Skip to main content

GAVI COVAX Facility မှ ကျန်းမာရေးဝန်ကြီးဌာနသို့ ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေးထိုး လုပ်ငန်း ပူးတွဲဆောင်ရွက်ရန် ညှိနှိုင်းဆောင်ရွက်မှု အခြေအနေနှင့်ပတ်သက်၍ သတင်း ထုတ်ပြန်ခြင်း

ရက်စွဲ။ ၅-၁၀-၂၀၂၁

၁။ မြန်မာနိုင်ငံတွင် ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေးထိုးနှံခြင်းအား ကိုဗစ်-၁၉ ရောဂါဖြစ်ပွား/သေ ဆုံးမှုကို လျှော့ချရန်၊ ကူးစက်ပြန့်ပွားမှုကို တားဆီးရန်နှင့် ရောဂါဖြစ်ပွားမှု ကြောင့် နိုင်ငံ့စီးပွားရေးထိ ခိုက်မှုကိုလျှော့ချနိုင်ရန် ရည်ရွယ်ချက်များဖြင့် ဆောင်ရွက်လျက်ရှိပါသည်။

၂။ မြန်မာနိုင်ငံအနေဖြင့် ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေးများ ရရှိရန်အတွက် ၂၀၂၀ ပြည့်နှစ်၊ နှစ် ကုန်ပိုင်းတွင်စတင်၍ GAVI COVAX Facility နှင့် ညှိနှိုင်းခြင်း၊ ကာကွယ်ဆေးထုတ်လုပ်သည့် မိတ်ဆွေနိုင်ငံများနှင့် နိုင်ငံအချင်းချင်း(Bilateral)ညှိနှိုင်းခြင်းများ ဆောင်ရွက်ခဲ့ပြီး အိန္ဒိယနိုင်ငံမှ ကာကွယ်ဆေး (၃၀)သန်း doses အား စာချုပ်ချုပ်ဆို၍ ဝယ်ယူခဲ့ပါသည်။ သို့ရာတွင် COVAX Facility မှ ၎င်း၏အခြား အဖွဲ့ဝင်နိုင်ငံများသို့ Round-4 အထိ ကာကွယ်ဆေးပံ့ပိုးမှုများ ဆောင်ရွက်ခဲ့သော်လည်း မြန်မာနိုင်ငံသို့ ယနေ့အချိန်အထိ ကာကွယ်ဆေးများ ပို့ဆောင်မှု မရှိသေးဘဲ ပို့ဆောင်မည့်ကာလနှင့်ပတ်သက်၍ အကြိမ်ကြိမ်ရွေ့ဆိုင်းခဲ့ခြင်းများ ရှိခဲ့ပါသည်။ အိန္ဒိယနိုင်ငံအနေဖြင့် ၎င်းတို့နိုင်ငံတွင် ရောဂါဖြစ်ပွားမှု အခြေအနေအရ ကာကွယ်ဆေး တင်ပို့ခြင်းကို ခေတ္တရပ်ဆိုင်း ထားခဲ့ပြီး မြန်မာနိုင်ငံသို့ ကာကွယ်ဆေး လှူဒါန်းမှု(၁.၅)သန်း doses နှင့် ဝယ်ယူမှု(၂)သန်း doses စုစုပေါင်း(၃.၅)သန်း doses သာ ပို့ဆောင်နိုင်ခဲ့ပါသည်။

