မြန်မာစာနှင့် ပါဠိ (၁၈)
“ဆရာ။ ဇာတကဝတ္ထုတွေကို ပျို့အပြင် တခြားစာပေအမျိုးအစားတွေနဲ့ ဖွဲ့တာရောရှိပါ သလား”
“အေး၊ ဒီလိုဆိုတော့ ဇာတကစာပေတွေ အကြောင်းဆက်ပြီး ပြောရအုံးမှာပေါ့။ ပျို့ဖွဲ့တာ ကတော့ အများဆုံးပေါ့ကွာ။ တခြားစာပေတွေနဲ့ လဲဖွဲ့ပါတယ်။ ပြဇာတ်ဆိုပါတော့။ ပြဇာတ်တွေထဲ မှာ ဇာတကကိုဖွဲ့တဲ့ ပြဇာတ်တွေရှိတာပေါ့”
“ဘယ်ပြဇာတ်တွေပါလဲ ဆရာ”
“ကုန်းဘောင်ခေတ်မှာ ဦးကြင်ဥနဲ့ဦးပုညရဲ့ ပြဇာတ်တွေ ပေါ်ပေါက်တယ်မဟုတ်လား။ ဦးကြင်ဥရဲ့ မဟော်ပြဇာတ်ဆိုရင် မဟော်သဓာ ဝတ္ထုကို ဖွဲ့တာပေါ့။ ဦးပုညရဲ့ ပြဇာတ်တွေမှာလဲ အခုဆယ်တန်းမှာသင်တဲ့ ရေသည်ပြဇာတ်ဆိုရင် ငါးရာ့ ငါးဆယ်၊ ဂင်္ဂါမာလဇာတ်ကို ဖွဲ့တာလေ။ ပဒုမပြဇာတ်လဲရှိတယ်”
“ဟုတ်ကဲ့ ၊ ဒီပြဇာတ်တွေ ကျွန်တော်ဖတ်ဖူးပါ တယ် ဆရာ”
“နောက် ကိုလိုနီခေတ်ဦးမှာ အင်္ဂလိပ် လက်အောက်ရောက်နေတဲ့ အောက်မြန်မာနိုင်ငံမှာ ၁၇ ရာစု ကုန်ခါနီးကစပြီး ပြဇာတ်တွေ အများကြီး ထွက်တယ်။ ပထမဆုံးပေါ်တဲ့ ပြဇာတ်တစ်ပုဒ်က ဦးခိုရဲ့‘မဟာဇနကမင်းသားပြဇာတ်’တဲ့။ ဇာတက ပြဇာတ်ပေါ့။ နောက်တော့ တခြားဇာတ်တွေလဲ အများကြီးပေါ့ကွယ်”
“ဟုတ်ကဲ့ပါ ဆရာ၊ အဲဒီပြဇာတ်တွေမှာလဲ အပြောက်အမွမ်းအစွဲတွေပါမှာပေါ့နော်”
“ပါတာပေါ့။ ဦးပုညရဲ့ ဝေဿန္တရာပြဇာတ်မှာ စေတမုဆိုး ခွေးတွေနဲ့အမဲလိုက်တော့ ခွေးတပ် ဖွဲ့ပြီးချီတက်ပုံဖွဲ့ထားတာ ဟာသလဲ မြောက်တယ်။ ဟာသစာပေအကြောင်းပြောရင် အစဉ်အဆက် ကိုးကားရတဲ့ အဖွဲ့ပေါ့ကွယ်”
“ ဒီ့အပြင် စာပေတွေရော ဆရာ”
“နောက်ထင်ရှားတဲ့ စာပေအဖွဲ့တစ်ခုက ‘ရကန်’ ပေါ့။ ရကန်ဟာလဲ ဇာတ်လမ်းပါတဲ့ကဗျာမို့ ဇာတကကိုလဲ ရကန်ဖွဲ့ကြ တာပေါ့။ သိပ်တော့ မများပါဘူး”
“ရာမရကန်တော့ ကြားဖူးပါတယ် ဆရာ”
“ရာမရကန်က ရာမဇာတ်၊ ရာမာယဏမဟာ ကဗျာကိုဖွဲ့တာလေ။ ဇာတကမဟုတ်ဘူး။ ဇာတကကိုဖွဲ့တဲ့ ရကန်က ဦးရွှေနီရဲ့ ပဉ္ဓပါပီရကန် တို့၊ ကင်းဝန်မင်းကြီးရဲ့ နေမိရကန်တို့ ထင်ရှားတယ်။ ငါးရာ့ငါးဆယ်ထဲက ပဉ္စပါပီဆိုတဲ့မိန်းမ အကြောင်း ဖွဲ့တာရယ် ဇာတ်ကြီးဆယ်ဘွဲ့ထဲက နေမိမင်းအကြောင်း ဖွဲ့တာရယ်ပေါ့”
