Skip to main content

ကိုလိုနီခေတ် အိမ်တွင်းစက်မှုလက်မှုလုပ်ငန်းများ

ဗြိတိသျှတို့လက်အောက်တွင် မြန်မာတို့၏ ရှေးရိုးစဉ်လာ ငွေပန်းထိမ်၊ ရွှေပန်းထိမ်၊ ရက်ကန်း၊ အိုးလုပ်ငန်း စသောအိမ်တွင်းလက်မှု လုပ်ငန်းများ မှာ တိမ်ကောပျောက်ကွယ် မသွားသော်လည်း များစွာမှေးမှိန်ခဲ့ရသည်။ ဗြိတိသျှအစိုးရ၏ Laissez Faire မူဝါဒကြောင့် ထိုအိမ်တွင်းလက်မှု လုပ်ငန်းများကို အားပေးမြေ တောင်မြှောက် ပေးခြင်းမရှိဘဲ လျစ်လျူရှုထားခဲ့သည်။ ပထမ ကမ္ဘာစစ်ဖြစ်ပြီး နောက်ပိုင်း၌ အိန္ဒိယအစိုးရက အိမ်တွင်းစက်မှု လက်မှုလုပ်ငန်းများကို အားပေး လာပြီး ၁၉၁၆ ခုနှစ်တွင် Industrial Commission တစ်ခုကို ဖွဲ့စည်းခဲ့သည်။

ထိုကော်မရှင်က အိန္ဒိယ၏ ပြည်နယ်တစ်ခုဖြစ်သော မြန်မာနိုင်ငံကိုလည်း စက်မှုလက်မှု လုပ်ငန်းများနှင့် စပ်လျဉ်း၍ အကြံဉာဏ်များ ပေးခဲ့ သည်။ သို့ရာတွင် မြန်မာနိုင်ငံ၌ Provincial Art Officer တစ်ဦးခန့်ထားကာ မြန်မာ့အနုပညာနှင့် လက်မှုလုပ်ငန်းများကို ထိန်းသိမ်းချီးမြှင့် သောသဘောဖြင့် ပြပွဲ ပြိုင်ပွဲများ ပြုလုပ်ပေးခြင်းမျှ ကိုသာ ဆောင်ရွက်ခဲ့သည်။

မြန်မာ့လက်မှုလက်ရာများ

မြန်မာနိုင်ငံဆိုင်ရာ လက်မှုအနုပညာအရာရှိ Mr. H. L. Tilly သည် ငွေထည်လုပ်ငန်းကို အထူးစိတ်ဝင်စားပြီး မြန်မာ့ငွေထည်များအကြောင်းနှင့် ငွေပန်းထိမ်လုပ်ငန်း အကြောင်းကို လေ့လာကာ စာအုပ်အဖြစ် ရေးသားခဲ့ သည်။ မြန်မာ့လက်မှုအနုပညာအရာရှိများနှင့် အချို့သော ဝါသနာရှင်ပုဂ္ဂိုလ်များက မြန်မာ့အိမ်တွင်းလက်မှုပညာများ တိမ်ကောပျောက်ကွယ်မည့် အရေး ကို မျှော်တွေးပြီး စိုးရိမ်ခဲ့ကြသည်။ Mr. Tilly ကို ဆက်ခံသော Provincial Art Officer မှာ အင်းစိန် အစိုးရအင်ဂျင်နီယာကျောင်း၏ ကျောင်းအုပ် Mr. A.P. Morris ဖြစ်သည်။ မစ္စတာ မော်ရစ်ကလည်း အိမ်တွင်းလက်မှုလုပ်ငန်းများတွင် စိတ်ဝင်စားမှု ရှိသောကြောင့် ကျေးလက် တောရွာများရှိ လက်မှုလုပ်ငန်းများကို လေ့လာ သုတေသနပြုပြီး မှတ်တမ်းငယ်များ ရေးသား ခဲ့ရာ ရေးသားချက်အချို့မှာ ၁၉၁၇ ခုနှစ်က ဘဏ္ဍာရေးမင်းကြီး Mr. H.Thompson ပြုစုသော မြန်မာပြည် စက်မှုလက်မှု တိုးတက်ရေးမှတ်တမ်းတွင် ပူးတွဲဖော်ပြ ခံခဲ့ရသည်။ Mr. H. Thompson ၏ မှတ်တမ်းတွင် အိမ်တွင်းလက်မှု လုပ်ငန်းများသာမကဘဲ စက်မှုလုပ်ငန်းကြီးများ အကြောင်းကိုလည်း ဖော်ပြထားခဲ့သည်။ ထိုအချိန်က အိန္ဒိယစက်မှုလုပ်ငန်းများကော်မရှင်က စက်မှုလက်မှုလုပ်ငန်းများအကြောင်းကို လေ့လာစုံစမ်း နေဆဲဖြစ်သည်။

