လွတ်လပ်ရေး အမွေ
ကျွန်ုပ်တို့မြန်မာနိုင်ငံသည် နှစ်ပရိစ္ဆေဒကြာမြင့်စွာကပင် တိုင်းရင်းသားလူမျိုး (၁၃၅) မျိုးတို့ဖြင့် အေးအတူပူအမျှ၊ သုခ ဒုက္ခမှန်သမျှကို မျှဝေခံစားရင်း တစ်ခုတည်းသော အမိုးအကာ အောက်၌ အတူတကွ မှီတင်းနေထိုင်ရာ အချုပ်အခြာအာဏာပိုင် နိုင်ငံဖြစ်သည်။ မြန်မာနိုင်ငံအား နယ်ချဲ့ကျူးကျော်သူမှန်သမျှကို သွေးစည်းညီညွတ်ခြင်း အခြေခံ၍ ခေတ်အဆက်ဆက် ခုခံတိုက်ခိုက်ခဲ့သည်မှာ အထင်အရှားရှိခဲ့သည်။ ၁၉ ရာစုနှစ်တွင် ဗြိတိသျှနယ်ချဲ့တို့က ကျူးကျော်စစ် သုံးကြိမ်ပြု၍ သိမ်းပိုက်ခဲ့သည်။ မြန်မာတိုင်းရင်းသားပေါင်းစုံတို့သည် သူ့ကျွန် မခံဇာတိမာန်ဖြင့် တွန်းလှန်ဆန့်ကျင်ကာ စည်းလုံးညီညွတ်မှုကို ပြသနိုင်ခဲ့သည်။ ထို့ကြောင့်ပင် ၁၉၄၈ - ခုနှစ်၊ ဇန်နဝါရီလ (၄)ရက်နေ့တွင် လွတ်လပ်သော အချုပ်အခြာအာဏာပိုင်နိုင်ငံ ဖြစ်လာခဲ့ပေသည်။
မြန်မာဟူသည် တိုင်းရင်းသားလူမျိုးတစ်မျိုးတည်းကိုသာ ရည်ညွှန်းကိုယ်စားပြုသည့် အမည်မဟုတ်ပေ။ မြန်မာ အဘိဓာန်အ ကျဉ်းချုပ် အတွဲ ( ၃ )တွင် “မြန်မာနိုင်ငံတွင် နှစ်ကာလရှည်စွာ အစဉ်အဆက်ပျံ့နှံ့စွာ အတူတကွ အခြေစိုက် နေထိုင်သော တိုင်းရင်းသားလူမျိုး”ဟု ဖွင့်ဆို ထားသည်။ ထို့ကြောင့် မြန်မာဟူသောအမည်သည် ပြည်ထောင်စုဖွား တိုင်းရင်းသားလူမျိုးစုအားလုံးအတွက် ပေါင်းရုံးသိမ်းကျုံးကာ ခေါ်ဆိုသည့် အမည်ဖြစ်ကြောင်း ထင်ရှားလှပေသည်။
မြန်မာလူမျိုးသမိုင်းအစသည် လွန်ခဲ့သော နှစ်သန်း ပေါင်း လေးဆယ်ကဟု ဆိုရမည်ဖြစ်သည်။ ကမ္ဘာ့ရှေးအကျ ဆုံး လူသားမျိုးနွယ်၏ မူလအစဖြစ်သော လူတူပရိုင်းမိတ် (ခေါ်) အဆင့်မြင့်ပရိုင်းမိတ်များ၏ ရုပ်ကြွင်းများကို ဘူမိ အခြေခံအရ မြန်မာနိုင်ငံ ပုံတောင်ပုံညာဒေသတွင် တွေ့ရှိခဲ့ရ သည်။ ထိုရုပ်ကြွင်းများမှာ လွန်ခဲ့သော နှစ်သန်းပေါင်း ၄၀ က လူတူမျိုးနွယ်စု ရုပ်ကြွင်းများဖြစ်ကြောင်း မြန်မာ သုတေသီများသာမက ကမ္ဘာ့သုတေသီများကပါ တညီ တညွတ်တည်း မှတ်ချက်ပြုကြသည် ။ အဆိုပါ ကျောက်ဖြစ် ရုပ်ကြွင်းများသည် အီဂျစ်နိုင်ငံ ဖာယွန်ဒေသမှ တွေ့ရှိရသော ပရိုင်းမိတ်ထက် နှစ်ခုနစ်သန်းခန့် ရှေးကျခဲ့သည်။ ထို့ကြောင့် ယခင်က အယူအဆဖြစ်သည့် “လူသားမျိုးနွယ် အစ အာဖရိကမှ”ဟူသော အဆိုနေရာတွင် “လူသားမျိုးနွယ် အစ အာရှမှ”ဟု ဆိုနိုင်ပြီး တစ်ဆင့်တက်၍ “လူသားမျိုးနွယ် အစ မြန်မာက”ဟု ဆိုနိုင်ကြောင်း ပုံတောင်ဒေသတွင် တွေ့ရှိရသော ပရိုင်းမိတ်များက သက်သေပြလျက်ရှိသည်။
ပင်ကိုစရိုက် ဓလေ့ထုံးစံ အခြေခံတူညီ
သမိုင်းကြောင်းရှည်လျားစွာ ရှေးပဝေသဏီ သမိုင်း မတင်မီကာလကတည်းကပင် မြန်မာနိုင်ငံတွင် မှီတင်း နေထိုင်ကြသော တိုင်းရင်းသားလူမျိုးအသီးသီးတို့သည် မိုင်ပေါင်း ၁၃၅၀ ရှည်လျားပြီး မြောက်မှတောင်သို့ တသွင်သွင် ဖြတ်သန်းစီးဆင်းလျက်ရှိသည့် ဧရာဝတီ မြစ်ရေကို တစ်ချိန်တည်းသောက်သုံးကာ တစ်မြေတည်းနေ တစ်ရေတည်းသောက်၍ ကြီးပြင်းလာခဲ့ကြသည်။ နေထိုင် ရာ အရပ်ဒေသကိုလိုက်၍ အခေါ်အဝေါ် ပြောဆိုသောစကား၊ ယုံကြည်ရာ ဘာသာတရားတို့ ကွဲပြားကြသော်လည်း မြန်မာလူမျိုးတို့၏ ပင်ကိုစရိုက်လက္ခဏာ ရိုးရာအစဉ်အလာ ဓလေ့ထုံးစံများမှာ အခြေခံအားဖြင့် တူညီကြသည်။
မြန်မာတို့သည် ဧရာဝတီမြစ်အောက်ဘက်ဒေသများသို့လည်းကောင်း ၊ ဧရာဝတီကိုဖြတ်၍ အနောက်ဘက်ဒေသ များသို့ လည်းကောင်း ပြောင်းရွှေ့နေထိုင်ကြရင်း မြေပြန့် ဒေသအနှံ့အပြား ပျံ့နှံ့ရောက်ရှိကာ မူလရှိနှင့်ပြီးသည့် ဒေသခံ တိုင်းရင်းသားတို့ နှင့်ပါ ရောယှက်ပေါင်းဖက်လျက် အခြေစိုက်နေထိုင်ခဲ့ကြသည်။ ပုဂံဒေသသို့ ရောက်ရှိပြီး အင်အားစုရုံးမိလာကြသော မြန်မာတို့သည် မြို့ပြနိုင်ငံ ထူထောင်ကာ ကိုယ့်မင်းကိုယ့်ချင်း အုပ်ချုပ်နေထိုင်ခဲ့ကြ ချိန်မှစ၍ မြန်မာနိုင်ငံဟူ၍ သမိုင်းတွင် အထင်အရှား ပေါ်ထွန်းလာခဲ့လေသည်။
