Skip to main content

အဂတိလိုက်စားမှုတိုက်ဖျက်ရေး အသိပညာပေးစာစောင်များအကြောင်း သိကောင်းစရာ

အဂတိလိုက်စားမှုတိုက်ဖျက်ရေးကော်မရှင်သည် အများပြည်သူတို့၏ဘဝများ သာယာဝပြောလာစေရန်အတွက် နိုင်ငံတော် အတွင်း အဂတိလိုက်စားမှုများကို အများပြည်သူတို့နှင့်အတူ လက်တွဲ၍ တွန်းလှန်တိုက်ဖျက်လျက်ရှိရာတွင် အသိပညာပေးခြင်း၊ တားဆီးကာကွယ်ခြင်းနှင့် စုံစမ်းစစ်ဆေး အရေးယူ ဆောင်ရွက်ခြင်းဟူသည့် နည်းလမ်းသုံးသွယ်ဖြင့် ဆောင်ရွက်လျက်ရှိပါသည်။
 
အသိပညာပေးခြင်း(အခြေခံပညာအဆင့်)
ထိုသို့ ဆောင်ရွက်ရာတွင် အဂတိလိုက်စားမှုတိုက်ဖျက်ရေးဥပဒေ၊ ပုဒ်မ ၁၆ ပုဒ်မခွဲ (ည) အရ အဂတိ လိုက်စားမှု တိုက်ဖျက်ရေးဆိုင်ရာ အသိပညာပေး သင်ခန်းစာများအား အခြေခံပညာမူလတန်း အဆင့်မှ စတင်သင်ကြား နိုင်ရေး အတွက် ပညာရေးဝန်ကြီးဌာနနှင့် ပူးပေါင်းပြုစုခဲ့သော ဖြောင့်မတ် တည် ကြည်မှုမြှင့်တင်ရေး ပညာပေးအစီအစဉ် မူလတန်းအဆင့် (ဆရာကိုင်) စာအုပ် များနှင့် အလယ်တန်း အဆင့် (ဆရာကိုင်)၊ အထက်တန်းအဆင့် (ရည်ညွှန်း စာစောင်)များကို ပညာရေးဝန်ကြီးဌာနသို့ လွှဲပြောင်း ပေးအပ်ခဲ့ပါသည်။
 
တက္ကသိုလ်အဆင့်
ထို့နောက် တက္ကသိုလ်အဆင့် ကျောင်းသား၊ ကျောင်းသူများ၊ ပြည်သူ့ ဝန်ထမ်းများ၊ နိုင်ငံ့ဝန်ထမ်းများ၊ စီးပွားရေးလုပ်ငန်းရှင်များ၊ အရပ်ဘက် အဖွဲ့ အစည်းများနှင့် အဂတိလိုက်စားမှုတိုက်ဖျက်ရေးကို စိတ်ပါဝင်စားသူများ ဖတ်ရှုလေ့လာနိုင်ရေးအတွက် ကုလသမဂ္ဂမူးယစ်ဆေးဝါးနှင့် ပြစ်မှုဆိုင်ရာ ရုံး (United Nations Office on Drugs and Crime – UNODC)၏ Education for Justice (E4J) Initiative ၊ University Module Series မှ Anti-Corruption Module များနှင့် Integrity and Ethics Module များကို ဘာသာပြန်ဆို ပြုစု ၍ တက္ကသိုလ်အဆင့် ရည်ညွှန်းစာစောင် သုံးအုပ်ကို ထုတ်ဝေခဲ့ပြီး ပညာ ရေးဝန်ကြီးဌာနအပါအဝင် ပြည်ထောင်စုအဆင့် အဖွဲ့အစည်း/ဝန်ကြီးဌာနများ၊ တိုင်းဒေသကြီးနှင့် ပြည်နယ်အစိုးရအဖွဲ့များ/ လွှတ်တော်များ/ တရားလွှတ် တော်များသို့ ဖြန့်ဝေပေးခဲ့ပါသည်။
 
Education for Justice (E4J) Initiative ၊ University Module Series သည် ၂၀၁၅ ခုနှစ်တွင် ကာတာနိုင်ငံ၊ ဒိုဟာမြို့၌ ကျင်းပခဲ့သည့် ကုလသမဂ္ဂ၏ ပြစ်မှုတားဆီးကာကွယ်ရေးနှင့် ပြစ်မှုတရားစီရင်ရေးဆိုင်ရာ (၁၃) ကြိမ် မြောက် ညီလာခံတွင် အတည်ပြုခဲ့သည့် ဒိုဟာ ထုတ်ပြန်ကြေညာချက်ကို အကောင်အထည်ဖော်ဆောင်ရွက်ရေးအတွက် ကမ္ဘာလုံးဆိုင်ရာ အစီအစဉ်တစ်ခုအနေဖြင့် ကမ္ဘာတစ်လွှားမှ တက္ကသိုလ်အဆင့် ကျွမ်းကျင်ပညာရှင်များက ဖွံ့ဖြိုးဆဲနှင့် ဖွံ့ဖြိုးပြီးနိုင်ငံများ၏ လက်ရှိ ပကတိ ဖြစ်ပေါ်နေမှုအပေါ် လေ့လာ သုံးသပ်၍ စနစ်တကျရေးသားပြုစုထားသော စာစောင်များ ဖြစ်ပါသည်။
 
