နေပြည်တော် ဩဂုတ် ၆
ထိုင်းနိုင်ငံဝန်ကြီးချုပ် မစ္စတာ အနုထင် ချာဝီရကွန်၏ဖိတ်ကြားချက်အရ ထိုင်းနိုင်ငံ၌ တရားဝင်ခရီးစဉ် (Official Visit) ရောက်ရှိနေသည့် ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် နိုင်ငံတော်သမ္မတ ဦးမင်းအောင်လှိုင်အား ယနေ့ညပိုင်းတွင် ထိုင်းနိုင်ငံဝန်ကြီးချုပ်က ဗန်ကောက်မြို့ရှိ အစိုးရအိမ်တော်၌ ဂုဏ်ပြုညစာစားပွဲဖြင့်တည်ခင်းဧည့်ခံသည်။
အဆိုပါ ဂုဏ်ပြုညစာစားပွဲသို့ နိုင်ငံတော်သမ္မတနှင့်အတူ ခရီးစဉ်တွင်လိုက်ပါလာသည့် အဆင့်မြင့်ကိုယ်စားလှယ်အဖွဲ့ဝင်များ၊ မြန်မာနိုင်ငံဆိုင်ရာ ထိုင်းနိုင်ငံသံအမတ်ကြီး၊ မြန်မာစစ်သံ(ကြည်း၊ရေ၊လေ)နှင့် တာဝန်ရှိသူများ၊ ထိုင်းနိုင်ငံအစိုးရအဖွဲ့မှ အဆင့်မြင့်အရာရှိကြီးများနှင့် တာဝန်ရှိသူများ တက်ရောက်ကြသည်။
ဦးစွာ နိုင်ငံတော်သမ္မတသည် ညစာစားပွဲကျင်းပမည့်နေရာသို့ ရောက်ရှိလာရာ ထိုင်းနိုင်ငံဝန်ကြီးချုပ်နှင့်တာဝန်ရှိသူများက လှိုက်လှဲနွေးထွေးစွာကြိုဆိုနှုတ်ဆက်ကြသည်။
ထို့နောက် ဂုဏ်ပြုညစာစားပွဲအခမ်းအနားကို စတင်ကျင်းပပြုလုပ်ရာ ထိုင်းနိုင်ငံဝန်ကြီးချုပ်နှင့် နိုင်ငံတော်သမ္မတတို့သည် နှုတ်ခွန်းဆက်စကားများပြောကြားကြပြီး ဂုဏ်ပြုညစာကို အတူတကွသုံးဆောင်ကြသည်။
ဂုဏ်ပြုညစာသုံးဆောင်နေစဉ်အတွင်း ထိုင်းနိုင်ငံယဉ်ကျေးမှုအဖွဲ့များက နှစ်နိုင်ငံတေးသီချင်းများ၊ အကအလှများဖြင့် ဂုဏ်ပြုဖျော်ဖြေတင်ဆက်ကြသည်။
ဂုဏ်ပြုညစာသုံးဆောင်အပြီးတွင် နိုင်ငံတော်သမ္မတနှင့် ထိုင်းနိုင်ငံဝန်ကြီးချုပ်တို့သည် ဂုဏ်ပြုဖျော်ဖြေတင်ဆက်ခဲ့ကြသည့် ထိုင်းနိုင်ငံယဉ်ကျေးမှုအဖွဲ့များအား ဂုဏ်ပြုပန်းစည်းပေးအပ်ခဲ့ပြီး ရင်းရင်းနှီးနှီးနှုတ်ဆက်ခဲ့ကြကြောင်း သတင်းရရှိသည်။
သတင်းစဉ်
