Skip to main content

ညစ်ညမ်းစာများဖော်ပြပါရှိသည့် ထုတ်ဝေစာများအား အရေးယူဆောင်ရွက်မှု အသိပေးကြေညာခြင်း

၁။      ပြန်ကြားရေးဝန်ကြီးဌာနသည် ပုံနှိပ်ခြင်းနှင့်ထုတ်ဝေခြင်းလုပ်ငန်းဥပဒေ ပုဒ်မ ၈ ပါ စည်းကမ်းချက်တစ်ရပ်ရပ်နှင့် ငြိစွန်းသည်ဟု သံသယရှိသောထုတ်ဝေစာကို ပုံနှိပ်၊ ထုတ်ဝေခဲ့ကြောင်း ခိုင်လုံသောအထောက်အထားဖြင့် သတင်းပေးပို့ခြင်းကို လက်ခံရရှိ လျှင်သော်လည်းကောင်း၊ ကိုယ်တိုင်သိရှိ လျှင်သော်လည်းကောင်း သတ်မှတ်ချက်နှင့်အညီ စစ်ဆေးပြီး ငြိစွန်းကြောင်းတွေ့ရှိပါက လုပ်ငန်းအသိအမှတ်ပြုလက်မှတ်ကို ပြန်လည်ရုပ်သိမ်းခြင်း သို့မဟုတ် ကာလအကန့်အသတ်ဖြင့် ရပ်ဆိုင်းခြင်းပြုနိုင်ကြောင်း ပုံနှိပ်ခြင်းနှင့်ထုတ်ဝေခြင်း လုပ်ငန်းဥပဒေ ပုဒ်မ ၆ တွင် ပြဋ္ဌာန်းထားရှိပါသည်။

၂။       လုပ်ငန်းအသိအမှတ်ပြု လက်မှတ်မရှိဘဲ ပုံနှိပ်ဖော်ပြခဲ့သည့် ပုံနှိပ်သူဒေါ်အေးမြတ်မွန်၏ Yangon Printing Service နှင့် ထုတ်ဝေသူ ဒေါ်ချိုဇင်သဲ (Maple စာအုပ် တိုက်-၀၃၂၉၅) တို့မှ ပုံနှိပ်၊ ထုတ်ဝေသော မြမိုရ်ရေးသားသည့် “မေတ္တာနှောင်သီ ချစ်ကြိုးချည်” နှင့် စာရေးသူ DIDI ZAW ရေးသားသည့် “Match Made in Clouds” စာအုပ်များတွင် ပုံနှိပ်ခြင်းနှင့်ထုတ်ဝေခြင်းလုပ်ငန်း ဥပဒေပုဒ်မ ၈၊ ပုဒ်မခွဲ (ဂ) ပါ စည်းကမ်းချက်ကိုဖောက်ဖျက်၍ ဟီရိဩတ္တပ္ပ ကင်းသော၊ မြန်မာ့လူ့အဖွဲ့အစည်းက လက်မခံသော၊ လူငယ်များ၏တွေးခေါ် မြော်မြင်မှုနှင့် ခံစားနားလည်မှုကို လွဲမှားစေနိုင်သော ညစ်ညမ်းစာများ ဖော်ပြပါရှိကြောင်း တွေ့ရှိရပါသည်။

၃။      သို့ဖြစ်ပါ၍ ၂၀၁၄ ခုနှစ်၊ ပုံနှိပ်ခြင်းနှင့်ထုတ်ဝေခြင်းလုပ်ငန်းဥပဒေပုဒ်မ ၈၊ ပုဒ်မခွဲ (ဂ)ပါ စည်းကမ်းချက်ကိုဖောက်ဖျက်၍ ပုံနှိပ်၊ ထုတ်ဝေဖြန့်ချိခဲ့သည့်အတွက် ထုတ်ဝေသူ ဒေါ်ချိုဇင်သဲ (Maple စာအုပ်တိုက်-၀၃၂၉၅) ၏ ထုတ်ဝေခြင်းလုပ်ငန်းအသိအမှတ်ပြု လက်မှတ်ကို ၂၀၂၄ ခုနှစ်၊ ဒီဇင်ဘာလ ၁၉ ရက်နေ့တွင် ရုပ်သိမ်းခဲ့ပြီး ယင်းစာအုပ်များအား တရားမဝင် ထုတ်ဝေစာဖြစ်ကြောင်း ထုတ်ပြန်ကြေညာခဲ့ပြီး ဖြစ်ပါကြောင်းနှင့် ပုံနှိပ်သူနှင့်ထုတ်ဝေသူတို့အား ပုံနှိပ်ခြင်းနှင့် ထုတ်ဝေခြင်းလုပ်ငန်းဥပဒေနှင့်အညီ တရားစွဲဆို ဆောင်ရွက်သွားမည်ဖြစ်ကြောင်း အသိပေးကြေညာအပ်ပါသည်။

ပြန်ကြားရေးဝန်ကြီးဌာန