ဆက်လက်၍ UNODC ၏ အဆိုပါ University Module Series မှ Anti-Corruption Module (3)၊ (4) နှင့် (5) တို့အား အဂတိလိုက်စားမှုတိုက်ဖျက်ရေး တက္ကသိုလ်အဆင့် ရည်ညွှန်းစာစောင် (၂) အဖြစ်လည်းကောင်း Integrity and Ethics Module (9)၊ (10)၊ (11) နှင့် (12) တို့အား ဖြောင့်မတ် တည် ကြည်မှုနှင့် ကျင့်ဝတ် တက္ကသိုလ်အဆင့် ရည်ညွှန်းစာစောင် (၃) အဖြစ်လည်း ကောင်း ထုတ်ဝေနိုင်ရန် ဆောင်ရွက်လျက်ရှိရာ မကြာမီ ဖတ်ရှုလေ့လာနိုင် တော့မည်ဖြစ်ပါသည်။ အဆိုပါ ရည်ညွှန်းစာစောင်များ ပြုစုရာတွင် အဓိက ကျသော အကြောင်းအရာများကို အလွယ်တကူအဆင်ပြေစွာ လေ့လာနိုင်ရေး အတွက် မြန်မာဘာသာသို့ ဘာသာပြန်ဆိုထားသည့်အပြင် စိတ်ပါဝင်စားသူ များအနေဖြင့် ကျယ်ကျယ်ပြန့်ပြန့် လေ့လာနိုင်ရန်အတွက် မူရင်းအင်္ဂလိပ် ဘာသာဖြင့် ရေးသားချက် အပြည့်အစုံကိုလည်း Module အလိုက် တစ်ဆက် တည်း ထည့်သွင်းပြုစုထားပါသည်။
 
ဤတွင် အဂတိလိုက်စားမှုတိုက်ဖျက်ရေး တက္ကသိုလ်အဆင့် ရည်ညွှန်း စာစောင်(၂)ကို ကောက်နုတ်၍ စာစောင်ပါ အကြောင်းအရာများကို အကျဉ်းမျှ မိတ်ဆက်ဖော်ပြပေးလိုပါသည်။ စာစောင်တွင် အခန်း (၃) ခန်း ပါဝင်ပြီး (၁) အဂတိလိုက်စားမှုနှင့် နိုင်ငံရေးစနစ်များ နှိုင်းယှဉ်လေ့လာခြင်း (Corruption and Comparative Politics)၊ ( ၂ ) အများပြည်သူကဏ္ဍ အဂတိလိုက်စားမှု (Public Sector Corruption)၊ (၃) ပုဂ္ဂလိကကဏ္ဍ အဂတိလိုက်စားမှု (Private Sector Corruption) အကြောင်း အရာများကို ဖော်ပြထားပါသည်။ ထိုအနက်မှ အများပြည်သူကဏ္ဍ အဂတိလိုက်စားမှု(Public Sector Corruption) အခန်းပါ ဖော်ပြချက်အချို့ကို လေ့လာဖတ်ရှုနိုင်ရန်အတွက် ဤဆောင်းပါးတွင် ကောက်နုတ်တင်ပြ ပေးသွားမည်ဖြစ်ပါသည်။
 
အများပြည်သူကဏ္ဍ အဂတိလိုက်စားမှု
ဤအခန်း၌ အများပြည်သူကဏ္ဍတွင် အများဆုံးတွေ့ရသော အဂတိ လိုက်စားမှုအပြုအမူများနှင့် သရုပ်သကန်များ၊ အများပြည်သူကဏ္ဍ အဂတိ လိုက်စားမှုဖြစ်ပွားရသော အကြောင်းရင်းနှင့် အကျိုးဆက်များ၊ ပိုမိုကောင်းမွန် စွာနားလည်စေရန် ရှင်းပြထားသော အလုပ်ရှင်-ကိုယ်စားလှယ်သီအိုရီ (Principal-Agent Theory)၊ စုပေါင်းဆောင်ရွက်မှုသီအိုရီ (Collective Action Theory)၊ အဖွဲ့အစည်းဆိုင်ရာသီအိုရီ (Institutional Theory)နှင့် ဂိမ်းသီအိုရီ (Game Theory) ကဲ့သို့သော သီအိုရီဆိုင်ရာ မူဘောင်များ၊ အများပြည်သူဆိုင်ရာ ဝယ်ယူရေးလုပ်ငန်းများနှင့် နိုင်ငံပိုင်စီးပွားရေးလုပ်ငန်းများတွင် အဂတိလိုက် စားမှုဖြစ်နိုင်ခြေများ၊ အဂတိလိုက်စားမှုအပေါ် တုံ့ပြန်မှုများနှင့် တားဆီး ကာကွယ်ရေး ယန္တရားများ စသည်တို့ကို ဆွေးနွေး ဖော်ပြထားပါသည်။
 
