ခိုင်ခိုင်မာမာပေါ်ပေါက်လာမည့် တစ်ဆက်တစ်စပ်တည်း မြန်မာ့သမိုင်းစဉ်
‘‘ မြန်မာဘယ်ကစ ’’ ဟူသည့် ခေတ်ဦးမြန်မာ့သမိုင်းနှင့် စပ်လျဉ်း၍ ငြင်းချက်နှစ်ခုရှိသည်။ တစ်ခုက မြန်မာတို့သည် မြန်မာ့မြေပေါ်တွင်ပင် ပေါက်ဖွားရှင်သန်လာကြကာ အဆင့်ဆင့် တိုးတက်ထွန်းကားလာခြင်းဖြစ်သည်ဟူ၍ ဖြစ်ပြီး နောက်တစ်ခု ကမူ မြန်မာတို့သည် အခြားဒေသမှ အချိန်တိုတိုအတွင်း ဒုန်းစိုင်း ဝင်ရောက်လာကြသူများဖြစ်သည်ဟူ၍ ဖြစ်သည်။ သို့ဖြစ်ခြင်း ကြောင့် မြန်မာ့သမိုင်းကို ခေတ်အမြင်ဖြင့် လေ့လာမည်ဆိုပါက ပုဂံခေတ် အနော်ရထာမင်းမတိုင်မီ မြန်မာ့သမိုင်းသည် ငြင်းချက်များ၊ ကွက်လပ်များ၊ အနုမာန မှန်းဆဖြည့်စွက်ချက် များဖြင့် ပြည့်နှက်နေသည်။