Skip to main content

အခုအချိန်မှာ ပတ်ဝန်းကျင်နိုင်ငံတွေမှာလည်း ဗီဇပြောင်းကိုရိုနာဗိုင်းရပ်စ်တွေ့နေတဲ့အတွက် အမြဲတမ်းစောင့်ကြည့်နေပါတယ်။ ကိုဗစ် တတိယလှိုင်းမဖြစ်အောင် အတတ်နိုင်ဆုံးကြိုးစားပြီးကာကွယ်ဖို့ ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာနက လုပ်ဆောင်လျက်ရှိပါတယ်။

အခုအချိန်မှာ ပတ်ဝန်းကျင်နိုင်ငံတွေမှာလည်း ဗီဇပြောင်းကိုရိုနာဗိုင်းရပ်စ်တွေ့နေတဲ့အတွက် အမြဲတမ်းစောင့်ကြည့်နေပါတယ်။ ကိုဗစ် တတိယလှိုင်းမဖြစ်အောင် အတတ်နိုင်ဆုံးကြိုးစားပြီးကာကွယ်ဖို့ ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာနက လုပ်ဆောင်လျက်ရှိပါတယ်။ (ပါမောက္ခ ဒေါက်တာဒေါ်သင်းသင်းနွဲ့)

ကမ္ဘာ့နိုင်ငံတချို့တွင် ဖြစ်ပေါ်နေသည့် ဗီဇပြောင်းကိုရိုနာဗိုင်းရပ်စ်ပိုးအသစ်နှင့်ပတ်သက်ပြီး ကျန်းမာရေးဆိုင်ရာ လိုက်နာ ရ မည့် အချက်များ၊ ဆောင်ရွက်ထားရှိမှု အခြေအနေတို့နှင့် ပတ်သက်၍ ဆေးတက္ကသိုလ်(၂) ရန်ကုန်၊ ပါမောက္ခ၊ ဌာနမှူး ဆေးပညာဌာန၊ ပါမောက္ခ ဒေါက်တာဒေါ်သင်းသင်းနွဲ့နှင့် တွေ့ဆုံမေးမြန်းထားသည်များကို တင်ပြ လိုက်ရ ပါသည်။

မေး ။ ။ ကမ္ဘာ့နိုင်ငံအချို့မှာ လက်ရှိဖြစ်ပွားနေတဲ့ ဗီဇပြောင်းကိုရိုနာဗိုင်းရပ်စ်ပိုး အသစ်နဲ့ ပတ်သက်ပြီး ရှင်းပြပေးစေလိုပါတယ်။

ဖြေ ။ ။ ကိုဗစ်-၁၉ ဗီဇပြောင်း ကိုရိုနာဗိုင်းရပ်စ် နဲ့ပတ်သက်ပြီး အမေရိကန်နိုင်ငံရှိ Centre of Disease Control and Prevention (CDC)က ထုတ်ပြန်ထားတဲ့ အချက်အလက်တွေကို ကိုးကားပြီး ပြောပြချင်ပါတယ်။ ဗိုင်းရပ်စ်ဆိုတာကတော့ အချိန်နဲ့အမျှ mutation (မျိုးဗီဇ ပြောင်းလဲခြင်း)များ ဖြစ်တတ်ပါတယ်။ အချိန်ကြာလာတာနဲ့အမျှ ဗိုင်းရပ်စ်ပိုးအသစ် လေးတွေကတော့ ဖြစ်ပေါ်လာတတ်ပါတယ်။ တစ်ခါတစ်ရံမှာ မူကွဲအသစ်လေးတွေ ပေါ်ပေါက် လာပြီး ပြန်လည် ပျောက်ကွယ်သွား တာမျိုးလည်းရှိသလို တစ်ခါတစ်ရံမှာ ဆက်လက်ပြီး တည်ရှိနေတာမျိုးလည်း ရှိပါတယ်။ ဒါကြောင့် မို့လို့ ကိုဗစ်-၁၉ ဖြစ်စေတဲ့ ဗိုင်းရပ်စ်မျိုးကွဲများစွာ တွေကို ဒီရောဂါဖြစ်ပွားမှုအတွင်း ဗြိတိန်နဲ့ ကမ္ဘာ့နိုင်ငံအနှံ့အပြားမှာ မှတ်တမ်း တင်ထားပါတယ်။ ဗီဇပြောင်းကိုရိုနာ ဗိုင်းရပ်စ်ဟာ မူလကိုရိုနာ ဗိုင်းရပ်စ်ထက် ၇ဝ ရာခိုင်နှုန်းပိုပြီး လွယ်ကူ လျင်မြန်စွာ ပျံ့နှံ့နိုင်ပါတယ်။ အခု လောလောဆယ်အချိန်မှာတော့ ဗီဇပြောင်း ကိုရိုနာ ဗိုင်းရပ်စ်က ပိုမိုပြင်းထန်တဲ့ ဖျားနာ ခြင်း သို့မဟုတ် သေဆုံးနိုင်ခြေ ပိုမို မြင့်မားကြောင်း သက်သေအထောက်အထား မရှိသေးပါဘူး။ လက်ရှိဖြစ်ပေါ်နေတဲ့ ကိုဗစ်-၁၉ နဲ့ အတူတူပါပဲ။ လက်ရှိခွင့်ပြုထားတဲ့ ကာကွယ်ဆေးတွေက ကာကွယ်နိုင်မှု ရှိ၊ မရှိ ဆိုတာ ပိုမိုလေ့လာဖို့ ကြိုးစားနေကြပါတယ်။