အများပြည်သူကဏ္ဍနှင့် ပုဂ္ဂလိကကဏ္ဍ
အဂတိလိုက်စားမှုတို့အကြား ခွဲခြားသိမြင်ခြင်း
အများပြည်သူကဏ္ဍ အဂတိလိုက်စားမှုသည် အစိုးရ၏အရင်းအမြစ်များကို အဓိကထား အလွဲသုံးစားပြုပြီး ပုဂ္ဂလိကကဏ္ဍ အဂတိလိုက်စားမှုသည် ပုဂ္ဂလိက သို့မဟုတ် စီးပွားရေးဆိုင်ရာ အရင်းအမြစ်များကို အဓိကထား အလွဲ သုံးစားပြုခြင်းဖြစ်ကြောင်း၊ အများပြည်သူကဏ္ဍတွင် ပြည်သူ့ အရာထမ်း များသည် အများပြည်သူအကျိုးစီးပွားအတွက် တာဝန်ထမ်းဆောင်ရန် အာဏာ ကို ယုံကြည် အပ်နှံခံရသူများဖြစ်ပြီး ပုဂ္ဂလိကကဏ္ဍတွင် အလုပ်သမားများနှင့် ဒါရိုက်တာများသည် တရားဝင်ဖြစ်သော ကုမ္ပဏီ၏ အကျိုးစီးပွားအတွက် တာဝန်ထမ်းဆောင်ရန် အာဏာကို ယုံကြည်အပ်နှံခံရသူများ ဖြစ်ကြောင်း၊ ယင်းအခြေအနေနှစ်ရပ်လုံးတွင် ၎င်းတို့အား တာဝန်ထမ်းဆောင်ရန် ယုံကြည် အပ်နှံ ထားသော အကျိုးစီးပွားမှ ကွဲပြားခြားနားစွာဖြင့် တစ်ဦးတစ်ယောက်ချင်း သို့မဟုတ် အဖွဲ့အစည်းများ၏ အကျိုးစီးပွားအတွက် ဦးစားပေးသည့်အခါတွင် အဂတိလိုက်စားမှုများကို တွေ့ရှိရကြောင်း၊ မည်သည့် အကျိုးစီးပွားအတွက် တာဝန်ထမ်းဆောင်သင့်သည်နှင့် မည်သူ သို့မဟုတ် မည်သည့်အတွက် တာဝန် ထမ်းဆောင်နေခြင်းဖြစ်သည်ကို သတ်မှတ်ခြင်းသည် ပုဂ္ဂလိကကဏ္ဍ အဂတိ လိုက်စားမှုနှင့် အများပြည်သူ့ကဏ္ဍ အဂတိလိုက်စားမှုတို့အကြား ခွဲခြား သိမြင်ရန် အကူအညီပေးနိုင်ကြောင်းကို ဤအခန်း၌ ဆွေးနွေးဖော်ပြထား ပါသည်။
 
အများပြည်သူကဏ္ဍ အဂတိလိုက်စားမှု၏ အကျိုးဆက်များ
အများပြည်သူကဏ္ဍ အဂတိလိုက်စားမှု၏ အကျိုးဆက်များနှင့် စပ်လျဉ်း ၍ စာစောင်၌ ဆွေးနွေး ဖော်ပြချက်များကို ကောက်နုတ်တင်ပြရလျှင် အများ ပြည်သူဆိုင်ရာကုန်စည်နှင့် ဝန်ဆောင်မှုများ၏ ကုန်ကျစရိတ်များ တိုးလာ စေခြင်း၊ အများပြည်သူဆိုင်ရာ အရင်းအမြစ်များအား လွဲမှားစွာခွဲဝေမှုကို ဦးတည်စေခြင်း၊ မူဝါဒများ ချမှတ်အကောင်အထည်ဖော်ရာတွင် အားနည်း စေခြင်း၊ အုပ်ချုပ်ရေးကဏ္ဍ အပေါ်တွင် ပြည်သူလူထု၏ယုံကြည်မှု ပျက်စီး စေခြင်းတို့ ဖြစ်ပွားစေကြောင်းကို ကျွန်ုပ်တို့အသိအမှတ် ပြုသင့်ကြောင်း၊ ခိုင်မာမှုမရှိသော၊ သင့်လျော်မှုမရှိသော၊ အားနည်းသော အများပြည်သူ ဝန် ဆောင်မှုများမှ ပြည်သူလူထုကို ရုပ်ပိုင်းဆိုင်ရာထိခိုက်မှု သို့မဟုတ် ပျက်စီး ဆုံးရှုံးစေသော ဝန်ဆောင်မှုများအထိ အဆင့်ဆင့်ဖြစ်ပေါ်စေကြောင်း၊ အခြေခံ အဆောက်အအုံများရှိ အဂတိလိုက်စားမှုသည် အခြေခံအဆောက်အအုံကို ဆောက်လုပ်ခြင်းစရိတ် သို့မဟုတ် ၎င်းနှင့် ဆက်စပ်သုံးစွဲမည့် စရိတ်ထက် မည်သည့်နေရာတွင် မည်သည့်အဆောက်အအုံ ဆောက်လုပ်မည်ကို စိစစ် ဆုံးဖြတ်ပေးခြင်းဖြစ်ကြောင်း၊ အချို့ဝယ်ယူရေးဆိုင်ရာ အဂတိလိုက်စားမှုများ သည် သေဆုံးမှုနှင့် အနာတရဖြစ်မှုများကို ဦးတည်စေကြောင်း၊ အဂတိ လိုက်စားကာ အရေးပါသော အခြေခံအဆောက်အအုံ စီမံကိန်းများကို ဈေး ပေါပြီး အရည်အသွေးနိမ့်ကျသောပစ္စည်းများ အသုံးပြုသည့် ကုမ္ပဏီများကို လုပ်ပိုင်ခွင့်ပေးခဲ့ခြင်း၊ လုံခြုံရေးလုပ်ထုံးလုပ်နည်းများကို လျစ်လျူရှုခြင်း၊ ကုမ္ပဏီများ၏ လုပ်ရပ်များအပေါ် ထိန်းချုပ်မှု ကင်းမဲ့ခြင်းနှင့် အထူးအခွင့် အရေးပေးခြင်းတို့ကြောင့် ဖြစ်ပွားခဲ့သော ပြည်ပနိုင်ငံများမှ ထင်ရှားသော ဥပမာ (၅)ခုကို သာဓကအဖြစ် ဖော်ပြ၍ အဂတိလိုက်စားမှုက နောက်ဆက်တွဲ အနေဖြင့် မြင့်မားသော သေဆုံးမှုနှုန်းနှင့် ထိခိုက်ဒဏ်ရာရရှိမှုများကို ဖြစ်ပေါ် စေကြောင်း ဆွေးနွေးဖော်ပြထားပါသည်။
 