၃။ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီသည် ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေး ထပ်မံရရှိရေးနှင့် ကာကွယ်ဆေးထိုးလုပ်ငန်းများ အရှိန်အဟုန်မြှင့်တင် ဆောင်ရွက်နိုင်ရေးတို့ကို အထူးဦးစားပေး လုပ်ငန်းများအဖြစ် လမ်းညွှန်မှု၊ ပံ့ပိုးမှုများပေးအပ်ခဲ့ရာ ၂-၁၀-၂၀၂၁ ရက်အထိ နိုင်ငံတော်၏ အစီအစဉ်ဖြင့် ဝယ်ယူထားသောကာကွယ်ဆေးနှင့် မိတ်ဆွေနိုင်ငံများမှ လှူဒါန်းသော ကာကွယ်ဆေး စုစုပေါင်း(၂၃) သန်းကျော် doses အား လက်ခံရရှိပြီးဖြစ်ပါသည်။ ဆက်လက်၍ ၂၀၂၁ ခုနှစ်အတွင်း တရုတ်ပြည်သူ့ သမ္မတနိုင်ငံမှ ဝယ်ယူထားခြင်းနှင့် လှူဒါန်းခြင်းမှ ကာကွယ်ဆေး (၁၄)သန်း doses ထပ်မံရရှိမည်ဖြစ်ပါသည်။ ပြည်တွင်း၌ ကာကွယ်ဆေး ထုတ်လုပ်နိုင်ရေးကိုလည်း မိတ်ဆွေနိုင်ငံများနှင့် ညှိနှိုင်းဆောင်ရွက် လျက်ရှိပါသည်။ ထို့အပြင် ကျန်းမာရေး ဝန်ကြီးဌာနသည် ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေးများ တင်သွင်းထိုးနှံရာတွင် ပုဂ္ဂလိကကဏ္ဍမှလည်း ကျယ်ပြန့်စွာပါဝင် ဆောင်ရွက်ခြင်းပြုနိုင်ရန်အတွက် စနစ်တကျ တင်သွင်းခွင့် ပြုလျက်ရှိပါသည်။

၄။ နိုင်ငံတော်၏အစီအစဉ်ဖြင့် ဝယ်ယူထားသော ကာကွယ်ဆေးများ၊ လှူဒါန်းမှုများမှရရှိသော ကာကွယ်ဆေးများနှင့် ပုဂ္ဂလိက ကဏ္ဍမှတင်သွင်းသော ကာကွယ်ဆေးများကို အသုံးပြု၍ ကိုဗစ်-၁၉ ကာကွယ်ဆေးထိုးနှံခြင်း ဆောင်ရွက်ရာတွင် ကမ္ဘာ့ ကျန်းမာရေးအဖွဲ့၏ ကိုဗစ်-၁၉ ရောဂါကာကွယ် ဆေးထိုးနှံခြင်း လုပ်ငန်းလမ်းညွှန်နှင့်အညီ ရေးဆွဲထားသည့် မြန်မာနိုင်ငံ ကိုဗစ်-၁၉ ရောဂါကာကွယ် ဆေးထိုးနှံရေးစီမံချက် (Myanmar National COVID-19 Vaccine Deployment Plan)အရ အသက် အုပ်စုအလိုက် ပြည်သူများ၊ ကျန်းမာရေးဝန်ထမ်းများ၊ အကျဉ်းထောင်/အချုပ်ထောင်မှ အကျဉ်းသားများ၊ မသန်စွမ်းသူများ၊ တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့အစည်းများမှ တပ်ဖွဲ့ဝင်နှင့် မိသားစုဝင်များ၊ ရွှေ့ပြောင်းလူအုပ်စုများနှင့် ယာယီစခန်းများတွင် ရောက်ရှိနေသူများ၊ အသက်(၁၂)နှစ်နှင့်အထက် ကျောင်းသားလူငယ်များ စသည်ဖြင့် ဦးတည်အုပ်စု(၂၄)ခု သတ်မှတ်၍ ဦးစားပေးအစီအစဉ်များအလိုက် ကာကွယ်ဆေး ထိုးနှံခြင်း စီမံခန့်ခွဲမှုသတင်းအချက်အလက်စနစ် (Vaccine Management Information System-VMIS)တွင် စနစ်တကျထည့်သွင်း၍ ကာကွယ်ဆေးများ ထိုးနှံပေးလျက်ရှိပါသည်။ ထိုသို့ထိုးနှံပေးရာတွင် မည်သူတစ်ဦးတစ်ယောက်မျှ မကျန်ရှိစေရေးနှင့် လူမျိုး၊ ကိုးကွယ်သည့် ဘာသာ၊ ကျား/မ၊ လူမှုစီးပွားအဆင့်အတန်း၊ နိုင်ငံရေးနှီးနွှယ်မှုအရ ခွဲခြားခြင်းမပြုဘဲ ဆောင်ရွက်ပေးလျက်ရှိပါသည်။ ကာကွယ်ဆေးထိုးနှံပြီးပါကလည်း ထိုးနှံပြီးကြောင်း QR code ပါရှိသည့် လက်မှတ်များကိုလည်း ထုတ် ပေးလျက်ရှိပါသည်။