“ဟုတ်ကဲ့ပါ”
“လူသိများတာ ပြောရရင် သီချင်းတွေပေါ့ ကွယ်။ ကုန်းဘောင်ခေတ်ကပေါ်တဲ့ ယိုးဒယား သီချင်းတွေထဲမှာ ‘ပန်းမှုန် ကြွယ်’ ယိုးဒယားဟာ ဝေဿန္တရာဇာတ်ကို ဖွဲ့ထားတာပေါ့။ နောက်ပိုင်း သီချင်းတွေမှာလဲ ဒေါ်ရင်ရင်ရဲ့‘မဟာဇနက’တို့၊ ဦးဘသန်းရဲ့‘သုဝဏ္ဏသာမ’တို့၊ မေရှင်ရဲ့‘တေမိယ’ တို့၊ နောက်ဒီဘက်ခေတ်မှာ ဂီတလုလင် မောင်ကိုကိုရေးပြီး မာမာအေးဆိုတဲ့ ‘ဝေဿန္တရာ’ တို့ဟာ ထင်ရှားတဲ့ သီချင်းတွေပေါ့”
“နားလည်ပါပြီ ဆရာ”
“အခုပြောခဲ့တဲ့အထဲမှာ စကားပြေဝတ္ထုတွေ မပါသေးဘူး။ ရှေးတုန်းကတော့ ဇာတကအဋ္ဌ ကထာ နိဿယတွေရှိတယ်။ နိဿယပြန်ထား တာလေ။ ခုခေတ်အထိ ထင်ရှားတာကတော့ ကုန်းဘောင်ခေတ်မှာပေါ်တဲ့ ဇာတ်ကြီးဆယ်ဘွဲ့ အဋ္ဌကထာ နိဿယတွေပဲ”
“ကျွန်တော်မသိပါဘူး ဆရာ”
“ရှေးကဆရာတော် တော်တော်များများက ဇာတကအဋ္ဌကထာတွေကို နိဿယပြန်ခဲ့ကြ တယ်။ များသောအားဖြင့်တော့ ပေစာအဖြစ်ပဲ ရှိတာပေါ့။ ပုံမနှိပ်ဖြစ်ဘူး။ ပုံနှိပ်တဲ့ နိဿယတွေမှာ ဒန့်တုဂိန်ဆရာတော် အရှင်ဂုဏရိသာလင်္ကာရ နိဿယပြန်တဲ့ ဇာတ်ကြီးဆယ်ဘွဲ့နိဿယတွေက သိပ်မရှားသေးဘူး။ ပုံနှိပ်မူတွေ ကိုးကားနိုင်တယ်။ တေမိယဇာတကအဋ္ဌကထာ နိဿယကနေ ဝေဿန္တရဇာတက အဋ္ဌကထာ နိဿယအထိပေါ့”
“ပါဠိမကျွမ်းတဲ့ ပုဂ္ဂိုလ်တွေ မြန်မာလို လေ့လာ နိုင်တာပေါ့နော် ဆရာ”
“ဟုတ်တယ်၊ ပျို့တွေကိုလေ့လာရင် အဲဒီအဋ္ဌ ကထာနိဿယတွေနဲ့ ယှဉ်ပြီးလေ့လာမှ ပျို့ဆရာ ဖြည့်စွက်တဲ့ အပြောက်အမွမ်းတွေကို သိနိုင်တာ ပေါ့ကွယ်။ ဆိုပါစို့၊ တွင်းသင်းမင်းကြီးရေးဖွဲ့တဲ့ မဟာဇနက ပျို့ကိုလေ့လာရင် ဇနကဇာတက အဋ္ဌကထာ နိဿယနဲ့ယှဉ်ပြီး လေ့လာဖို့ လိုတာ ပေါ့”
“နားလည်ပါပြီ ဆရာ”
“အဲ... ငါးရာ့ငါးဆယ်ဇာတ်တွေကျတော့ ကုန်းဘောင်ခေတ်မှာ ညောင်ကန်ဆရာတော် မြန်မာဘာသာပြန်တဲ့ ငါးရာ့ငါးဆယ် ဇာတ်နိပါတ် တော် စကားပြေရှိပါတယ်”
“နိဿယ မဟုတ်ဘူးပေါ့ ဆရာ”