မြန်မာနိုင်ငံတွင် ဒိုင်အာခီအုပ်ချုပ်ရေး ရရှိလာသော အခါ စက်မှုလုပ်ငန်းများဌာန (Industries Department) ကို ဖွင့်လှစ်၍ ၁၉၂၁ ခုနှစ်တွင် Director of Industries တစ်ဦးကို ခန့်ထား ခဲ့သည်။ နောက်နှစ်တွင်မူ ထိုရာထူးနှင့် ဌာနကိုပါ ဖျက်သိမ်းပြီး Superintendent of Cottage Industries ရာထူးနှင့် အစားထိုးခဲ့သည်။ အိမ်တွင်း စက်မှု လက်မှုဝန်ထောက်ရာထူးကို ကနဦးတွင် သမဝါယမဌာန၏ Joint Registrar က အချိန်ပိုင်းတာဝန်ယူ၍ လုပ်ဆောင်ခဲ့ရာမှ ၁၉၂၃ ခုနှစ် ဖေဖော်ဝါရီလတွင်မူ Cottage Industries Department အဖြစ် သီးခြားတည်ရှိခဲ့သည်။ ပထမဦးဆုံးသော အိမ်တွင်းစက်မှုလက်မှုဝန်ထောက်မှာ Mr. G.E. Harvey ဖြစ်ပြီး ထိုရာထူးတွင် ခန့်ထားခံရသူမှာ Provincial Art Officer လည်း ဖြစ်သောကြောင့် နှစ်စဉ် ကျင်းပပြုလုပ်သော လက်မှုပညာ ပြပွဲ ပြိုင်ပွဲကိုလည်း ကြီးကြပ်ကျင်းပရသည်။

