Skip to main content

ပုဂံမြစေတီ ရာဇကုမာရ်ကျောက်စာရုံအတွင်း ငွေကြေးလှူဒါန်းခြင်းမပြုရန် အသိပေးထုတ်ပြန်

​ရန်ကုန် ဩဂုတ် ၁

ပုဂံမြို့ဟောင်း မြင်းကပါကျေးရွာတွင် တည်ရှိသည့် မြစေတီဘုရားရှိ ရာဇကုမာရ်ကျောက်စာထားရှိရာ ကျောက်စာရုံအတွင်းသို့ ဘုရားဖူးပြည်သူများအနေဖြင့် ငွေကြေးလှူဒါန်းမှုမပြုလုပ်ကြရန် အသိပေးထားပြီး တာဝန်ရှိသူများက ကွင်းဆင်းစစ်ဆေးမှုများ ဆောင်ရွက်ခဲ့ကြောင်း ရှေးဟောင်းသုတေသနနှင့် အမျိုးသားပြတိုက်ဦးစီးဌာန (ပုဂံဌာနခွဲ) မှ သိရသည်။

မြန်မာလူမျိုးတို့၏ သဒ္ဓါတရားနှင့် ယုံကြည်ကိုးကွယ်မှုအရ ပြည်တွင်း ဘုရားဖူး ခရီးသွားအများစုသည် မြစေတီဘုရားသို့ ရောက်ရှိချိန်တွင် ရာဇကုမာရ်ကျောက်စာထားရှိရာ ကျောက်စာရုံအတွင်းသို့ ငွေကြေးများ ပစ်သွင်းလှူဒါန်းလေ့ရှိကြသည်။​ အဆိုပါကျောက်စာတိုင်သည် ကမ္ဘာ့အမွေအနှစ်စာရင်းဝင် အထိမ်းအမှတ်ကျောက်စာဖြစ်သဖြင့် ​ရှေးဟောင်းဝတ္ထုပစ္စည်း ထိခိုက်ပျက်စီးမှုမရှိစေရေး၊​ သုတေသီများ၊ ပြည်တွင်း/ ပြည်ပခရီးသွားများနှင့် ကျောက်စာလေ့လာလိုသူများအတွက် အနှောင့်အယှက်မဖြစ်စေရေး၊​ မြင်ကွင်းထိခိုက်မှုမရှိစေရေးတို့အတွက် ကျောက်စာတိုင်ကို ကာရံထားသည့် သံတိုင်အတွင်းသို့ ငွေလှူဒါန်း၍ မရနိုင်စေရန် သံဆန်ခါအစိတ်ဖြင့် ထပ်မံကာရံသွားမည်ဖြစ်သည်။

ဘုရားဖူးပြည်သူများအနေဖြင့် မြစေတီဘုရားတွင် အလှူငွေလှူဒါန်းလိုပါက ဂေါပကအဖွဲ့က သတ်မှတ်ထားရှိသည့် အလှူခံပုံးများနှင့် သတ်မှတ်နေရာများ၌သာ စနစ်တကျလှူဒါန်းကြရန်လည်း အသိပေးထားသည်။ ​ပျူ၊ မွန်၊ မြန်မာ၊ ပါဠိ လေးဘာသာဖြင့် ရေးထိုးထားသည့် ရာဇကုမာရ်ကျောက်စာသည် မြန်မာစာပေသမိုင်းတွင် အပြည့်စုံဆုံးနှင့် မြန်မာစာအရေးအသား အစောဆုံးကျောက်စာအဖြစ် ထင်ရှားပြီး ၂၀၁၅ ခုနှစ်တွင် ယူနက်စကို (UNESCO) ၏ ကမ္ဘာ့မှတ်တမ်းအမွေအနှစ်စာရင်း (Memory of the World Register) ဝင်အဖြစ် သတ်မှတ်ခံထားရသည့် ကျောက်စာတစ်ချပ်ဖြစ်သည်။

TWA