မည်သည့်အဂတိလိုက်စားမှုမဆို ကိုယ်ကျင့်တရားဆိုင်ရာ ဂယက်ရိုက် ခတ်မှုများရှိကြောင်း၊ တစ်ခါတစ်ရံမှသာ ဖြစ်ပေါ်လေ့ရှိသော အဂတိလိုက်စား မှုသည်ပင် အဆုံးသတ်တွင် ကိုယ်ကျင့်တရားနှင့်မညီသည့် အဖွဲ့အစည်းဆိုင်ရာ ယဉ်ကျေးမှုတစ်ခုသို့ ဦးတည်သွားစေပြီး နေရာအနှံ့တွင် အဂတိလိုက်စားမှု ဖြစ်ပွားသည့်အဆင့်အထိ ရောက်ရှိလာနိုင်ကြောင်း၊ အများပြည်သူဆိုင်ရာ ကဏ္ဍတွင် ကျယ်ကျယ်ပြန့်ပြန့်ဖြစ်ပွားနေသော အဂတိလိုက်စားမှုသည် အုပ်ချုပ်ရေးကဏ္ဍအပေါ် ပြည်သူလူထု၏ ယုံကြည်မှုကို လျော့ပါးစေကြောင်း၊ မူဝါဒပိုင်းဆိုင်ရာ ဖြောင့်မတ်တည်ကြည်မှုကို ပျက်စီးစေပြီး အများပြည်သူကဏ္ဍ အကျိုးရလဒ်များကို ပျက်စီးစေကြောင်း၊ အမျိုးမျိုးသော လုပ်ဆောင်သူများ၏ ကိုယ်ကျိုးမျှော်လင့်ချက်များသည် ကျယ်ကျယ်ပြန့်ပြန့် ဖြစ်ပေါ်နေသည့် အဂတိလိုက်စားမှုကို တိုက်ဖျက်ရန်ခက်ခဲစေကြောင်း၊ ထို့ကြောင့် အဂတိလိုက် စားမှုတိုက်ဖျက်ရေးဆိုင်ရာ ကြိုးပမ်းအားထုတ်မှုသည် အများပြည်သူကဏ္ဍတွင် ကိုယ်ပိုင်လိုအပ်ချက်များနှင့် ပြင်ပမှထိန်းချုပ်မှုများ (ဥပဒေ၊ စည်းမျဉ်း စည်းကမ်းများအပါအဝင်) အပေါ်တွင် တတ်နိုင်သမျှအခြေခံရန် လိုအပ်သကဲ့သို့ ပြည်သူလူထု၏ ကျယ်ပြန့်စွာ ပူးပေါင်းဆောင်ရွက်မှုလည်း လိုအပ်ကြောင်း စသည်တို့ကို ဆွေးနွေးဖော်ပြထားပါသည်။
 
အဂတိလိုက်စားမှုအပေါ် တုံ့ပြန်မှုများ
အဂတိလိုက်စားမှုကို တွန်းလှန်တိုက်ဖျက်ရာတွင် အများပြည်သူကဏ္ဍ အဂတိလိုက်စားမှု အပေါ် အဓိကတုံ့ပြန်မှုတစ်ခုအနေဖြင့် ပြစ်မှုဆိုင်ရာ အဂတိ လိုက်စားမှုတိုက်ဖျက်ရေးစံနှုန်းများ သတ်မှတ်ပြီး ထိရောက်မှုရှိသော အရေးယူ မှုနှင့် မက်လုံးများမှတစ်ဆင့် ဤစံနှုန်းများကို လိုက်နာစေခြင်းဖြစ်သည်ဟု ရည်ညွှန်းစာစောင်တွင် အလေးပေးဖော်ပြထားပါသည်။ United Nations Convention Against Corruption (UNCAC) နှင့် ဒေသဆိုင်ရာ၊ နိုင်ငံတော် ဆိုင်ရာ ဥပဒေမူဘောင်များက အများပြည်သူ နှင့် ပုဂ္ဂလိကကဏ္ဍနှစ်ခုလုံးပေါ်တွင် သက်ရောက်သော ရာဇဝတ်မှုဆိုင်ရာ အဂတိလိုက်စားမှုတိုက်ဖျက်ရေး စံသတ်မှတ်ချက်များကို ချမှတ်ခဲ့ကြောင်း၊ ဥပမာအားဖြင့် UNCAC သည် လာဘ်ပေး လာဘ်ယူမှုနှင့် အလွဲသုံးစားမှုကဲ့သို့သော ပြစ်မှုများနှင့် အဆိုပါ ပြစ်မှုများကို ဖုံးကွယ်ရန် ဆက်စပ်နေသော မှုခင်းများ၊ ပိုင်ဆိုင်မှုများ ခဝါချခြင်း နှင့် တရားစီရင်မှုကို နှောင့်ယှက်ဟန့်တားခြင်း၊ အဆိုပါ ပြစ်မှုများကို ဖုံးကွယ် သည့် ရာဇဝတ်မှုများကို အဓိပ္ပာယ်ဖွင့်ဆိုခဲ့ကြောင်း၊ အများပြည်သူဆိုင်ရာ ဝယ်ယူရေးကိစ္စများတွင် အဂတိလိုက်စားမှုကို ဖြေရှင်းသည့် အခြားနည်း လမ်းတစ်ခုမှာ အဂတိလိုက်စားသော ကန်ထရိုက်တာများကို အစိုးရ၏ ကန် ထရိုက်လုပ်ငန်းများရရှိစေခြင်းမှ ဖယ်ထုတ်ရန် ဖြစ်ပြီး ဥပဒေအရ ပိတ်ပင်ခြင်း ဖြစ်စေ၊ နာမည်ပျက်စာရင်းတွင် ထည့်သွင်းခြင်းဖြစ်စေ ရည်ညွှန်းကြောင်း၊ အထူးသဖြင့် ဤနည်းလမ်းသည် အစိုးရကန်ထရိုက်လုပ်ငန်းများ လေလံဆွဲရာ တွင် ချမှတ်ထားသော ဥပဒေနှင့် ကျင့်ဝတ်များကို ဖောက်ဖျက်သည့် ကန် ထရိုက်တာများကို သတ်မှတ်ထားသော ကာလတစ်ခုအတွင်း ပိတ်ပင်တား ဆီးခြင်းဖြစ်ကြောင်း၊ ဤနည်းလမ်းကို ဝယ်ယူရေးဆိုင်ရာ အဂတိလိုက်စား မှုများကို ရင်ဆိုင်ရန် ကျယ်ပြန့်စွာအသုံးပြုကြောင်း ဆွေးနွေးဖော်ပြထားပါ သည်။
အဂတိလိုက်စားမှုတိုက်ဖျက်ရေး အေဂျင်စီများသည် အဂတိလိုက်စားမှု များကို ရှာဖွေဖော်ထုတ်ခြင်းမှ စုံစမ်းစစ်ဆေးခြင်းနှင့် တရားစွဲဆိုခြင်းအထိ စသည့်လုပ်ငန်းစဉ်များမှတစ်ဆင့် ကိုင်တွယ်ဖြေရှင်းကြောင်း၊ စည်းမျဉ်း စည်း ကမ်းဖြင့် ထိန်းသိမ်းခြင်း၊ ကြီးကြပ်ခြင်းနှင့် မူဝါဒဖွံ့ဖြိုးတိုးတက်ရေးဆိုင်ရာ လုပ်ငန်းများကိုလည်း ဆောင်ရွက်ကြောင်း၊ အကြီးစားအဂတိလိုက်စားမှုများကို ကျူးလွန်လျှင် တုံ့ပြန်သည့် အရေးကြီးသော တုံ့ပြန်ပုံတစ်ခုမှာ ပိုင်ဆိုင်မှုများ ပြန်လည်ရယူခြင်းဖြစ်ကြောင်း၊ ပိုင်ဆိုင်မှုများ ပြန်လည်ရယူခြင်းသည် ဆုံးရှုံးခဲ့သော ပြည်သူ့ဘဏ္ဍာရန်ပုံငွေများကို ပြန်လည်သိမ်းယူရန် အစိုးရက အသုံးပြုသော လုပ်ငန်းစဉ်ဖြစ်ကြောင်း ဖော်ပြဆွေးနွေးထားပါသည်။
 
