Skip to main content

ကိုဗစ်ကာလစိန်ခေါ်မှုများနှင့် ဘာသာရေးခရီးသွားလုပ်ငန်းမြှင့်တင်ရေး

ကိုဗစ်ကာလ မြန်မာ့စီးပွားရေးမျှော်မှန်းချက်


ကိုဗစ်- ၁၉ ရောဂါကူးစက်မှုသည်   ကမ္ဘာတစ်ဝန်းတွင်  ယနေ့ထက်တိုင်   တိုးနေဆဲပင် ဖြစ်သည်။  တစ်နှစ်ကျော် ကြာမြင့်လာ သည့်  ကိုဗစ်-၁၉  ရောဂါကူးစက်မှုကြောင့်  သေဆုံးသူဦးရေမှာလည်း သန်းချီရှိနေပါ၏။ ကိုဗစ်- ၁၉ ကာကွယ်ဆေးများ  ရရှိနေပြီဆိုသော်လည်း   ယင်းကပ် ရောဂါကြီး   အချိန်မည်မျှကြာ၍    လူသားများအပေါ်   မည်မျှထိခိုက်နေဦးမည်ဆိုသည်က ခန့်မှန်းရန်  ခက်ခဲ နေဆဲ ဖြစ်သည်။  သို့ဖြစ်ရာ    ကပ်ရောဂါ ဖြစ်ပွားမှုအကျိုးဆက်မှာ နိုင်ငံအားလုံးတို့၏ စီးပွားရေး၊ ပညာရေး၊  လူမှုရေးဆိုင်ရာများ  ရပ်တန့်ခြင်း၊   တုံ့ဆိုင်းခြင်း၊  နှေးကွေး ခြင်းတို့ဖြစ်သည်။


ကိုဗစ် -၁၉ ရောဂါဖြစ်ပွားမှုကြောင့် ကုန်ထုတ်လုပ် မှု၊ အထည်ချုပ်လုပ်ငန်း၊  သယ်ယူပို့ဆောင်ရေး၊   ခရီးသွား ဝန်ဆောင်မှု လုပ်ငန်းနှင့်  ဟိုတယ်ဝန်ဆောင်မှုလုပ်ငန်းများ၊  အသေးစား၊ အလတ်စားလုပ်ငန်းများသည်  အခြားလုပ်ငန်းများထက် ပိုမိုထိခိုက်ခဲ့ကြသည်။ ယခုအချိန်အထိလည်း  ကိုဗစ်-၁၉  ရောဂါကူးစက်မှုကြောင့်    လုပ်ငန်းများ ပြန်လည်မစတင်နိုင်သေးခြင်း ကြောင့်    ထပ်မံထိခိုက် နိုင်ခြေရှိနေဆဲ ဖြစ်သည်။ ကမ္ဘာ့ဘဏ် ၏ ဒီဇင်ဘာလ ၁၆ ရက်နေ့ထုတ်ပြန်ချက်အရ ကပ်ရောဂါကြောင့်  မြန်မာ့ စီးပွားရေးသည် လွန်ခဲ့သည့်နှစ် ညွှန်းကိန်း ၆ ဒသမ ၈ မှ ယခုနှစ်တွင် ၁  ဒသမ  ၇   ရာခိုင်နှုန်းကို  ကျဆင်းသွားကြောင်း သိရသည်။
ဆင်းရဲမွဲတေမှုအနေဖြင့် မြန်မာနိုင်ငံသည် ၂၀၁၈- ၂၀၁၉  ဘဏ္ဍာနှစ်တွင်  ၂၂ ဒသမ ၄ ရာခိုင်နှုန်းရှိခဲ့ပြီး ကိုဗစ်- ၁၉ ဖြစ်ပွား မှုကြောင့် ၂၀၂၀ - ၂၀၂၁ ဘဏ္ဍာနှစ် တွင် ဆင်းရဲမွဲတေမှု ၂၇ ရာခိုင်နှုန်းအထိ မြင့်တက်လာခဲ့ကြောင်း ဆိုသည်။ ၂၀၁၈ - ၂၀၁၉ ဘဏ္ဍာနှစ်ထက် ၂၀၂၀- ၂၀၂၁ ဘဏ္ဍာနှစ်တွင် ဆင်းရဲမွဲတေမှု ငါးရာခိုင်နှုန်းကျော် တိုးလာနိုင်ကြောင်း  ကမ္ဘာ့ဘဏ်က  ဆိုသည်။  သို့သော် လည်း မျှော်လင့်ချက်အနေဖြင့် လာမည့် ၂၀၂၁ ခုနှစ် အတွင်း   မြန်မာ့စီးပွားရေး   ပြန်လည်တိုးတက်လာနိုင်ကြောင်း ကမ္ဘာ့ဘဏ်က ခန့်မှန်းထားသည်။


