Skip to main content

CDM ဝန်ထမ်းများ၊ ကျောင်းသား၊ ကျောင်းသူများနှင့် လူငယ်၊ လူရွယ်များအား ကြိုဆိုရေးစခန်းများ ဖွင့်လှစ်လက်ခံခြင်းနှင့် နီးစပ်ရာလုံခြုံရေးစခန်းများ၌ လက်ခံခြင်း ဆောင်ရွက်သွားမည်ဖြစ်ကြောင်း အသိပေးကြေညာချက် ထုတ်ပြန်

နေပြည်တော် ဇူလိုင် ၆

နယ်စပ်ဒေသ အသီးသီးနှင့် အချို့သော တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့များအတွင်း ရောက်ရှိနေသည့် CDM ဝန်ထမ်းများ၊ ကျောင်းသား၊ ကျောင်းသူများနှင့် လူငယ်၊ လူရွယ်များအား နယ်စပ်ကြိုဆိုရေး စခန်းအသီးသီးနှင့် နီးစပ်ရာ တပ်မတော်၊ မြန်မာနိုင်ငံရဲတပ်ဖွဲ့ စခန်းအသီးသီးသို့ ဆက်သွယ်၍ ဥပဒေဘောင်အတွင်း ပြန်လည် ဝင်ရောက်နိုင်ကြောင်းနှင့် ယင်းသို့သတင်းပို့ ဆက်သွယ်သူများကို သတ်မှတ် စည်းကမ်းချက်များနှင့်အညီ နေ့စဉ်ပြည်သူ့ဘဝတွင် အေးချမ်းစွာ နေထိုင်နိုင်ရေး အာမခံချက် ပေးသွားမည် ဖြစ်ကြောင်း နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ သတင်းထုတ်ပြန်ရေးအဖွဲ့က အသိပေး ထုတ်ပြန်ထားကြောင်း သိရှိရသည်။ ကြေညာချက် အပြည့်အစုံမှာ -

ပြည်တွင်း၊ ပြည်ပရှိ အချို့သော ကျောင်းသား၊ ကျောင်းသူ၊ လူငယ်လူရွယ်နှင့် CDM ဝန်ထမ်းများအား ဥပဒေဘောင်အတွင်း ပြန်လည် ဝင်ရောက်နိုင်ရေး အသိပေး ထုတ်ပြန်ခြင်း

နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ အနေဖြင့် နိုင်ငံတော်၏ စီးပွားရေး၊ လူမှုရေး၊ ပညာရေး၊ ကျန်းမာရေး တို့အပြင် အခြားကဏ္ဍပေါင်းစုံ၌ ဖွံ့ဖြိုး တိုးတက်စေရေး ကြိုးပမ်းဆောင်ရွက်လျက်ရှိသည်။ ထို့အပြင် ပြည်ထောင်စု အတွင်းရှိ ဒေသအသီးသီးတွင် တိုင်းရင်းသား ပြည်သူများ စိတ်အေးချမ်းသာစွာဖြင့် နေထိုင် စားသောက်နိုင်ရေးအတွက်လည်း လုံခြုံရေး တပ်ဖွဲ့ဝင်များက နေ့ညမပြတ် လုံခြုံရေး လုပ်ငန်းများကို ထမ်းဆောင်လျက်ရှိသည်။ မိမိတို့အနေဖြင့် တိုင်းရင်းသား ညီအစ်ကိုမောင်နှမများ၏ ကျစ်လျစ်ခိုင်မာသည့် ညီညွတ်သော စုပေါင်းအားကို တည်ဆောက်သွားရန် ကြိုးပမ်း ဆောင်ရွက်လျက်ရှိပြီး စစ်မှန်သည့် ထာဝရငြိမ်းချမ်းရေး ရရှိစေရန် အလေးထား ဆောင်ရွက်လျက် ရှိသည်။

ထို့အပြင် နိုင်ငံတော်၏ လူသားအရင်းအမြစ်များ မလိုအပ်ဘဲ ဆုံးရှုံးမှု မရှိစေရေးအတွက် တာဝန်မှ ကင်းကွာနေသော အခြေခံပညာရေး ဝန်ထမ်းများကို ပြန်လည်ဖိတ်ခေါ်ခြင်း၊ PDF အပါအဝင် အဖွဲ့အစည်း အမျိုးမျိုး အမည်ခံ၍ လက်နက်ကိုင် ဆန့်ကျင်နေသူများ အနက်မှ ဥပဒေဘောင်အတွင်း ပြန်လည် ဝင်ရောက်လိုသူများကို ပြန်လည် ဖိတ်ခေါ်ခြင်းတို့အား အသိပေး ထုတ်ပြန်ခဲ့ရာ ပြန်လည် ဝင်ရောက်လာသူများကိုလည်း စနစ်တကျ လက်ခံပေးလျက်ရှိသည်။

