ရန်ကုန်တက္ကသိုလ်နှင့် ခဲရင့်ရောင်ပန်းချီကားတစ်ချပ်
ရန်ကုန်တက္ကသိုလ် နှစ်တစ်ရာပြည့် အထိမ်းအမှတ် စာပေတွေ၊ ရုပ်မြင်သံကြားမှ တင်ဆက် မှုတွေကို stay at Home ကာလမှာ ဖတ်ရှုရင်း၊ ကြည့်ရှုရင်း၊ ခံစားရင်းနဲ့ မိမိဘဝ ငယ်ပုံရိပ်တွေ၊ လုပ်သားများကောလိပ် ကျောင်းသူဘဝ၊ ရန်ကုန်တက္ကသိုလ်မှာ မဟာတန်းတက်ခဲ့တဲ့ တက္ကသိုလ်ကျောင်းသူဘဝ၊ တက္ကသိုလ်ဆရာဘဝတွေကို ပြန်လည် တွေးတောမိရင်း ငယ်ဘဝ ငယ်ရိပ်တွေ ပြန်လည်လွမ်းမောမိပါတယ်။ ကံတရားရဲ့ရိုက်ခတ်မှုတွေ ကိုလည်း ပြန်လည်ခံစား မိပါတယ်။ ကြံ့ကြံ့ခံကာ ကျော်လွှားနိုင်ခဲ့တာကိုလည်း လောကဓံဘဝ အစိတ်အပိုင်းတစ်ခု အနေနဲ့ ကျေနပ် နှစ်သိမ့်မိပါတယ်။
ခဲရင့်ရောင်ပန်းချီကား တစ်ချပ်
အမိရန်ကုန်တက္ကသိုလ်ရင်ခွင်မှာ အဖြူရောင် တောက်ပလို့ ပီတိအဟုန် စုံစုံလင်လင်နဲ့ စံစားခဲ့ရ တဲ့ ရသတွေရှိသလို သက်ခင်ပြတ်မျှ နှလုံးကြေကွဲရမတတ် ခံစားခဲ့ရတဲ့ အမည်းရောင်ခံစားမှု လည်း ရောယှက်နေလို့ အဖြူအမည်း ရောရာစုံလှတဲ့အတွက် မီးခိုးရောင် ခံစားမှု ကလည်း ယှဉ်တွဲပါလာပါတယ်။ အဖြူအမည်း ဆတူ ရောစပ်လိုက်ရင်တော့ မီးခိုးရောင်ပေါ့။ သုခတစ်ဝက် ဒုက္ခတစ်ဝက်ပါ။ ဒါပေမယ့် ဒုက္ခကပိုများနေလေတော့ မီးခိုးရောင်က ပိုရင့်ပြီး မီးခိုးရောင်ရင့် (သို့မဟုတ်) ခဲရင့် ရောင်ပန်းချီ ဖြစ်သွားရပါတယ်။ ကျွန်မဘဝကို လောကဓံပန်းချီဆရာ ခြယ်မှုန်းလိုက်တဲ့ ခဲရင့်ရောင်ပန်းချီကား တစ်ချပ်ပါ။
ငယ်ဘဝပြန်တွေးလိုက်တော့ တက္ကသိုလ်ဝင် စာမေးပွဲကို အ ထ က (၄) ပုဇွန်တောင်က အောင်ခဲ့ တာပါ။ စိတ်ကြိုက်မြန်မာစာဘာသာရပ်နဲ့ပါ။ ဆယ်တန်းအောင် ပြီးတာနဲ့ အလုပ်လျှောက်တော့ ၆၀၄၊ ကုန်သည်လမ်း မှာရှိတဲ့ မြန်မာရေနံကော်ပိုရေးရှင်း (Myanmar Oil Corporation- M.O.C) ရုံးချုပ် ငွေစာရင်းဌာနမှာ အထက် တန်းစာရေးရာထူးခန့်ပါတယ်။ လခ ကျပ် ၃၂၀ ရပါ တယ်။ အခု BOC (ရုံးချုပ်)ပဲ ခေါ်ခေါ် ၊ MOC (ရုံးချုပ်)ပဲ ခေါ်ခေါ် ရေနံရုံးချုပ်ကြီးဟာ (ကုန်သည်လမ်း ၃၂-လမ်း၊ အောက်လမ်းထိပ်မှာပါ) အခု အမျိုးသားစာကြည့်တိုက် ကြီးအဖြစ် ပြင်ဆင်ပြောင်းလဲလို့ မြို့လယ်ကောင်စာပေ ဖတ်ရှုရာ လေ့လာစရာ စာကြည့်တိုက်ကြီး ဖြစ်နေပါပြီ။ ကိုယ့်ဘဝက အလုပ်တစ်ဖက်နဲ့ဆိုတော့ ဟိုတုန်းက ဗိုလ်တထောင်ဘုရားလမ်း (အောက်လမ်း)မှာ ရှိခဲ့တဲ့ လုပ်သားများကောလိပ်ကို တက်ခဲ့ရတာပါ။ သက်ကြီး တက္ကသိုလ်လို့ လည်း ခေါ်ခဲ့ကြတယ်။ နောက်ပိုင်း အလုပ်ရှိတဲ့ လူတွေတက်လို့ရအောင် ဖွင့်လှစ်ခဲ့တဲ့ တက္ကသိုလ်ပါ။ ရန်ကုန်တက္ကသိုလ်ရဲ့ ပူးတွဲလို့တောင် ဆိုရမှာပါ။ လုပ်သားများကောလိပ်မှာ ပထမနှစ်ကနေ ပဉ္စမနှစ်အထိ ငါးနှစ် တက်ရတာပါ။ ပထမနှစ်မှာ စိတ်ပညာမေဂျာမှာ တက်ခဲ့တာပါ။ ဒုတိယနှစ်ရောက်မှ မြန်မာစာမေဂျာ ပြောင်းခဲ့တာပါ။ ကျောင်းတက်ချိန်ကတော့ ညနေ ၄ နာရီခွဲကနေ ည ၇ နာရီခွဲအထိပါ။
လုပ်သားများကောလိပ်မှာ စာပေသင်ကြားပို့ချပေးတဲ့ ဆရာ ဆရာမတွေက ရန်ကုန်တက္ကသိုလ် က ဝါရင့် ဆရာ ဆရာမကြီးတွေပါ။ သင်ကြားပေးခဲ့တဲ့ ဆရာ ဆရာမတွေမှာဆိုရင် ဆရာကြီး ဦးမြင့်ကြည်၊ ဆရာကြီး ဦးမြိုင်သန့်၊ ဆရာကြီးဦးထွန်းမြင့်၊ ဆရာမကြီး ဒေါ်မြမြ သန်း (နောင်မှာ ကျွန်မရဲ့ မဟာဝိဇ္ဇာကျမ်း ကျမ်းကြီးကြပ် သူပါ။) ပြီးတော့ ဆရာကြီးဦးအောင်သင်း (တောင်တွင်း အောင်သင်း) တို့ရဲ့ သင်ကြားမှုတွေကို ခံယူခဲ့ရပါတယ်။ အဲဒီတုန်းက ပထမနှစ်မှာ ဒဿနိကဗေဒဘာသာရပ် သင်ပေးခဲ့တဲ့ ဆရာက ဆရာကျော်စွာပါ။ စာရေးဆရာ ချစ်ဦးညိုပါ။
နောက်ဆုံးနှစ်ပြီးတော့ FΙ (Final Part Ι) ဝင်ပြီး မဟာ ဝိဇ္ဇာတက်ခွင့်ရလို့ ရန်ကုန်တက္ကသိုလ်မှာ တက်ရတာပါ။ အဲဒီအချိန်မှာ ကျွန်မ အိမ်ထောင်ကျနေပါပြီ။ အတန်းဖော် သူငယ်ချင်းပါပဲ။ သူက M.E.I.C (မြန်မာထုတ်ကုန် သွင်းကုန် ကော်ပိုရေးရှင်း)က၊ ကိုယ်က ရေနံရုံးချုပ်က၊ ရုံးချင်းက တစ်တိုက်စာ မြေကွက်လပ်ကြီးပဲ ခြားတာပါ။ ကိုယ့်ရုံး ခန်းက ဖုန်းဆက်ပြောရင် သူ့ရုံးခန်းက လှမ်းမြင်ရတယ်။
အတိတ်ရဲ့သံစဉ်တွေ
ဟိုတုန်းက လုပ်သားများကောလိပ်ကို ညကျောင်းတက်တယ်။ “ညကျောင်း”တက်တယ်ဆိုပြီး ပြောခဲ့တာတွေ၊ “ဗိုလ်တထောင်ဘုရားက ဂိုဒေါင်ကြား” ဆိုပြီး အတွဲတွေ ကျောင်းချိန်မှာ ဗိုလ်တထောင်ဘုရား နောက်ဘက်က ဂိုဒေါင်ကြားမှာ လမ်းလျှောက်ကြတာတွေကို လှောင်ပြော ပြောခဲ့တာတွေဟာလည်း အခုတော့ အတိတ်ရဲ့သံစဉ်တွေပါ။ အဲဒီကနေ မဟာတက်ခွင့်ရတော့ ရန်ကုန်တက္ကသိုလ် မဟာ ကျောင်းသူကြီး ဖြစ်ပါပြီ။ FΙ (Final Part Ι) နှစ်နှစ်တက်ပြီး ကျမ်းပြုစု ရမယ့်အချိန်ပါ။ ရုံးတစ်ဖက်နဲ့ ကျောင်းတက်ရမှာ ပါ။ ရာထူးတစ်ဆင့်တောင် တက်နေပါပြီ။ ရုံးကလူကြီးတွေကလည်း ရုံးချိန်အတွင်းမှာပဲ ကျောင်းတက်မယ်ဆိုရင် Out Pass ရေးပြီးထွက်၊ ပြီးရင် ရုံးပြန်ဝင်နဲ့ ကျောင်းတက် ခိုင်းတာပါ။