လက်မှုပညာပြပွဲ ပြိုင်ပွဲများကျင်းပခြင်း

အိမ်တွင်းစက်မှုလက်မှုဌာန၏ လုပ်ငန်းမှာ ရက်ကန်း၊ အိုးလုပ်ငန်း၊ ယွန်းထည်လုပ်ငန်း စသော လက်မှုပညာများ ကို တိုးတက်အောင် နည်းပညာပေးခြင်း၊ သင်တန်းဖွင့်၍ သင်ကြားပေးခြင်း၊ စစ်ဆေးကြည့်ရှုခြင်းတို့ပင် ဖြစ်သည်။ ထို့ပြင် သမဝါယမဌာနက တာဝန်ယူခဲ့သော လက်မှုအနုပညာအသင်းများကိုလည်း တာဝန်ယူ၍ကြီးကြပ် ရသည်။ အိမ်တွင်းစက်မှုလက်မှုဌာန အရာရှိများထဲတွင် ဆောင်းဒါးရက်ကန်း ကျောင်းအုပ်ကြီးနှင့် လက်ထောက် ကျောင်းအုပ်၊ အိုးလုပ်ငန်းကျွမ်းကျင်ပညာရှင် (Pottery Expert) တစ်ဦးနှင့် လက်ထောက်တစ်ယောက်၊ ပုဂံယွန်း ကျောင်း မှကျောင်းအုပ်၊ သမဝါယမဌာနမှ လက်ထောက် အရာရှိငယ်တစ်ဦးနှင့် အိမ်တွင်းစက်မှုလက်မှု လက်ထောက် တစ်ဦးတို့ ပါဝင်ခဲ့သည်။ သမဝါယမ လက်ထောက်အရာရှိ ငယ်သည် လက်မှုပညာအသင်းများနှင့်တကွ မန္တလေးနှင့် ပုဂံဝန်းကျင်ရှိ သမဝါယမအသင်း ၄၀ ခန့်ကို တာဝန်ယူ ကြီးကြပ်ရသည်။ စက်မှုလက်မှု လက်ထောက်အရာရှိကမူ လက်မှုအနုပညာ ပြပွဲ ပြိုင်ပွဲများ ကိစ္စကို လုံးဝတာဝန်ယူ ဆောင်ရွက်ခဲ့သည်။

အိမ်တွင်းလက်မှုလုပ်ငန်းများ တိုးတက်ထွန်းကားရေးအတွက် နှစ်စဉ်ကျင်းပသော လက်မှုအနုပညာ ပြပွဲကြီးများသည် မြန်မာ့လက်မှု အနုပညာ လုပ်ငန်းများ မတိမ်ကောအောင် ထိန်းသိမ်းခဲ့သည်ဟု ဆိုရမည်ဖြစ်သည်။ ပထမဦးဆုံးသော အနုပညာနှင့်လက်မှုပညာပြပွဲ (Arts and Crafts Exhibition) ကို ၁၈၈၅ ခုနှစ်တွင် Provincial Art Officer Mr. Tilly က ကြီးမှူး၍ ကျင်းပခဲ့သည်။ ငွေထည်ပစ္စည်းများ၊ ဆင်စွယ်ပန်းပုများနှင့် သစ်သား ပန်းပုများကိုသာ ပြသထားသော်လည်း လာရောက်ကြည့်ရှု သူက များပြားခဲ့သည်။ ပြပွဲကို နှစ်စဉ်ဆက်တိုက် ပြုလုပ် လာခဲ့ရာ လာရောက်ကြည့်ရှုအားပေးသူ အရေအတွက်က တစ်နှစ်ထက်တစ်နှစ် တိုးတက်များပြားလာခဲ့သည်။ ပြသသောပစ္စည်းများ၏ လက်ရာများ ကလည်း တစ်နှစ်ထက် တစ်နှစ် ပို၍ကောင်းမွန်လာသည်။ သို့ရာတွင် အခမဲ့ ဝင်ရောက်ကြည့်ရှုခွင့်ပြုထားသည့် ထိုပြပွဲ တွင် အနုပညာ ပြသမှုထက် လက်မှုလုပ်ငန်းပစ္စည်းများကို ပြသမှုက များစွာပိုနေခဲ့ရာ ပြသပစ္စည်းအရေအတွက် တိုးတက်လာ သည်နှင့်အညီ ချီးမြှင့်သော ဆုတန်ဖိုးကလည်း ပိုလာသည်။

