Skip to main content

ရန်ကုန်တက္ကသိုလ်ထဲက အနုပညာရပ်ဝန်းပန်းချီခန်းမ

ရန်ကုန်တက္ကသိုလ်လို့ဆိုလိုက်တာနဲ့ တက္ကသိုလ်အရိပ်ကို ခိုဝင်နားခဲ့ဖူးသူတိုင်း အဓိပတိလမ်း၊ ဂျပ်ဆင်၊ သစ်ပုပ်ပင်၊ အာရ်စီ ခေါ် အပန်းဖြေရိပ်သာ၊ ရေတမာပင်၊ စိန်ပန်းပင်၊ တက္ကသိုလ်များဗဟိုစာကြည့်တိုက်၊ အင်းလျားကန်စတဲ့ မှတ်မှတ်ထင်ထင် ရှိတဲ့နေရာတွေ တစ်ခုပြီးတစ်ခု မြင်ကွင်းထဲရောက်လာပါတော့တယ်။

နောက်ပြီး မာလာဆောင်၊ ရတနာဆောင်၊ သီရိဆောင်၊ အင်းဝဆောင်၊ ပဲခူးဆောင်၊ ဒဂုံဆောင်၊ စစ်ကိုင်း ဆောင်၊ ပင်းယဆောင် စတဲ့ တက္ကသိုလ်ကျောင်းသား ကျောင်းသူတွေ ပညာသင်နေတုန်းနေကြရတဲ့ အဆောင် နာမည်လေးတွေ အစီအရီ ပေါ်လာပြန်ရော။ တစ်ဆက် တည်းမှာပဲ ကိုယ်ပညာသင်ခဲ့ဖူးတဲ့ မန္တလေးဆောင်၊ သိပ္ပံခန်းတွေ၊ လက်တွေ့ခန်း၊ နောက်ကျောင်း လခသွင်းခဲ့ ရတဲ့နေရာ ကျောင်းသားရေးရာ၊ နောက် လေးနှစ်တာ ပညာသင်အပြီး ဘွဲ့အပ်နှင်းရာ ရန်ကုန်တက္ကသိုလ်ဘွဲ့နှင်း သဘင်ခန်းမ အဆောက်အအုံ... အားလုံးက သတိရစရာ ချည်းပါပဲ။

ရန်ကုန်တက္ကသိုလ်မဖြစ်ခင် အဲဒီရန်ကုန်တက္ကသိုလ် နယ်မြေဟာ ဟိုးတုန်းက ဧက ၄၀၀ ကျော် ကျယ်ဝန်းတဲ့ နာနတ်တောကြီးနဲ့ တောရိုင်းကြီးတဲ့၊ စိတ်ကူးနဲ့မြင်ကြည့် မိတာတောင် နည်းတဲ့အကျယ်အဝန်းမဟုတ်ဘူးတဲ့။

အကောင်းဆုံးတက္ကသိုလ်တစ်ခု

ရန်ကုန်တက္ကသိုလ်ကို အင်္ဂလန်နိုင်ငံမှာရှိတဲ့ အောက်စဖို့ဒ်၊ကိန်းဘရစ်ချ်တက္ကသိုလ်တွေမှာရှိတဲ့ စနစ် အတိုင်း ဖွဲ့စည်း တည်ဆောက်ထားတယ်လို့ သိရပါတယ်။ ရန်ကုန်တက္ကသိုလ်ဟာ ၁၉၄၀-၁၉၅၀ ပြည့်နှစ် ဝန်းကျင်လောက်က အရှေ့တောင် အာရှရဲ့ အကောင်းဆုံး တက္ကသိုလ်တစ်ခုဖြစ်ခဲ့တာပါ။ တခြား အာရှတိုက်မှာရှိတဲ့နိုင်ငံတွေက ကျောင်းသားတွေ