တကောင်း၊ ဗိဿနိုး၊ သရေခေတ္တရာ၊ ဟန်လင်း၊ ဝေသာလီ၊ သုဝဏ္ဏဘုမ္မိ စသော မြို့ပြနိုင်ငံများခေတ်သည် ပြည်ထောင်စု မြန်မာနိုင်ငံတွင် ရှေးနှစ်ပေါင်းများစွာကပင် ကိုယ်ပိုင်ယဉ်ကျေးမှုများနှင့်အတူ အထင်အရှားတည်ရှိ ခဲ့ကြောင်း ပေါ်လွင် စေပါသည်။ မြန်မာတို့သည် ပင်ကိုကပင် လွတ်လပ်အေးချမ်းစွာဖြင့် ရိုးရိုးသားသား လုပ်ကိုင် စားသောက် နေထိုင်တတ် ကြသူများဖြစ်သည်။ အေဒီ ၁၀၄၄ ခုနှစ် အနော်ရထာမင်းလက်ထက်တွင် တိုင်းရင်းသားများ အချင်းချင်း ပိုမိုထိတွေ့ ရင်းနှီးစည်း လုံးလာကြကာ ပုဂံ နေပြည်တော်ကို ဗဟိုပြု၍ ပထမမြန်မာနိုင်ငံတော်ကြီးကို တည်ထောင်နိုင်ခဲ့သည်။ ဘုရင့်နောင်လက်ထက် အေဒီ ၁၅၅၁ ခုနှစ်တွင် တောင်ငူနှင့် ဟံသာဝတီကို ဗဟိုပြု၍ ဒုတိယမြန်မာနိုင်ငံတော်နှင့် အေဒီ ၁၇၅၂ ခုနှစ် အလောင်း ဘုရား ဦးအောင်ဇေယျ လက်ထက်၌ ရွှေဘိုကို ဗဟိုပြု၍ တတိယမြန်မာနိုင်ငံတော်ကို စုစည်းတည်ထောင်နိုင်ခဲ့သဖြင့် တိုင်းရင်းသားစည်းလုံးညီညွတ်မှု ပိုမိုခိုင်မြဲစေခဲ့လေ သည်။
စည်းလုံးညီညွတ်စွာဖြင့် ဆန့်ကျင်တိုက်ခိုက်
၁၉ ရာစုနှစ်တွင် နယ်ချဲ့ဗြိတိသျှတို့က မြန်မာနိုင်ငံအား ကျူးကျော်စစ်သုံးကြိမ်ပြု၍ သိမ်းပိုက်ခဲ့ကြသည်။ မြန်မာ တိုင်းရင်းသားအချင်းချင်း သွေးစည်းညီညွတ်မှု ပျက်ပြား စေရန် နည်းအမျိုးမျိုးသုံး၍ သပ်လျှိုသွေးခွဲခဲ့သည်။ မည်သို့ပင် သွေးခွဲစေကာမူ စည်းလုံးညီညွတ်စွာဖြင့်ပင် ကချင်၊ ကယား၊ ကရင်၊ ချင်း၊ ဗမာ၊ မွန်၊ ရခိုင်၊ ရှမ်း စသော တိုင်းရင်းသားတို့သည် ရရာလက်နက်စွဲကိုင်ကာ နယ်ချဲ့ တို့အား လက်နက်ကိုင် ဆန့်ကျင်တိုက်ခိုက်ကြလေသည်။ မြေထဲ ၊ သရက် ၊ ဆင်ပေါင်ဝဲ၊ မင်းဘူး၊ မကွေး၊ နတ်မောက်၊ တောင်တွင်းကြီး၊ ပုဂံ၊ ညောင်ဦး၊ မြင်းခြံ၊ မိတ္ထီလာ၊ သာစည်၊ ပျော်ဘွယ်၊ ရမည်းသင်း၊ ကျောက်ဆည် စသည်မြန်မာပြည် အလယ်ပိုင်းဒေသများတွင် နယ်ချဲ့ဆန့်ကျင်ရေးတိုက်ပွဲများ ပြင်းထန်စွာ ဖြစ်ပွားခဲ့သည်။