အနုပညာနှင့် လက်မှုပညာပြပွဲများတွင် ၁၉၁၆ ခုနှစ် ဒီဇင်ဘာလက ကျင်းပပြုလုပ်ခဲ့သောပြပွဲက အကောင်းဆုံး ဟုဆိုနိုင်သည်။ ပုံမှန်အားဖြင့် ပြပွဲကို ၁၉၁၇ ခုနှစ် ဖေဖော်ဝါရီလတွင် ပြုလုပ်ရမည်ဖြစ်သော်လည်း မြန်မာနိုင်ငံသို့ အိန္ဒိယဘုရင်ခံချုပ် Lord Chelmsford ရောက်ရှိ ခိုက်တွင် ပြသလိုသောကြောင့် ၁၉၁၆ ခုနှစ် ဒီဇင်ဘာလတွင် ကျင်းပခဲ့ခြင်းဖြစ်သည်။ ထိုအချိန် က Provincial Art Officer မှာ မစ္စတာမောရစ်ဖြစ်ပြီး ၎င်းက ပြပွဲကို ဂျူဗလီဟောတွင် ပြုလုပ်ခဲ့သည်။ ခန်းမကြီးအတွင်း၌ နေရာမလုံလောက်၍ ဂျူဗလီဝင်းအတွင်းနှင့်အနီးရှိ မြေ ကွက်လပ်များပေါ်တွင်ပါ တဲထိုး၍ ခင်းကျင်းပြသခဲ့သည်။ အနုပညာလက်ရာများ၊ ဓာတ်ပုံရုပ်ပုံများ၊ ဓာတ်သတ္တုနှင့် သစ်တောထွက်ပစ္စည်း များကို ဂျူဗလီ ခန်းမတွင် ခင်းကျင်းပြသပြီး ကျန်လက်မှုပညာလုပ်ငန်းများကိုမူ ဝင်းအတွင်းနှင့် မြေကွက်လပ်များပေါ်တွင် ပြသခဲ့သည်။ ဝင်းအတွင်း၌ပြသသည့် ပြခန်းများတွင် အိမ်တွင်း လက်မှုပညာလုပ်ငန်း ၂၉ မျိုးကို လက်တွေ့ လုပ်ဆောင် ပြသခဲ့သည်။

မြန်မာ့သစ်တောထွက် ရတနာများ

သစ်တောနှင့် သစ်တောထွက်ပစ္စည်းများ ပြခန်းတွင် မြန်မာ့အဖိုးတန် သစ်မျိုးစုံ၊ သစ်တောထွက် ပစ္စည်းများနှင့် အသုံးဝင်ပုံကို နမူနာများနှင့် တကွ ပြသထားရာ၌ စက္ကူပျော့ဖတ်လည်း ပါဝင်ခဲ့သည်။ မြန်မာ့သစ်၊ဝါးများဖြင့် စက္ကူပျော့ဖတ်ထုတ်လုပ်နိုင်ပုံကို လက်တွေ့ပြသခြင်း ဖြစ်သည်။ ထို့ပြင် မြန်မာ့သစ်တောများထဲ၌ ရှင်သန်ကျက်စားသော ငှက်မျိုးစုံတို့၏ ဥများကိုလည်း တခမ်း တနား ပြသထားသည်။ ဘုံဘေဘားမား ထရေးဒင်းကော်ပိုရေးရှင်းက သစ်ထုတ်လုပ်ပုံကို ဓာတ်ပုံများ၊ ပုံစံငယ်များဖြင့် ပြသခဲ့သည်။