မေး။ ။ ဗိုင်းရပ်စ်ပိုးအသစ်က အရှေ့တောင်အာရှနိုင်ငံတွေနဲ့ မြန်မာနိုင်ငံရဲ့ အိမ်နီးချင်းနိုင်ငံ အချို့ကို ပျံ့နှံ့ရောက်ရှိနေပြီလို့ သိရတဲ့အတွက် ပြည်သူတွေ ကာကွယ်ရမယ့် နည်းလမ်းတွေ ကိုလည်း ပြောပြပေးပါဦး။

ဖြေ ။ ။ ဗီဇပြောင်းကိုရိုနာဗိုင်းရပ်စ် အသစ်က အိမ်နီးချင်းနိုင်ငံတွေမှာ ရောက်ရှိနေ တာကို CDC မှာ ပြထားတဲ့ ရောဂါကူးစက်မှုပြ ဇယားလေးကို ကြည့်ခြင်းအားဖြင့် သိရှိနိုင်ပါတယ်။ အခု အချိန်မှာ မြန်မာနိုင်ငံအနေနဲ့ ရောဂါ ဖြစ်ပွားနှုန်း လျော့ကျလာပြီဖြစ်ပေမယ့် ဗီဇပြောင်း ကိုရိုနာဗိုင်းရပ်စ်က ထိုင်းနိုင်ငံ၊ ဂျပန်နိုင်ငံတွေမှာ ရောက်ရှိ ကူးစက်နေကြောင်း သတင်းများ ကြားသိရတဲ့အတွက် ကျွန်မတို့ ပြည်သူတွေဟာ မပေါ့ဆသင့်ပါဘူး။ ကျန်းမာရေး နှင့် အားကစား ဝန်ကြီးဌာနက ထုတ်ပြန်တဲ့ သတင်းတွေကို စောင့်ကြည့်နားထောင်ပြီး မိမိကိုယ်ကို ကာကွယ်ကြရ မှာ ဖြစ်ပါတယ်။ အဓိကကာကွယ်နည်း သုံးနည်းဖြစ်တဲ့ လက်ဆေးပါ။ Mask တပ်ပါ။ တစ်ဦးနဲ့တစ်ဦး ခြောက်ပေအကွာနေပါ။ ဒီနည်းလမ်း တွေနဲ့ပဲ ဆက်လက် ကာကွယ်ကြရမှာ ဖြစ်ပါတယ်။

မြန်မာနိုင်ငံမှာ ရောက်ရှိနေပြီလားဆိုတာကတော့ အမျိုးသားကျန်းမာရေးဓာတ်ခွဲခန်း၊ ဆေးသုတေသနဦးစီးဌာနတွေ ကနေပြီး တော့ လူနာတွေက နှာခေါင်းတို့ဖတ်၊ အာခေါင်တို့ဖတ် ယူပြီး RT- PCR နဲ့ Whole genomic sequencing နဲ့ စမ်းသပ် နေတယ်။ အခုထိတော့ တွေ့ရှိရခြင်း မရှိပါဘူး။

မေး ။ ။ ဗီဇပြောင်းကိုရိုနာဗိုင်းရပ်စ်ပိုးက လက်ရှိဖြစ်နေတဲ့ ဗိုင်းရပ်စ်နဲ့ဆင်တူပါ သလား။ ကူးစက်ခံရရင် ရောဂါလက္ခဏာ ဘယ်လိုပြသလဲ သိချင်ပါတယ်။