ဘဝရဲ့ အလှည့်အပြောင်းတစ်ခုကို ပြောရမှာပါ။ တစ်ရက် ရုံးမှာအလုပ်လုပ်နေတုန်း၊ စာရင်းတွေ တွက်ချက် နေတုန်း ကျမ်းပြု အတူတူဖြစ်တဲ့ အတန်းဖော် ကိုဝင်းကြည်က ရောက်လာပြီး နင့်ကို ဆရာကြီး ဦးမြိုင်သန့်က ခေါ်ခိုင်း လိုက်တာ၊ အခုလိုက်ခဲ့တဲ့။ ဘာလဲဆိုမေးတော့ တက္ကသိုလ် စာစဉ်နည်းပြရာထူးလျှောက်ထားသူတွေ၊ လူတွေ့စစ်နေတာတဲ့၊ Main ထဲမှာ အခုလိုက်ခဲ့ ဆိုတော့ ကိုယ်လည်း Out Pass ရေး။ သူငှားလာတဲ့ လေးဘီးကားနဲ့ ပြေးကြတာ။ တက္ကသိုလ် ဝင်းထဲရောက်တော့ လူတွေ့ စစ်ဆေးခန်းနားလည်း ရောက်ရော လူတွေ့စစ်ဆေးခံမယ့် ဆရာ ဆရာမ လောင်းတွေ ခုံတန်းရှည်လေးမှာ ထိုင်စောင့်နေကြတာ အများကြီးပဲ။ ကိုဝင်းကြည်က အခန်းထဲဝင်ပြီး ရောက်ပါပြီ သတင်းသွားပို့မှာပေါ့။ မကြာပါဘူး ဆရာကြီး ဦးမြိုင်သန့်က ထွက်လာပြီး “လူတွေ့စစ်ဆေးခံမယ့်လူက ဆံပင်ဖားလျားနဲ့” “ဟင်း” ဆိုပြီး တိုက်ပုံအင်္ကျီထဲက လက်ကိုင်ပဝါကို ထုတ်ကာ “ရော့ခေါင်းစည်းလိုက်တဲ့” ကိုယ်လည်း မျက်နှာ ချွေးတွေသုတ်ပြီး မှင်သေသေ ဝင်ရတာပေါ့။ အထဲလည်း ရောက်ရော ဆရာကြီးက မဆွေ (ဆရာမကြီး ဒေါ်သန်းဆွေ)ရေ၊ ဒါ ကျုပ်တပည့်ပဲ၊ မွန်စာကို သင်ပုန်းအပြည့် အလွတ်ရေးတာ တစ်လုံးမမှားဘူး။ သူ့ကိုမှ ဆရာမ မခန့်ရင် ဘယ်သူ့ခန့်မှာလဲတဲ့။ ဒီတော့ ဆရာမကြီးက “သူက အလုပ်မှလျှောက်မထားတာ ဘယ်လိုခန့်မလဲ” ဆိုတော့ ကိုယ့်အတွက်ယူလာတဲ့ Form ကို နာမည်ဖြည့်ထားတယ်။ ရော့ “ဒီမှာ အပြီးဆက်ရေး” ဆိုတော့ ကိုယ်လည်း ကွက်လပ် ဖြည့်ပြီး Form နံပါတ်တပ်ထားတဲ့အတိုင်း စားပွဲပေါ် သွားထပ်၊ ခဏထိုင်စောင့်။ အခန်းထဲက သုံးလေးယောက် စစ်လည်းပြီးရော လူတွေ့စစ်ဆေးခံရတာပါပဲ။ ပြီးတော့ ရုံးပြန်ပြေးပေါ့။ နောက် ၁၅ ရက်လောက်လည်းကျရော အလုပ်ခန့်စာ ကျလာပါရော။ စာစဉ်နည်းပြရာထူး၊ ရန်ကုန် တက္ကသိုလ် (ကြည့်မြင်တိုင်) ပါ။ (RC-3) တဲ့။ ရက်စွဲကိုတော့ မှတ်မှတ်ရရကို မှတ်မိနေ တာပါ။ ၂၂-၁၂-၁၉၈၀ ရက်နေ့ပါ။
RC (3) က အလှဆုံးပါ
RC(3) နည်းပြဘဝမှာ အပေါင်းအဖော်တွေက တချို့ က RC (1) က ဗိုလ်တထောင်နယ်မြေ၊ RC (2) လှိုင် တက္ကသိုလ်နယ်မြေ၊ RC(3) ကြည့်မြင်တိုင်နယ်မြေရှိပြီး ဒေသကောလိပ် ၁၊ ၂၊ ၃ ဆိုပြီး တက္ကသိုလ်ခွဲ သုံးခုပါ။ တက္ကသိုလ်ဝင်တန်းအောင်၊ ဒေသကောလိပ် နှစ်နှစ်တက်၊ တက္ကသိုလ် ဝင်တန်းအမှတ်၊ ပထမနှစ်အမှတ်၊ ဒုတိယနှစ် အမှတ် သုံးခုပေါင်းပြီးမှ တက္ကသိုလ်ကြီးတွေ (စက်မှု တက္ကသိုလ်တို့၊ ဆေးတက္ကသိုလ်တို့၊ စီးပွားရေးတက္ကသိုလ်တို့ ဆက်ပြီးတက်ရတာပါ။ တတိယနှစ် စတဲ့သဘောပါ။ ဒီနေရာမှာလည်း တက္ကသိုလ်ခွဲ သုံးခုမှာ Regional Collage သုံးခုမှာ ကျွန်မတို့ရဲ့ RC (3) က အလှဆုံးပါပဲ။ ခုခေတ် စကားနဲ့ ပြောရမယ်ဆိုရင် ဂန္ထဝင်ပေါ့။
