အမြို့မြို့အနယ်နယ်သတင်းများ

Sep 07,2024
နေပြည်တော်ကောင်စီဝင် ဦးဇေယျာလင်းသည် ဥတ္တရသီရိမြို့နယ်‌ ခေတ္တမြို့နယ်အုပ်ချုပ်‌ရေးမှူး ဦးသန်းယု၊ မြို့နယ်စိုက်ပျိုးရေးကြီးကြပ်မှုအဖွဲ့များနှင့် ကျေးရွာအုပ်ချုပ်ရေးမှူးများ လိုက်ပါလျက် ယနေ့နံနက်ပိုင်းတွင် ဥတ္တရသီရိမြို့နယ်အတွင်း ‌မိုးသည်းထန်စွာရွာသွန်း၍ ရေကြီးနစ်မြုပ်ခဲ့သည့် မိုးစပါးစိုက်ခင်းများနှင့် ကျေးရွာစာကြည်တိုက် အသစ်ဆောက်လုပ်နေမှုအား ကွင်းဆင်းစစ်ဆေးခဲ့သည်။
Sep 07,2024
ရှမ်းပြည်နယ်(တောင်ပိုင်း)၊ တောင်ကြီးခရိုင်၊ ရပ်စောက်မြို့နယ်တွင် တပ်မတော်(ကြည်း) ဗိုလ်သင်တန်းကျောင်း(ဗထူး)ရှိ စစ်ရာထူးခန့်ထားရေးခန်းမဆောင်၌ ပြည်သူ့စစ်မှုထမ်းသင်တန်း အမှတ်စဉ်(၃/၂၀၂၄) ဆင်းပွဲကို ယမန်နေ့နံနက် ၇ နာရီ ၃၀ မိနစ်က ပြုလုပ်ခဲ့ရာ ရှမ်းပြည်နယ်အစိုးရအဖွဲ့မှ တိုင်းရင်းသားရေးရာဝန်ကြီး ဦးအောင်ကြည်ဝင်း၊ ဗထူးတပ်နယ်မှူး ဗိုလ်မှူးချုပ် နိုင်ဇော်ဦး၊ တပ်မတော်(ကြည်း) အမှတ်(၁)အရာခံနှင့် အကြပ်ကြီးသင်ကျောင်းမှ ကျောင်းအုပ်ကြီး ဗိုလ်မှူးကြီးကျော်သူလှိုင်နှင့် တပ်မတော်အရာရှိများ၊ မြို့နယ်အဆင့်ဌာနဆိုင်ရာအကြီးအကဲများ၊ ဝန်ထမ်းများ၊ ရပ်ကွက်/ကျေးရွာအုပ်စု အုပ်ချုပ်ရေးမှူးများနှင့် ပြည်သူ့စစ်မှုထမ်းသင်တန်းသားများ တက်ရောက်ခဲ့ကြောင်းနှင့် သင်တန်းဖွင့်ပွဲတွင်တပ်မတော်(ကြည်း) အမှတ်(၁) အရာခံနှင့် အကြပ်ကြီးသင်ကျောင်းမှ ကျောင်းအုပ်ကြီး ဗိုလ်မှူးကြီးကျော်သူလှိုင်က ပြည်သူ့စစ်မှုထမ်းသင်တန်းသား (၈၅)ဦးအား သင်တန်းဖွင့် မိန့်ခွန်းပြောကြားခဲ့ကြောင်း သိရသည်။
Sep 07,2024
ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်ခရိုင်၊ ချောင်းသာမြို့မှာ မြို့အုပ်ချုပ်ရေးမှူးဖလား မိုးရာသီ အမျိုးသားအလွတ်တန်း ဘောလုံးပြိုင်ပွဲ ဗိုလ်လုပွဲနှင့် ဆုချီးမြှင့်ပေးပွဲ အခမ်းအနားကို စက်တင်ဘာလ ၅ ရက်နေ့ မွန်းလွဲ ၂ နာရီက ချောင်းသာမြို့ ပြည်သူ့အားကစားကွင်းတွင် ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။
Sep 07,2024
