်နေ့ပင် ဖြစ်၏။ သို့ဖြစ်၍ R.D.T အဖွဲ့ကြီးပေါ်ပေါက်လာပုံအကြောင်း ဗျုပ္ပတ်ကို ဦးစွာပထမရှင်းလင်းဖော်ပြလို ပေသည်။ အလောင်းမင်းတရားကြီး ဦးအောင်ဇေယျသည် မြန်မာသက္ကရာဇ် ၁၁၁၇ ခုနှစ် ကဆုန်လပြည့်ကျော် ၅ ရက်နေ့ (ခရစ်သက္ကရာဇ် ၁၇၅၅ ခုနှစ် မေလ ၂၉ ရက်နေ့) တွင် ရှေးယခင်ဒဂုံမြို့တည်ရှိသောနေရာ၌ တာဝန်း ၁၁၁၉ ရှိသောသစ်တပ်မြို့ကို တည်ဆောက်ခဲ့၏။ (တစ်တာလျှင် ခုနစ်တောင်ရှိကြောင်း သိရှိရ၏)။ မြို့အမည်ကို “ရန်ကုန်မြို့” ဟု ပြောင်းလဲသမုတ်တော်မူ ခဲ့လေ၏။ ငယ်အမည် ဦးရွှေရည်၊ ဘွဲ့အမည် မင်းကျော်စည်သူအား နေမျိုးနော်ရထာဘွဲ့ အသစ်ပေးအပ်၍ ရန်ကုန်မြို့ဝန်အဖြစ် ပထမဦးဆုံးခန့်အပ်တော်မူခဲ့ပြီး လက်နက်ကိုင် လူ ၃ဝဝဝ၊ သေနတ် ၅၀၀၊ အမြောက်ကြီး ၇၀ ထားရစ်တော်မူခဲ့ကြောင်း သိရှိရပေသည်။

စိန္တကျော်သူဦးသြ၏ ပိုဒ်စုံရတုတွင် ထိုစဉ်ကာလ ရန်ကုန်ဆိပ်ကမ်း၏စည်ကားလှပမှုကို “ဆန်စုန်ရေကြည်၊ တက်သက်လည်သား၊ မွန်ရှည်ပင်လယ်၊ မြစ်ထဲဝယ်လည်း၊ ကြီးကျယ်လှသော၊ လုပ်စပ်ချောသည်၊ သင်္ဘောဇရာ၊ ဇလာခပင်း၊ အစင်းစင်းတည့်၊ လှေချင်းရှုပ်ထပ်၊ ဆိပ်မလပ်မျှ” ဟု ဖွဲ့ဆိုထားခဲ့သည်ကို ဖတ်ရှုခဲ့ရဖူး၏။ အလောင်းဘုရားသည် ယိုးဒယားသို့ စစ်ချီပြီးအပြန် ခရစ် သက္ကရာဇ် ၁၇၆၀ ပြည့်နှစ်တွင် သူတည်ထားခဲ့သော ရန်ကုန်အား နောက်ဆုံးအကြိမ် ရောက်ရှိခဲ့သေး၏။ ဤတစ်ကြိမ်တွင် သူ၏သက်မဲ့ရုပ်ကြွင်း ဆားသွင်းထား သောခန္ဓာကိုယ်ကြီးသည် ရွှေတိဂုံစေတီတော်ကို နောက်ဆုံးအကြိမ် ဦးတိုက်ပြီး နေပြည်တော် ရွှေဘိုသို့ ခရီးဆက်ခဲ့ရှာပေတော့၏။ ထိုစဉ်က ရန်ကုန်မြို့ကို ရောက်ဖူးသည့် နိုင်ငံခြားသားတစ်ဦး ရေးဆွဲထားသော မြို့စနစ်ပုံကြမ်းအရ မြောက်ဘက်တွင် ဆူးလေဘုရား၊ တောင်ဘက်တွင် မြစ်၊ အရှေ့ဘက်တွင် ကုန်သည်လမ်း နှင့် ဂျူဒါအီစကယ်လမ်းထောင့်၊ အနောက်ဘက်တွင် လမ်း (၃၀) အထိသာရှိပြီး ရေပတ်လည်ဝိုင်းလုမတတ် ရှိသော ဆူးလေဘုရားသည် သစ်တပ်မြို့အပြင်ဘက်သို့ ကျရောက်နေ၏။ မြို့အကျယ်မှာ စုစုပေါင်း ခုနစ်ဧကခန့် သာရှိပြီး လူဦးရေ တစ်သောင်းခန့် နေထိုင်ကြောင်းလည်း သိရှိရပေသည်။