“နိဿယ မဟုတ်ဘူး။ ငါးရာ့ငါးဆယ် ဇာတက အဋ္ဌကတာတွေကို အတိအကျ မြန်မာဘာသာ ပြန် ထားတာလေ။ ‘ရှေးလွန်လေပြီးသောအခါ ဗာရာ ဏသီပြည်၌ ဗြဟ္မဒတ်မင်းသည် မင်းပြုသည် ရှိသော် ဘုရားလောင်းသည် ကုန်သည် မျိုး၌ဖြစ်၍ ရွာ၌နေ၏’ဆိုတဲ့ အရေးအသားမျိုးပေါ့။ ပါဠိလိုရေး တဲ့ အဋ္ဌကထာမှာ ‘အတီတေဗာရာဏသီယံ ဗြဟ္မ ရတ္တေရဇ္ဇ’ စတဲ့ အစီအစဉ်အတိုင်း ဘာသာပြန်ထား တာလေ”
“ဟုတ်ကဲ့”
“ပညာရှင်တွေက ဘယ်လိုပြောသလဲဆိုရင် ညောင်ကန်ဆရာတော်ရဲ့ ဘာသာပြန်ဟာ ပါဠိ မြန်မာနိဿယကို ပါဠိအပိုဒ်တွေ ဖြုတ်ပြီး မြန်မာ ဘာသာပြန်အပိုဒ်တွေကိုချည်း ဆက်ထားသလိုပဲ တဲ့။ အင်မတန်တိကျတယ်တဲ့”
“ဪ၊ ဟုတ်ကဲ့ပါ”
“ဒီတော့ ငါးရာ့ငါးဆယ်ပျို့တွေရဲ့ အပြောက် အမွမ်းဖွဲ့ပုံကို လေ့လာရင် ပျို့နဲ့ညောင်ကန် ဆရာတော်ရဲ့ စကားပြေနဲ့တိုက်ပြီး လေ့လာဖို့လို တာပေါ့။ ဆရာပြောခဲ့တဲ့ ကိုးခန်းပျို့ကိုလေ့လာရင် ညောင်ကန်ဆရာတော်ရဲ့ ဟတ္တိပါလဇာတ် မြန်မာပြန်နဲ့ နှိုင်းယှဉ် လေ့လာ ဖို့ လိုတာပေါ့ကွယ်”
“လေ့လာပုံ လေ့လာနည်းကို သေသေချာချာ သိရလို့ အများကြီးအကျိုးရှိပါတယ် ဆရာ”
“မြန်မာစာပေထဲမှာ ဇာတကဝတ္ထုတွေက အများကြီးနေရာယူထားတာမို့ အင်မတန်အရေး ပါပါတယ်။ ငါးရာ့ငါးဆယ် ဝတ္ထုတွေကို အစအဆုံး ကဗျာတွေ၊ စကားပြေတွေနဲ့ရေးတာကို ဆရာတို့ ပြောပြီးကြပြီ။ ဒါတင်မကဘူး။ အဲဒီဇာတ်တော်တွေ ကို တခြားစာပေ ကျမ်းဂန်တွေမှာလဲ လိုအပ်သလို ကိုးကားထည့်သွင်းလေ့ရှိတယ်”
“ပြောပြပါ ဆရာ”
“အလွယ်ဆုံးသာဓကပြရရင် မင်းတို့ငယ်ငယ် က စာစီစာကုံးရေးတဲ့အခါ ဇာတကတွေ ကိုးကား သလိုပေါ့။ ဇွဲလုံ့လအကြောင်း စာစီစာကုံးရေးရင် ကိုးကားဖို့ ဇနကဇာတ်ကို အရင်ဆုံးသတိရတာပဲ မဟုတ်လား။ ပညာအကြောင်းရေးရင်လဲ မဟော်သဓာပညာရှိ သုခမိန်အကြောင်း ကိုးကားဖို့ သတိရတာပေါ့”
“ဟုတ်ပါတယ် ဆရာ”
“ရှေးကထင်ရှားတဲ့ ဝတ္ထုနှစ်ပုဒ်အကြောင်း ပြောမယ်။ ညောင်ရမ်းခေတ်မှာပေါ်ပေါက်တဲ့ မဏိကုဏ္ဏလ ဝတ္ထုနဲ့ ယသဝနဝတ္ထုပေါ့”
“ပြောပြပါ ဆရာ”
“မဏိကုဏ္ဏလဝတ္ထုက ဝရာဘိသင်္ဃနာထ ဆရာတော်ရေးတာ။ ပတ္တမြားနားတောင်းလို နှစ်သက်ဖွယ်ကောင်းတယ်ဆိုတဲ့ အဓိပ္ပာယ်နဲ့ မဏိကုဏ္ဏလလို့ နာမည်ပေးတာလေ။ အဲဒီဝတ္ထု ရဲ့ပင်မဇာတ်က ငါးရာ့ငါးဆယ်၊ မဟာသုတ သောမဇာတ်ပဲ။ လူသားစား ပေါရိသာဒ အကြောင်း ပေါ့”