၅။ ၂၇-၁-၂၀၂၁ ရက်နေ့မှ ၄-၁၀-၂၀၂၁ ရက်နေ့အထိ လူဦးရေစုစုပေါင်း(၈.၆၈)သန်းအား ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေး ထိုးနှံပြီးဖြစ်ပါသည်။ ကာကွယ်ဆေးနှစ်ကြိမ်အပြည့် ထိုးနှံပြီးစီး သူ (၃.၉၂)သန်း၊ အသက်(၁၈)နှစ်နှင့်အထက် လူဦးရေ၏ (၁၀.၆၃)ရာခိုင်နှုန်းခန့်ကို အကြိမ်ပြည့် ထိုးနှံပေးပြီးဖြစ်ပါသည်။ ပထမအကြိမ် ထိုးနှံပြီးသူမှာလည်း (၄.၇၆)သန်းရှိပါ၍ စုစုပေါင်း အကြိမ်ရေ (၁၂.၆)သန်း ထိုးနှံပြီးဖြစ်ကာ ရည်မှန်းကာကွယ်ဆေးအကြိမ်ရေ၏ (၁၇.၀၈) ရာခိုင်နှုန်းအား ထိုးနှံပြီးဖြစ်ပါသည်။ ဆက်လက်၍လည်း ကမ္ဘာ့ကျန်းမာရေးအဖွဲ့မှ သတ်မှတ် ထားသည့် စံချိန်စံညွှန်းများနှင့်အညီ ဦးတည်အုပ်စုအလိုက် ကာကွယ်ဆေးလွှမ်းခြုံမှုများ အပြည့်အဝရရှိစေရေးအတွက် မိမိတို့ရရှိထားသည့် ကာကွယ်ဆေးများဖြင့် ဆောင်ရွက်သွားမည် ဖြစ်ပါသည်။

၆။ ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေးထိုးစုရပ်များအပါအဝင် ရောဂါကာကွယ်ထိန်းချုပ်ရေး လုပ်ငန်းများ ဆောင်ရွက်ရာ နေရာများကို တရားမဝင်အဖွဲ့အစည်းများနှင့် အကြမ်းဖက် အဖွဲ့အစည်းများမှ ၃၀-၉-၂၀၂၁ ရက်နေ့အထိ အကြမ်းဖက်တိုက်ခိုက်မှု (၁၆) ကြိမ် ပြုလုပ်ခဲ့ခြင်းကြောင့်သာ ကာကွယ်ထိန်း ချုပ်ရေးလုပ်ငန်း ဆောင်ရွက်နေသူများနှင့် ကာကွယ်ဆေး လာရောက် ထိုးနှံသူများတွင် အသက်သေဆုံး သည်အထိ ဖြစ်ပွားခြင်းနှင့် ထိခိုက်ဒဏ်ရာရ ဖြစ်စဉ်များ ဖြစ်ပွားခဲ့ပါသည်။

၇။ ဤကဲ့သို့ အကြမ်းဖက်တိုက်ခိုက်မှုများအပါအဝင် ကြုံတွေ့ခဲ့ရသည့် အခက်အခဲများရှိသော် လည်း နိုင်ငံတော် စီမံအုပ်ချုပ်ရေး ကောင်စီ၏ လမ်းညွှန်မှု၊ Coronavirus Disease 2019(COVID-19) ကာကွယ်၊ ထိန်းချုပ်၊ ကုသရေး ဗဟိုကော်မတီ၏ စီမံခန့်ခွဲမှု၊ Coronavirus Disease 2019(COVID-19) ထိန်းချုပ်ရေးနှင့် အရေးပေါ်တုံ့ပြန်ရေးကော်မတီ၏ အနီးကပ်ကြီးကြပ် ကွပ်ကဲမှုတို့ဖြင့် ကျန်းမာရေး ဝန်ကြီးဌာနသည် နှီးနွှယ်ဝန်ကြီးဌာနများ၊ စေတနာ့ဝန်ထမ်းများ၊ လူမှုရေးအဖွဲ့အစည်းများနှင့် ဟန်ချက်ညီညီ ပူးပေါင်း၍ ဓာတ်ခွဲနမူနာများ တိုးမြှင့်စစ်ဆေး ပေးခြင်းအပါအဝင် ရောဂါကာကွယ်ထိန်းချုပ်ရေး လုပ်ငန်းများ တိုးမြှင့်ဆောင်ရွက် ခဲ့ပါသည်။ ကိုဗစ်-၁၉ ရောဂါဖြစ်ပွားမှုတတိယလှိုင်း၌ အခြားကမ္ဘာ့ နိုင်ငံများနည်းတူ မြန်မာနိုင်ငံတွင် ဒယ်လ်တာမျိုးဗီဇပြောင်း ရောဂါပိုးကြောင့် ရောဂါဖြစ်ပွားမှုနှင့် ပိုးတွေ့ရှိမှုနှုန်း မြင့်မားခဲ့သော် လည်း ပြည်သူလူထု၏ ပူးပေါင်းဆောင်ရွက်မှု အားကောင်းလာသည်နှင့်အတူ ရောဂါဖြစ်ပွား မှုနှင့် ပိုးတွေ့ရှိမှုနှုန်းများ သိသာစွာကျဆင်းလျက်ရှိရာ အာဆီယံနိုင်ငံများနှင့် နှိုင်းယှဉ်ပါက မြန်မာနိုင်ငံသည် ကိုဗစ်-၁၉ ရောဂါဖြစ်ပွားမှုအနေဖြင့် အမှတ်စဉ်(၆)၊ သေဆုံးမှုအနေဖြင့် အမှတ်စဉ်(၅)နေရာတွင် ရှိနေပါသည်။