ဖြေ ။ ။ ဗီဇပြောင်း ကိုရိုနာဗိုင်းရပ်စ်ကတော့ ကိုဗစ်-၁၉ နဲ့ တူပါတယ်။ ကူးစက်ခံရရင် ရောဂါလက္ခဏာပြတာ အတူတူပါပဲ။ ဖျားနာ တယ်။ ချောင်းဆိုးတယ်။ အသက်ရှူကျပ်တယ်။ ပင်ပန်းနွမ်းနယ်တယ်။ ခန္ဓာကိုယ်က နာကျင်ကိုက်ခဲတယ်။ ခေါင်းကိုက်တယ်။ အနံ့ မရဘူး။ အစားအစာ စားတဲ့အခါ အရသာမရှိ ဘူး။ ဒီလက္ခဏာတွေကတော့ မူလတွေ့ရှိတဲ့ ကိုဗစ်-၁၉နဲ့ အတူတူပါပဲ။ ပြောင်းလဲမှုမရှိပါ ဘူး။

မေး ။ ။ ဗီဇပြောင်းကိုရိုနာဗိုင်းရပ်စ် ပိုးအသစ်ကူးစက်ခံရပြီဆိုရင် ဆေးဝါးကုသပေး ဖို့အတွက် ကြိုတင်ပြင်ဆင်ထားရှိမှုအခြေ အနေကိုလည်း သိချင်ပါတယ်။

ဖြေ ။ ။ ဗြိတိန်နိုင်ငံမှာ ထူးခြားတဲ့ပြောင်းလဲမှုတွေနဲ့ ဗီဇပြောင်း ကိုရိုနာဗိုင်းရပ်စ်ပေါ် နေပြီဆိုကတည်းက ကျန်းမာရေးနှင့်အားကစား ဝန်ကြီးဌာနက အမြဲတမ်းစောင့်ကြပ်ကြည့်ရှု မှုတွေ ပြုလုပ်နေပါတယ်။ ပြည်သူတွေအနေနဲ့ ကိုဗစ်-၁၉ ရောဂါ သံသယရှိတယ်ဆိုရင် ရပ်ကွက်အုပ်ချုပ်ရေးမှူးရုံးကနေ မြို့နယ်ကျန်းမာရေးဌာနကို အကြောင်းကြားပါ။ ကျန်းမာရေး ဌာနကနေပြီး ဆေးရုံကို လူနာတွေ စေလွှတ်ပြီးတော့ စစ်ဆေးမှုတွေပြုလုပ်ပါ တယ်။ ပြည်သူ့ဆေးရုံကြီး၊ မြို့နယ်ဆေးရုံ၊ မြို့နယ်ကျန်းမာရေးဌာနက ကိုဗစ်-၁၉ရောဂါ ကုသဖို့ အတွက် အမြဲတမ်းအဆင်သင့်ဖြစ်နေပါတယ်။ လူတစ်ယောက်က သူဖျားတယ်။ နှာချေ၊ ချောင်းဆိုးတယ်ဆိုတာနဲ့ မြို့နယ်ကျန်းမာရေး ဌာနကို အကြောင်းကြားလိုက်မယ်။ နှာခေါင်း တို့ဖတ်၊ အာခေါင်တို့ဖတ် ယူမယ်။ တွေ့ရှိရင် လူနာရဲ့ ရောဂါအတိမ်အနက်အပေါ်မူတည်ပြီး ဆေးရုံမှာထားရှိပြီး ကုသပါမယ်။ ပြင်းထန်တဲ့ အဆုတ်ရောင်ရောဂါ ဖြစ်တယ်ဆိုတာနဲ့ ဆေးရုံ မှာ အောက်ဆီဂျင်တွေပေးမယ်။ လိုအပ်တဲ့ ဆေးဝါးကုသမှုတွေ ပေးမှာပါ။ ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာနက ထုတ်ပြန်ထားတဲ့ Guideline အတိုင်းကို ကုသမှုတွေပေးမှာဖြစ်ပါ တယ်။