အိမ်တော်ရာဘုရား

အင်္ဂလိပ် - မြန်မာ ပထမစစ်ပွဲအပြီးတွင် သာယာဝတီမင်းသည် ခရစ်သက္ကရာဇ် ၁၈၄၁ ခုနှစ်၌ ရန်ကုန်မြို့သို့ ရောက်ရှိလာပြီး “ကုန်းဘောင်ခေတ် ဒုတိယရန်ကုန်” ဟု ခေါ် ဆိုသော တာဝန်း ၁၈ဝဝ ရှိသည့် “အောင်မြေရန်နှင်” မြို့ကို သီးခြားတည်ခဲ့ပြန်၏။ ရွှေတိဂုံဘုရား၏ တောင်ဘက်နှင့် ဆူးလေဘုရား အနောက်မြောက်ဘက်တွင် သီးခြား တည်ရှိပြီး အရှေ့ဘက်သည် ဂေါ်ရာကုန်းအရှေ့၊ တောင်ဘက်သည် ဂျူဗလီဟော၊ အနောက်ဘက်သည် မစ်ရှင်လမ်း၊ မြောက်ဘက်သည် ယခင်ရှင်စောပုမြို့ရိုးနှင့် နန်းတော်နေရာမှာ မိုင်ဒါကွင်းမြောက်ဘက် အင်္ဂလိပ်ဘုရား ကျောင်းဟု တည်နေရာအညွှန်းကို သိရ၏။ သားတော်ပုဂံမင်းသား၏ အိမ်နေရာမှာ ယခုအိမ်တော်ရာဘုရားဖြစ်ကြောင်းလည်း သိရှိရ၏။

အင်္ဂလိပ်-မြန်မာ ဒုတိယစစ်ပွဲအပြီး အောက်မြန်မာ နိုင်ငံကို အင်္ဂလိပ်တို့သိမ်းပိုက်ပြီးနောက် ၁၈၅၂ ခုနှစ် ဒီဇင် ဘာလ ၂၄ ရက်နေ့တွင် ရန်ကုန်မြို့ရှိမြေအားလုံးကို အစိုးရ ပိုင်အဖြစ် ကြေညာခဲ့၏။ ရန်ကုန်မြို့သစ်ပုံစံကို ပထမဦးစွာ အင်္ဂလိပ်စစ်တပ်မှ ဆရာဝန် ဒေါက်တာဝီလျံ မောင်ဂိုမာရီက ကျားကွက်ပုံသဏ္ဌာန် စတင်ရေးဆွဲခဲ့၏။ ၎င်းကို ဘင်ဂေါလ် အင်ဂျင်နီယာတပ်မှ လက်ဖတင်နင် အလက်ဇန္ဒြားဖရေဇာ (Lieutenant Alexander Fraser) က ၁၈၅၃ ခုနှစ်တွင် လူပေါင်း ၃၆ဝဝဝ ခန့်နေနိုင်မည့် မြို့ကွက်ပုံစံကို ပြင်ဆင် ရေးဆွဲခဲ့၏။ ဖရေဇာ၏ပုံစံကို အိန္ဒိယတွင် ရုံးထိုင်သော ဘုရင်ခံချုပ် လော့ဒ်ဒါလဟိုဇီက အတည်ပြုခဲ့၏။ အင်္ဂလိပ် တို့၏ ရန်ကုန်မြို့ပေါ်ပေါက်လာပြီး အရှေ့ဘက်တွင် ဂျူဒါအီ စကယ်လမ်း (သိမ်ဖြူလမ်း)၊ အနောက်ဘက်တွင် ဂေါ်ဒွင် လမ်း(လမ်းမတော်လမ်း)၊ တောင်ဘက်တွင် ကမ်းနားလမ်း၊ မြောက်ဘက်တွင် ကော်မရှင်နာနှင့် မောင်ဂိုမာရီလမ်း (ဗိုလ်ချုပ်လမ်း)အထိ စုစုပေါင်း ဧက ၅ဝဝ ခန့် ကျယ်ဝန်း ကြောင်း သိရှိရပေသည်။