ခရီးသွားလုပ်ငန်းထိခိုက်မှု
ကိုဗစ်-၁၉ ထိခိုက်ခံရသောနိုင်ငံ၏ ကဏ္ဍပေါင်းစုံ ထဲတွင် မြန်မာ့ခရီးသွားလုပ်ငန်းကဏ္ဍလည်း ပါဝင်နေသည်။ ယခုနှစ်အတွင်း  ကမ္ဘာတစ်ဝန်း    နိုင်ငံတကာ ခရီးသွားအရေအတွက်  ၈ဝ  ရာခိုင်နှုန်းအထိ  ကျဆင်း နိုင်ကြောင်း ကမ္ဘာ့ခရီးသွားလုပ်ငန်းအဖွဲ့ချုပ် (WTO)   က ဆိုထားသည်။  ကိုဗစ်-၁၉ ရောဂါ  စတင်ဖြစ်ပွားချိန်မှ စ၍ မြန်မာ့ခရီးသွားလုပ်ငန်းသည်လည်း ကျဆင်းခဲ့သည်။ ၂ဝ၁၉ ခုနှစ်အတွင်း နိုင်ငံခြားသားဧည့်သည်ဝင်ရောက် မှု ၄ ဒသမ ၃ သန်းကျော်ရှိခဲ့သော်လည်း  ကပ်ရောဂါဖြစ်ပွား သည့်  ၂ဝ၂ဝ ပြည့်နှစ်  ဇန်နဝါရီလမှ  အောက်တိုဘာလအထိ နိုင်ငံခြားသားဧည့်သည်ဝင်ရောက်မှုမှာ ရှစ်သိန်းခုနစ်သောင်းကျော်သာ ရှိခဲ့သည်။ ယခုနှစ်ကုန်တွင် ခရီးသွား ဝင်ရောက်မှု ၈၀ ရာခိုင်နှုန်းခန့် ကျဆင်းသွားနိုင်ကြောင်း ခရီးသွားလုပ်ငန်းဆိုင်ရာများက ခန့်မှန်းထားကြသည်။ ခရီးသွား လုပ်ငန်းမှဝင်ငွေအနေဖြင့် ၂၀၁၉ ခုနှစ်အတွင်း ပြည်ပ ခရီးသွားလုပ်ငန်းတစ်ခုတည်းမှ  ဒေါ်လာ ၂၈၁၈ သန်း ကျော်ရှိခဲ့သော်လည်း ကိုဗစ်-၁၉ ရောဂါဖြစ်ပွား သည့် ၂၀၂၀   ပြည့်နှစ်တွင်  ဒေါ်လာ  ၅၄၃  သန်းကျော်သာ ရရှိထားသဖြင့် ရာခိုင်နှုန်းအားဖြင့်  ၈၁  ရာခိုင်နှုန်း အထိ ဆုံးရှုံးနိုင်ကြောင်း ခန့်မှန်းထားကြသည်။