ရှမ်းပြည်နယ်တောင်ပိုင်းကလည်း ရှမ်းပြည်မှ ကျွမ်းကျင်လုပ်သားများ ခေါ်ဆောင်လာပြီး ရှမ်းစက္ကူ ပြုလုပ်နည်းကို အစမှအဆုံး လက်တွေ့ လုပ်ကိုင်ပြသခဲ့သည်။ မြန်မာ့ရေနံကုမ္ပဏီ ဘီအိုစီက ဖယောင်းတိုင် အမျိုးမျိုးနှင့် ရေနံထွက်ပစ္စည်းများကို ဂျူဗလီဟော အပေါ်ထပ်တွင် ပြသပြီး မြေပြင်ကွက်လပ်တွင် ရေနံတူးစင် (Derrick) တစ်ခုဆောက်လုပ်ကာ ရေနံတူးပုံကို ပြသခဲ့ သည်။ ထို့အတူ မြန်မာပြည် မီးရထားကုမ္ပဏီ ကလည်း နောက်ဆုံးပေါ် အင်ဂျင်စက်ခေါင်းနှင့် တွဲသစ်များ၊ ပထမ ဦးဆုံး အသုံးပြုခဲ့သော စက်ခေါင်းနှင့် တွဲများကို ရထား လမ်းများပြုလုပ်ကာ ပါဝင်ပြသခဲ့သည်။ ထိုစဉ်က သုံးသော အချက်ပြဆက်သွယ်ရေးစနစ်၏ လုပ်ငန်းဆောင်ရွက်ပုံကိုလည်း ပုံစံငယ်များဆောက်လုပ်ကာ ပြသခဲ့သည်။ အလုပ်ဌာန လက်အောက်ရှိ မီးပြတိုက်ဌာနခွဲက မီးပြတိုက်တွင် မီးလင်းပုံကိုလည်းကောင်း၊ အာလဂွါတာ မီးပြတိုက်ကို ပုံစံငယ် ဖြင့်လည်းကောင်း ပြသခဲ့သည်။ ဆောင်းဒါး ရက်ကန်းကျောင်းကလည်း ပိုးမွေးမြူခြင်းမှစ၍ ပိုးထည်ဖြစ်သည်အထိ ပိုးထည်ရက်လုပ်ပုံကို အဆင့်ဆင့်ပြုလုပ် ပြသ ခဲ့သည်။

အရောင်းအဝယ် တွင်ကျယ်လာစေခဲ့

ဗြိတိသျှအစိုးရသည် ပြပွဲကြီးများကို ပြုလုပ်ခြင်းဖြင့် လက်မှုလုပ်ငန်းဆိုင်ရာ နည်းပညာများ တိုးတက်ထွန်းကားလာစေ သည့်အပြင် ပစ္စည်း ကြော်ငြာသကဲ့သို့ ဖြစ်ပြီး အရောင်းအဝယ်ကိုပါ တွင်ကျယ်လာစေသည်ဟု ယုံကြည်ခဲ့သည်။ ထို့ကြောင့်ပင် မြန်မာ့လက်မှုပညာများနှင့် ထွက်ကုန်ပစ္စည်းများကို ၁၉၂၄ ခုနှစ် လန်ဒန်မြို့ ဝင်ဘလီကွင်းကြီး၌ ကျင်းပသော ဗြိတိသျှ အင်ပါယာ ပြပွဲပြိုင်ပွဲကြီး တွင်လည်း ခင်းကျင်း ပြသခဲ့သည်။ မြန်မာနိုင်ငံသည် အိန္ဒိယ၏ ပြည်နယ်တစ်ခုသာ ဖြစ်သော်လည်း မြန်မာ့ပြခန်း အဖြစ် သီးခြားဖွင့်လှစ်ပြသခွင့် ရခဲ့သည်။ မြန်မာ့လက်မှု ပညာ၊ အနုပညာပစ္စည်းများတွင် မြန်မာ့ရက်ကန်းပညာကို ဖော်ပြသော ရက်ထည် အမျိုးမျိုးကိုလည်း ပြသခဲ့သည်။ ဘုံဘေ ဘားမားထရေးဒင်းကော်ပိုရေးရှင်းက မြန်မာ့အဖိုးတန် သစ်အမျိုးမျိုးကို ပြသသလို ဘားမားရူဘီမိုင်း ကုမ္ပဏီကလည်း မြန်မာ့ကျောက်သံ ပတ္တမြား များကို ပြသခဲ့သည်။ အလားတူပင် ဘီအိုစီကုမ္ပဏီကလည်း မြန်မာ့ရေနံနှင့် ရေနံထွက် ပစ္စည်းများကိုပြသခဲ့ရာ ဝင်ဘလီပြပွဲကြီး သည် မြန်မာ့လက်မှုအနုပညာများကို ကမ္ဘာသို့ တင်ပြ နိုင်သည်ထက် မြန်မာနိုင်ငံရှိ မြေပေါ်မြေအောက် သယံဇာတပစ္စည်းများကို နိုင်ငံခြားသား အရင်းရှင်ကြီးများက သိမြင်စိတ်ဝင်စား လာအောင် ကြော်ငြာခြင်းက ပိုများခဲ့သည်။