“ကြားဖူးပါတယ် ဆရာ”
“အဲဒီဝတ္ထုကို ရေးတဲ့ပုံစံက အကြောင်းသင့်တဲ့ နေရာတိုင်းမှာ ငါးရာ့ငါးဆယ်ဝတ္ထုတွေကို ထည့်သွင်းကိုးကားပြီး ရေးသွားတာပဲ။ ဆိုပါတော့။ ဗာရာဏသီပြည့်ရှင် ဗြဟ္မဒတ်မင်းဟာ လူသား စားဖူးသွားပြီး မစားရဘဲမနေနိုင်တော့ စစ်သူကြီး က ဗြဟ္မဒတ်မင်းကို လူသားမစားသင့်ကြောင်း ပြောတဲ့အခါ ဇာတ်တူသားစားလို့ ဟင်္သာ ကိုးသောင်း ပျက်စီးရတဲ့ဇာတ်။ ကိုယ့်အမြီးကိုယ် ပြန်စားမိရာက သေဆုံးရတဲ့ ငါးကြီးအာနန္ဒာဇာတ် တွေကို ကိုးကားပြောတယ်။ ဗြဟ္မဒတ်မင်းကလဲ အရသာကို တပ်မက်မိရင် အသက်ကိုတောင် အဆုံးခံသွားတဲ့ ယသသတို့သားရဲ့ဇာတ်ကို ကိုးကားပြောတယ်။ အဲဒီလို ဇာတ်တော်တွေ ကိုးကားကြတာ မဏိကုဏ္ဏလဝတ္ထုလဲပြီးရော ဇာတကဝတ္ထုပေါင်းများစွာ ကိုးကားပြီးသား ဖြစ်သွားရော။ ဇာတကဝတ္ထုတွေ ကွန်ရက်ကြီးလို ဖွဲ့ယှက်နေတဲ့ ဝတ္ထုကြီး ဖြစ်သွားတာပေါ့ကွယ်”
“ဆရာပြောလို့ စိတ်ဝင်စားသွားပြီ။ ရှာပြီးဖတ် ပါမယ် ဆရာ”
“ဖတ်ဖို့ကောင်းပါတယ်။ နောက် ယသဝဍ္ဎန ဝတ္ထုက တောင်ဖီလာဆရာတော်ရေးတာ။ အဲဒီဝတ္ထုမှာလဲ ယသဝဍ္ဎနတရားဆိုတဲ့ ကြီးပွား တိုးတက်ကြောင်း တရားခုနစ်ပါးကို ဘုရားရှင် ဟောကြားခဲ့တာ။ လုံ့လ ဝီရိယ၊ သတိ၊ ကိုယ်နှုတ် နှလုံး ဖြူစင်ခြင်း၊ စူးစမ်းဆင်ခြင် ဆောင်ရွက်ခြင်း၊ ကိုယ်နှုတ်နှလုံးစောင့်ထိန်းခြင်း၊ တရားသဖြင့် အသက်မွေးခြင်း၊ မေ့လျော့ပေါ့ဆမှု မရှိခြင်းဆိုတဲ့ တရားတွေပဲ။ အဲဒီတရားတစ်ခုစီ စောင့်ထိန်းတဲ့ အကျိုး၊ မစောင့်ထိန်းတဲ့အပြစ်တွေကို ဇာတ်ဝတ္ထု သာဓကတွေနဲ့ ရေးထားတာလေ။ အင်မတန် မှတ်သားစရာကောင်းတယ်။ ဖတ်လို့လဲကောင်းတယ်။ ကိုးကားထားတဲ့ ဇာတကတွေလဲ အများကြီးပါတယ်”
“ဟုတ်ကဲ့ပါ”
“အဲဒီဝတ္ထုနှစ်ပုဒ်စလုံးမှာ ဇာတ်ဝတ္ထုတွေကို အာဘော်ချင်းတူရာ တူရာစုစည်းထားတဲ့အတွက် စနစ်ကျတယ်။ ပါဠိပိဋကတ် စာပေကို အခြေခံတဲ့ အမွေအနှစ်တွေပေါ့ကွယ်”
မောင်ခင်မင် (ဓနုဖြူ)