Skip to main content

ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်နှင့် ထိုင်းနိုင်ငံတို့အကြား နှစ်နိုင်ငံတွေ့ဆုံဆွေးနွေးပွဲ ကျင်းပပြုလုပ်၊ နားလည်မှုစာချွန်လွှာများနှင့် သဘောတူစာချုပ်များ အပြန်အလှန်လက်မှတ်ရေးထိုးလဲလှယ်

နေပြည်တော် ဩဂုတ် ၆

ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်နှင့် ထိုင်းနိုင်ငံတို့အကြား နှစ်နိုင်ငံတွေ့ဆုံဆွေးနွေးပွဲကို ဗန်ကောက်မြို့ရှိ အစိုးရအိမ်တော် Pakdi Bodin Building ၌ ကျင်းပပြုလုပ်သည်။

အဆိုပါ တွေ့ဆုံဆွေးနွေးပွဲသို့ ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် နိုင်ငံတော်သမ္မတ ဦးမင်းအောင်လှိုင် ထိုင်းနိုင်ငံဝန်ကြီးချုပ် မစ္စတာ အနုထင် ချာဝီရကွန်တို့နှင့်အတူ ပြည်ထောင်စုဝန်ကြီးများဖြစ်ကြသည့် ဦးခင်မောင်ရီ၊ ဦးတင်မောင်ဆွေ၊ ဦးကိုကိုလွင်၊ ဦးခင်မောင်စိုး၊ ဦးထွန်းအုံ၊ ကရင်ပြည်နယ်ဝန်ကြီးချုပ် ဦးစောမြင့်ဦး၊ တနင်္သာရီဝန်ကြီးချုပ် ဦးဇော်နိုင်ဦး၊ ခရီးစဉ်တွင်လိုက်ပါလာကြသည့် ဒုတိယဝန်ကြီးများနှင့်တာဝန်ရှိသူများ၊ ထိုင်းနိုင်ငံဆိုင်ရာ မြန်မာနိုင်ငံသံအမတ်ကြီး ဦးဇော်ဇော်စိုး၊ မြန်မာစစ်သံ(ကြည်း၊ ရေ၊ လေ) ဗိုလ်မှူးချုပ် ဝင်းသူလင်းနှင့် တာဝန်ရှိသူများတက်ရောက်ကြပြီး ထိုင်းနိုင်ငံအစိုးရအဖွဲ့မှ အဆင့်မြင့်အရာရှိကြီးများနှင့် တာဝန်ရှိသူများ တက်ရောက်ကြသည်။