မြန်မာနိုင်ငံရှိ အိမ်တွင်းလက်မှုလုပ်ငန်းများအနက် အများဆုံး လုပ်ကိုင်ကြသောလုပ်ငန်းမှာ ရက်ကန်း လုပ်ငန်းဖြစ်သည်။ ရှေးအစဉ် အဆက်ကပင် မိသားစု ဝတ်ဆင်ရေးအတွက် အနည်းဆုံး တစ်အိမ်လျှင် ရက်ကန်းစင် တစ်စင်ထားရှိကာ ရက်လုပ်ဝတ်ဆင်ကြသဖြင့် မြန်မာ အမျိုးသမီး တိုင်း ရက်ကန်းခတ်တတ်ကြသည်။ အချို့သော ကျေးရွာနှင့် မြို့များတွင် ရက်ကန်း လုပ်ငန်းဖြင့် အသက်မွေးကြသည်များလည်း ရှိကြရာ၊ အမရပူရသည် ရက်ကန်းလုပ်ငန်းနှင့် ပတ်သက်၍ ထင်ရှား သောမြို့ဖြစ်သည်။ ကိုလိုနီခေတ်တွင် ပြည်ပမှ တင်သွင်းလာသော ချည်ထည် အမျိုးမျိုးတို့ကြောင့် ရက်ကန်း လုပ်ငန်းမှာ တဖြည်းဖြည်း မှေးမှိန်လာခဲ့ရာ အမရပူရရှိ ရက်ကန်းသမား တို့၏ အခက်အခဲကို သမဝါယမအသင်းများ၏ မှတ်ပုံတင်အရာရှိ (Registrar) ဖြစ်သူ မစ္စတာ အေအီးအင်းဂလစ်နှင့် မန္တလေးကော်မရှင်နာမင်းကြီး မစ္စတာ အယ်လ်အိပ်ခ်ျဆောင်းဒါးတို့က သတိပြုမိခဲ့ကြ သည်။