ကိုဗစ်-၁၉ ရောဂါကြောင့်     ခရီးသွားလုပ်ငန်းထိခိုက် ဆုံးရှုံးလာသည်နှင့်   နှီးနွှယ်ကဏ္ဍများဖြစ်သည့်   ဟိုတယ် လုပ်ငန်းများ၊ သယ်ယူပို့ဆောင်ရေးလုပ်ငန်းများ၊ စားသောက်ဆိုင်လုပ်ငန်း  စသည့်လုပ်ငန်း အသီးသီးနှင့် ဆက်စပ်လုပ်ငန်းများတွင်    အလုပ်လက်မဲ့ပြဿနာများ လည်း ဖြစ်ပေါ်နေသည်။


ကိုဗစ်နှင့် ပုံစံသစ်ခရီးသွားကဏ္ဍ
လက်ရှိ ကိုဗစ်-၁၉  ရောဂါ ဖြစ်ပွားနေဆဲအခြေအနေတွင်   စီးပွားရေးလုပ်ငန်းများ    ပြန်လည်စတင်ရေး၊ ထူထောင်ရေးမှာ   ခက်ခဲနေဆဲဖြစ်သည်ကို  တွေ့မြင်ကြရသည်။ ကပ်ရောဂါ ဖြစ်ပွားနေဆဲအခြေအနေအရ ကိုဗစ်-၁၉ ကာကွယ်ခြင်း၊ တိုက်ဖျက်ခြင်း နှင့် အတူ  ခရီးသွားလုပ်ငန်းများကို New Normal ပုံစံဖြင့် ဒွန်တွဲလုပ်ဆောင်ရန်မှာ ရေရှည်ရပ်တည်ရေးအတွက် နည်းလမ်းတစ်ရပ်ဟု ဆိုနိုင်သည်။


ခရီးသွားလုပ်ငန်းများအပါအဝင် စီးပွားရေးလုပ်ငန်းများကို အခြားနိုင်ငံများနှင့်ယှဉ်ပြိုင်၍  ပြန်လည်စတင်ရာတွင် သမားရိုးကျ ပုံစံများထက်     ဆန်းသစ်တီထွင်မှုရှိသော၊ ထုတ်လုပ်မှုအားကောင်းသော၊  ဝန်ဆောင်မှုအားကောင်းသောပုံစံများဖြင့်   ထိုးဖောက်နိုင်ရန်    လိုအပ်ပါလိမ့်မည်။ မကြာမီပြန်လည်စတင်မည့်  ခရီးသွား လုပ်ငန်းများကိုလည်း ခရီးသွားကဏ္ဍသစ်၊  ပုံစံသစ်များဖြင့်  ထိုးဖောက်ခြင်းဖြင့် ကိုဗစ်ကာလခရီးသွား လုပ်ငန်းများ  ရှင်သန်ရပ်တည်နိုင်ရေးနှင့် ကိုဗစ်အလွန်ကာလ  ပြန်လည်ထူထောင်ရေးနှင့် ဖွံ့ဖြိုး တိုးတက်ရေး တို့ကို မျှော်မှန်းနိုင်ပေမည်။
ခရီးသွားလုပ်ငန်းကဏ္ဍသစ် တိုးချဲ့ခြင်း
မြန်မာနိုင်ငံတွင်  ခရီးသွားလုပ်ငန်းအမျိုးမျိုး  ယခင် ကပင်  တိုးချဲ့လုပ်ကိုင်နေသည်ကို  တွေ့ရသည်။ ခရီးသွားလုပ်ငန်းသည်  နိုင်ငံခြားဝင်ငွေရရှိသည့်လုပ်ငန်းဖြစ်သည် နှင့်အညီ နိုင်ငံဖွံ့ဖြိုးတိုးတက်ရေးကို များစွာ အထောက်အကူပြုလျက်ရှိသည်။  ထို့အတွက်လည်း  ကမ္ဘာ့နိုင်ငံများသည် ကမ္ဘာလှည့်ခရီးသွားလုပ်ငန်း    တိုးတက်ရေးနည်းလမ်း အမျိုးမျိုးဖြင့် မြှင့်တင်နေကြ သည်။  ထို့အပြင်   နိုင်ငံ့ဝင်ငွေ တိုးတက်ရေး၊  သက်ဆိုင်ရာဒေသ   ဝင်ငွေတိုးတက်ရေး၊ အလုပ်အကိုင်ရရှိရေး၊    ဆင်းရဲမှု လျှော့ချ ရေး တို့အတွက် ယခုအခါ လူထုအခြေပြုလုပ်ငန်းများကို  တိုးချဲ့ဆောင်ရွက် လျက်ရှိသည်။