လာပြီး ပညာဆည်းပူးရာ တက္ကသိုလ်တစ်ခုလည်း ဖြစ်ခဲ့ ပါတယ်။

၂၀၁၉ ခုနှစ် ဒီဇင်ဘာလထဲမှာ ကျွန်မတခုတ်တရ ရောက်ခဲ့ပါသေးတယ်၊ တက္ကသိုလ်အပန်းဖြေရိပ်သာထဲမှာ တက္ကသိုလ် အမှတ်သညာပွဲလုပ်လို့ပါ။ နံရံကပ်စာစောင်မှာ ကျွန်မရဲ့ ‘ကံ့ကော်စာစု’ လေးတွေ့တော့ ဝမ်းသာလိုက် တာ။ ၂၀၁၉ နှစ်ကုန်နဲ့ ၂၀၂၀ နှစ်ဆန်းပိုင်းတွေမှာတော့ ကံ့ကော်မြေကို ခဏခဏ ရောက်ဖြစ်တယ်။ တောင်ငူဆောင် က ဆရာကြီး ဦးဖေမောင်တင်ရုပ်တု ဖွင့်ပွဲမှာလည်း ကျောင်းတုန်းက မိတ်ဆွေ၊ စာပေရောင်းရင်းအများကြီး တွေ့ရတော့ ဝမ်းသာအားရ ဖြစ်မိတယ်။ ရန်ကုန်တက္ကသိုလ် ရာပြည့်အမှတ်တရ အိတ်တို့၊ ဦးထုပ်တို့လည်း ဝယ်ကြ၊ လက်ဆောင်ပေးကြနဲ့ တကယ့် ကျောင်းသား ကျောင်းသူ တွေလို အရွယ်ပြန်ငယ်ပြီး ပျော်ရွှင်ကြည်နူးရပြန်တယ်။

၂၀၂၀ ပြည့်နှစ်စကတည်းက ရာပြည့်တက္ကသိုလ်ပွဲ အတွက် ပွဲစဉ်တွေဆက်တိုက်လုပ်လာကြပြီ။ မှတ်မှတ်ရရ ဖေဖော်ဝါရီလ ၁၃ ရက် နေ့လယ်ပိုင်းမှာ ရန်ကုန်တက္ကသိုလ် သစ်ပုပ်ပင်အောက် ကဗျာရွတ်ပွဲလုပ်တော့ ကျွန်မလည်း ‘လွမ်းလိုက်တာကံ့ကော်ရွာရယ်’ ကဗျာလေးကို အဲဒီပွဲမှာ ရွတ်ဆိုခဲ့ပါသေးတယ်။ မတ်လ ၁၂ ရက်နေ့မှာ ရန်ကုန် တက္ကသိုလ် မြန်မာစာဌာန တောင်ငူဆောင်မှာ ရန်ကုန် တက္ကသိုလ်ရာပြည့်အထိမ်းအမှတ် အလွမ်းရိပ်လည်ပြန် ကဗျာများစာအုပ် မိတ်ဆက်ပွဲလုပ်လို့ ရောက်ခဲ့ရတယ်။ ရန်ကုန်တက္ကသိုလ် ကလောင်အသင်း ၁၉၅၈-၁၉၆၂ အမှုဆောင်ဟောင်းတွေက စီစဉ်ထုတ်ဝေခဲ့တဲ့ ကဗျာ လေးပါ၊ အဲဒီကဗျာစာအုပ် မိတ်ဆက်ပွဲလုပ်ပြီးနောက်ပိုင်း ကိုဗစ်အရှိန်မြင့်လာတာကြောင့် တက္ကသိုလ် နယ်မြေထဲ မရောက်ဖြစ်တော့။

တက္ကသိုလ်နံ့သင်းတဲ့သီချင်းတွေ

ကွယ်လွန်သွားပြီဖြစ်တဲ့ ကျွန်မရဲ့အစ်မအကြီးဆုံးက တက္ကသိုလ်အနုပညာအသင်းဝင်ပါ၊ ရန်ကုန် အနုပညာ အသင်းမှာ စာသင်အားလပ်ချိန်ဆို အပန်းဖြေရိပ်သာထဲမှာ စန္ဒရားနဲ့အတီးအဆို ဆိုကြ၊ အဖွဲ့လိုက်ပျော်စရာကောင်းတယ်ဆိုတာ ခဏခဏပြောပြပါတယ်။ မမကြီးတို့ တက္ကသိုလ်တက်ခါစ ၁၉၆၄-၁၉၆၅ ခုနှစ်ကဆိုတော့ ကျွန်မသိပ်ငယ်သေးပေမယ့် တခုတ်တရပြောပြလို့ မှတ်မိနေတာပါ။ မြကျွန်းညိုညိုတက္ကသိုလ်၊ ချစ်ရက် ရှည်ရှည် အင်းလျားမြေ၊ ကံ့ကော်မြိုင်တန်း၊ သူ့ခေတ်သူ့အခါနဲ့ တက္ကသိုလ်နံ့သင်းတဲ့သီချင်းတွေပါ။ ကျွန်မတို့ တက္ကသိုလ် ရောက်တော့ တက္ကသိုလ်ကျောင်းက ငွေလမင်း၊ တက္ကသိုလ်မှာ ဝေတဲ့နှင်း၊ ကံ့ကော်ပန်းတွေပွင့်ပြန်ပြီ အစရှိတဲ့သီချင်းတွေက ရင်ကိုထိမှန်စေတဲ့ ဂီတမြားတွေပေါ့၊ ကျွန်မမောင်လေး ညီမလေးတွေ တက္ကသိုလ်တက်တဲ့အခါ တက္ကသိုလ်မြေ နေဝင်မှာစိုးတယ်၊ ကံ့ကော်မြို့တော်၊ ဂျပ်ဆင်ထိပ်က လရိပ်ပြာ စတဲ့သီချင်းတွေနဲ့အတူ တက္ကသိုလ်အငွေ့ အသက်လေးတွေနဲ့ ပညာနှစ်တွေကုန်ဆုံးခဲ့ရတယ်။

ခုလိုချိန်ခါ ရန်ကုန်တက္ကသိုလ် ရာပြည့်အထိမ်းအမှတ် အနေနဲ့ မြန်မာ့ရုပ်မြင်သံကြားက တစ်ချိန်က တက္ကသိုလ်နဲ့ ပတ်သက်တဲ့ သီချင်းတွေကို အပတ်စဉ် သောကြာနေ့သတင်း ပြီးတိုင်း အပုဒ် ၁၀၀ ပြည့်အောင် Live လွှင့်ခဲ့ပါတယ်၊ မူရင်းအဆိုရှင်တွေရော မျိုးဆက်သစ်တွေပါ တက္ကသိုလ် နဲ့ပတ်သက်တဲ့ သီချင်းတွေကို ကြိုးစားဆိုကြပါတယ်။ မမကြီး မမလေးတို့အရွယ်တွေက ‘မြကျွန်းညိုညို တက္ကသိုလ်’၊ ‘တက္ကသိုလ် ကျောင်းသူတစ်ဦး’ အဲဒီလိုသီချင်း တွေကြားရင် တက္ကသိုလ်ကိုလွမ်းသတဲ့ ‘တက္ကသိုလ်မှာ ဝေတဲ့နှင်း’၊ ‘ကံ့ကော်ပန်းတွေပွင့်ပြန်ပြီ’၊ ‘ကံ့ကော်မြို့တော်’ သီချင်းတွေကြားရင် ကျွန်မတို့အသက်အရွယ်တွေက မြသီလာ ကံ့ကော်မြေကို သတိရမိပြန်ရော။ ‘ဂျပ်ဆင်ထိပ်က လရိပ်ပြာ’၊ ‘၈၂/ အင်းလျားသီချင်း’ ကြားပြန်တော့ မောင်လေး ညီမလေးတွေက လွမ်းလိုက်တာ ကျောင်းတော် ကြီးကိုတဲ့။ သူ့ခေတ်နဲ့သူ့အခါ အလျဉ်းသင့်သလို လွမ်း ကောင်းနေဆဲပါ။ မြကျွန်းညိုညိုတက္ကသိုလ် သီချင်း စာသားထဲကလို စာပေ၊ ဂီတနဲ့သာ အနုပညာအစစမှာ လည်းစုံဆိုတဲ့အတိုင်း ကျွန်မရဲ့ တက္ကသိုလ်ကျောင်းသူဘဝမှာ ကိုယ်ဝါသနာပါတဲ့ ‘ပန်းချီပညာ’ ကိုပါ ဆည်းပူးခွင့်ရလို့ တက္ကသိုလ်ကျောင်းသူဘဝ ပိုပြီးပီပြင် လာစေပါတယ်။