ထိုသို့တွေ့ဆုံဆွေးနွေးစဉ် ထိုင်းနိုင်ငံဝန်ကြီးချုပ်က ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် နိုင်ငံတော်သမ္မတ ဦးမင်းအောင်လှိုင် ဦးဆောင်သည့် မြန်မာနိုင်ငံမှအဆင့်မြင့်ကိုယ်စားလှယ်အဖွဲ့ဝင်များအား လှိုက်လှဲနွေးထွေးစွာဖြင့်ကြိုဆိုပါကြောင်း၊ မိမိတို့နှစ်နိုင်ငံသည် အိမ်နီးချင်းကောင်း၊ မိတ်ဆွေကောင်းနိုင်ငံများဖြစ်ကြပြီး ထိုင်းနိုင်ငံသည် မြန်မာနိုင်ငံအတွက် ယုံကြည်စိတ်ချရသည့်နိုင်ငံဖြစ်ပါကြောင်း၊ နှစ်နိုင်ငံအကြား ရှည်လျားသည့်နယ်နိမိတ်ထိစပ်နေမှုနှင့်အတူ ငြိမ်းချမ်းရေးနှင့်ဖွံ့ဖြိုးတိုးတက်ရေးတို့သည်လည်း အပြန်အလှန်ဆက်စပ်လျက်ရှိနေပါကြောင်း၊ အာဆီယံအဖွဲ့အတွင်း မြန်မာနိုင်ငံအနေဖြင့် မူလအခြေအနေကဲ့သို့ ပြန်လည်ပါဝင်နိုင်ရေးအတွက်ကိုလည်း ထိုင်းနိုင်ငံမှလိုလားပါကြောင်း၊ မိမိတို့နှစ်နိုင်ငံအကြား အပြန်အလှန်ပူးပေါင်းဆောင်ရွက်မှုများကို ဆက်လက်ဆောင်ရွက်သွားနိုင်မည့် အခွင့်အလမ်းကောင်းများစွာလည်း ရှိနေသည်ဖြစ်သည့်အတွက် ယနေ့ဆွေးနွေးပွဲသည် နှစ်နိုင်ငံအတွက်အကျိုးရှိသည့် ဆွေးနွေးပွဲဖြစ်ပါကြောင်း၊ ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် နိုင်ငံတော်သမ္မတကြီးအနေဖြင့် နှစ်နိုင်ငံအကျိုးစီးပွားအတွက် ရင်းနှီးပွင့်လင်းစွာဆွေးနွေးပေးနိုင်ပါရန် ဖိတ်ခေါ်အပ်ပါကြောင်း ဦးစွာ နှုတ်ခွန်းဆက်စကားပြောကြားသည်။
ထို့နောက် နိုင်ငံတော်သမ္မတက မြန်မာနိုင်ငံနှင့်ထိုင်းနိုင်ငံတို့သည် ရှေးယခင်နှစ်ပေါင်းများစွာကတည်းက ဆက်နွှယ်ရင်းနှီးမှုများရှိသည့် နိုင်ငံများဖြစ်ကြပြီး ခွဲခွာ၍မရသည့် အိမ်နီးချင်းနိုင်ငံများဖြစ်သကဲ့သို့ နှစ်ဖက်ပြည်သူများအကြားဆက်နွှယ်မှု၊ ဆက်ဆံမှုအလွန်ခိုင်မာသည့်နိုင်ငံများဖြစ်ကြကြောင်း၊ နှစ်နိုင်ငံလုံး၌ ဘာသာရေးဆိုင်ရာတန်ဖိုးထားမှု၊ ဓလေ့ထုံးစံ၊ ယဉ်ကျေးမှု၊ ဓလေ့စရိုက်၊ အစားအသောက်များမှအစ တူညီမှုရှိသည့်အတွက် ပြည်သူများအကြားချစ်ကြည်ရင်းနှီးမှု အမြင့်ဆုံးရှိသည့်နိုင်ငံများဟုဆိုနိုင်ကြောင်း၊ မိမိအား နိုင်ငံတော်သမ္မတအဖြစ် ရွေးကောက်တင်မြှောက်ခြင်းခံရမှုအပေါ် အဆွေတော်ထံမှ ဝမ်းမြောက်ကြောင်းသဝဏ်လွှာပေးပို့ခဲ့မှုနှင့် နိုင်ငံတော်သမ္မတအဖြစ် ကတိသစ္စာပြုခြင်းအခမ်းအနားသို့ ထိုင်းနိုင်ငံမှ အထူးကိုယ်စားလှယ်စေလွှတ်တက်ရောက်စေခြင်းတို့အပေါ် လှိုက်လှဲစွာကျေးဇူးတင်ရှိပါကြောင်း၊ မိမိတို့နှစ်ဦး၏ ယခုတွေ့ဆုံမှုမှတစ်ဆင့် နှစ်နိုင်ငံအကြား ရှိရင်းစွဲကောင်းမွန်သည့် ကဏ္ဍစုံပူးပေါင်းဆောင်ရွက်မှုများကို ပိုမိုမြှင့်တင်နိုင်ရေး ရင်းနှီးပွင့်လင်းစွာဆွေးနွေးနိုင်မည်ဟု ယုံကြည်ပါကြောင်း။

