Skip to main content

အသိပေးကြေညာခြင်း

၁။ ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်အစိုးရ၊ ပို့ဆောင်ရေးနှင့် ဆက်သွယ်ရေးဝန်ကြီးဌာနသည် ပြဋ္ဌာန်းထားပြီးဖြစ်သော ဆက်သွယ်ရေးဥပဒေ၊ နည်းဥပဒေများနှင့်အညီ ဆက်သွယ်ရေးဝန်ဆောင်မှု လုပ်ငန်းများလုပ်ကိုင်ခြင်း၊ ဆက်သွယ်ရေးစက်ပစ္စည်းများ အသုံးပြုခြင်း၊ တင်သွင်းရောင်းချခြင်းတို့ကို စနစ်တကျဖြစ်စေရန်အတွက် လုပ်ထုံးလုပ်နည်းများကို ကြီးကြပ်ဆောင်ရွက်ပေးလျက်ရှိပါသည်။

၂။ ယခုအခါတွင် မြန်မာနိုင်ငံအတွင်း၌ ဂြိုဟ်တုအင်တာနက် ဝန်ဆောင်မှုများကို တရားမဝင် ဆောင်ရွက်လျက်ရှိပြီး သုံးစွဲသူများအနေဖြင့်လည်း တရားမဝင်ရယူသုံးစွဲလျက်ရှိကြောင်း သတင်းအချက် အလက်များအရ တွေ့ရှိနေရပါသည်။

၃။ ဆက်သွယ်ရေးဥပဒေပုဒ်မ (၅) နှင့် လှိုင်းနှုန်းစဉ်ဆိုင်ရာနည်းဥပဒေ ၅၂ (ဂ) တို့တွင် ပြည်တွင်း ပြည်ပမှ ပုဂ္ဂိုလ်၊ ဌာနနှင့် အဖွဲ့အစည်းများသည် ဆက်သွယ်ရေးဝန်ဆောင်မှုလုပ်ငန်းတစ်ရပ်ရပ်ကို တည်ထောင်လုပ်ကိုင်လိုသည့်အခါနှင့် နိုင်ငံတကာဂြိုဟ်တုအော်ပရေတာများသည် အမှန်တကယ်သုံးစွဲသူ (End User) များသို့ ဂြိုဟ်တုဆက်သွယ်ရေးဝန်ဆောင်မှုများကို ဖြည့်ဆည်းပေးလိုသည့်အခါ လုပ်ငန်းလိုင်စင်ရရှိရန် ဦးစီးဌာနသို့ လျှောက်ထားရမည်ဖြစ်ပါသည်။

၄။ ထို့အပြင် ဆက်သွယ်ရေးဥပဒေပုဒ်မ (၁၃) နှင့် လိုင်စင်ထုတ်ပေးခြင်းဆိုင်ရာ နည်းဥပဒေ ၃၃ (က) တို့အရလည်း အောက်ဖော်ပြပါ ဆက်သွယ်ရေးပစ္စည်းများကို လက်ဝယ်ထားရှိရန်နှင့် အသုံးပြုရန်အတွက် ဆက်သွယ်ရေးပစ္စည်းဆိုင်ရာလိုင်စင်ရယူရန် လိုအပ်ပါသည်-

(က) ဂြိုဟ်တုဆက်သွယ်ရေးပစ္စည်းများ (ဥပမာ-ဂြိုဟ်တုဖုန်း)

(ခ) ရေဒါဆက်သွယ်ရေးပစ္စည်းများနှင့် ဆက်စပ်ကိရိယာများ

(ဂ) ရေဒီယိုဆက်သွယ်ရေးပစ္စည်းများ (ဥပမာ-MF, HF, VHF, UHF လှိုင်းနှုန်းသုံး ဆက်သွယ်ရေးပစ္စည်းများ)

၅။ သို့ဖြစ်ပါ၍ အထက်အပိုဒ် (၄) ပါ ဂြိုဟ်တုဆက်သွယ်ရေးပစ္စည်းများနှင့် တရားမဝင် ဂြိုဟ်တု ဆက်သွယ်ရေးဝန်ဆောင်မှုလုပ်ငန်းများကို လိုင်စင်ရယူထားခြင်းမရှိဘဲ ဝန်ဆောင်မှုပေးခြင်း၊ တပ်ဆင်အသုံးပြုခြင်း၊ လက်ဝယ်ထားရှိခြင်း၊ အသုံးပြုခြင်းများမပြုလုပ်ကြရန် တားမြစ်ထားပါသည်။ အဆိုပါ တားမြစ်ချက်အား ဖောက်ဖျက်ကြောင်း စစ်ဆေးတွေ့ရှိပါက ဆက်သွယ်ရေးဥပဒေပုဒ်မ (၆၇) နှင့်အညီ တရားစွဲဆိုအရေးယူသွားမည်ဖြစ်ကြောင်း အသိပေးကြေညာအပ်ပါသည်။