မြန်မာတိုင်းရင်းသားတို့သည် နယ်ချဲ့တပ်များကို တွေ့ရာနေရာတွင် ရဲဝံ့စွာ တိုက်ခိုက်ခဲ့ကြသည်။ နယ်ချဲ့ လက်အောက်ရောက်ရ ခြင်းထက် လွတ်လပ်ရေးအတွက် အသက်ပေး၍ သေရသည်က မြတ်ကြောင်း ဆီးဘန်းနီ ဆရာတော်က သူ့ကျွန်မခံ လိုသောစိတ်ဓာတ်ကို ဖော်ကျူး ရာ၌ -
ထီးသုဉ်း နန်းသုဉ်း၊
မြို့သုဉ်းသုည၊ သုဉ်းသုံးဝဖြင့်၊ သုဉ်းရပြန်လစ်
သုညခေတ်ဝယ် ၊ ဖြစ်လာရလေ ၊ တို့တစ်တွေသည်
သေသော်မှတည့် ဪကောင်း၏ ……
ဟု - တမ်းချင်းဖြင့် ဖော်ကျူးခဲ့သည်။
နိုင်ငံရေးအသိစိတ်ဓာတ် နိုးကြားမှုနှင့်အတူ စစ်ရေး အရ တိုက်ခိုက်သော လက်နက်ကိုင်တိုက်ပွဲနည်းမှ နိုင်ငံရေး တိုက်ပွဲနည်း များသို့ ပြောင်းလဲလာခဲ့ပြီး ဝိုင်အမ်ဘီအေမှ ဂျီစီဘီအေအသင်းကြီးအဖြစ် ဖွဲ့စည်း၍ ဂျီစီဘီအေအသင်း ချုပ်ကြီး၏ ဦးဆောင်မှုအောက်တွင် တိုင်းရင်းသားအားလုံး သွေးစည်းညီညွတ်စွာ ရပ်တည်ခဲ့ကြသည်။ ဂျီစီဘီအေ အသင်းချုပ်ကြီး၏ လှုံ့ဆော်မှုကြောင့် နယ်ချဲ့ဆန့်ကျင်ရေးလှုပ်ရှားမှုများ ဖြစ်ပေါ်ခဲ့ရာ ၁၉၃၀ ပြည့်နှစ် ဒီဇင်ဘာလ ၂၂ ရက်နေ့တွင် ဖြစ်ပွားခဲ့သည့် ဆရာစံ ဦးဆောင်သော သာယာဝတီနယ်မှ တောင်သူလယ်သမားများ၏ လက်နက် ကိုင် တော်လှန်ရေးကြီးမှာ ထင်ရှားလှသည် ။
နယ်ချဲ့တို့ထံမှ နိုင်ငံရေးနည်းလမ်းဖြင့် မြန်မာ့ လွတ်လပ်ရေးကို တောင်းဆိုနေရုံမျှနှင့် မရနိုင်၊ လက်နက် ကိုင် တော်လှန်မှသာ လွတ်လပ်ရေးရနိုင်ကြောင်း ဆုံးဖြတ် ကာ ဂျပန်နိုင်ငံ၏ အကူအညီဖြင့် ဗိုလ်ချုပ်အောင်ဆန်း ဦးဆောင်သော ရဲဘော်သုံးကျိပ်တို့က ဦးစီး၍ ယိုးဒယား (ထိုင်း) နိုင်ငံ ဗန်ကောက်မြို့၌ ၁၉၄၁ ခုနှစ် ဒီဇင်ဘာလ ၂၆ ရက်နေ့တွင် BIA ကို ဖွဲ့စည်းခဲ့သည်။ BIA ၏ တစ်ခု တည်းသော ရည်ရွယ်ချက်မှာ မြန်မာနိုင်ငံ လွတ်လပ်ရေး ရရှိရေးဖြစ်သည်။ BIA နှင့် ဂျပန်တပ်များ ပူးပေါင်းကာ နယ်ချဲ့တို့အား တစ်ရှိန်ထိုး ထိုးစစ်ဆင်တိုက်ခိုက်မှုကို နယ်ချဲ့တပ်များ မခုခံနိုင်ဘဲ အကျအဆုံးများစွာဖြင့် ဆုတ်ခွာ ထွက်ပြေးကြသည်။ မြန်မာတို့၏ မျိုးချစ်စိတ်ဓာတ် တိုင်းရင်းသားစည်းလုံးညီညွတ်မှုနှင့် ရဲရင့်စွန့်စားမှုတို့ကို မျက်ဝါးထင်ထင်တွေ့မြင်ကြရသော ဖက်ဆစ်ဂျပန်တို့သည်
ဗမာ့လွတ်လပ်ရေးတပ်မတော်၏ အင်အားကိုလည်းစိုးရိမ်လာသည်။ ထို့ကြောင့် ဖက်ဆစ်တို့သည် ၁၉၄၂ ခုနှစ် ဇူလိုင်လ ၂၇ ရက်နေ့တွင် BIA အင်အားကို လျှော့ချကာ ဗမာ့ကာကွယ်ရေးတပ်မတော် BDA ဟု ပြောင်းလဲပြင်ဆင်ဖွဲ့စည်းခဲ့သည်။ ၁၉၄၃ ခုနှစ် ဩဂုတ်လ ၁ ရက်နေ့တွင် ဖက်ဆစ်တို့က မြန်မာ နိုင်ငံအား အတုအယောင်လွတ်လပ်ရေးကို ပေးခဲ့ သည်။
၁၉၄၅ ခုနှစ် မတ်လ ၂၇ ရက်နေ့တွင် ဗမာ့ လွတ်လပ်ရေးတပ်မတော်နှင့် ပြည်သူတစ်ရပ်လုံးက ဖက်ဆစ်တို့ကို တော်လှန်တိုက် ခိုက်ခဲ့ကြသဖြင့် ဖက်ဆစ်တို့ မြန်မာ့မြေပေါ်မှ အပြီးတိုင် အကြွင်းမဲ့ ဆုတ်ခွာထွက်ပြေးခဲ့ကြသည်။ ဖက်ဆစ်တော်လှန် ရေးတွင် တိုင်းရင်းသားအားလုံးတို့သည် နိုင်ငံရေး အသိ နိုးကြားတက်ကြွစွာဖြင့် တပ်မတော်နှင့် အတူ လက်တွဲ၍ တစ်ခဲနက်အားပေးကူညီ ထောက်ခံပါဝင် ခဲ့သဖြင့် ဖက်ဆစ်တော်လှန်ရေးသည် အချိန်တို အတွင်း အောင်မြင်ခဲ့ခြင်းဖြစ်သည်။ တိုင်းရင်းသား စည်းလုံးညီညွတ်ရေးကို အခြေခံ၍ ဆက်လက် ကြိုးပမ်းကြသောကြောင့် ၁၉၄၈ ခုနှစ် ဇန်နဝါရီလ ၄ ရက်နေ့တွင် မြန်မာ နိုင်ငံသည် အချုပ်အခြာအာဏာ ပိုင် လွတ်လပ်သော ပြည်ထောင်စုမြန်မာနိုင်ငံ ဖြစ်လာခဲ့လေသည်။