ယခုအချိန်သည် နှစ်နိုင်ငံလုံးအတွက် အရေးကြီးသည့်အကူးအပြောင်းကာလဟုဆိုနိုင်ပြီး ထိုင်းနိုင်ငံ၌ ရွေးကောက်ပွဲရလဒ်များမှတစ်ဆင့် အစိုးရသစ်တစ်ရပ်ပေါ်ထွက်လာခဲ့သကဲ့သို့ မြန်မာနိုင်ငံတွင်လည်း ရွေးကောက်ခံအစိုးရသစ်ပေါ်ထွက်လာသည့် အချိန်ဖြစ်ကြောင်း၊ မြန်မာနိုင်ငံအနေဖြင့် ဒီမိုကရေစီလမ်းကြောင်းပေါ်သို့ ပြန်လည်အခြေချပြီး ပိုမိုကောင်းမွန်သည့်အနာဂတ်ဆီကို ဦးတည်လျှောက်လှမ်းနေပြီဖြစ်ကာ မိမိတို့အစိုးရသစ်အနေဖြင့် လက်ရှိတွင် နိုင်ငံတော်တည်ငြိမ်အေးချမ်းရေး၊ ငြိမ်းချမ်းရေးနှင့်အမျိုးသားပြန်လည်စည်းလုံးညီညွတ်ရေးကို ဦးစားပေးဆောင်ရွက်လျက်ရှိကြောင်း၊ နိုင်ငံတကာဆက်ဆံရေးတွင်လည်း အိမ်နီးချင်းနှင့် ဒေသတွင်းမိတ်ဖက်နိုင်ငံများနှင့် ချစ်ကြည်ရင်းနှီးသည့်ဆက်ဆံရေးကို ထိန်းသိမ်းထားပြီး အာဆီယံနှင့်လည်း ပုံမှန်ဆက်ဆံရေး ပြန်လည်ရရှိရေးကို အလေးထားဆောင်ရွက်သွားမည်ဖြစ်ကြောင်း။

ရွေးကောက်ခံအစိုးရသစ်ပေါ်ထွက်လာသည့် ငြိမ်းချမ်းရေးနှင့်ပတ်သက်၍ မြန်မာနိုင်ငံသည် ပါတီစုံဒီမိုကရေစီစနစ်ကို လျှောက်လှမ်းသည်မှာ ၁၅ နှစ်တာကာလမျှသာရှိသေးပြီး ဒီမိုကရေစီစနစ်ခိုင်မာစေရေး ငြိမ်းချမ်းရေးသည်မဖြစ်မနေလိုအပ်သည့်အတွက် ငြိမ်းချမ်းရေးလုပ်ငန်းစဉ်ကို အဓိကဦးစားပေးဆောင်ရွက်လျက်ရှိနေကြောင်း၊ ထိုသို့ဆောင်ရွက်ရာတွင်လည်း တစ်နိုင်ငံလုံးပစ်ခတ်တိုက်ခိုက်မှုရပ်စဲရေး သဘောတူစာချုပ်(NCA) လမ်းကြောင်းအတိုင်း ဆောင်ရွက်သွားမည်ဖြစ်ပြီး နှစ်နိုင်ငံနယ်စပ်ဒေသတည်ငြိမ်အေးချမ်းရေးအတွက် မြန်မာနိုင်ငံ၏ ငြိမ်းချမ်းရေးလုပ်ငန်းစဉ်ကို ထိုင်းနိုင်ငံမှပံ့ပိုးကူညီလိုကြောင်း ကြားသိရသည့်အတွက်လည်း ကြိုဆိုအသိအမှတ်ပြုပါကြောင်း၊ ၂၀၁၅ ခုနှစ် NCA စတင်လက်မှတ်ရေးထိုးစဉ်ကတည်းက ထိုင်းနိုင်ငံက နိုင်ငံတကာအသိသက်သေအဖြစ်ပါဝင်ခဲ့ပြီး NCA နှစ်ပတ်လည်အခမ်းအနားများကိုလည်း ကိုယ်စားလှယ်စေလွှတ်တက်ရောက်စေခဲ့သည့်အတွက် မြန်မာ့ငြိမ်းချမ်းရေးလုပ်ငန်းစဉ်အပေါ် ထိုင်းနိုင်ငံရဲ့အစဉ်တစိုက် ပံ့ပိုးကူညီမှုများကိုကျေးဇူးတင်ရှိပါကြောင်း။