ဒီလိုနဲ့ စာစဉ်နည်းပြဘဝ တက္ကသိုလ်ဆရာမ ပေါက်စဘဝနဲ့ ရန်ကုန်တက္ကသိုလ် (ကြည့်မြင်တိုင်) RC(3) မှာ ၁၉၈၀ ပြည့်နှစ်ကနေ ၁၉၉ဝ ပြည့်နှစ်အထိ ဆယ်နှစ် ကာလ တာဝန်ထမ်းဆောင် ခဲ့ရတာပါ။ လုပ်သားများ ကောလိပ်က ဆရာကြီး ဦးမြိုင်သန့်ရဲ့ တပည့်အပေါ် သင်ကြားမှုတာဝန် ပေးအပ်လိုက်တာပါပဲ။ “ဆရာကောင်း တပည့် ပန်းကောင်းပန်ခဲ့တာလို့ပဲ” မှတ်ယူပါ တယ်။ ကိုယ့်ရဲ့ ဘဝတူဆရာမတွေ သုံးလေးနှစ်ဆိုရင် နယ်ပြောင်းတာဝန် (ထရန်စဖာ)နဲ့ တက္ကသိုလ်အသီးသီးကို ထွက်ခွာ တာဝန်ထမ်းဆောင်ကြပေမယ့် ကိုယ်ကတော့ ဆယ်နှစ် တာ (၁၉၈၀ - ၁၉၉ဝ) တာဝန်ထမ်းဆောင်ခဲ့တာပါ။ ဘယ်တက္ကသိုလ်မှ မပြောင်းခဲ့ရပါ။ အတိတ် ပန်းချီ အဖြူရောင်တောက်ပမှုပေါ့။ RC(3) မြန်မာစာဌာန ဌာနမှူး က ဆရာကြီးဦးသန်းထွန်းပါ။ ဒုတိယဌာနမှူးက ဆရာမကြီး ဒေါ်စုစုနွယ်ပါ။ အဲဒီတုန်းက မောင်နှမရင်းချာပမာ အတူတူ တာဝန်ထမ်းဆောင်ခဲ့ကြတဲ့ ဆရာတင် (တက္ကသိုလ်နှင်းဝေ) (ကွယ်လွန်)၊ ဒေါ်အေးအေးသန့် (မရှယ်လီ) (ကွယ်လွန်)၊ ဆရာမကြီး အစ်မကြီး ဒေါ်တင်အေး၊ ဒေါ်ခင်သီတာ၊ ဦးတိုးရီ၊ ဒေါ်နွယ်နီဝေ၊ ဒေါ်ကြူကြူလှ၊ ဒေါ်ခင်မိုးကျော်တို့နဲ့အတူ ဆရာ ဆရာမဘဝ ဖြတ်သန်း ခဲ့ရတာပါ။ ဒေါ်နီလာမင်းဒင်နဲ့ဒေါ်စန္ဒာစိုး၊ ဒေါ်သန်းသန်း ဌေးတို့နဲ့လည်း တက်စုံဖွင့် ရွက်ကုန် လွှင့်ခဲ့ပြီး သင်ကြားရေးမှာ အထူးအောင်မြင်ခဲ့တဲ့ တက္ကသိုလ်ဆရာ ဆရာမ လုပ်ဖော်ကိုင်ဖက်တွေပါ။
စာစီမပြီးတဲ့ RC(3)
RC (3) ဟာ အရင်က ဟွာကျုံးတရုတ်ကျောင်းပါ။ မော်စီတုန်းအသည်း ရဲရဲနီဆိုပြီး တရုတ်-ဗမာ အရေးအခင်း စဖြစ်ခဲ့တဲ့ ကျောင်းလို့လည်း မှတ်ဖူးပါတယ်။ နောက်ဘက်မှာတော့ စံကားဖြူ ပင်ကြီး အကြီးကြီး ရှိပါ တယ်။ မိုးရွာရင် စံကားဖြူတွေကြွေကျ မြေခနေတာကလည်း “မြက်ခင်းလဲ့လဲ့၊ မြေညီညီ၊ ကံ့ကော်ဝတ်မှုန်စီ၊ ဇာလီပျော်တဲ့ ကျောင်းသင်္ခမ်း၊ လူလေးသွား ချင်စမ်း” (မင်းသုဝဏ်) ကဗျာထဲက အတိုင်းပါ။ စာဆိုရဲ့ကျောင်းက ကံ့ကော်ဝတ်မှုန်စီပါ။ ကျွန်မ RC (3) ကတော့ စံကားဖြူပွင့် ရွက်လွှာ၊ ရွက်ကြွေတွေနဲ့ စီနေတာပါ။ စံကားဖြူလွှာ စီပါ။ နောက်ဘက် ဘေးဘီဝဲ၊ ယာမှာတော့ စာသင်ဆောင် တွေ။ လက်တွေ့စမ်းသပ်ခန်းတွေနဲ့ပါ။ နောက်ဘက်မှာ တော့ ဝန်ထမ်းအိမ်ရာတွေနဲ့ အကျအနပါ။ ကျောင်းဝင်းပုံစံ အလှအပတွေသာ ရေးရမယ် စာစီရမယ်ဆိုရင်တော့ “စာစီမပြီးတဲ့ RC (3)”ပါပဲ။