အထက်ပါအင်္ဂလိပ်တို့၏ ရန်ကုန်မြို့သစ်ကို တည်ဆောက်ရန်အတွက် မြို့ရန်ပုံငွေ(Town Works Fund)ကို သီးခြားတည်ထောင်ပြီး စီမံခန့်ခွဲမှု လုပ်ငန်းများကို မြို့ဝန်ကြီး(Town Magistrate)က ကြီးကြပ်ဆောင်ရွက်ခဲ့ပေ သည်။ ၁၈၇၄ ခုနှစ် ရန်ကုန်မြူနီစီပယ် အက်ဥပဒေပြဋ္ဌာန်း ခဲ့ပြီးနောက် အထက်ပါရန်ပုံငွေကို ရန်ကုန်မြူနီစီပယ်သို့ လွှဲပြောင်းပေးအပ်ခဲ့၏။ ထိုစဉ် ရန်ကုန်လူဦးရေသည် တစ်သိန်းအထိရှိလာ၏။ ၁၉ဝ၇ ခုနှစ်တွင် မြူနီစီပယ်ဥက္ကဋ္ဌ က မြေစီမံခန့်ခွဲမှုလုပ်ငန်းများကို သီးခြားကော်လိတ္တော် အရာရှိ ခန့်ထား၍ ဆောင်ရွက်စေခဲ့သည်။ ရန်ကုန်လူဦးရေ မှာ ၁ ဒသမ ၅ သိန်းခန့်အထိ ဆက်လက်တိုးပွားလာပြန်၏။ လူဦးရေတိုးပွားလာမှုကြောင့် မြူနီစီပယ်လုပ်ငန်းများ၊ မြို့တိုးချဲ့ရေးလုပ်ငန်းများနှင့် မြေစီမံခန့်ခွဲရေးလုပ်ငန်းများ လည်း တိုးပွားလာသဖြင့် လုပ်ငန်းများကို ပိုမိုတွယ်ကျယ်စွာ ဆောင်ရွက်နိုင်ရေးအတွက် မြူနီစီပယ်ဥက္ကဋ္ဌက မြေစီမံခန့်ခွဲ ရေးနှင့် စည်ပင်ဖွံ့ဖြိုးရေးလုပ်ငန်းများကို သီးခြားအဖွဲ့ တစ်ရပ် ဖွဲ့စည်းဆောင်ရွက်စေသင့်ကြောင်း ဗြိတိသျှအစိုးရထံ ၁၉၁၄ ခုနှစ်တွင် အစီရင်ခံစာတင်သွင်းခဲ့၏။ အစိုးရက စုံစမ်းစစ်ဆေးရေးအဖွဲ့တစ်ရပ်ကို ဖွဲ့စည်းပြီး စုံစမ်းစစ်ဆေးစေခဲ့၏။ ၁၉၁၆ ခုနှစ်တွင် အစီရင်ခံစာထွက်ပေါ်လာပြီး မြူနီစီပယ်ဥက္ကဋ္ဌ တင်ပြချက်အတိုင်း ဆောင်ရွက်သင့်ကြောင်း ထောက်ခံတင်ပြခဲ့ပေသည်။ ထို့ကြောင့် အိန္ဒိယ နိုင်ငံ ဘုံဘေမြို့ရှိ Bombay Improvement Trust သို့ လေ့လာရေးအဖွဲ့တစ်ဖွဲ့ စေလွှတ်လေ့လာစေပြီးနောက် ရန်ကုန်မြို့စည်ပင်သာယာရေး အဖွဲ့ (Rangoon Develop- ment Trust) (R.D.T) ကို ဖွဲ့စည်းနိုင်ရန်အတွက် ၁၉၂ဝ ပြည့်နှစ်တွင် ဥပဒေရေးဆွဲအတည်ပြုခဲ့ပေသည်။ ၎င်းဥပဒေ အရ ၁၉၂၁ ခုနှစ် ဖေဖော်ဝါရီလ ၁ ရက်နေ့တွင် R.D.T ကို ဖွဲ့စည်းတည်ထောင်၍ ရန်ကုန်မြို့ရှိ အစိုးရမြေများကို စီမံခန့်ခွဲခြင်း၊ မြို့ပြစီမံကိန်းနှင့်အညီ မြို့တိုးချဲ့တည်ဆောက် ခြင်း၊ အဓိကလမ်းမကြီးများ၊ ရေမြောင်းများဖောက်လုပ်ခြင်း၊ အိမ်ရာမြေကွက်များကို အငှားချထားပေးခြင်း စသည့် လုပ်ငန်းများကို တာဝန်ယူဆောင်ရွက်ခဲ့ပေသည်။