ပန်းချီပညာကို ဆည်းပူးခွင့်ရ

ကျွန်မတို့ တက္ကသိုလ်စတက်တော့ ၁၉၇၅ ခုနှစ်မှာပါ။ အဲဒီနှစ်မတိုင်ခင် ရန်ကုန်ဝိဇ္ဇာနှင့် သိပ္ပံတက္ကသိုလ် ပထမနှစ် ကျောင်းသား ကျောင်းသူတွေကို NS လို့ခေါ်တဲ့ လှိုင်နယ် မြေက သဘာဝသိပ္ပံ (Natural Science) မှာ ကျောင်း တက်ရပါတယ်။ နောက်နှစ် ဒုတိယနှစ်မှ မန္တလေးဆောင်မှာ တက်ရတာပါ။ ကျွန်မတို့ တက္ကသိုလ်စတက်တော့ နေထိုင် တဲ့ မြို့နယ်အလိုက် ဗိုလ်တထောင်နယ်မြေနဲ့ လှိုင်တက္ကသိုလ် နယ်မြေနှစ်ခုမှာ ရန်ကုန်ဝိဇ္ဇာနှင့်သိပ္ပံတက္ကသိုလ် ပထမနှစ် စတက်ရတာပါ။ ကျွန်မက ရူပဗေဒ (Physics) အဓိက ယူထားတော့ ပထမနှစ်အတွက် လက်တွေ့ဘာသာရပ် ဖြစ်တဲ့ Physics၊ Chemistry၊ Botany၊ Zoology သိပ္ပံ ဘာသာတွဲတွေကို ရန်ကုန်တက္ကသိုလ်ပင်မဌာန လက်တွေ့ခန်းတွေမှာ သွားလုပ်ရပါတယ်။ လေးဘာသာ စလုံး ဗုဒ္ဓဟူးနေ့ တစ်နေ့တည်းနေကုန် မိန်း (main)ထဲ သွားလုပ်ရတာ တကယ်ပျော်မိတယ်။ ပထမနှစ်ကတည်း က ရန်ကုန်တက္ကသိုလ်ကို တောအုပ်ထဲရောက်သွားသလို ခံစားရတယ်။ ဒုတိယနှစ်ကို မန္တလေးဆောင်မှာ တက်ရ ပါတယ်။ ပြောရရင် တက္ကသိုလ်ပညာသင်ယူရတဲ့ လေးနှစ်စလုံး ရန်ကုန်တက္ကသိုလ်ဝင်းထဲမှာနေခဲ့ရလို့ ကျောင်းနေပျော်ခဲ့ရတယ်။ ပိုပြီးပျော်စရာကောင်းလာ တာက ကျွန်မ ဝါသနာပါတဲ့ ပန်းချီပညာကို ဆည်းပူးခွင့် ရလိုက်တာပါပဲ။

