ပလတ်စတစ်ကို လူတို့စတင်ထုတ်လုပ်သုံးစွဲခဲ့ကြသည်မှာ နှစ်ပေါင်း ၁၀၀ ကျော်ခဲ့ပြီဖြစ်သည်။ လွယ်လွယ်ကူကူ၊ ပေါပေါ များများ ထုတ်လုပ်နိုင်သည်နှင့်အမျှ ပလတ်စတစ်ကို အနည်းနည်း၊ အဖုံဖုံသုံးစွဲခဲ့ကြရာ မိမိတို့၏ နေ့စဉ်ဘဝများအထိ ပလတ်စတစ်နှင့် မကင်းနိုင်ဖြစ်ခဲ့ကြရသည်။ ပေါပေါများများ၊ လွယ်လွယ်ကူကူသုံးစွဲခဲ့သမျှကို စည်းမဲ့ကမ်းမဲ့၊ ပရမ်းပတာ စွန့်ပစ်ခဲ့ကြခြင်းကြောင့်လည်း ပလတ်စတစ်ပြဿနာသည် ကမ္ဘာနှင့်ချီသော ပတ်ဝန်းကျင်ဆိုင်ရာပြဿနာဖြစ်လာသည်။ လူနှင့်တကွ သက်ရှိသတ္တဝါတို့ကို ပြန်လည်ခြိမ်းခြောက်နေသည့် အခြေအနေသို့ ရောက်မှန်းမသိ ရောက်လာနေလျက်ရှိသည်။
ကမ္ဘာပေါ်တွင် နှစ်စဉ် ပလတ်စတစ်တန်ချိန် သန်းပေါင်း ၄၀၀ ခန့် ထုတ်လုပ်သုံးစွဲလျက်ရှိရာ ကမ္ဘာ့လူဦးရေစုစုပေါင်း၏ အလေးချိန်နှင့်ထပ်တူပင်ဖြစ်သည်ဟု ဆိုသည်။ ယင်းသို့ ထုတ်လုပ်သုံးစွဲလိုက်သည့် ပလတ်စတစ်စုစုပေါင်း၏ ၈၅ ရာခိုင် နှုန်းမှာ စွန့်ပစ်ပစ္စည်းများအဖြစ် အမှိုက်ပုံများနှင့် ပတ်ဝန်းကျင် အရပ်ရပ်ဆီသို့ ပျံ့နှံ့ရောက်ရှိသွားကြသည်။ ကမ္ဘာပေါ်တွင် လူတို့ ထုတ်လုပ်ခဲ့သမျှ ပလတ်စတစ်ပစ္စည်း စုစုပေါင်းမှာ တန်ချိန် သန်းပေါင်း ၇၀၀၀ ကျော်အထိရှိနေပြီး ၎င်းတို့အနက် ၁၀ ရာခိုင် နှုန်း၏အောက်ကိုသာ ပြန်လည်အသုံးပြုနိုင်သေးသည်ဟု ဆိုရာ ခေတ်အဆက်ဆက် စွန့်ပစ်ပလတ်စတစ်တန်ချိန် သန်းပေါင်းများစွာတို့သည် ကုန်းမြေပေါ်တွင်သာမက မြစ်ချောင်း အင်းအိုင်၊ ပင်လယ်သမုဒ္ဒရာများ၊ တောင်တန်းများပေါ်နှင့် မိုးတိမ် တိုက်များ၊ သားငှက်တိရစ္ဆာန်များ၏ ကိုယ်အင်္ဂါအစိတ်အပိုင်း များမှသည် လူ့ခန္ဓာကိုယ်အတွင်း သွေးကြော၊ ကျောက်ကပ်၊ အသည်း၊ သရက်ရွက်၊ ဦးနှောက် စသည်တို့အထိ ပျံ့နှံ့ရောက်ရှိ နေသည်ကို သုတေသနပြုလုပ်တွေ့ရှိလာကြရပြီဖြစ်သည်။
အရွယ်အစားအားဖြင့် ငါးမီလီမီတာထက် လျော့နည်း သေးငယ်သော မိုက်ခရို ပလတ်စတစ်အမှုန်များသည် ပလတ် စတစ်ထုပ်ပိုးမှုများနှင့် ပလတ်စတစ်ပုလင်းများ၊ အချို့သော အစားအစာများ၊ စက်ရုံများမှ ထွက်ပေါ်လာသည့် စွန့်ပစ်အညစ် အကြေးများ၊ ရေပိုက်များ၊ အထည်အလိပ်များ၊ အလှကုန်များ၊ ကားတာယာများ စသည်တို့မှ ထွက်လာခြင်းဖြစ်သည်ဟုဆိုသည်။ ဂျပန်သုတေသနပညာရှင်များ၏ လေ့လာမှုများတွင် တိမ်များ ထဲ၌ မိုက်ခရိုပလတ်စတစ်အမှုန်များကို တွေ့ရှိရပြီး တိမ်မှရ သည့် ရေတစ်လီတာတိုင်း၌ ပလတ်စတစ်အပိုင်းအစခုနစ်ခုခန့်မှ ၁၄ ခုခန့်အထိ ပါဝင်နေသည်ကို တွေ့ကြရသည်။ မိုက်ခရို ပလတ်စတစ်များကို မျိုချမိခြင်း၊ ရှူသွင်းခြင်းတို့ဖြင့် လူနှင့် တိရစ္ဆာန်တို့၏ ကိုယ်အင်္ဂါများအတွင်း ရောက်ရှိသွားကြရာ ၎င်းတို့ကို လူ့အင်္ဂါများဖြစ်သည့် အဆုတ်၊ နှလုံး၊ သရက်ရွက်၊ သွေးနှင့် မစင်တို့တွင် တွေ့ရသည်ဟုဆိုသည်။ မိုက်ခရို ပလတ်စတစ်များသည် လူ၏ နှလုံးနှင့် အဆုတ်ကျန်းမာရေး နှင့် ကင်ဆာရောဂါတို့အပေါ် သက်ရောက်မှုများရှိကြောင်း သက်သေအထောက်အထားများ ထွက်ပေါ်နေပြီဖြစ်သည်ဟု လည်း သိရသည်။ အမေရိကန်သုတေသီများ၏ လေ့လာချက် တွင် ရေသန့်တစ်လီတာတွင် သာမန်မျက်စိဖြင့် မမြင်နိုင်သည့် ပလတ်စတစ်အမှုန်အမွှား တစ်သိန်းကျော်မှ လေးသိန်းခန့်အထိ တွေ့ရှိကြရပြီး အစာအိမ်၊ လူလမ်းကြောင်း အပါအဝင် သွေးကြော၊ အဆုတ်၊ နှလုံး၊ ဦးနှောက်ထဲအထိ စိမ့်ဝင်နိုင်ခြင်း ကြောင့် အန္တရာယ်ရှိကြောင်း သတိပေးမှုများ ပြုလုပ်ထားကာ ပလတ်စတစ်သုံးစွဲမှု၊ ထိတွေ့မှုကို လျှော့ချပြီး ဖန်ထည်နှင့်စတီး အသုံးအဆောင်တို့ကို အသုံးပြုရန် တိုက်တွန်းထားသည်။
မိမိတို့နိုင်ငံသည် ပလတ်စတစ်စွန့်ပစ်မှုနှင့်စပ်လျဉ်း၍ အမည်ဆိုးစာရင်းတွင် ပါဝင်လျက်ရှိသကဲ့သို့ မျက်မြင်အားဖြင့် လည်း ပလတ်စတစ်ညစ်ညမ်းမှုများကို မြို့ရွာတိုင်းလိုလိုတွင် တွေ့မြင်နေရသည်။ ပလတ်စတစ်အမှိုက်များ၏ အန္တရာယ်ကို သိနားလည်ပြီး စွန့်ပစ်ပလတ်စတစ်ကင်းစင်ရေး လှုပ်ရှားမှုများ တက်တက်ကြွကြွပြုလုပ်နေသည့် အဖွဲ့အစည်းများရှိနေသော် လည်း စည်းကမ်းမဲ့စွန့်ပစ်မှုများက အများစုဖြစ်နေသည်။ စွန့်ပစ် ပလတ်စတစ်များမှ ဖြစ်ပေါ်လာသည့် ပလတ်စတစ်အမှုန်များကို မိုးကောင်းကင်ပေါ်ရှိ တိမ်တိုက်များမှသည် လူ့ခန္ဓာကိုယ် သွေးကြောများထဲထိ တွေ့မြင်နေရပြီဖြစ်ရာ မိမိစွန့်ပစ်လိုက် သည့် ပလတ်စတစ်အမှိုက်များက မိမိတို့ကို ပြန်လည်ခြိမ်းခြောက် နေပြီဖြစ်သည့်အလျောက် ပလတ်စတစ်အမှိုက်ကင်းစင်ရေး အသိစိတ်ဓာတ်ဖြင့် စနစ်တကျစွန့်ပစ်၊ စနစ်တကျရှင်းလင်း ကြရပါမည့်အကြောင်း။ ။
Remark Type