မူလရန်ကုန်မြို့သစ်

ဗြိတိသျှအစိုးရသည် ဖရေဇာ၏ မူလရန်ကုန်မြို့သစ်အတွင်း၌ မြေရောင်းချသောစနစ်ဖြင့် နေရာချထားခဲ့၏။ မြေရောင်းရာတွင် မျက်နှာစာကို တစ်ပေလျှင် ၁ဝ ကျပ်နှုန်း ဖြင့် ရောင်းချပြီး ရှေ့နောက်မြေကွက်အရှည် ပေ ၄ဝ၊ ပေ၅၀ စသည်တို့ကိုထည့်သွင်းမတွက်ချက်ခဲ့ပေ။ ဤနှုန်းဖြင့် ရောင်းချခဲ့သော လက်ရှိ Down Town မြေကွက်များအား အင်္ဂလိပ်လူမျိုးနှင့် ဥရောပတိုက်သားများ၊ အင်ဂလိုအင်ဒီးယန်း ခေါ် အင်္ဂလိပ်နှင့် အိန္ဒိယကပြားများ၊ အာမေနီယန်များ၊ ဂျူးလူမျိုးများ၊ အိန္ဒိယလူမျိုးများနှင့် တရုတ်လူမျိုးအချို့သာ ဝယ်ယူနိုင်စွမ်းရှိကြ၏။ မြန်မာများသည် မြို့အပြင်ဘက် မြေကွက်လပ်များ၊ ရွာများ၌သာနေထိုင်ကြရပြီး တစ်နေ့သောအခါ မြို့ဆင်ခြေဖုံးရှိကာကွယ်ရေးစခန်းတစ်ခုသို့ မြန်မာဆင်းရဲသားရပ်ကွက်မှ ကာလဝမ်းရောဂါ ကူးစက်ခံ ရသည်ဟု ဆို၏။ ထိုအခါ ၎င်းတို့တပ်ဖွဲ့ဝင်များ ရောဂါကြောင့် သေကြေပျက်စီးမှု ရှိလာသဖြင့် မြန်မာလူမျိုးများအား ဤအတိုင်းထား၍မဖြစ်၊ စနစ်တကျနေနိုင်ရန် လုပ်ပေးမှဖြစ်တော့မည်ဟု အတွေးပေါက်လာပြီး လုပ်ငန်း အကောင် အထည်ဖော်ရန် R.D.T ကို ဖွဲ့စည်းခြင်းဖြစ်သည်ဟူသော မြှုပ်ကွက်အကြောင်းတစ်ရပ်ကို ညွှန်ကြားရေးမှူးဆရာကြီး ဦးစံထွန်းအောင် (ဟားဗတ်တက္ကသိုလ်ဘွဲ့ရ) (ကွယ်လွန်) ၏ပြောကြားချက်များအရ သိရှိရပေသည်။