တားဆီးကာကွယ်ခြင်း
အများပြည်သူကဏ္ဍတွင် အဂတိလိုက်စားမှုတားဆီးကာကွယ်ခြင်းနှင့် သက်ဆိုင်သော အဓိက အခြေခံမူ သဘောတရားများမှာ တရားဥပဒေစိုးမိုးရေး၊ ပြည်သူ့ရေးရာနှင့် ပြည်သူပိုင်ပစ္စည်းအပေါ် သင့်လျော်သော စီမံခန့်ခွဲမှု၊ ဖြောင့်မတ်တည်ကြည်မှု၊ ပွင့်လင်းမြင်သာမှုနှင့် တာဝန်ခံမှုတို့ဖြစ်ကြောင်း UNCAC ၏ အပိုဒ်(၅)ကို ညွှန်း၍ဖော်ပြထားပါသည်။ UNCAC ၏ အပိုဒ်(၇)၊ အပိုဒ်(၈)၊ အပိုဒ်(၁၀)နှင့် အပိုဒ်(၁၃)တို့အရ နိုင်ငံများအနေဖြင့် အခြေခံမူ သဘောတရားများနှင့် ကိုက်ညီသော တိကျသည့် စိစစ်ဆောင်ရွက်မှုများကို ထည့်သွင်းဆောင်ရွက်ရန်လိုအပ်ကြောင်း၊ အဆိုပါ အခြေခံမူ သဘောတရား များတွင် နိုင်ငံ့ဝန်ထမ်း များအား ရာထူးတိုးမြှင့်ခြင်းများအတွက် အရည်အသွေး အခြေခံသောစနစ်ကို လက်ခံခြင်း၊ အစိုးရရုံးဝင်ပေါက်အတွက် ရွေးချယ်ရန် ဆုံးဖြတ်ချက်ချမှတ်ရာတွင် စံသတ်မှတ်ချက်များ ပြဋ္ဌာန်းခြင်း၊ နိုင်ငံရေးပါတီ များ၏ ငွေကြေးရန်ပုံငွေများတွင် ပွင့်လင်းမြင်သာမှုတိုးမြှင့်ခြင်း၊ အကျိုး စီးပွားပဋိပက္ခများအား တားဆီးကာကွယ်ခြင်း၊ အများပြည်သူဆိုင်ရာကဏ္ဍတွင် လိုက်နာရမည့် ကျင့်ဝတ်များကို အားပေးမြှင့်တင်ခြင်း၊ ပိုင်ဆိုင်မှုကြေညာ သည့်စနစ်များထူထောင်ခြင်း၊ သက်ဆိုင်သူများ၏ ပူးပေါင်းဆောင်ရွက်ခြင်းကို အားပေးခြင်းနှင့် အစိုးရ၏ ပွင့်လင်းမြင်သာမှုကို အားပေးမြှင့်တင်ခြင်းတို့ ပါဝင်ကြောင်း ဖော်ပြထား ပါသည်။
အများပြည်သူကဏ္ဍအဂတိလိုက်စားမှု တားဆီးကာကွယ်ခြင်းဆိုင်ရာ ဆောင်ရွက်ချက်များကို (က) လိုက်နာရန် ကျင့်ဝတ်စည်းကမ်းများ၊ (ခ) ဆု ချီးမြှင့်ခြင်းနှင့် မက်လုံးပေးခြင်းစနစ်များ၊ (ဂ) အခွင့်အလမ်းရှိခြင်း၊ (ဃ) လူ့စွမ်းအားအရင်းအမြစ်များစီမံခန့်ခွဲမှု၊ (င) နိုင်ငံသားများနှင့်လုပ်ငန်းတွင် ပတ် သက်သူများပါဝင်ဆောင်ရွက်ခြင်း၊ (စ) ပွင့်လင်းမြင်သာမှုရှိသောအစိုးရနှင့် e -Government ၊ (ဆ) အကျိုးစီးပွားပဋိပက္ခအား ကိုင်တွယ်ဖြေရှင်းခြင်း၊ (ဇ) လေးစားလိုက်နာမှုနှင့် ရင်းနှီးသောပတ်ဝန်းကျင်၊ (ဈ) စောင့်ကြည့်စစ်ဆေးခြင်းနှင့်ကြီးကြပ်ခြင်း၊ (ည) တာဝန်ခံမှုရှိခြင်းနှင့် စိစစ်ခြင်း(မျက်လုံး လေးလုံး မူဝါဒ) စသည့်ခေါင်းစဉ်များဖြင့် စာစောင်တွင် အသေးစိတ်ဆွေးနွေး ဖော်ပြထားပါသည်။
ယင်းအနက် လိုက်နာရန်ကျင့်ဝတ်စည်းကမ်းများခေါင်းစဉ်ဖြင့် စာစောင်ပါ ဆွေးနွေးဖော်ပြချက်ကို ကောက်နုတ်၍ တင်ပြရလျှင် အဂတိလိုက်စားမှုတားဆီး ကာကွယ်ရေးဆိုင်ရာ ယန္တရားများသည် အချို့သောလုပ်ဆောင်မှုများကို တားမြစ်သော စည်းမျဉ်းစည်းကမ်းများနှင့် စတင်ကြောင်း၊ စည်းမျဉ်း စည်း ကမ်းများတွင် အဂတိလိုက်စားမှုကိုဆန့်ကျင်သည့် ဥပဒေဆိုင်ရာ တားမြစ်ချက်များနှင့် ပုဂ္ဂလိကနှင့် အများပြည်သူဆိုင်ရာ ပြစ်မှုနှင့်တရားမကြောင်း ပြစ်ဒဏ်များပါဝင်ကြောင်း၊ ထို့ပြင် ပြည်သူ့အရာထမ်းများအတွက် လိုက်နာ ရမည့်ကျင့်ဝတ်နှင့် ကိုယ်ကျင့်တရားများလည်းပါဝင်ကြောင်း၊ UNCAC ၏ အပိုဒ် (၈) အရ ထိုကဲ့သို့သော ကျင့်ဝတ်များကို အများပြည်သူဆိုင်ရာ လုပ်ငန်း တာဝန်များ ထမ်းဆောင်ရာတွင် မှန်ကန်မှု၊ သမာသမတ်ကျမှု၊ ဂုဏ်သိက္ခာ ရှိမှုနှင့် နည်းလမ်းတကျရှိမှုတို့ အတွက် ပုဂ္ဂိုလ်ရေးဆိုင်ရာ စံသတ်မှတ်ချက်များ (ဖြောင့်မတ်တည်ကြည်မှု၊ ရိုးသားမှု၊ တာဝန်ယူမှု)နှင့် ကျွမ်းကျင်မှုဆိုင်ရာ တာဝန်ယူမှုများကို အားပေးမြှင့်တင်ရာတွင် အသုံးပြုရန်ဖြစ်ကြောင်း၊ ကျင့်ဝတ် များသည် ပြည်သူ့ဝန်ထမ်းများအနေဖြင့် ဤစံသတ်မှတ်ချက်များကို မည်သို့ လိုက်နာဆောင်ရွက်သင့်ကြောင်းနှင့် ၎င်းတို့၏ အပြုအမူနှင့် ဆုံးဖြတ်ချက် များအတွက် မည်သို့တာဝန်ယူနိုင်သည်တို့ကို လမ်းညွှန်မှုပေးကြောင်း စသည် ဖြင့် ဖော်ပြထားပါသည်။