မိမိတို့နိုင်ငံတွင် ခရီးသွားလုပ်ငန်းဆိုင်ရာ ရင်းမြစ်များ    များစွာကြွယ်ဝလှသည်။ သို့သော်လည်း မြန်မာ့ ခရီးသွား လုပ်ငန်းဖွံ့ဖြိုးမှု သည် အာဆီယံ   အိမ်နီးချင်းနိုင်ငံများနှင့်      နှိုင်းစာပါက အားနည်းနေဆဲဖြစ်သည်။ သို့ဖြစ်ရာ ကိုဗစ်နှင့် အတူ ယှဉ်တွဲရပ်တည် ရေး၊ ကိုဗစ်အလွန်ကာလ  ပြန်လည်ထူထောင်ရေးတို့အတွက်   မိမိတို့နိုင်ငံ၏    အခွင့်အလမ်းကောင်းများ၊ ရင်းမြစ်များ၊ အတွေးအမြင်များကို ထိရောက်စွာ အသုံးချကြရမည် ဖြစ်သည်။ ခရီးသွားကဏ္ဍကို ကာလတို၊ ကာလလတ်၊ ကာလရှည်မျှော်မှန်း၍ ခရီးသွားကဏ္ဍသစ်များ   ဖော်ဆောင်ခြင်းများအပါအဝင်    ဈေးကွက်မြှင့်တင်ရေး၊ ဝန်ဆောင်မှုများတိုးမြှင့်ရေးဆိုင်ရာ    ခရီးသွား လုပ်ငန်း ဈေးကွက်ဖွံ့ဖြိုးရန် လိုအပ်ပါလိမ့်မည်။


ဘာသာရေးခရီးသွားလုပ်ငန်း
ကိုဗစ်ဖြစ်ပွားနေသော်လည်း မြန်မာ့ခရီးသွားလုပ်ငန်း ကို ၂၀၂၁ ခုနှစ် ဇန်နဝါရီလထဲတွင် ပြန်လည်ဖွင့်ရန် ပြင်ဆင် နေကြောင်း သိရသည်။ ထို့အပြင် ဒီဇင်ဘာလ ၂၀ ရက်နေ့က ရန်ကုန်မှ လေယာဉ်အပျော်စီးခရီးကို စတင်ပြေးဆွဲခဲ့သည်။ မြန်မာ့ခရီးသွား လုပ်ငန်းများအတွက်  မျှော်လင့်ချက်များဟု ဆိုရမည် ဖြစ်သည်။ ၂၀၂၀ ပြည့်နှစ် ဒီဇင်ဘာလ ၁၁ ရက်နေ့ က ကချင်ပြည်နယ် အတွင်း Sport Tourism ဖွင့်လှစ်နိုင်ရေး  ကြိုးပမ်းနေသည်ကို   တွေ့ရသည်။  ကိုဗစ်ကာလ မြန်မာ့ခရီးသွားလုပ်ငန်းအတွက် Covid-19 Tourism Relief Plan   ကို    ချမှတ်ဆောင်ရွက်နေသည့်အပြင်   Myanmar Tourism Strategic recovery  Roadmap – MTSRR ကိုလည်း ရေးဆွဲထားပြီးဖြစ်ကြောင်း သိရသည်။


ယခုအခါ ကိုဗစ်-၁၉ ရောဂါ ကူးစက်မှုကာလအတွင်း ဖြစ်သော်လည်း New Normal ပုံစံဖြင့် ခရီးသွားလုပ်ငန်း များကို ပြန်လည်ဖွင့်လှစ်မည်ဖြစ်ရာ ထပ်မံတိုးချဲ့အကောင် အထည်ဖော်သင့်သည့်  ခရီးသွားကဏ္ဍတစ်ရပ်  ဖော်ပြလို ပါသည်။ ယင်းမှာ ဘာသာရေးခရီးသွားလုပ်ငန်း ဖြစ်သည်။ မြန်မာနိုင်ငံသည်    ဗုဒ္ဓဘာသာနိုင်ငံဖြစ်သည့်အတွက် ဘာသာရေးခရီးသွားလုပ်ငန်းကို    လူထုအခြေပြုခရီးသွား လုပ်ငန်းကဲ့သို့ နိုင်ငံအနှံ့၊ ဒေသအနှံ့တွင်  အကောင်အထည် ဖော်နိုင်မည့် ခရီးသွားလုပ်ငန်း အမျိုးအစားဖြစ်သည်။    ဘာသာရေး ခရီးသွားလုပ်ငန်းအတွက်   အခြေခံလိုအပ်သော ရင်းမြစ်များစွာ နိုင်ငံအတွင်းရှိနေပြီး ဖြစ်သည်။


ဘာသာရေးခရီးသွားရင်းမြစ်များ
မြန်မာနိုင်ငံသည်     ထေရဝါဒဗုဒ္ဓသာသနာတော် ထွန်းကားသည့်နိုင်ငံ ဖြစ်သည်။   အထူးသဖြင့်   ထေရဝါဒဗုဒ္ဓဘာသာဝင် နိုင်ငံများအကြားတွင်ဦးဆောင်နိုင်ငံ ဖြစ်သည်။ မြန်မာနိုင်ငံလူဦးရေ၏ ၈၅ ရာခိုင်နှုန်း ကျော်သည် ဗုဒ္ဓဘာသာဝင်များ  ဖြစ်ကြသည်။     မြန်မာနိုင်ငံအနှံ့တွင် ဝိပဿနာကျင့်ကြံအား ထုတ်နိုင်သည့်   ဘုန်းတော်ကြီး ကျောင်းများ၊ တရားဓမ္မရိပ်သာများ၊ ပရိယတ္တိ၊ ပဋိပတ္တိကျောင်းတိုက်များအပြင် ပြည်တွင်း၊ ပြည်ပမှ ပုဂ္ဂိုလ်များကို သင်ကြားပို့ချနိုင်သည့် ဆရာတော်၊ သံဃာတော်များ လည်း ရှိနေသည်။ ဗုဒ္ဓဘာသာဆိုင်ရာ  တက္ကသိုလ်များအနေဖြင့် အပြည်ပြည်ဆိုင်ရာ ထေရဝါဒဗုဒ္ဓသာသနာပြုတက္ကသိုလ်၊ နိုင်ငံတော် ပရိယတ္တိသာသနာ့ တက္ကသိုလ် (ရန်ကုန်)၊ နိုင်ငံတော် ပရိယတ္တိသာသနာ့တက္ကသိုလ် (မန္တလေး)၊ သီတဂူကမ္ဘာ့ဗုဒ္ဓ တက္ကသိုလ်  (စစ်ကိုင်း)၊   သီတဂူကမ္ဘာ့    ဗုဒ္ဓတက္ကသိုလ် (ရန်ကုန်)၊ သီတဂူကမ္ဘာ့ဗုဒ္ဓတက္ကသိုလ် (မန္တလေး)၊ သီတဂူချင်းတွင်း ဗုဒ္ဓတက္ကသိုလ် (မုံရွာ)၊ ရှမ်းပြည်နယ်ဗုဒ္ဓတက္ကသိုလ်၊ ဓမ္မဒူတဆေကိန္ဒဗုဒ္ဓတက္ကသိုလ်၊  ဝိပဿနာတက္ကသိုလ်တို့ ရှိသည်။