ဒီလိုနဲ့ ကျောင်းသူ ကျောင်းသားတွေနဲ့ စည်ကား နေတဲ့၊ အောင်မြင်နေတဲ့ RC (3) ကြီး ၁၉၈၈ ခုနှစ်လည်း ရောက်ရော ၈၈- အရေးအခင်းကြီးနဲ့ ကြုံတော့တာပါပဲ။ ၈၈-အရေးအခင်း ပဲပြောပြော၊ ၈ ရက် ၈ လ ၁၉၈၈ မို့လို့ ရှစ်လေးလုံး အရေးအခင်းပဲဆိုဆို အဲဒီကျောင်းမှာ နဖူးတွေ့ ဒူးတွေ့ပါပဲ။ ဘဝမုန်တိုင်းတစ်ခုပါပဲ။
နောက်နှစ်နှစ်လောက်အကြာ ၁၉၉၀ ပြည့်နှစ် ကာလမှာ ပထမဆုံးထရန်စဖာ ကျတာကတော့ ပုသိမ် ဒီဂရီကောလိပ်မှာပါ၊။ ဌာနမှူး ဒေါ်ခင်မေနွဲ့ လက်ထက်မှာပါ။ လက်ထောက်ကထိက ရာထူးလည်း တိုးခဲ့ပါတယ်။ ပုသိမ်ဒီဂရီကောလိပ်ရဲ့ ဆရာမဆောင် မဉ္ဇူဆောင်မှာ နေရပါတယ်။
အဆောင်မှူးက မြန်မာစာဆရာမ ဒေါ်ချိုချိုပါ။ မေဂျာပေါင်းစုံ ဆရာ ဆရာမတွေနဲ့ သုံးနှစ်တာကာလ ဖြတ်သန်းခဲ့ရပါတယ်။ အဲဒီမှာ ထူးခြားတာကတော့ တက္ကသိုလ်ဆရာ ဆရာမများ အထူးမွမ်းမံသင်တန်းအနေနဲ့ ဖောင်ကြီး သင်တန်း တက်ခဲ့ရတာပါပဲ။ အထူးမွမ်းမံ သင်တန်းကာလက တစ်လပါ။
၁၉၉၃ ခုနှစ်ကျတော့ ပုသိမ်ကနေ ရန်ကုန်ပြောင်း ထရန်စဖာ ကျပါတယ်။ ရန်ကုန်တက္ကသိုလ် Main ထဲကို ရောက်ပါတယ်။ နှစ်နှစ်ခွဲလောက် တာဝန်ထမ်းဆောင်ခဲ့ ရပါတယ်။ ဆရာမကြီးဒေါ်ပို လက်ထက်ပါ။ တောင်ငူ ဆောင်မှာတော့ စာစဉ်နည်းပြဘဝကနေ နည်းပြရာထူး ရကတည်းက တက္ကသိုလ်ဝင်တန်းစာစစ်တာဝန် ယူရပါတယ်။ မတ်လစာမေးပွဲပြီး တာနဲ့ မတ်၊ ဧပြီ နှစ်လလောက် စာစစ်တာဝန်ယူရပါတယ်။ ပင်စင်ယူတဲ့ အချိန်အထိ နှစ်တိုင်း တောင်ငူဆောင်မှာ စာစစ်ခဲ့ရပါတယ်။ စာစစ် အတွေ့အကြုံတွေ တော်တော်ကိုရခဲ့ပါတယ်။ သင်္ကြန်ချိန်ဆို ပညာရေးမဏ္ဍပ်က ဆိုသံ၊ ကသံ၊ သင်္ကြန်သံတွေနဲ့ စာစစ်ခဲ့ရတာတွေက လင်းလက်တောက်ပတဲ့ အဖြူရောင် ပန်းချီကားတစ်ချပ်ပါ။
မြန်မာစာသမားအားလုံးရဲ့ ဘူမိနက်သန်
မြန်မာစာဌာနကတော့ မြန်မာစာ ဆရာ ဆရာမတွေရဲ့ မိခင်ရင်ခွင်ပါပဲ။ မိမိဌာနပါ။ တောင်ငူ ဆိုတာနဲ့ စာပေခေတ် (၇) ခေတ်မှာ “ပု၊ ပင်း၊ အင်း၊ တောင်၊ ညောင်ရမ်း နောင် ကုန်းဘောင် နှစ်ခေတ်ခွဲ” ဆိုပြီး စာပေခုနစ် ခေတ်ထဲမှာ တောင်ငူပါနေတာပါ။ ပုဂံခေတ်-ပုဂံမင်း။ ပင်းယခေတ်- ပင်းယမင်း၊ အင်းဝခေတ် - အင်းဝမင်း၊ တောင်ငူခေတ် - တောင်ငူမင်းဆိုပြီး