နိုင်ငံတော်အား အလုံးစုံ ပျက်သုဉ်းစေလိုသည့် CRPH နှင့် NUG အကြမ်းဖက် အုပ်စုများက ဆွဲဆောင် စည်းရုံးမှု၊ သွေးထိုးလှုံဆော်မှု၊ ခြိမ်းခြောက် အကျပ်ကိုင်မှုများကြောင့် အချို့သော CDM ဝန်ထမ်းများ၊ ကျောင်းသား/ ကျောင်းသူများ၊ လူငယ် လူရွယ်များတို့သည် တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့အစည်းများ တည်ရှိရာ နယ်မြေဒေသများသို့ ရောက်ရှိသွားခဲ့ပြီး လက်နက် ပစ်ခတ်ခြင်းနှင့် ဖောက်ခွဲဖျက်ဆီးရေး သင်တန်းများသို့ စာရင်းသွင်း ပါဝင် တက်ရောက်ခဲ့ကြသည်ကို တွေ့ရှိရသည်။

ထိုသို့ သင်တန်းတက်ရောက်ခဲ့သူများ အနက်မှ အချို့သောသူများသည် အကြမ်းဖက် တိုက်ခိုက်သည့် လုပ်ရပ်များတွင် ပါဝင်လိုခြင်း မရှိသည့်အတွက် ထွက်ပြေး တိမ်းရှောင်ပြီး ပြည်တွင်း/ပြည်ပ ဒေသအချို့၌ သွားရောက် အလုပ် လုပ်ကိုင်လျက် ရှိကြောင်းကို ကြားသိရသည်။ ၎င်းတို့သည် NUG အမည်ခံ အကြမ်းဖက်အုပ်စုနှင့် ၎င်းတို့၏ လက်အောက်ခံ PDF အကြမ်းဖက် အဖွဲ့တို့၏ အကြမ်းဖက် လုပ်ရပ်များကို မျက်ဝါးထင်ထင် တွေ့မြင်လာပြီး လက်ခံနိုင်မှု မရှိခြင်း၊ နိုင်ငံတော် အစိုးရ၏ ရှေ့လုပ်ငန်းစဉ်(၅)ရပ်နှင့် ထာဝရငြိမ်းချမ်းရေး ရရှိရန် ကြိုးပမ်း ဆောင်ရွက်နေမှုများကို ယုံကြည် လက်ခံလာခြင်း၊ မိမိတို့၏ နေရပ်ဒေသအသီးသီးရှိ မိဘဆွေမျိုးများနှင့်အတူ တည်ငြိမ်အေးချမ်းစွာ ပြန်လည် နေထိုင်လိုခြင်းတို့ကြောင့် မိမိတို့နေရပ်ဒေသသို့ ပြန်လည် ဝင်ရောက်လိုသော်လည်း CRPH နှင့် NUG အကြမ်းဖက် အုပ်စုများနှင့် ၎င်းတို့၏ လက်ဝေခံများက ထိန်းချုပ် အကျပ်ကိုင် ခြိမ်းခြောက်ထားမှုတို့ကြောင့် ပြန်လည် ဝင်ရောက်ခြင်း မပြုနိုင်ကြသည်ကိုလည်း ဆက်သွယ် သတင်းပေးပို့ချက်များအရ သိရှိရသည်။

နိုင်ငံတော်အစိုးရ အနေဖြင့် ထိုသို့သော မြန်မာနိုင်ငံရှိ နေရပ်အသီးသီးသို့ ပြန်လည်ဝင်ရောက်လိုသူများအား ကြိုဆိုလက်ခံနိုင်ရေး အတွက် နယ်စပ်ဒေသ အသီးသီးတွင် ပြန်လည်ကြိုဆိုလက်ခံရေး စခန်းများ ဖွင့်လှစ် ဆောင်ရွက်ပေးသွားမည် ဖြစ်ပြီး အဆိုပါ စခန်းများအပြင် နီးစပ်ရာ တပ်မတော်နှင့် မြန်မာနိုင်ငံ ရဲတပ်ဖွဲ့ စခန်းအသီးသီးသို့လည်း ဆက်သွယ်ဆောင်ရွက်နိုင်ပါကြောင်းနှင့် ယင်းသို့ သတင်းပို့ ဆက်သွယ်သူများကို သတ်မှတ်စည်းကမ်းချက်များနှင့်အညီ နေ့စဉ် ပြည်သူ့ဘဝတွင် အေးချမ်းစွာ နေထိုင်နိုင်ရေး အာမခံချက် ပေးသွားမည် ဖြစ်ကြောင်း အသိပေး ထုတ်ပြန်အပ်ပါသည်။

နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ

သတင်းထုတ်ပြန်ရေးအဖွဲ့