မြန်မာနိုင်ငံအနေဖြင့် ဒီမိုကရေစီနှင့်ဖက်ဒရယ်စနစ်ကိုအခြေခံသည့် ပြည်ထောင်စုဆီသို့ ဦးတည်လျှောက်လှမ်းလျက်ရှိပြီး ဖြတ်သန်းခဲ့ရသည့် သမိုင်းအဆက်ဆက်၏ အတွေ့အကြုံများအရ မိမိတို့နိုင်ငံနှင့်ကိုက်ညီသည့် ဒေသကိုအခြေခံသည့်ဖက်ဒရယ်စနစ်ကို ကျင့်သုံးသွားမည်ဖြစ်ကြောင်း၊ မိမိတို့အစိုးရအနေဖြင့် တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့များနှင့် အကြမ်းဖက်အဖွဲ့များကို နိုင်ငံရေးပြဿနာကို နိုင်ငံရေးနည်းဖြင့် ငြိမ်းချမ်းစွာဖြေရှင်းရန် အကြိမ်ကြိမ်ဖိတ်ခေါ်ထားပြီးဖြစ်ပြီး NCA လက်မှတ်ရေးထိုးထားသည့် တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့များသာမက လက်မှတ်ရေးထိုးထားခြင်းမရှိသေးသည့် အဖွဲ့များနှင့်လည်း ငြိမ်းချမ်းရေးဆွေးနွေးမှုများ ဆောင်ရွက်လျက်ရှိကြောင်း။

မိမိတို့နှစ်နိုင်ငံအနေဖြင့် အစိုးရချင်းဆက်ဆံရေး၊ တပ်မတော်အချင်းချင်းဆက်ဆံရေး၊ ပြည်သူအချင်းချင်းနှင့် အဖွဲ့အစည်းများအကြားဆက်ဆံရေးတို့တွင် ကဏ္ဍပေါင်းစုံ၌ခိုင်မာအားကောင်းလျက်ရှိပြီး မဟာဗျူဟာမြောက်မိတ်ဖက်ဆက်ဆံရေး (Natural Strategic Partnership) အဆင့်ရှိသည့် နိုင်ငံများလည်းဖြစ်ကြောင်း၊ မိမိတို့နှစ်နိုင်ငံအကြား သံတမန်ဆက်ဆံရေးကို ၁၉၄၈ ခုနှစ်တွင် စတင်ထူထောင်ခဲ့ခြင်းဖြစ်သဖြင့် ၂၀၂၈ ခုနှစ်တွင် သံတမန်ဆက်ဆံရေးထူထောင်မှု နှစ်(၈၀)ပြည့်မြောက်မည်ဖြစ်ကြောင်း၊ နှစ်နိုင်ငံအကြား ချစ်ကြည်ရင်းနှီးမှု၊ နိုင်ငံရေးနှင့် လုံခြုံရေးဆိုင်ရာပူးပေါင်းဆောင်ရွက်မှုများမှတစ်ဆင့် နှစ်နိုင်ငံပြည်သူများအကျိုးအတွက် ပိုမိုနီးကပ်သည့်မိတ်ဖက်ဆက်ဆံရေးကို ဆက်လက်ခိုင်မာအားကောင်းလာအောင် ဆောင်ရွက်သွားနိုင်လိမ့်မည်ဟု ယုံကြည်ပါကြောင်း၊ ယနေ့တွေ့ဆုံမှုမှရလဒ်ကောင်းများကို လက်တွေ့ကျကျ အကောင်ထည်ဖော်ဆောင်ရွက်သွားနိုင်မည်ဟု ယုံကြည်ပါကြောင်းနှင့် နောင်အနာဂတ်တွင်လည်း လက်ရှိပူးပေါင်းဆောင်ရွက်မှုနှင့် ချစ်ကြည်ရင်းနှီးမှုအရှိန်အဟုန်များကို ပိုမိုခိုင်မာအောင်ဆောင်ရွက်သွားနိုင်မည်ဟု ယုံကြည်ပါကြောင်း ပြောကြားသည်။