ဆုချီးမြှင့်ခြင်းနှင့် မက်လုံးပေးခြင်းစနစ်များခေါင်းစဉ်ဖြင့် စာစောင်ပါ ဆွေးနွေးဖော်ပြချက်ကို ကောက်နုတ်၍ တင်ပြရလျှင် အခြေခံအဆင့်တွင် နိုင်ငံအားလုံးတို့သည် အများပြည်သူကဏ္ဍ၌ လျော်ကန် သင့်မြတ်သော အပြု အမူများကို ဆုပေးခြင်းနှင့် အဂတိလိုက်စားသော အပြုအမူများကို အပြစ်ပေး ခြင်းဆိုင်ရာ စနစ်တစ်ခုကို ထူထောင်သင့်ကြောင်း၊ ဤစနစ်တွင် လက်ခံနိုင် သောလစာနှင့် အရည်အသွေးကို အခြေခံသည့်ရာထူးတိုးမြှင့်ခြင်းကဲ့သို့ ပြင်ပ စေ့ဆော်မှုများ ပါဝင်သင့်ကြောင်း၊ ပင်ကိုစေ့ဆော်မှုအနေဖြင့် ဝန်ထမ်းတစ် ယောက်၏ မြင့်မားသောစိတ်ဓာတ်သည် အဂတိလိုက်စားမှုတိုက်ဖျက်ရေး ကြိုးပမ်းမှုအောင်မြင်စေရန် အရေးကြီးပြီး လုပ်ငန်းခွင်ကျေနပ်မှု ရှာဖွေနေသော ပုဂ္ဂိုလ်များကြားတွင်မူ အဂတိလိုက်စားမှုကိုမပြုရန် သည်းခံနိုင်စွမ်းနည်းပါး ကြောင်း စသည်ဖြင့် ဆွေးနွေးဖော်ပြထားပါသည်။
လူ့စွမ်းအားအရင်းအမြစ်များ စီမံခန့်ခွဲမှုခေါင်းစဉ်ဖြင့် ဆွေးနွေးဖော်ပြ ချက်ကို ကောက်နုတ်၍ တင်ပြရလျှင် အလုပ်ခန့်ထားခြင်း၊ အလှည့်ကျ တာဝန် ထမ်းဆောင်ခြင်း၊ ရာထူးတိုးခြင်း၊ ကျွမ်းကျင် ပညာရှင်များ မွေးထုတ်ခြင်းနှင့် ပြည်သူ့ဝန်ထမ်းများအား သင်တန်းပေးခြင်းတို့အတွက် စည်းမျဉ်း စည်းကမ်း များနှင့် လုပ်ငန်းစဉ်များသည် အများပြည်သူကဏ္ဍတွင် အဂတိလိုက်စားမှုကို တွန်းလှန် တိုက်ဖျက်ရန် အဓိကအခန်းကဏ္ဍမှ ပါဝင်ကြောင်း၊ သာဓကအားဖြင့် အဂတိလိုက်စားမှုဖြစ်နိုင်သည့် အလားအလာရှိသောလုပ်ငန်းတွင် ဝန်ထမ်း များအား အလှည့်ကျတာဝန်ထမ်းဆောင်စေခြင်းသည် အဂတိလိုက်စားသော ဆက်နွှယ်မှုများ ဖြစ်ပေါ်စေမှုကို တားဆီးခြင်းနှင့် ရှိရင်းစွဲအဂတိလိုက်စားမှု ဆက်နွှယ်မှုများကို ဖျက်ဆီးခြင်းတို့တွင် အထောက်အကူပြုကြောင်း၊ အလှည့် ကျတာဝန်ထမ်းဆောင် ခြင်းသည် ပုဂ္ဂလိကကဏ္ဍအတွက် လုပ်ဆောင်သူများ အား ၎င်းတို့၏ အဂတိမိတ်ဖက်များသည် လက်ရှိ ရာထူးတွင် ဆက်လက် တည်ရှိရန် အနာဂတ်အာမခံချက်မရှိ၍ အဂတိလိုက်စားမှုပြုလုပ်ရန်မက်လုံး များ လျော့ကျစေကြောင်း ဖော်ပြထားပါသည်။
အရည်အသွေးအခြေခံသော ဝန်ထမ်းသစ်ခန့်ထားခြင်းသည် အဂတိ လိုက်စားမှု ပြိုကွဲပျက်စီးစေရန်ရည်ရွယ်သော လူ့စွမ်းအားအရင်းအမြစ်စီမံ ခန့်ခွဲမှုစနစ်၏ အခြား ဥပမာတစ်ခုဖြစ်ကြောင်း၊ UNCAC ၏ အပိုဒ်(၇)အရ ပြည်သူ့ဝန်ထမ်းများ၏ လူ့စွမ်းအားအရင်းအမြစ်စီမံခန့်ခွဲမှုစနစ်သည် ပွင့်လင်း မြင်သာမှု၊ ဖြောင့်မတ်တည်ကြည်မှုနှင့် ကျွမ်းကျင်မှုဆိုင်ရာ ချမှတ်ထားသော အခြေခံမူ သဘောတရားများအပေါ်တွင် အခြေခံထားကြောင်း၊ ပြည်သူ့ ဝန်ထမ်းများ၏ ဝန်ထမ်းသစ်ခန့်ထားခြင်း၊ ဆက်လက်တာဝန်ပေးအပ်ခြင်း၊ ရာထူးတိုးမြှင့်ခြင်းနှင့် အငြိမ်းစားယူခြင်းတို့အတွက် ရည်ရွယ်သော စံသတ် မှတ်ချက်များ၏ လွှမ်းမိုးမှုများရှိစေခြင်းအပြင် ပြည်သူ့ဝန်ဆောင်မှုများတွင် ဝန်ထမ်းများအတွက် တာဝန်ထမ်းဆောင်မှု ဆိုင်ရာအခြေအနေများ၊ လုံလောက် ၍ မျှတသောဝန်ဆောင်ခများ ပေးချေခြင်းနှင့် စဉ်ဆက်မပြတ် သင်ယူခြင်းဆိုင်ရာ အခွင့်အလမ်းများကို ရရှိစေခြင်းတို့လည်း ပါဝင်ကြောင်း စသည့် စာစောင်ပါ ဆွေးနွေးဖော်ပြထားချက် များကို လွယ်ကူစွာ လေ့လာဖတ်ရှုနိုင်စေလိုသောဆန္ဒဖြင့် ကောက်နုတ်၍ တင်ပြလိုက်ရပါသည်။
 
