နေပြည်တော်ကောင်စီဥက္ကဋ္ဌ ဦးသန်းထွန်းဦး ငလျင်ဘေးပြန်လည်တည်ဆောက်ရေးလုပ်ငန်းများနှင့် ရေစီးရေလာကောင်းမွန်စေရေးကွင်းဆင်းစစ်ဆေး၊ သွေးလွန်တုပ်ကွေးရောဂါပညာပေးဟောပြောခြင်း အခမ်းအနားတက်ရောက်၊ နေပြည်တော်ကိုယ်စားပြုတိုက်ကွမ်ဒိုအားကစားသမားများအား အားပေးစကားပြောကြား
နေပြည်တော်ကောင်စီဥက္ကဋ္ဌ ဦးသန်းထွန်းဦးသည် ယမန်နေ့ မွန်းလွဲပိုင်းတွင် တာဝန်ရှိသူများနှင့်အတူ ပုဗ္ဗသီရိမြို့နယ်၊ ရာဇဌာနီလမ်းမကြီး၊ ရာဇသင်္ဂဟလမ်းမကြီး၊ တော်ဝင်ရတနာလမ်းမကြီးနှင့် ဇမ္ဗူသီရိမြို့နယ်၊ ပျဉ်းမနား-တောင်ညိုလမ်း၊ သုခတော်ဝင်အိမ်ရာရှိ သစ္စာလမ်းနှင့် မုဒိတာလမ်းများသို့သွားရောက်ပြီး ငလျင်ဘေးကြောင့်ထိခိုက်ပျက်စီးခဲ့သော လမ်းပိုင်းများ ပြန်လည်ပြုပြင်ဆောင်ရွက်နေမှုများကို လှည့်လည်ကြည့်ရှုစစ်ဆေးရာ တာဝန်ရှိသူများမှတင်ပြချက်များအပေါ် လုပ်ငန်းများအပိုင်းလိုက် အမြန်ပြီးစီးအောင်ဆောင်ရွက်ရေး၊ ရေရှည်ခိုင်ခံ့မှုရှိအောင်စံချိန်စံညွှန်းနှင့်အညီဆောင်ရွက်ရေး၊ လုပ်ငန်းသုံးကျောက်များအား သတ်မှတ်အရွယ်အစားအတိုင်းအသုံးပြုရေး၊ မြေစမ်းသပ်မှုများ စနစ်တကျဆောင်ရွက်ရေးတို့ကို မှာကြားခဲ့သည်။