တွေးလိုက်တာနဲ့ တောင်ငူဘုရင် နတ်သျှင်နောင်ကို တွဲပြီး မှတ်မိကြတာပေါ့။ “တောင်ငူဘုရင် နတ်သျှင်နောင်၊ ဖူးမြော်ခဲ့တဲ့ဘုရား ရှင်မွေးလွန်း မင်းနန္ဒာ”ဆိုတဲ့ ဂီတသံပါ ပြန်ကြားရင်းနဲ့ နတ်သျှင်နောင်ရဲ့ နောက်ဆုံးခရီးကို တွေးထင်မိပါတယ်။ နောက်ပြီး ၂၀၀၁ ခုနှစ်တုန်းက ရန်ကုန်တက္ကသိုလ် မြန်မာစာဌာန နှစ်(၆၀)ပြည့် (၁၉၄၁- ၂ဝဝ၁) အထိမ်း အမှတ်ပွဲ မိတ်ဆုံ ညစာစားပွဲကို ခြိမ့်ခြိမ့်သဲ ကျင်းပခဲ့တာ၊ ပါဝင်ဆင်နွှဲခဲ့တာကလည်း အမှတ်တရပါ။ ဆရာကြီး ဦးဖေမောင်တင် ရုပ်တုဖွင့်ပွဲတွေ၊ ဆရာဦးခင်အေးရဲ့ မွေးနေ့ပွဲ ကျွေးမွေးပွဲတွေ၊ မြန်မာစာပေနဲ့ ပတ်သက်တဲ့ စာတမ်းဖတ်ပွဲတွေ ပွဲပေါင်းများစွာ နွှဲခွင့်ကြုံရ တာရော လွဲခဲ့တာတွေ များစွာ များစွာပါ။ မိခင်ဌာန ရန်ကုန် တက္ကသိုလ် မြန်မာစာဌာန တောင်ငူဆောင်ကတော့ မြန်မာစာ သမားအားလုံးရဲ့ ဘူမိနက်သန်၊ အောင်မြေ မှန်ပါ။ ရန်ကုန်တက္ကသိုလ်မှာ နှစ်နှစ်ကျော်ကျော် တာဝန် ထမ်းဆောင်လည်းပြီးရော RIT ကို ရောက်ခဲ့ရပါတယ်။ ပင်စင်ယူတဲ့အချိန်အထိ (၁၂) နှစ်တာကာလကြာခဲ့တာပါ။ ရန်ကုန်စက်မှုတက္ကသိုလ်ကနေ သိပ္ပံနှင့် နည်းပညာ ဝန်ကြီးဌာန အောက်မှာ ရန်ကုန် နည်းပညာတက္ကသိုလ် ဖြစ်ခဲ့တာပါ။ RIT၊ YIT ကနေ YTU (Yangon Technology University) ဖြစ်ခဲ့တာပါ။ ဒါပေမယ့် လူတော်တော်များများက စက်မှုတက္ကသိုလ် လို့ပဲ ခေါ်တွင်ခဲ့ကြ ပါတယ်။
တစ်ခုတည်းသော တက္ကသိုလ်ကြီး
၁၉၆၄ ခုနှစ် ဆိုဗီယက်ယူနီယံက ဆောက်ပေးထားတာ။ မုခ်ဦးက တိုင်လယ်မှာရွှေပြားနဲ့ ကမ္ပည်းကျောက်ပြားမှာ ဆိုဗီယက်ယူနီယံ (ရုရှား) က တည်ဆောက်သည်ဟု ကမ္ပည်းတင်ထားတာ။ အဲဒီတော့မှ နိုင်ငံခြား အတွေးအမြင် အငွေ့အသက်တွေက ဆိုဗီယက်ယူနီယံဆိုတာကိုးလို့ သိလိုက်ရတာပါ။ ဥပဓိရုပ် အလွန့်အလွန်ကောင်းတဲ့ မြန်မာပြည်ရဲ့ တစ်ခုတည်းသော တက္ကသိုလ်ကြီးပါ။ နည်းပညာတက္ကသိုလ်မှာက မြန်မာစာကို ပထမနှစ်ကော ဒုတိယနှစ်ပါ သင်ရတာပါ။ ရုံးစာရေးနည်းတို့၊ ဆီလျော်အောင် ဘာသာပြန်ပါတို့၊ သင်္ဂဟစကားပုံ ပေါင်းချုပ် လည်း ပါပါတယ်။ အချို့တက္ကသိုလ်တွေမှာလို အက္ခရာစဉ် အနှစ်ချုပ်ဆိုတာ လောက်မဟုတ်ပါဘူး။ ပြီးတော့ ကိုယ်တိုင်လေ့လာရမယ့် စာအုပ်လည်း ပါပါတယ်။ ပြင်ပဖတ်စာပါ။ ဗဟုသုတ ဖတ်စာပေါ့။ ဒါကအခြားတက္ကသိုလ်ထက် အားသာချက်ပါ။ ၁၉၉၃ ခုနှစ်ကနေ တာဝန် ထမ်းဆောင်လာလိုက်တာ ၁၉၉၇ ခုနှစ်လည်းရောက်ရော YTU ရဲ့ 97 အရေးအခင်းကြီး ဖြစ်ပါ လေရော။ 96 Dec မှာဖြစ်ပေမယ့် 97 အရေးအခင်းလို့ပဲ မှတ်ယူကြတာပါ။