၁၉၇၇ ခုနှစ်ကနေ ၁၉၇၉ ခုနှစ်အထိ ရန်ကုန် တက္ကသိုလ်အနုပညာအသင်း ပန်းချီခန်းမမှာ ပန်းချီ သင်တန်းကို စနေ၊ တနင်္ဂနွေနေ့ နှစ်ရက်၊ စနေနေ့ကို မွန်းလွဲ တစ်နာရီကနေ သုံးနာရီ၊ တနင်္ဂနွေနေ့ မနက်ကိုး နာရီကနေ ၁၀ နာရီအထိ သင်တန်းတက်ရပါတယ်။ အရင်ကပန်းချီသင်တန်းကို အာရ်စီအပန်းဖြေရိပ်သာထဲ မှာ သင်ပေးတာပါ။ အဲဒီတုန်းက အာရ်စီထဲမှာ စန္ဒရားတီး တဲ့အခန်း၊ ပတ္တလားတီးတဲ့အခန်း၊ အကတိုက်တဲ့ အခန်း၊ ပန်းချီသင်တန်းအခန်းတွေရှိခဲ့ကြတယ်လို့ စီနီယာ အစ်ကို အစ်မတွေက ပြောပြတယ်။ ကျွန်မတို့ တက္ကသိုလ် ပညာသင်ယူစဉ်တုန်းကလည်း စန္ဒရားတီးသံ၊ ပတ္တလား တီးသံ၊ အကတိုက်သံ၊ ဘော်လီဘော၊ ဘတ်စကက်ဘော အားကစားပြိုင်ပွဲ အားပေးသံတွေညံလို့ ပျော်စရာ အတော်ကောင်းခဲ့ပါတယ်။

ကျွန်မတို့ ပန်းချီသင်တန်းခက တစ်လ ခြောက် ကျပ်ပါ။ ကျောင်းလခက တစ်ဆယ့်ငါးကျပ်။ အိမ်က မုန့်ဖိုးတစ်လ သုံးဆယ့်ငါးကျပ်ပေးတာ တော်တော်သုံးရ ပါတယ်။ နောက်နှစ်အတန်းကြီးလာမှ ၅၀ ရတာပါ။ မုန့်ဖိုးတွေစုပြီး ပန်းချီရေးဖို့ ဆေးဘူးဝယ်ခဲ့ရတယ်။ ပန်းချီသင်တန်းမှာ ရန်ကုန်ဝိဇ္ဇာ သိပ္ပံတက္ကသိုလ်တစ်ခု တည်းက ကျောင်းသားတွေပဲတက်တာ မဟုတ်ပါဘူး။ စီးပွားရေးတက္ကသိုလ်၊ စက်မှုတက္ကသိုလ်၊ တိ/မွေးတက္ကသိုလ် က ကျောင်းသား ကျောင်းသူတွေပါ လာတက်ကြတာပါ။ ပြောရရင် တက္ကသိုလ်ပေါင်းစုံက ကျောင်းသား ကျောင်းသူ တွေ စုံလင်ပါတယ်။ တစ်နှစ်တစ်ခါ ရန်ကုန်ဝိဇ္ဇာနှင့် သိပ္ပံ တက္ကသိုလ် နှစ်လည်ပန်းချီ ပြပွဲကို အပန်းဖြေရိပ်သာထဲမှာကျင်းပပေးတယ်။ ကျွန်မ တတိယနှစ်အရောက်မှာ ပါမောက္ခချုပ် ဒေါက်တာ မောင်မောင်ခ အငြိမ်းစားယူခဲ့ပြီး ဒေါက်တာမောင်ဒီက ပါမောက္ခချုပ် ဖြစ်လာတယ်။ အနု ပညာဝါသနာပါပြီး ပါရမီရှိခဲ့သူဖြစ်တဲ့ ဆရာခ အငြိမ်းစား ယူသွားပေမယ့် ပါမောက္ခချုပ်ဖြစ်လာတဲ့ ဒေါက်တာ မောင်ဒီကလည်း ပန်းချီပညာကို အားပေးခဲ့ပါတယ်။v စာမျက်နှာ ၈ မှ

၁၉၇၉ ခုနှစ် ဘွဲ့ရပြီး ၁၉၈၀ ပြည့်နှစ်လောက်အထိ ပန်းချီသင်တန်းဆက်တက်သော်လည်း လုပ်ငန်းခွင် ဝင်လိုက်သည့် အချိန်များမှာ သင်တန်းဆက်မတက်ဖြစ် တော့။ တစိုက်မတ်မတ် ပန်းချီဝါသနာပါတဲ့သူတွေအတွက် အနုပညာဥယျာဉ်ထဲ ခိုင်ခိုင်မတ်မတ်ပန်းချီပန်းပင်တွေ စိုက်နိုင်ခဲ့ပြီ။ ပန်းချီသင်တန်း ပထမနှစ်မှာသင်ပေးတဲ့ ဆရာကြီး ဦးလွန်းကြွယ်က အသင်အပြတော်သလို ဒုတိယနှစ် ပန်းချီသင်တန်းကို သင်ကြားပေးတဲ့ ဆရာကြီး ဦးသိန်းဟံကလည်း သင်ကြားတာ စေတနာပါလွန်းလှ ပါတယ်။