အခုအချိန်မှာ ပတ်ဝန်းကျင်နိုင်ငံတွေမှာ လည်း ဗီဇပြောင်းကိုရိုနာဗိုင်းရပ်စ်တွေ့နေရ တဲ့အတွက် အမြဲတမ်းစောင့်ကြည့် နေပါတယ်။ ကိုဗစ်တတိယလှိုင်းအဖြစ်ခံလို့ မရပါဘူး။ ကျွန်မတို့မှာရှိတဲ့ ငွေအင်အား၊ လူ့စွမ်းအား အရင်းအမြစ်တွေရယ်၊ ကုသရေးပစ္စည်းတွေရယ်နဲ့ ကိုဗစ်တတိယလှိုင်း မဖြစ်အောင် အတတ် နိုင်ဆုံးကြိုးစားပြီး ကာကွယ် ဖို့ ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာနက လုပ်ဆောင်လျက် ရှိပါတယ်။

မေး ။ ။ မြောက်ဥက္ကလာပဆေးရုံမှာ ကိုဗစ်လူနာတွေ ကုသပေးနေတဲ့အခြေအနေ ကိုလည်း သိချင်ပါတယ်။

ဖြေ ။ ။ မြောက်ဥက္ကလာပ ဆေးရုံကြီးကတော့ ကိုဗစ်-၁၉ ဒုတိယလှိုင်း ဖြစ်တဲ့အချိန် မှာ ကိုဗစ်-၁၉ Positive လူနာတွေကို တာဝန်ယူ ကုသဖို့(Isolation Ward) ၁၂ ခု ဖွဲ့စည်းထား တယ်။ (Isolation Ward)မှာ ဆေးပညာဌာနနဲ့ ဆေးပညာနှီးနွှယ် အထူးကုဌာနတွေ၊ ခွဲစိတ် ပညာဌာနနဲ့ နှီးနွှယ်အထူးကုဌာနတွေ၊ သားဖွားနှင့် မီးယပ်အထူးကုဌာနတွေ၊ အရေးပေါ် ဆေးပညာဌာနတွေမှ ပါမောက္ခများ၊ တွဲဖက်ပါမောက္ခများ၊ ကထိကများ၊ လက်ထောက် ကထိကများ ဦးဆောင်တဲ့ ဆရာဝန်များ၊ သူနာပြုဆရာမကြီးတွေ ပါဝင်တဲ့ Healthcare Personnel တွေက ကိုဗစ်-၁၉ လူနာတွေကို ကုသပေးနေပါတယ်။ ဒုတိယလှိုင်းမှာ လူနာ တက်ရောက်မှုက အရင်က ၄၀၀ ထိ ရှိတယ်။ အခုကတော့ လူနာ ၂ဝဝလောက်ပဲ ရှိပါတော့ တယ်။ တစ်ဝက်လောက် လျော့ကျသွားပါတယ်။ အရေးပေါ်ဌာနကိုလာတဲ့ လူနာတွေလည်း တစ်ဝက်လောက်တော့ လျော့ကျနေပါတယ်။ နောက်တစ်ခုက မြောက်ဥက္ကလာပဆေးရုံမှာ ကုသမှုကို အချိန်နဲ့တစ်ပြေးညီ ဆောင်ရွက်တဲ့ အတွက်ကြောင့် ကိုဗစ်ရောဂါကြောင့် သေဆုံးမှု ရာခိုင်နှုန်းက အနည်းငယ်သာရှိပါတယ်။ ကျန်းမာစွာနဲ့ ဆေးရုံကဆင်းတာ များပါတယ်။

မေး ။ ။ ဖြည့်စွက်ပြောကြားစရာရှိရင် ပြောကြား ပေးစေလိုပါတယ်။

ဖြေ ။ ။ ရောဂါတစ်ခုမဖြစ်ခင် ကြိုတင်ကာကွယ်မှုက အရေးကြီးပါတယ်။ ကာကွယ်တဲ့ နည်းလမ်းကတော့ ကျန်းမာရေးနှင့် အားကစားဝန်ကြီး ဌာနက ညွှန်ကြားတဲ့အတိုင်း အဓိက Mask တပ်ပါ။ လက်ဆေးပါ။ လက်ဆေးဖို့ အဆင်သင့်မရှိရင် လက်သန့် ဆေးရည်သုံးပါ။ တစ်ဦးနဲ့တစ်ဦး ခပ်ခွာခွာနေပါ။ ရိုးရိုးလေးပါပဲ ဒီကာကွယ်ရေးနည်းလမ်းက သုံးခုပဲရှိတယ်။ အဲဒီအချက်သုံးချက်ကို လိုက်နာမယ်ဆိုရင် ရောဂါမဖြစ်နိုင်ဘူး။ မလိုအပ်ဘဲနဲ့လည်း လူစုလူဝေးရှိတဲ့နေရာမသွားဖို့ အရေးကြီးတယ်။ အဓိကမဖြစ်အောင် ကာကွယ်တာ အကောင်းဆုံးပါပဲ။