R.D.T သည် ဆင်းရဲနွမ်းပါးသော မြန်မာများအား မြေရောင်းချသည့်စနစ်အစား အငှားချထားသည့်စနစ်ဖြင့် ချထားပေးခဲ့၏။ မြေငှားခကို ပြန်လည် ကောက်ယူရာ၌ မြေတန်ဖိုးပေါ်တွင် လေးရာခိုင်နှုန်း၊ မြေကွက်ဖော်ထုတ်မှု စရိတ် (Equipment Cost)ပေါ်တွင် ငါးရာခိုင်နှုန်း စုစုပေါင်း ကိုးရာခိုင်နှုန်းကို ၁၂ လနှင့်စားပြီး တစ်လကျသင့်ငွေကို တစ်ကွာတာအတွက်ပေါင်း၍ ကောက်ခံခြင်းဖြစ်ပေသည်။ ဤနည်းဖြင့် ၂၅ နှစ်ကျော်လျှင် မြေစည်ပင်မှုစရိတ်ကြေပြီး အမြတ်ပေါ်ထွက်လာကြောင်း သိရှိရပေသည်။

ဒုတိယကမ္ဘာစစ်ကြီးဒဏ်ကြောင့် မြန်မာနိုင်ငံတွင် အိုးအိမ်အဆောက်အအုံများ အများအပြားပျက်စီးခဲ့၏။ လွတ်လပ်ရေးရရှိပြီးနောက် ပြည်တွင်းစစ်နှင့် အခြား အကြောင်းများကြောင့် ကျေးလက်ဒေသမှ လူအများသည် မြို့များပေါ်သို့ ပြောင်းရွှေ့လာကြသဖြင့် နေရေးပြဿနာ ပိုမိုဆိုးရွားလာခဲ့၏။ စစ်အတွင်းပျက်စီးခဲ့သော အဆောက်အအုံများ ပြန်လည်ထူထောင်ခြင်းနှင့် ပြည်သူတို့၏နေရေး လိုအပ်ချက်ကို ဖြည့်ဆည်း ပေးရန်အတွက် ဖ.ဆ.ပ.လ အစိုးရက ၁၉၅၁ ခုနှစ် နိုဝင်ဘာလ ၁၅ ရက်နေ့တွင် အက်ဥပဒေတစ်ရပ်ပြဋ္ဌာန်းခဲ့ပြီး နိုင်ငံတော်ပြည်သူ့အိုးအိမ် ပြန်လည်ထူထောင်ရေးနှင့် မြို့ရွာစည်ပင်ရေးအဖွဲ့ (N.H.B) ကို ဖွဲ့စည်းခဲ့၏။ ၎င်းအက်ဥပဒေအပိုဒ်(၁၃)အရ N.H.B သည် R.D.T ၏ အာဏာနှင့် လုပ်ငန်းတာဝန်များကို လည်းကောင်း၊ ပစ္စည်းအားလုံးနှင့် ကြွေးမြီတာဝန်အားလုံး ကိုလည်းကောင်း၊ ပဋိညာဉ်စာချုပ်များကိုလည်းကောင်း လွှဲပြောင်းလက်ခံပြီး အရာထမ်း၊ အမှုထမ်းကိုပါ သိမ်းသွင်း ဖွဲ့စည်းမှုပြုလုပ်ခဲ့ပေသည်။ N.H.B သည် ရန်ကုန်မြို့တော် သာမက နိုင်ငံတစ်ဝန်းလုံးတွင် အိုးအိမ်ပြန်လည်ထူထောင် ရေးတာဝန်များကို ဥပဒေနှင့်အညီ အရှိန်အဟုန်မြှင့် ဆောင်ရွက်ခဲ့၏။ N.H.B သည် R.D.T ၏ ဗိုလ်ချုပ်လမ်း ရှိရုံးကြီးကိုပါ ဆက်ခံပြီး N.H.B ရုံးချုပ်အဖြစ် ပြောင်းလဲ ဖွင့်လှစ်ခဲ့ပေသည်။ အဆိုပါရှေးဟောင်းအမွေအနှစ်ရုံးကြီးကို ၁၉၂၃ ခုနှစ် မတ်လ ၁၄ ရက်နေ့တွင် မြန်မာ နိုင်ငံ၏ ပထမဆုံးဘုရင်ခံဖြစ်သော ဆာဟာကုတ်ဘတ္တ လာ (Sir Harcourt Butler) က အုတ်မြစ်ချခဲ့ကြောင်း ကမ္ပည်းမော်ကွန်း ကျောက်ပြားရေးထိုးထားသည်ကို လည်း ယနေ့တိုင် အထင်အရှား တွေ့ရှိနိုင်၏။