၈။ ၂၈-၇-၂၀၂၁ ရက်နေ့တွင် GAVI အဖွဲ့မှ လာရောက်၍ ကျန်းမာရေးဝန်ကြီးဌာနမှ တာဝန်ရှိသူများနှင့်တွေ့ဆုံပြီး Pfizer ကာကွယ်ဆေးများ ပံ့ပိုးပေးနိုင်ရေး၊ UNICEF အဖွဲ့မှ အအေးလမ်း ကြောင်း အဆင်သင့်ဖြစ်စေရေးအတွက် Ultra Cold Chain ရေခဲသေတ္တာများနှင့် ကာကွယ်ဆေး ထိုးနှံရန် လိုအပ် သည့် ဆေးထိုးအပ် AD Syringe 0.5 ml များ ပံ့ပိုးပေးနိုင်ရေး ညှိနှိုင်းခဲ့ပါသည်။ ၎င်းအပြင် ၃-၈-၂၀၂၁၊ ၁၂-၈-၂၀၂၁၊ ၁၆-၈-၂၀၂၁ နှင့် ၂၃-၈-၂၀၂၁ ရက်နေ့တို့တွင် GAVI, WHO နှင့် UNICEF အဖွဲ့များမှ ကိုယ်စားလှယ်များနှင့် ရန်ကုန်မြို့အခြေစိုက် WHO, UNICEF ရုံးမှ ကိုယ်စားလှယ်များပါဝင်၍ ကမ္ဘာ့ နိုင်ငံများသို့ Round-5 အဖြစ် ကာကွယ်ဆေးပံ့ပိုးရာတွင် မြန်မာနိုင်ငံသို့ Pfizer ကာကွယ်ဆေး (၄,၀၄၈,၂၀၀) doses နှင့် Round-6 အဖြစ် Sinovac ကာကွယ်ဆေး (၂,၂၄၂,၈၀၀) doses ကို ပံ့ပိုးပေး နိုင်ရေး ကျန်းမာရေးဝန်ကြီးဌာနနှင့် ညှိနှိုင်းဆွေးနွေးခဲ့ကြပါသည်။

၉။ သို့ဖြစ်ပါ၍ GAVI COVAX Facility မှ ကာကွယ်ဆေးများ ပံ့ပိုးပေးမည်ဆိုပါက Coronavirus Disease 2019(COVID-19) ထိန်းချုပ်ရေးနှင့် အရေးပေါ်တုံ့ပြန်ရေးကော်မတီ၏ ကြီးကြပ်မှု၊ ကျန်းမာရေး ဝန်ကြီးဌာန၊ နှီးနွှယ်ဝန်ကြီးဌာနများ၏ ဦးဆောင်မှုများနှင့် ကာကွယ်ဆေး ထိုးနှံခြင်း စီမံခန့်ခွဲမှု သတင်းအချက်အလက်စနစ် (Vaccine Management Information System-VMIS) (vmis@mohs.gov.mm) တွင်ထည့်သွင်း၍ စနစ်တကျဆောင်ရွက်သွားမည် ဖြစ်ပါကြောင်း အသိပေးကြေညာ အပ်ပါသည်။

ကျန်းမာရေးဝန်ကြီးဌာန