၁၉၄၈ ခုနှစ် ဇန်နဝါရီလ ၄ ရက်နေ့ နံနက် ၄ နာရီ မိနစ် ၂၀ အချိန် အတွင်းဝန်ရုံးနေရာ၌ လွတ်လပ်ရေးနေ့ အလံတင်အခမ်းအနား ကို ပြုလုပ် သည်။ လွတ်လပ်ရေးကြေညာစာတမ်းကို ဖတ်ကြား ပြီး၊ အစိုးရအဖွဲ့ ဖွဲ့စည်းခြင်းတို့နှင့်အတူ ရှမ်းတိုင်း ရင်းသား “စဝ်ရွှေသိုက်”အား လွတ်လပ်သော ပြည်ထောင်စုမြန်မာနိုင်ငံ၏ ပထမဆုံးသမ္မတအဖြစ် ကြေညာခဲ့လေသည်။ ၁၉၄၈ ခုနှစ် ဇန်နဝါရီလ ၄ ရက်နေ့က ကျင်းပပြုလုပ်သော ပြည်သူ့လွှတ်တော် အစည်းအဝေးခန်းမကြီးတွင် ကမ္ဘာသို့ ထုတ်ပြန် ခဲ့သည့် မြန်မာ့လွတ်လပ်ရေး ကြေညာစာတမ်းကြီး မှာ -
“ဤ ငါတို့ ပြည်ထောင်စုမြန်မာနိုင်ငံတော်၏ အချုပ်အခြာအာဏာပိုင် လွတ်လပ်သော ကြေညာ ချက်သည် ကမ္ဘာတစ်ဝန်းလုံး တစ်ဦးတစ်ယောက် မကျန် ကြားသိစေသတည်း” ဟူ၍ ဖြစ်သည်။
မြန်မာနိုင်ငံတော်တွင် သမိုင်းစဉ်တစ်လျှောက် တိုင်းရင်းသားစည်းလုံးညီညွတ်မှု အခြေခံအုတ်မြစ် ခိုင်ခံ့ခဲ့၍ ပထမမြန်မာ နိုင်ငံတော်၊ ဒုတိယမြန်မာနိုင်ငံ တော်၊ တတိယမြန်မာနိုင်ငံတော်ဟူ၍ ကျယ်ပြန့်ကြီး မားသော အင်အားကြီးနိုင်ငံတော်များ ထူထောင် ပေါ်ထွန်းခဲ့သည်ကို သမိုင်းဖြစ်ရပ်များက ထင်ရှား စွာ သက်သေထူလျက်ရှိပါသည်။ မျိုးချစ်စိတ်ဓာတ်၊ တိုင်းချစ်ပြည် ချစ်စိတ်ဓာတ်၊ ဝံသာနုရက္ခိတ စိတ်ဓာတ်တို့နှင့်အတူ တိုင်းရင်းသားသွေးစည်း ညီညွတ်ရေးအခြေခံ၍ နယ်ချဲ့ရန်ကို အတူတကွ တွန်းလှန်ကာ အသက်၊ သွေး၊ ချွေးများစွာ ပေးဆပ် စတေး၍ အရယူပေးခဲ့သည့် လွတ်လပ်ရေးအမွေကို အဓွန့်ရှည်တည်တံ့ ခိုင်မြဲအောင် တို့တစ်တွေ အတူတကွ ထိန်းသိမ်းကာကွယ် စောင့်ရှောက် ကြပါစို့ဟု ဆန္ဒပြုရင်း ၂၀၂၁ ခုနှစ် ဇန်နဝါရီလ ၄ ရက်နေ့(ယနေ့)တွင် ကျရောက်သည့် ( ၇၃ )နှစ်မြောက် လွတ်လပ်ရေးနေ့ကို ဂုဏ်ပြုလိုက်ရ ပေသည်။
အောင်မြင့်စိုး(ရေစကြို)
ကိုးကား- “ပြည်ထောင်စုစိတ်ဓာတ်”မှ ကောက်နုတ် တင်ပြပါသည်။