မွန်ပြည်နယ်၊ ချောင်းဆုံမြို့နယ်ရှိ အခြေခံပညာကျောင်းများမှ ကျောင်းသား/သူများအနေဖြင့် စာအုပ်စာပေများဖတ်ရှုလေ့လာ၍ အသိပညာ ဗဟုသုတတိုးပွားလာစေရန် စာဖတ်ရှိန်မြှင့်တင်ရေး လုပ်ငန်းများကို မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် အခြေခံပညာဦးစီးဌာနတို့ ပူးပေါင်းဆောင်ရွက်လျက်ရှိရာ ယနေ့နံနက်က ကွမ်လမိုင်း(တောင်)အ.မ.ကကျောင်းတွင် အသိပညာပေးဟောပြောပွဲနှင့် နံရံကပ်စာစောင်များပြသခြင်းကို ကွင်းဆင်းဆောင်ရွက်ခဲ့သည်။
Sep 07,2024
ရှမ်းပြည်နယ်တောင်ပိုင်း၊ နမ့်စန်ခရိုင်၊ နမ့်စန်မြို့နယ်တွင် တောင်သူပညာပေးကွင်းပြပွဲနှင့် နေကြာမျိုးစေ့၊ ဓာတ်မြေဩဇာများ ထောက်ပံ့ပေးအပ်ပွဲအခမ်းအနားကို စက်တင်ဘာလ ၅ ရက်နေ့ နံနက် ၁၁ နာရီက အမှတ်(၅) ကျေးရွာအုပ်စု၊ အမှတ်(၁၀)ကျေးရွာအနီးရှိ နမ့်စန်စိုက်ကွင်းအတွင်း မြို့နယ်စိုက်ပျိုးရေးဦးစီးဌာနမှ စိုက်ပျိုးထားသည့်စိုက်ခင်းရှေ့တွင် ကျင်းပခဲ့သည်။
Sep 07,2024
ရန်ကုန်တိုင်းဒေသကြီး၊ ဗိုလ်တထောင်ခရိုင်၊ ဗိုလ်တထောင်မြို့နယ်ရှိ အမှတ်(၃)အခြေခံပညာအထက်တန်းကျောင်း၌ လူငယ်များ အသိ ပညာ၊ အတွေးအခေါ်များပြည့်ဝစေပြီး စာဖတ်ခြင်းဖြင့် အသိပညာဗဟုသုတများရရှိစေရန်၊ ဗလငါးတန်နှင့်ပြည့်စုံသောလူငယ်များပေါ်ထွန်းလာစေရန်၊ လူငယ်များဘက်စုံဖွံ့ဖြိုးတိုးတက်စေရန်အတွက် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် အခြေခံပညာဦးစီး ဌာနတို့ ပူးပေါင်းကျင်းပသော လူငယ်စကားဝိုင်းကို ယမန်နေ့နံနက် ၉ နာရီက အမှတ်(၃)အခြေခံပညာအထက်တန်းကျောင်း သစ္စာခန်းမ၌ ကျင်းပခဲ့သည်။
Sep 07,2024
မကွေးတိုင်းဒေသကြီး၊ ပွင့်ဖြူမြို့နယ်၌ ယခုနှစ်မိုးရွာသွန်းမှုကောင်းမွန်သည့်အတွက် ဒေသခံတောင်သူများ အားထားစိုက်ပျိုးခဲ့သည့် မြေပဲစိုက်ခင်းများမှာ အောင်မြင်ဖြစ်ထွန်းမှုရှိခဲ့ပြီး ယခုအခါ မြေပဲစိုက်ခင်းများမှာ နုတ်သိမ်းချိန် ရောက်ရှိလာပြီဖြစ်၍ ဒေသခံတောင်သူများက အထွက်နှုန်း လျော့ကျမှုမဖြစ်စေရေး နုတ်သိမ်းလျက်ရှိကြောင်းနှင့် မြေပဲအထွက်နှုန်းများ ကောင်းမွန်လျက်ရှိကြောင်း ပွင့်ဖြူမြို့နယ်အတွင်းရှိ ဒေသခံတောင်သူများထံမှ သိရသည်။