တက္ကသိုလ်ကျောင်းကြီးရှေ့မှာ ကိုယ်တွေ့ ကြုံခဲ့ရတဲ့ 97 အရေးအခင်းကြီးပါ။ မမေ့နိုင်စရာ အဖြစ်ဆိုးကြီးပါ။ နောက်ဆုံးတော့ တက္ကသိုလ် အားလုံး သုံးနှစ် ပိတ်လိုက်တဲ့ အဆင့်ပါ။ 88 အရေးအခင်းက ပထမခဲရင့်ရောင် ပန်းချီ ကားဆိုရင် 97 အရေးအခင်းက ဒုတိယခဲရင့်ရောင် ပန်းချီပေါ့။
ဒီကာလတွေကျော်လွန်ပြီး ၂ဝဝဝ ပြည့်နှစ်ကျတော့ ဒုတိယပါမောက္ခဌာနမှူးတာဝန်နဲ့ မိတ္ထီလာ ရေပြင် အတတ်သင်စခန်းမှာ ဖွင့်လှစ်လိုက်တဲ့ M.A.E.U (Myanmar Aerospace Engineering University) မြန်မာနိုင်ငံ လေကြောင်းနှင့် အာကာသပညာ တက္ကသိုလ်ကိုရောက်ခဲ့တာ ပါ။ ဌာနမှူးတာဝန်နဲ့ပါ။
YTUမှာ ဌာနမှူးတာဝန် ယူပြီးတဲ့နောက်ပိုင်း ဘွဲ့နှင်း သဘင်အခမ်းအနားကို တက်ခဲ့ရပါတယ်။ ဘွဲ့ယူဝတ်စုံ မဟုတ်ပါဘူး၊ ဘွဲ့တက်ပေးရတဲ့ ဝတ်စုံနဲ့ပါ။ ဌာနတိုင်းက ဆရာ ဆရာမတွေက တက်ရတာပါ။ နှစ်စဉ်ကို တက်ရ တာပါ။ တစ်ခါတစ်ခါဆိုရင် မနက်ပိုင်းရော ညနေပိုင်းပါ နှစ်ကြိမ် ကျင်းပတာပါ။ နံနက်၊ နေ့လယ် နှစ်ပွဲဆက်တဲ့အခါ မျိုးတွေဆို နေ့လယ်ကျောင်းက ကျွေးမွေးပွဲမှာ စားကြသောက်ကြနဲ့။ ပြီးရင် ဘွဲ့နှင်းသဘင်ခန်းမကနေ သူတို့ တစ်တွေ ဓာတ်ပုံ ရိုက်ကြတာကြည့်။ ကိုယ်လည်း ဘွဲ့နှင်း သဘင်ခန်းမအပြင်ပတ်လည်မှာလည်း နှစ်တိုင်း မိခင်ဘွဲ့နှင်း သဘင်ခန်းမမှာ ခိုလှုံရတာကလည်း မမေ့ရက်စရာပါ။
ရန်ကုန်နည်းပညာတက္ကသိုလ်မှာ တာဝန်ယူနေစဉ်အတွင်း ၂၀၁၇ ခုနှစ်ကျတော့ လှိုင်သာယာမှာ WYTU (West Yangon Technology University) ရန်ကုန်အနောက်ပိုင်း နည်းပညာတက္ကသိုလ် (လှိုင်သာယာ)မှာ ဖွင့်လှစ်ပါတယ်။ အဲဒီမှာလည်း ပူးတွဲတာဝန်ယူခဲ့ရပါသေးတယ်။
သက်ပြည့်ပင်စင်ယူတဲ့နှစ် ၂၀၀၈ ခုနှစ်လည်း ရောက်ရော နာဂစ်မုန်တိုင်းကြီးနဲ့ ကြုံရတော့တာ ပါပဲ။ မြို့ထဲက တိုက်အိုတွေဆိုရင် (ကိုယ့်အိမ် အပါအဝင်) ခေါင်မိုး သွပ်ပြားတွေက တောင်ပံတပ် ထားတဲ့အလား “တောင်ပံပါ ရင် မင်းဆီကို” ဆိုတဲ့အတိုင်း လေထဲမှာဝဲပျံနေတယ်။ အဲဒီမှာ ကျောင်းတစ်လပိတ်ပေါ့။ တစ်လပြည့်လို့ WYTU ကို သွားလည်းသွားရော မြင်လိုက်ရတဲ့ မြင်ကွင်းက ကျောင်းအဝင်ဝလမ်းမှာ သစ်ပင်ကြီး တွေက လဲပြို၊ သစ်ပင်ငယ် တွေကပိ။ ကင်န်တင်းဆိုရင် ခေါင်မိုးမရှိ အကာမရှိနဲ့။ ရှင်းလိုက် မုန်တိုင်းကျလိုက်နဲ့ပေါ့။ ၂၀၀၈ မှာ နာဂစ်မုန်တိုင်း နှစ်မှာ ပင်စင်က ပြဿနာတက်သေးတယ်။ ကိုယ့်အတွက်က ၂၀၀၈ နာဂစ်မုန်တိုင်းတစ်ခုတည်း မဟုတ်သေးဘူး၊ ပင်စင် မုန်တိုင်းပါ ပါနေတာပါ။ အဲဒီတုန်းက WYTU မှာ ပါမောက္ခချုပ်က ဒေါက်တာဇော်မင်းအောင်ပါ။ သိပ္ပံနှင့် နည်းပညာဝန်ကြီးဌာန လက်အောက် မှာပါ။ ဒါကတော့ ဝန်ထမ်းဘဝ နောက်ဆုံး ခဲရင့်ရောင်ပန်းချီကား နှစ်ချပ်ပေါ့။
ဂါရဝတရားနဲ့ နိဝါတ ဆုံစည်းမှု
အတိတ်ကာလ ပညာရေးဝန်ထမ်းဘဝကို ငဲ့စောင်း ကြည့်လိုက်တော့ ရန်ကုန်တက္ကသိုလ် နှစ်တစ်ရာပြည့်ပါ။ ကိုယ်က အသက်(၇၀)ပြည့်ပါ။ ပြီးခဲ့တဲ့နှစ် ၂၀၁၉ တုန်းက ရန်ကုန် တက္ကသိုလ်ရဲ့ ဒုတိယအကြိမ် သက်ကြီးပူဇော်ပွဲ တက်ရောက်နေပါပြီ။ ရန်ကုန်တက္ကသိုလ် RC အပန်းဖြေရိပ်သာမှာ ကျင်းပခဲ့တာပါ။ ရန်ကုန်တက္ကသိုလ်ကြီးရဲ့ ဂါရဝတရားနဲ့ နိဝါတ ဆုံစည်းမှု တစ်ရပ်ပါ။
အခုတော့ ၇-ထိပ်စီးဆရာမကြီးအနေနဲ့ ရန်ကုန် တက္ကသိုလ်ရဲ့ သက်ကြီးပူဇော်ကန်တော့ခံ ဆရာမကြီး ဘဝရောက်နေပါပြီ။ ဘဝရဲ့ နိဂုံးချုပ်ခါနီး ဘဝနေဝင်ချိန်ပေါ့။ နေဝင်ချိန်ကို တစ်နေ့တာရဲ့ ညနေဆည်းဆာ အတောက်ပ ဆုံးအချိန်လို့ ပြောကြပေမယ့် အတောက်ပဆုံး အချိန် ကုန်လွန်သွားရင်တော့ နေဝင်မိုးချုပ်ပါ။ ဘဝရဲ့နိဂုံးပါ။
စာပေတွေ လေ့လာဖတ်ရှုသင်ကြားရင်း စာပေအသိမှတစ်ဆင့် ဘဝအသိ ဘဝအမြင်မှသည် လေ့လာကျင့်ကြံ အားထုတ်ရင်း သံသရာ ခရီးဆက်ကြရမှာပါ။ သံသရာခရီး မစခင်အချိန်တို ကလေးမှာ ရှေ့ဘဝ အစိတ်အပိုင်းတွေရဲ့ ဘဝရိုက်ခတ်မှု ခဲရင့်ရောင်ပန်းချီကားတွေကို “စေ့ငုရင်း” “အနင်းခံရတဲ့ စပါးကသန်တယ်”၊ “အကဲ့ရဲ့ခံရတဲ့လူက ပိုလိမ္မာတယ်”၊ “အထုအထောင်းခံရပါများတဲ့လူက ပိုခံနိုင်ရည်ရှိတယ်” ဆိုတာ တွေးတောဆင်ခြင်ရင်း စိတ်ထဲမှာ ပေါ်လာတဲ့ ကဗျာလေးတစ်ပုဒ်ကတော့ -
“လောကဓံတရား၏ လက်ခုပ်တွင်းသို့
ဘယ်လိုပင် ကျရောက်စေကာမူ
ငါကား မတုန်လှုပ် မငိုကြွေး။
ကံတရား ရိုက်ပုတ်ခြင်းဒဏ်ကြောင့်
ငါ၏ ဦးခေါင်းသည် ရဲရဲနီနေ၏။
သို့သော် ငါကားမညွတ်”
ဆိုတဲ့ William Ernest Hanley ရဲ့ ကဗျာ၊ ဗိုလ်ချုပ်အောင်ဆန်း ဘာသာပြန်ထားတဲ့ကဗျာကို ရွတ်ဆို မိရင်း “ငါသာလျှင် ကံ၏အရှင်သခင်၊ ငါသာလျှင် စိတ်၏ အကြီးအကဲ”ဟု မှတ်ယူရင်း ရန်ကုန်တက္ကသိုလ်နှင့်ခဲရင့်ရောင် ပန်းချီကားတစ်ချပ်ကို နိဂုံးကမ္ပတ် အဆုံးသတ်လိုက်ပါတယ်။
အားလုံးကိုကျေးဇူးတင်ပါတယ်။
ဒေါ်ကြည်ကြည်လေး (ကောင်းထက်တံခွန်မြန်မာစာ)