အိုးအိမ်အဖွဲ့

ထို့နောက် N.H.B ကို မ.ဆ.လခေတ် ၁၉၇၀ ပြည့်နှစ်တွင် “အိုးအိမ်အဖွဲ့” ဟု ပြောင်းလဲ၍ဖွဲ့စည်းခဲ့ပေသည်။ ၁၉၇၂ ခုနှစ် အုပ်ချုပ်ရေးစနစ်သစ်အရ စီးပွားရေး ဆန်ဆန်ဆောင်ရွက်ရန်အတွက် “အိုးအိမ်ကော်ပိုရေးရှင်း” ဟု ထပ်မံအမည်ပြောင်းလဲခဲ့ပြန်၏။ ၁၉၇၃ ခုနှစ်တွင် ဤလုပ်ငန်းမှာ စီးပွားရေးလုပ်ငန်း မဖြစ်သင့်ဟုဆိုပြီး “အိုးအိမ်ဦးစီးဌာန” ဟူ၍ ခေတ်တစ်ခေတ်အတွင်းမှာပင် အမည်နာမ သုံးကြိမ် တိတိ ပြောင်းလဲခဲ့ကြောင်း တွေ့ရှိရပေသည်။ ၁၉၉၀ ပြည့်နှစ် တပ်မတော်အစိုးရလက်ထက် ၌ အိုးအိမ်ဦးစီးဌာနကို “မြို့ပြနှင့်အိမ်ရာ ဖွံ့ဖြိုးရေးဦးစီးဌာန” (Department Human Settlement and Housing Development-DUSHD) ဟု ထပ်မံပြောင်းလဲ ပြီး ဖွဲ့စည်းပုံကို “ခ” အဆင့်မှ “က” အဆင့်သို့ တိုးမြှင့် ဖွဲ့စည်းခဲ့ပြန်၏။ ၂၀၁၅ ခုနှစ် ဒုတိယဒီမိုကရေစီခေတ် ကာလအတွင်း ၂၀၀၈ ခုနှစ် ဖွဲ့စည်းပုံအခြေခံဥပဒေနှင့် အညီ ပြည်နယ်နှင့်တိုင်းဒေသကြီးအားလုံးသို့ လုပ်ပိုင်ခွင့်များ ပိုမိုခွဲဝေအပ်နှင်းသည့် ဖွဲ့စည်းပုံသစ်ကို ပြုပြင်ဖွဲ့စည်းလျက် ဌာန၏အမည် ကိုလည်း “မြို့ပြနှင့် အိမ်ရာဖွံ့ ဖြိုး ရေးဦးစီးဌာန” ဟု ခေတ်စနစ်နှင့်အညီ ပြောင်းလဲခဲ့ကြောင်း တွေ့ရှိရပေသည်။