ပြည်သူတွေကြားမှာ ရောဂါဖြစ်လို့ရှိရင် တစ်ယောက်နဲ့ တစ်ယောက်တော့ မတူဘူး။ ၈၅ ရာခိုင်နှုန်းက သာမန်ဖြစ်တယ်။ ကျန်တဲ့ ၁၅ ရာခိုင်နှုန်းက ပြင်းထန်အဆုတ်ရောင် ရောဂါဖြစ်ရင် စိုးရိမ်ရတယ်။ ကိုဗစ်လက္ခဏာ သံသယရှိတယ်ဆိုရင်တော့ အတတ်နိုင်ဆုံး ကတော့ နီးစပ်ရာ ကျန်းမာရေးဌာန၊ ဆေးရုံကို လာရောက်ပြီး စစ်ဆေးပြသဖို့ အရေးကြီးပါတယ်။ လာရောက် ပြသပြီဆိုရင် သူ့ရဲ့မိသားစုကို မကူးစက်အောင် ကာကွယ်ပြီးသားဖြစ်သွားတယ်။ ရောဂါ ကူးစက်ခံရပြီဆိုရင် ဒီရောဂါက သာမန်ဖြစ်မလား။ ပြင်းထန်ဖြစ်မလားဆိုတာ ဘယ်သူမှ မပြောနိုင်ဘူး။ လူ့အသက်က အရေးကြီးပါတယ်။ ဖြစ်တယ်ဆိုတာနဲ့ နီးစပ်ရာ ကျန်းမာရေးဌာန၊ ဆေးရုံတွေမှာ ကုသမှု ခံယူသင့်တယ်။ ဆေးရုံမှာ ကုသနေရင်း သာမန်ဆိုရင် သတ်မှတ်ထားတဲ့ ၁၁ ရက်အတွင်းမှာ လူနာက တခြားပြင်းထန်တဲ့လက္ခဏာ မရှိဘူးဆိုရင် ပေးပြန်တယ်။ စောင့်ကြည့်နေတဲ့ ကာလအတွင်းမှာ လူ့ခန္ဓာကိုယ်ထဲမှာ အောက်ဆီဂျင်ကျတယ်ဆိုရင် အချိန်မီ ကုသမှု ပေးနိုင်တယ်ဆိုရင် လူ့အသက်များစွာကို ကယ်တင်နိုင်တယ်။ အဓိက ဆေးရုံ၊ ဆေးခန်း လာဖို့လည်း မကြောက်ပါနဲ့။ ကျွန်မတို့ ဆေးရုံမှာရှိတဲ့ ကျန်းမာရေးဝန်ထမ်းတွေက အချိန်ပြည့် လည်း ရှိပါတယ်။ ကူညီဖို့လည်း အသင့်ရှိပါတယ်။ တစ်ခုခု ကို စိတ်ပူပြီး ကိုဗစ်လက္ခဏာ ရှိရင် ဆေးသုတေသနဦးစီးဌာနက ဖွင့်ထားတဲ့ Call Centre တွေလည်းရှိတယ်။ နောက်ပြီး မြန်မာနိုင်ငံ ဆရာဝန်များအသင်းကနေဖွင့် ထားတဲ့ Call Centre လည်းရှိတယ်။ ကျွန်မတို့ ရဲ့ ဆေးတက္က သိုလ်(၂)ကနေ အချိန်ပြည့် ဖွင့်ထားတဲ့ Health Information Counselling Advice Call Centre တွေကို ဆက်သွယ်ပြီး တော့ မေးမြန်းလို့လည်း ရပါတယ်။ အချိန်မီ ဆေးကုသမှု ခံယူဖို့၊ စစ်ဆေးမှုခံယူဖို့ အရေးကြီး ပါတယ်။

ယခုလိုဖြေကြားပေးတာ ကျေးဇူးတင်ပါတယ်။

တွေ့ဆုံမေးမြန်း - သီသီမင်း၊ မင်းသစ် (MNA)/ဓာတ်ပုံ - နေလင်း