ယင်းနောက် ထိုင်းနိုင်ငံဝန်ကြီးချုပ်က ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် နိုင်ငံတော်သမ္မတကြီးအနေဖြင့် ယခုကဲ့သို့ နှစ်နိုင်ငံဆက်ဆံရေးနှင့် အကျိုးစီးပွားအတွက် ရင်းနှီးပွင့်လင်းစွာဆွေးနွေးပြောကြားပေးမှုများအတွက် ကျေးဇူးတင်ရှိပါကြောင်းနှင့် ထိုင်းနိုင်ငံသည် မြန်မာနိုင်ငံအတွက် အမြဲတမ်းယုံကြည်ရသည့် မိတ်ဆွေနိုင်ငံဖြစ်ပါကြောင်း၊ ထိုင်းနိုင်ငံအနေဖြင့် နယ်စပ်ဆိုင်ရာများနှင့်ပတ်သက်၍ နှစ်နိုင်ငံနှင့် နှစ်နိုင်ငံပြည်သူများ၏ အကျိုးစီးပွားကိုရှေးရှု၍ ဆောင်ရွက်သွားမည်ဖြစ်ပါကြောင်း၊ ဖွံ့ဖြိုးတိုးတက်ရေးဆိုင်ရာများနှင့်ပတ်သက်၍ ထိုင်းနိုင်ငံအနေဖြင့် မြန်မာနိုင်ငံအပေါ် ဖွံ့ဖြိုးရေးမိတ်ဖက်နိုင်ငံအဖြစ် ဆက်လက်ပူးပေါင်းဆောင်ရွက်သွားမည်ဖြစ်ပါကြောင်း၊ နှစ်နိုင်ငံအကြားကဏ္ဍစုံတွင် ပူးပေါင်းဆောင်ရွက်မှုများကို ဆက်လက်အကောင်အထည်ဖော်ဆောင်ရွက်သွားခြင်းအားဖြင့် နှစ်နိုင်ငံပြည်သူများ၏ အကျိုးစီးပွားကို ဖော်ဆောင်နိုင်မည်ဟုယုံကြည်ပါကြောင်း ပြန်လည်ပြောကြားသည်။
ဆက်လက်၍ နိုင်ငံတော်သမ္မတနှင့် ထိုင်းနိုင်ငံဝန်ကြီးချုပ်တို့သည် နှစ်နိုင်ငံလွှတ်တော်များအကြား အပြန်အလှန်လေ့လာရေးခရီးစဉ်များစေလွှတ်၍ ပူးပေါင်းဆောင်ရွက်မှုများ တိုးမြှင့်ဆောင်ရွက်နိုင်မည့်အခြေအနေ၊ ကာကွယ်ရေးကဏ္ဍတွင် နှစ်နိုင်ငံအကြား မဟာဗျူဟာအဆင့် လုံခြုံရေးဆိုင်ရာပူးပေါင်းဆောင်ရွက်မှုများ ပိုမိုခိုင်မာစေရေး တိုးမြှင့်ဆောင်ရွက်သွားနိုင်မည့်အခြေအနေ၊ နယ်စပ်ဒေသလုံခြုံရေး၊ မူးယစ်ဆေးဝါးရောင်းဝယ်မှု၊ အွန်လိုင်းလိမ်လည်မှု၊ လူကုန်ကူးမှု၊ တရားမဝင်ကုန်သွယ်မှုတို့အပါအဝင် နိုင်ငံဖြတ်ကျော်မှုခင်းတိုက်ဖျက်ရေးတို့၌ ပူးပေါင်းဆောင်ရွက်သွားမည့်အခြေအနေ၊ စီးပွားရေးကဏ္ဍ၊ ကုန်သွယ်ရေးကဏ္ဍ၊ လေကြောင်းပို့ဆောင်ရေးကဏ္ဍ၊ ခရီးသွားလုပ်ငန်းကဏ္ဍ၊ စွမ်းအင်ကဏ္ဍ၊ ယဉ်ကျေးမှုဆိုင်ရာနှင့် သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးကဏ္ဍတို့၌ ပူးပေါင်းဆောင်ရွက်မှုများကို တိုးမြှင့်ဆောင်ရွက်သွားနိုင်မည့်အခြေအနေ၊ နှစ်နိုင်ငံအကြား ရွှေ့ပြောင်းအလုပ်သမားရေးရာကိစ္စရပ်များတွင် ပိုမိုနီးကပ်စွာပူးပေါင်းဆောင်ရွက်သွားနိုင်မည့် အခြေအနေများနှင့်ပတ်သက်၍ ခင်မင်ရင်းနှီးစွာ အမြင်ချင်းဖလှယ်ဆွေးနွေးခဲ့ကြသည်။