ကျေးဇူးတင်ရှိခြင်း
စာစောင်များဖြစ်မြောက်ရေးအတွက် အဘက်ဘက်မှ ကူညီဆောင်ရွက် ပေးကြပါသော ပညာရေးဝန်ကြီးဌာနနှင့် ရန်ကုန်တက္ကသိုလ်မှ ပါမောက္ခ (ဌာနမှူး)များ၊ UNODC ၊ USAID(PRLM) တို့အား အထူးပင်ကျေးဇူးတင်ရှိပါကြောင်းလည်း ဖော်ပြအပ်ပါသည်။
 
ကောက်ချက်
အဂတိလိုက်စားမှုတိုက်ဖျက်ရေး တက္ကသိုလ်အဆင့် ရည်ညွှန်းစာစောင်(၂)ပါ အများပြည်သူ ကဏ္ဍ အဂတိလိုက်စားမှုအခန်း၌ ဆွေးနွေးဖော်ပြချက်များသည် အများပြည်သူကဏ္ဍ အဂတိလိုက်စားမှုကို တက္ကသိုလ်အဆင့် ကျောင်းသား များနှင့် လေ့လာသူများ ကောင်းစွာသိရှိနိုင်ရန် ကူညီပေးပြီး ၎င်း၏ ဆိုးရွားသော သက်ရောက်မှုများကို နားလည်စေပါသည်။ ဆွေးနွေးဖော်ပြရာတွင် ဤအခန်း သည် အဂတိလိုက်စားမှုကိုဆန့်ကျင်သည့် ဆောင်ရွက်မှုများနှင့် ခုခံတားဆီးမှု များကို စေ့ဆော်ပေးရန် ရည်ရွယ်ရုံမျှသာမက အများပြည်သူကဏ္ဍ အဂတိ လိုက်စားမှုဆိုင်ရာ လုံလောက်သော တုံ့ပြန်မှုများနှင့် သင့်လျော်သောတားဆီး ကာကွယ်ရေး ဆောင်ရွက်မှုများကို အကဲဖြတ်ခြင်းနှင့် ရွေးချယ်ခြင်းတို့အတွက် ခိုင်မာသော အခြေခံတစ်ရပ်ကို ထောက်ပံ့ပေးရန်လည်း ရည်ရွယ်၍ ဆွေးနွေး ဖော်ပြထားကြောင်း တွေ့မြင်ရပါသည်။
အဂတိလိုက်စားမှုတိုက်ဖျက်ရေး ကြိုးပမ်းအားထုတ်ရာတွင် များစွာသော အကန့်အသတ်များ ရှိပါသည်။ အဂတိလိုက်စားမှုတိုက်ဖျက်ရေး ကြိုးပမ်း အားထုတ်မှုများ၏ ကန့်သတ်ချက်များအပေါ် သုတေသနပြုချက်များ (Hey- wood and Rose, 2015; Kirby, 2018) အရ အဂတိလိုက်စားမှု တိုက်ဖျက်ရေး တစ်ခုတည်းကိုသာ အာရုံစူးစိုက်ခြင်းသည် ဆန့်ကျင်ဘက်အကျိုးကိုလည်း ရရှိစေနိုင်ပြီး တာဝန်ခံမှု အလွန်များပြားခြင်းသည် အလုပ်ပြီးမြောက်စေသော အပြုအမူများကို နှေးကွေးစေနိုင်ခြင်းနှင့် ဝန်ထမ်းများ၏ စိတ်ခံစားမှု မသက် သာခြင်းကိုလည်း ဖြစ်စေနိုင်ကြောင်း၊ ဆုံးဖြတ်ပိုင်ခွင့်အပေါ် မှီခိုအားထား ရခြင်းသည် အချို့အခြေအနေများတွင်လိုအပ်ကြောင်း အကြံပြုချက်ကို ဖော်ပြ ထားပါသည်။
ပြည်သူလူထုသည် ပြည်သူ့ဝန်ထမ်းများအား အဂတိမလိုက်စားရန် သို့မဟုတ် အများပြည်သူဆိုင်ရာရုံးများ၏ မရှိမဖြစ် အနိမ့်ဆုံးစံသတ်မှတ် ချက်များနှင့် ကိုက်ညီရုံသာရှိခြင်းအစား ရုံး၏ အနိမ့်ဆုံးစံသတ်မှတ်ချက်များထက်ကျော်လွန်၍ အမှန်တကယ် ချီးကျူးထိုက်သော နည်းလမ်းများဖြင့် ဆောင်ရွက်ရန် လိုလားကြသည်။ ထို့ကြောင့် ပိုမိုမြင့်မားသည့် ကိုယ်ကျင့် တရားဆိုင်ရာ ပန်းတိုင်များ ချမှတ်ထားရန် လိုအပ်ပါသည်။
ဤရှုထောင့်အရ အဂတိလိုက်စားမှုတိုက်ဖျက်ရေးဟူသော အရေးကြီး သည့် အုပ်ချုပ်ရေး ရည်မှန်းချက် အောင်မြင်စေရန် ကျွန်ုပ်တို့သည် ၎င်းကို ပို၍ ကျယ်ပြန့်သော၊ ရည်မှန်းချက်ပို၍ ကြီးမားသော၊ ပို၍လိုက်လျောညီထွေ ရှိသော၊ နိုင်ငံရေးအရ ပိုမိုလိုအပ်သော မူဝါဒပန်းတိုင်တစ်ခုအတွင်း ထည့် သွင်းရပါမည်။ ပြည်သူလူထု၏ ယုံကြည်မှု၊ လုံခြုံစိတ်ချမှုနှင့် လေးစားမှုတို့ကို အမှန်တကယ် ထိုက်တန်စေမည့် အများပြည်သူကိုယ်စားလှယ်များဖြစ်လာစေရန် ဆောင်ရွက်နိုင်သော စံပြအုပ်ချုပ်ရေး တစ်ရပ်ကို ဖော်ဆောင်ရာတွင် “အများပြည်သူဖြောင့်မတ်တည်ကြည်မှု” တည်ဆောက်ခြင်းသည် အဆိုပါ ပန်းတိုင်ပင်ဖြစ်ကြောင်း ဤအခန်း၌ ကောက်ချက်ချ ဖော်ပြထားပါသည်။ သို့ပါ၍ အဂတိလိုက်စားမှုတိုက်ဖျက်ရန် ရည်ရွယ်သည့်အဆင့်မှ ဖြောင့်မတ် တည်ကြည်မှုအဆင့်များအထိ တက်လှမ်းရန် တက်ညီလက်ညီကြိုးပမ်းကြပါ စို့ဟု တင်ပြလိုက်ရပါသည်။ ။
အောင်မြတ်