ပန်းချီပညာရှင်တွေ ဖြစ်လာ

ကျွန်မတို့ အနုပညာအသင်း ပန်းချီဌာနစိတ်ကနေ ပန်းချီပညာရှင်တွေ အများကြီး ပေါ်ထွက်လာခဲ့ကြတယ်။ ကိုသြ၊ စောအင်ဒရူး၊ မျိုးမြင့်၊ စံမင်း၊ ကေမြိုး၊ ဇေယျ၊ မမွှေး၊ ဌေးမြင့် စတဲ့ ပန်းချီခန်းမက ဝါသနာရှင်တွေဟာ ပညာရှင်အဆင့်အထိ လူသိများထင်ရှားလာတဲ့ ပန်းချီ ပညာရှင်တွေ ဖြစ်လာကြတယ်။

ရန်ကုန်တက္ကသိုလ်ပန်းချီအသင်းက နှစ်စဉ် နှစ်လည် ပန်းချီပြပွဲကို တက္ကသိုလ်အပန်းဖြေရိပ်သာမှာ လုပ်လေ့ရှိ တယ်။ ပန်းချီပြပွဲဖွင့်ပွဲကို ရန်ကုန်တက္ကသိုလ်က ပါမောက္ခ ချုပ်တွေကိုယ်တိုင် ဖွင့်ပေးလေ့ရှိတယ်။ ပန်းချီသင်တန်း တက်နေသူတွေ၊ သင်တန်းဆင်းပြီးသူတွေက ကိုယ်စွမ်း ကိုယ်ရည်နဲ့ ပန်းချီကားတွေ ပြပွဲအတွက် တင်ကြတယ်။ အဲဒီပန်းချီခန်းထွက် ဝါသနာရှင်တွေ ရန်ကုန်တက္ကသိုလ် ပန်းချီအသင်းက နှစ်လည်ပန်းချီပြပွဲများလုပ်ခဲ့သလို ၁၉၇၉ ခုနှစ်ကစပြီး ကံ့ကော်ရွာ(Gangaw Village) အမည်ပေးထားတဲ့ ပန်းချီပြပွဲ ပြသနိုင်ခဲ့ပါတယ်။ ကံ့ကော် ရွာပန်းချီပြပွဲ ပွဲစဉ်(၁) ကို ရန်ကုန်မြို့ ဆေးတက္ကသိုလ်(၁) ပြည်လမ်း လိပ်ခုံးခန်းမမှာ လုပ်ခဲ့တာပါ။