နိုင်ငံတော် သံဃမဟာနာယကအဖွဲ့၏ ၂၀၁၉ ခုနှစ် ဝါဆို သံဃာနှင့် သီလရှင်စာရင်းအရ မြန်မာနိုင်ငံတစ်ဝန်းတွင် ဘုန်းတော်ကြီးကျောင်းပေါင်း ၆၈၀၈၇ ကျောင်း၊ သီလရှင် ကျောင်းပေါင်း ၄၄၈၁  ကျောင်း ရှိသည်။  နိုင်ငံတစ်ဝန်း စာသင်တိုက် ပေါင်း ၁၂၃၁ ကျောင်း ရှိသည်။ ၂၀၂၀ ပြည့်နှစ် တွင် သက်တော် ထင်ရှားဘွဲ့တံဆိပ်တော်ရ ဆရာတော်ကြီး များအနေဖြင့် အဘိဓဇမဟာရဋ္ဌဂုရုဆရာတော်ကြီး ၃၈ ပါး၊ တိပိဋကဓရဓမ္မဘဏ္ဍာဂါရိက   ဆရာတော်ကြီး    ကိုးပါး၊ အဂ္ဂမဟာပဏ္ဍိတ ဆရာတော်ကြီး  အပါး  ၃၀၀   အပါအဝင် ရဟန်း၊ သီလရှင် ၁၅၉၁ ပါး ရှိသည်။


ထို့အပြင် နိုင်ငံတစ်ဝန်း  ကမ္ဘာ့အမွေအနှစ်စာရင်းဝင် နေရာများ၊ ရှေးဟောင်းစေတီများ၊ ထင်ရှားကျော်ကြားသော စေတီပုထိုးများ၊ ဘာသာရေးဆိုင်ရာနေရာ၊ အဆောက်အအုံ များနှင့် ဘာသာရေးဆိုင်ရာအမွေအနှစ်များ ရှိနေသည်။ ပြည်တွင်း၊   ပြည်ပဘာသာရေးခရီးသွားကို  ဆွဲဆောင်နိုင် သည့်ရင်းမြစ်များ ဖြစ်ကြသည်။


ဘာသာရေးခရီးသွားလုပ်ငန်းအကျိုးကျေးဇူး
ဘာသာရေးခရီးသွားလုပ်ငန်းများကို     တိုးချဲ့လုပ်ဆောင်ခြင်းဖြင့် နိုင်ငံ၏ပုံရိပ်ကို   မြှင့်တင်ပေးနိုင်မည်ဖြစ်သကဲ့သို့   အေးချမ်း သော တစ်ဦးချင်းဘဝ   သို့မဟုတ် လူမှုပတ်ဝန်းကျင်များကို ဖန်တီးပေးနိုင်ပါသည်။ ခရီးသွားလုပ်ငန်းအကောင်အထည်ဖော်မည့် နေရာဒေသများ အတွင်းရှိ ဒေသခံပြည်သူများ၏ အလုပ်အကိုင် အခွင့်အလမ်း များ ဖန်တီးပေးနိုင်မည် ဖြစ်သည်။ ထို့အပြင် ဘာသာရေး ခရီးသွားလုပ်ငန်းသည်     ခရီးသွားလုပ်ငန်းမှဝင်ငွေများ သက်ဆိုင်ရာဒေသခံလူထုသို့    တိုက်ရိုက်စီးဝင်နိုင်သဖြင့် ဆင်းရဲမှုလျှော့ ချနိုင်ခြင်း၊  ဒေသဝင်ငွေ၊  တစ်ဦးချင်းဝင်ငွေ တိုးတက်ခြင်းအကျိုးကျေးဇူးများ   ရရှိနိုင်ပါသည်။   လူထု အခြေပြု ခရီးသွားလုပ်ငန်းနှင့်  ဆက်စပ်လုပ်ကိုင်နိုင်မည် ဖြစ်သည်။