ဤသို့ဖြင့် ၁၉၂၁ ခုနှစ် ဖေဖော်ဝါရီလ ၁ ရက်နေ့ တွင် စတင်ဖွဲ့စည်းပေါ်ပေါက်လာသော မူလမြစ်ဖျား R.D.T မှသည် ခေတ်အဆက်ဆက် တိုးချဲ့ခြင်း၊ ပြောင်းလဲဖွဲ့စည်းခြင်းများဖြစ်ပေါ်ခဲ့ရာမှာ “၂၀၂၁ ခုနှစ် ဖေဖော်ဝါရီ လ ၁ ရက်နေ့တွင် မြို့ပြနှင့် အိမ်ရာဖွံ့ဖြိုးရေးဦးစီးဌာန၏ သမိုင်းဝင်သက်တမ်းမှာ နှစ်ပေါင်း (၁၀၀) ပြည့်မြောက် တော့မည်ဖြစ်ပေသည်။ ခေတ်အဆက်ဆက် ဝန်ထမ်းများ၏ အတွေ့အကြုံနှင့် မှတ်တမ်းများကို ရသကဗျာ စာအလင်္ကာစုံလင်စွာဖြင့် မြန်မာ- အင်္ဂလိပ် နှစ်ကဏ္ဍ ပါဝင်သော “နှစ် ၁၀၀ ပြည့် အထိမ်းအမှတ်မဂ္ဂဇင်းကြီး” ခံ့ညားစွာ ပေါ်ထွက်လာသည်ကို တွေ့မြင်ရ၍ လွန်စွာ ဝမ်းမြောက်မိ၏။ ၁၂-၁-၂၀၂၁ ရက်နေ့မှစပြီး သုံးရက် တိုင်တိုင် ရန်ကုန်မြို့၌ နှစ် (၁၀၀) စကားဝိုင်းကိုလည်း ရုပ်မြင်သံကြား ရိုက်ကူးမှတ်တမ်းတင်နိုင်ခဲ့ကြောင်း သိရှိရ၏။ ကိုဗစ်ကာလဖြစ်၍ စည်းကမ်းဘောင်အတွင်း အမှတ်တရ လှုပ်ရှားမှုများကို အကျဉ်းချုံး၍ စီစဉ် ဆောင်ရွက်နေရသည့်အနေအထားကို တွေ့မြင်ရသဖြင့် အားမလိုအားမရ ဖြစ်မိပေသည်။

ဆက်လက်ပြီး အထက်ပါ နှစ် ၁၀၀ ကာလအတွင်း ခေတ်အဆက်ဆက် မြို့ပြနှင့် အိုးအိမ်ကဏ္ဍဖွံ့ဖြိုးရေး ဆောင်ရွက်ချက်များကို ဝေဖန်သုံးသပ်သည့် ဆောင်းပါး များကို အခွင့်ရသလို ရေးသားတင်ဆက်ဦးမည် ဖြစ်ပါ ကြောင်း သတင်းကောင်းပါးလိုပါသည်။ နှစ်တစ်ရာပြည့် မြို့ပြနှင့် အိုးအိမ်ဖွံ့ဖြိုးရေး ဦးစီးဌာနကြီးသည် ပြည်သူ့အစိုးရသစ်နှင့်လက်တွဲ၍ လုပ်ငန်းတာဝန်များကို ပိုမိုထူးချွန်ပြောင်မြောက်စွာ အောင်လံလွှင့်ရင်း အဓွန့်ရှည်ကြာ တည်ပါစေသောဝ်၊ တည်စေသောဝ်ဟု လှိုက်လှိုက်လှဲလှဲ ဆုမွန်ကောင်းတောင်းလိုက်ရပါသတည်း။ ။

မြင့်မိုရ်ဆွေ