ကံ့ကော်ရွာဆိုတဲ့ပန်းချီပြပွဲမှာ ပြပွဲတာဝန်ခံကို သူကြီးဆိုတဲ့ ဝေါဟာရသုံးပါတယ်။ ကံ့ကော်ရွာ ၁(Gangaw Village 1) သူကြီးက အောင်ကျော်မိုးပါ။ ကံ့ကော်ရွာ ၂ (Gangaw Village 2) သူကြီးက စံမင်း ဆေးတက္ကသိုလ် (၁) လိပ်ခုံးမှာပဲ ပန်းချီပြပွဲ လုပ်ဖြစ်ပါ တယ်။ ကံ့ကော်ရွာ ၃(Gangaw Village 3) ပန်းချီပြပွဲ ကတော့ ပြည်လမ်း ဂျပ်ဆင်ယုဒသန်ခန်းမမှာ လုပ်ဖြစ်သွားပါတယ်။ ကံ့ကော်ရွာ ၃ သူကြီးက မျိုးမြင့်ပါ။ ကံ့ကော်ရွာ ၁ ကနေ ကံ့ကော်ရွာ ၉ (၁၉၈၆) အထိ ပန်းချီပြပွဲ ဆက်တိုက်လုပ်ဖြစ်တယ်။ နောက် ကံ့ကော်ရွာ ၁၀(Gangaw Village 10) ကျတော့ ၁၉၉၅ ခုနှစ်မှ ပန်းချီပြပွဲ ပြန်လုပ်ဖြစ်တယ်။ ဒီကြားထဲ ကံ့ကော်ရွာပန်းချီပြပွဲ မလုပ်ဖြစ်ပါ။ ကံ့ကော်ရွာ ၁၁(Gangaw Village 11) ကိုတော့ ၂၀၀၀ ပြည့်နှစ်မှ ပြန်ပြသဖြစ်တယ်။ ကံ့ကော်ရွာ ၁၁ ရဲ့ သူကြီးကတော့ ကိုမျိုး(ကေမြိုး) ဖြစ်ပြီး ရန်ကုန်မြို့ ပန်းဆိုးတန်းလမ်းက လောကနတ်ပန်းချီခန်းမမှာ လုပ်ဖြစ်တာပါ။ ကံ့ကော်ရွာ ၁၁ ကနေ ကံ့ကော်ရွာ ၁၇ အထိ လောကနတ်မှာပဲ ဆက်တိုက်ပြပွဲလုပ်ဖြစ်ပါတယ်။ ၂၀၀၇ ခုနှစ် ဖေဖော်ဝါရီလ ၂၈ ရက်နေ့မှာတော့ ကံ့ကော်ရွာ ၁၇ က Gangaw Village 17 A ကို Suvanabhumi Art Gallery, Chaing Mai, Thailand မှာ ပြပွဲပြုလုပ်ခဲ့ပြီး ကံ့ကော်ရွာသူကြီးက စံမင်းပါ။ နောက်ကံ့ကော်ရွာ ၁၈ ကို လောကနတ်ခန်းမမှာ ပြန်ပြီး ပန်းချီပြပွဲလုပ်ခဲ့ပြီး သူကြီးက ဇေယျဖြစ်ပါတယ်။ ပန်းဆိုးတန်းလောကနတ်ပန်းချီခန်းမမှာပဲ ကံ့ကော်ရွာ ၂၄ (Gangaw Village 24) အထိ ပြပွဲလုပ်ဖြစ်ပြီး ကံ့ကော်ရွာ ၂၅( Gangaw Village 25) ကို ဂျပ်ဆင်ခန်းမမှာ ပြန်လုပ်ဖြစ်တယ်။ Gangaw Village 26 ကို Think Art Gallery မှာ လုပ်ဖြစ်ပြီး Gangaw Village 27 ကို ပြည်လမ်း ဂျပ်ဆင်ယုဒသန်ခန်းမမှာ ပြန်လုပ်ဖြစ်တာ ၂၀၂၀ Gangaw Village 31 ကံ့ကော်ရွာ ၃၁ အထိပါ။

ကံ့ကော်မြို့တော်ဖြစ်တဲ့ ရန်ကုန်တက္ကသိုလ်နယ်မြေ ထဲက အနုပညာအသင်းပန်းချီခန်းမလေးက တကယ် နွေးထွေးတဲ့ နေရာလေးပါ။ အဲဒီ ပန်းချီခန်းမလေးထဲမှာ ပန်းချီဆရာကြီးတွေရဲ့ သင်ကြားမှုကြောင့် ပါရမီရင့်သန် တဲ့သူတွေကတော့ ပန်းချီပညာရှင်ဖြစ်လာခဲ့ပြီး ရန်ကုန်တက္ကသိုလ်ကြီးရဲ့ ကျောင်းသား ကျောင်းသူ ဖြစ်ခဲ့ကြသူတွေပဲ ဖြစ်ပါတယ်။ ရန်ကုန်တက္ကသိုလ် အနုပညာအသင်းပန်းချီခန်းမမှာ ပန်းချီပညာသင်ယူခဲ့ သူတွေဟာ ကံ့ကော်ရွာ ပန်းချီပြပွဲကို ရန်ကုန်တက္ကသိုလ်ဂုဏ်ဆောင်ပြသနိုင်ခဲ့ကြတယ်။