မြန်မာနိုင်ငံတွင် ပြည်တွင်း၊  ပြည်ပဘုရားဖူးခရီးစဉ်များမှာ ယခင်ကတည်းကပင် ရှိနေပြီးဖြစ်သည်။ ဘာသာရေး ခရီးသွားလုပ်ငန်း သည် ဘုရားဖူးသက်သက်ခရီးစဉ်၊ ဗုဒ္ဓ ဘာသာဆိုင်ရာ ဘုရားစေတီ၊ အဆောက် အအုံ၊ နေရာ၊ ဒေသ လေ့လာရေး ခရီးစဉ်တို့ထက်ပိုသော       ဗုဒ္ဓဘာသာကို လေ့လာကျင့်ကြံအားထုတ်ရန်    လာရောက်သောခရီးစဉ် ဖြစ်သည်။  သို့အတွက်  ဘာသာရေးခရီးသွားလုပ်ငန်းသည် လောကီ၊ လောကုတ္တရာ အကျိုးများသော  ခရီးသွားလုပ်ငန်းလည်း ဖြစ်သည်။ ကိုဗစ်ကာလ အတွင်း ခရီးသွားလုပ်ငန်းများမှာ ရပ်ဆိုင်းထား ကြရသည်ဖြစ်သဖြင့် ဘာသာရေးခရီးသွားလုပ်ငန်းကို  ယခုအချိန်မှစ၍  ဦးစားပေးကဏ္ဍ တစ်ရပ်ဖြင့်   ဖွင့်လှစ်မည်ဆိုပါက   ကိုဗစ်အလွန်ကာလ ခရီးသွားလုပ်ငန်းတိုးမြှင့်ရေးအတွက်   အထောက်အကူ များစွာ ဖြစ်စေနိုင်သည်။


ငြိမ်းချမ်းသောလူမှုဝန်းကျင်ဆီသို့
ကမ္ဘာတွင်လည်း  ဘာသာရေးခရီးသွားလုပ်ငန်များ လုပ်ကိုင်လျက်ရှိကြသည်။   ဘာသာရေးခရီးသွား လုပ်ငန်း သည် ဘာသာရေးနှင့်  ခရီးသွားလုပ်ငန်း တွဲဖက် ထားခြင်းဖြစ်သည့်အတွက်    ဘာသာရေးဆိုင်ရာ၊  ယုံကြည်မှု ဆိုင်ရာခရီးသွားများကို ဆွဲဆောင်နိုင်သည်။ အိန္ဒိယနိုင်ငံတွင်လည်း ဘာသာရေးခရီးသွားလုပ်ငန်းကို စီးပွားရေး ရှုထောင့်အတွက်သာမက သဟဇာတ ဖြစ်သောလူမှုဝန်းကျင်တည်ဆောက်ရေးအတွက်အစိုးရက အားပေးလုပ်ဆောင်လျက်ရှိသည်။