နားလည်မှုစာချွန်လွှာများနှင့် သဘောတူစာချုပ်များ အပြန်အလှန်လဲလှယ်

တွေ့ဆုံပွဲအပြီးတွင် ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်နှင့် ထိုင်းနိုင်ငံတို့အကြား နားလည်မှုစာချွန်လွှာနှင့် သဘောတူစာချုပ်လဲလှယ်ခြင်းအခမ်းအနားကို ဆက်လက်ကျင်းပပြုလုပ်ခဲ့ပြီး ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်နှင့် ထိုင်းနိုင်ငံတို့အကြား အလုပ်သမားရေးရာ ပူးပေါင်းဆောင်ရွက်မှု နားလည်မှုစာချွန်လွှာ၊ လုပ်သားများခန့်ထားရေးဆိုင်ရာ သဘောတူညီချက်၊ အာကာသနည်းပညာဆိုင်ရာဖွံ့ဖြိုးတိုးတက်ရေးနားလည်မှုစာချွန်လွှာ၊ နယ်နိမိတ်နှင့် နယ်စပ်ဖြတ်ကျော်မြစ်များ၏ ရေအရည်အသွေးစီမံခန့်ခွဲမှုဆိုင်ရာပူးတွဲလုပ်ငန်းအဖွဲ့၏ လုပ်ငန်းလမ်းညွှန်များ စသည့်သဘောတူစာချုပ်နှင့် နားလည်မှုစာချွန်လွှာ ၄ ခုတို့ကို နှစ်နိုင်ငံမှ သက်ဆိုင်ရာကဏ္ဍအလိုက်တာဝန်ရှိသူများက ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် နိုင်ငံတော်သမ္မတ ဦးမင်းအောင်လှိုင်နှင့် ထိုင်းနိုင်ငံဝန်ကြီးချုပ် မစ္စတာ အနုထင် ချာဝီရကွန်တို့၏ ရှေ့မှောက်၌ လဲလှယ်ကြသည်။
လက်မှတ်ရေးထိုးပွဲအပြီးတွင် နှစ်နိုင်ငံအကြီးအကဲနှစ်ဦးတို့သည် တက်ရောက်လာကြသည့် နှစ်နိုင်ငံမှ တာဝန်ရှိသူများအား ရင်းရင်းနှီးနှီးနှုတ်ဆက်ခဲ့ကြသည်။ ထို့နောက် နိုင်ငံတော်သမ္မတသည် အစိုးရအိမ်တော်မှ ပြန်လည်ထွက်ခွာရာ ထိုင်းနိုင်ငံဝန်ကြီးချုပ်က နိုင်ငံတော်သမ္မတ လိုက်ပါစီးနင်းမည့် အထူးယာဉ်တန်းနေရာအထိ ရင်းရင်းနှီးနှီးလိုက်ပါနှုတ်ဆက်ခဲ့ကြောင်း သတင်းရရှိသည်။

သတင်းစဉ်