ဒါကြောင့် ရန်ကုန်တက္ကသိုလ်ကြီးဟာ ပညာတစ်ခု တည်း သင်ယူဖို့မဟုတ်ဘဲ ဘဝနေထိုင်နိုင်ဖို့အတွက် သင်ကြားပေးလိုက်တဲ့ နေရာဌာနပါ။ အခုအချိန်အထိ ရန်ကုန်တက္ကသိုလ် ပရဝဏ်ထဲမှာ ဝိဇ္ဇာခန်းမနောက်ဘက် စီးပွားရေးတက္ကသိုလ် တိုးချဲ့ဆောင် တစ်ထပ်အခန်း AE ခန်းတွေနားမှာ ချစ်စဖွယ် တစ်ထပ်တိုက် ပန်းချီခန်းမလေး ဟာ မျိုးဆက်သစ် ပန်းချီပညာရှင်လေးတွေကို ဆက်လက် မွေးထုတ်ပေးနေတဲ့ နေရာလေး ဖြစ်ပါတယ်။ ကျွန်မတို့ ပန်းချီသင်ယူစဉ်ကာလတုန်းက ပန်းချီခန်းမထဲမှာ ပန်းချီ လက်တွေ့ရေးဆွဲနည်းတွေ သင်ပေးသလို ပန်းချီဆရာကြီး တွေက ပြင်ပလက်တွေ့ ရေးဆွဲနည်းတွေလည်း သင်ပြပေး တာ ပျော်စရာပါပဲ။ သန်လျင်၊ သာဓုကန်၊ ပဲခူးစတဲ့ နေရာ တွေကိုလည်း အောက်ဒိုးပြင်ပလေ့လာပြီး ရေးဆွဲရတဲ့ ပန်းချီပညာပါ သင်ပေးပါတယ်။

လွန်ခဲ့တဲ့ နှစ်ပေါင်း ၄၀ က ရန်ကုန်တက္ကသိုလ် ပန်းချီခန်းမမှာ ပန်းချီပညာသင်ယူခဲ့တာ ဂုဏ်ယူမဆုံး ဖြစ်ရပါတယ်။ အမိရန်ကုန်တက္ကသိုလ်ကြီးက စာပေ၊ ဂီတ၊ အနုပညာသာမက အားကစား ထူးချွန်သူများ၊ နိုင်ငံ့ ခေါင်းဆောင်များစွာကိုလည်း မွေးထုတ်ပေးခဲ့တာ တကယ် ဂုဏ်ယူစရာပါ။ ကျွန်မတို့လို ရန်ကုန်တက္ကသိုလ် ကျောင်း သား ကျောင်းသူဟောင်းတွေအနေနဲ့ အမိတက္ကသိုလ်အတွက် ရင်ထဲက ဂုဏ်ပြုနေတာ ၂၀၂၀ ပြည့်နှစ် တစ်နှစ်လုံးပဲ ဖြစ်ပါတယ်။ ရန်ကုန်တက္ကသိုလ် ပရဝဏ်မှာ ရာပြည့် အခမ်းအနားကို ကိုဗစ်-၁၉ ကြောင့် မကျင်းပရပေမယ့် ကျွန်မတို့အားလုံးရင်ထဲမှာ အမိတက္ကသိုလ်ရဲ့ ရာပြည့် မွေးနေ့အတွက် စိတ်ကူးပုံဖော်ပြီး ပြုံးရိပ်ပျော်ရင်း အတွေးနဲ့ ဂုဏ်ပြုနေကြပါတယ်ဆိုတဲ့အကြောင်း ရန်ကုန်တက္ကသိုလ် ကျောင်းသား ကျောင်းသူတွေ ကိုယ်စား ဆန္ဒကို ဖွင့်လှစ်ပြလိုက်ပါရတယ်။ ။

ခင်လပြည့်ဝန်း