မြန်မာနိုင်ငံသည်  ဗုဒ္ဓဘာသာအများဆုံး  ကိုးကွယ် သည့်နိုင်ငံဖြစ်သည့်အတွက်  မြတ်စွာဘုရား ဟောကြားတော်မူခဲ့သည့်   မြတ်တရားများကို   လေ့လာကျင့်ကြံ အားထုတ်နိုင်မည်ဖြစ်ရာ လောကီ၊ လောကုတ္တရာ နှစ်ဖြာသောအကျိုးကို    ရရှိစေနိုင် သည်။   လောကီဘုံသား လူသားများအဖို့ လောဘ၊ ဒေါသ၊ မောဟတို့ များပြား လာသောခေတ်ကာလကြီးတွင်  ငြိမ်းချမ်းသော ဘဝများ တည်ဆောက်ကြခြင်းဖြင့်    အတ္တနှင့်ပရ       မျှတသော ဝန်းကျင်များတည်ဆောက်နိုင်မည်ဖြစ်သည်။  ထိုထက် ပိုပါက  သံသရာလွတ်မြောက်ရာ ဆင်းရဲခြင်းဟူသမျှ၏ ချုပ်ဆုံးရာ အေးငြိမ်းမှုသို့  ဆိုက်ရောက်ကြောင်း  ခရီးလမ်းမှန်ဖြစ်သော   မဂ္ဂသစ္စာကို   ကျင့်ကြံအားထုတ်နိုင်ကြ မည် ဖြစ်သည်။ မဂ္ဂင်ရှစ်ပါးတရားသည်  မဂ္ဂသစ္စာမည်ပါ၏ သို့မဟုတ်   နိဗ္ဗာန်သို့   ရောက်ကြောင်း အမှန်ဖြစ်၏ဟု ဆိုနိုင်၏။ မဂ္ဂင်ရှစ်ပါးဟူသည် အကျဉ်းအားဖြင့်ဆိုသော် (၁)   သမ္မာဒိဋ္ဌိ   =    ကောင်းမွန်မှန်ကန်သောအယူအမြင်၊ ( ၂ ) သမ္မာသင်္ကပ္ပ= ကောင်းမြတ်သောအကြံ၊  (၃)သမ္မာ ဝါစာ = ကောင်းမြတ်သောဝစီကံ  သို့မဟုတ် ကောင်းမြတ် သောနှုတ်ပြောစကား၊ (၄) သမ္မာကမ္မန္တ = ကောင်းမြတ် သောကာယကံ သို့မဟုတ် ကောင်းမြတ်သောပြုလုပ်မှု၊  (၅) သမ္မာအာဇီဝ =  ကောင်းမြတ်သော  အသက်မွေးခြင်း သို့မဟုတ် ကောင်းမြတ်သောအသက်မွေးမှု၊ (၆)သမ္မာ ဝါယာမ = ကောင်းမြတ်သော အားထုတ်မှု၊  (၇)သမ္မာ သတိ = ကောင်းမြတ်သောအောက်မေ့ခြင်း၊ (၈) သမ္မာ သမာဓိ = စိတ်၏ကောင်းစွာ တည်ကြည်ခြင်းတို့ဖြစ်၏။ ထိုတရားတို့ ကျင့်ကြံအားထုတ်ခြင်းဖြင့် ပစ္စုပ္ပန်ဝဋ်ဆင်းရဲ၊ သံသရာဝဋ်ဆင်းရဲမှ ရုန်းထွက်နိုင်ပါ၏။


သို့ဖြစ်ရာ  ဘာသာရေးခရီးသွားခြင်းဖြင့်  ဘဝ၏ အေးငြိမ်းရာ၊ လောက၏ငြိမ်းချမ်းရာ၊  သံသရာအတွက် ငြိမ်းချမ်းရာတို့ကို ရှာဖွေ နိုင်မည်ဖြစ်သည်။
အခွင့်အလမ်းကောင်းများနှင့် ခရီးသွားလုပ်ငန်းကိုဗစ်ကာလအတွင်းနှင့်    ကိုဗစ်ကာလအလွန် ခရီးသွားလုပ်ငန်း ရှင်သန်ရပ်တည် ရေး၊ ဖွံ့ဖြိုးတိုးတက်ရေးမှာ    လတ်တလောရင်ဆိုင်နေရဆဲ    စိန်ခေါ်မှုများ ဖြစ်သည်။  ထိုစိန်ခေါ်မှုများကို   ရင်ဆိုင်ကျော်လွှား နိုင်ရန် အစိုးရ၊ ပုဂ္ဂလိက၊ ပြည်သူများအကြား ဆန်းသစ် သော အတွေးအမြင်များဖြင့် ဟန်ချက်ညီ အကောင်အထည်ဖော်ကြရန် လိုအပ်မည်ဖြစ်သည်။ ထိုသိုအကောင် အထည်ဖော်ရာတွင် ဘာသာရေးခရီးသွားလုပ်ငန်းသည်  လက်ရှိရင်ဆိုင်နေရသည့် စိန်ခေါ်မှုများကို ကျော်လွှားနိုင်မည့် အခွင့်အလမ်းတစ်ရပ်ဟု ဆိုချင်ပါ၏။ ။

သိန်းထွန်း (IR)