ခေတ်မီလက်မှုလုပ်ငန်းများဖြစ်လာအောင်အားပေး

ရက်ကန်းလုပ်သားများ၏ လူနေမှုဘဝ မြှင့်တင်နိုင်ရေးအတွက် ခေတ်မီရက်ကန်းစင်များဖြင့် ရက်လုပ်နိုင်မှသာ အထည်များပိုမိုထွက်ရှိနိုင်မည် ဖြစ်ကြောင်းနှင့် ရက်ကန်း သမဝါယမအသင်းများကို တည်ထောင်ထားသော်လည်း လက်ရှိသမားရိုးကျ ရက်ကန်းရက်နည်းများဖြင့် မည်သို့မျှ တိုးတက်နိုင်မည်မဟုတ်ကြောင်းကို သိမြင်ခဲ့ကြသည်။ ၁၉၀၀ ပြည့်နှစ်တွင် မစ္စတာဆောင်းဒါးက လွန်းပျံလက်ခတ်တစ်ခုကို အင်္ဂလန်မှ ယူဆောင်လာကာ အမရပူရမှ ရက်ကန်းလုပ်သားများအား ပြသခဲ့ရာ ရက်ကန်းလုပ်သားများကလည်း သမားရိုးကျနည်းထက် ပို၍လျင်မြန် လှသော ထိုလွန်းပျံလက်ခတ်ကို စိတ်ဝင်စားကြသည်။ မစ္စတာ ဆောင်းဒါးက ရက်ကန်းပညာနှင့် ပတ်သက်၍ နည်းလမ်းသစ်များကို သင်ကြားပို့ချပေးနိုင်မည့် ကျွမ်းကျင်သူ ပညာရှင်တစ်ဦးကို ခန့်ထားပေးရန် ၁၉၁၃ ခုနှစ်တွင် အစိုးရအား တိုက်တွန်းခဲ့ရာ ဆီရမ်ပူရက်ကန်း ပညာသင် ကျောင်း၏ လက်ထောက်ကျောင်းအုပ်ကြီးဖြစ်သော Mr. A.E. Hurst သည် ၁၉၁၄ ခုနှစ် ဇန်ဝါရီလတွင် ကျွမ်းကျင်ပညာရှင်အဖြစ် အမရပူရသို့ ရောက်ရှိလာခဲ့သည်။ အမရပူရမြို့ ရပ်ကွက်သူကြီး ဦးဖေအုန်းက မစ္စတာဟပ်စ်၏ လုပ်ငန်းများကို များစွာကူညီပေးခဲ့သည်။ ပိုမိုတွင်ကျယ်စွာ ရက်နိုင်သော ရက်ကန်းစင်များ၊ နည်းလမ်းသစ်များ စသော ပဏာမလုပ်ငန်း များကို လုပ်ကိုင်ကြပြီးနောက် အမရပူရတွင် ရက်ကန်းကျောင်း တစ်ကျောင်းကို တည်ထောင် ဖွင့်လှစ်ခဲ့သည်။ မစ္စတာဆောင်းဒါးကို ဂုဏ်ပြုသောအားဖြင့် ထိုရက်ကန်းကျောင်းကို ဆောင်းဒါးရက်ကန်းကျောင်းဟု အမည်ပေးခဲ့ရာ ယနေ့ထိတိုင် အမည်တွင်နေဆဲ ဖြစ်သည်။ ထိုကျောင်းကို သမဝါယမဌာနက ဦးစွာကြီးကြပ် ဦးစီးခဲ့သည်။

အိမ်တွင်းစက်မှုလက်မှု လုပ်ငန်းဌာနတွင် ရက်ကန်း လုပ်ငန်းကဲ့သို့ပင် မြန်မာ့လက်မှုလုပ်ငန်း တစ်ခု ဖြစ်သော အိုးလုပ်ငန်း၊ မြေထည်လုပ်ငန်းကို အားပေးကူညီရန် ကျွမ်းကျင်ပညာရှင် တစ်ယောက်ရှိခဲ့သည်။ ဗြိတိသျှအစိုးရသည် ရိုးရာအိမ်တွင်းလက်မှုလုပ်ငန်းများ ဖြစ်သော လက်ရက်ကန်း၊ အိုးလုပ်ငန်းနှင့် ယွန်းထည်လုပ်ငန်းတို့ကို ဖွံ့ဖြိုးတိုးတက်အောင် လုပ်ဆောင်မည်ဟု စီစဉ်ချမှတ်ကာ စက်မှုလုပ်ငန်းဌာန ဖွင့်လှစ်စကပင် အိုးလုပ်ငန်းဆိုင်ရာ ကျွမ်းကျင် ပညာရှင်တစ်ယောက်ကို ၁၉၂၂ ခုနှစ် ဩဂုတ်လက ခန့်ထားခဲ့သည်။ စက်မှုလုပ်ငန်းဌာန၏ နေရာကို အိမ်တွင်း စက်မှုလက်မှုလုပ်ငန်းဌာနနှင့် အစားထိုးလိုက်သောအခါ ကျွမ်းကျင်ပညာရှင် L. A. Nicholas သည် အိမ်တွင်းစက်မှုလက်မှု လုပ်ငန်းဌာန၏ အုပ်ချုပ်မှုအောက်သို့ ရောက်ရှိသွားခဲ့သည်။ ။

သိပ္ပံစာရေးဆရာ ကိုကိုအောင်