တပ်ကုန်း ဇူလိုင် ၂၄
နေပြည်တော်ကောင်စီဝင် ဦးဇေယျာလင်းသည် ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်တပ်ကုန်း မြို့နယ်အတွင်း ဒေသဖွံ့ဖြိုးရေးအတွက် နေပြည်တော်လယ်ယာဖွံ့ဖြိုးရေးဘဏ်မန်နေဂျာ ဒေါ်ယဉ်နွဲ့၊ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးအောင်သူနှင့်အဖွဲ့ဝင်များ၊ မြို့နယ်စိုက်ပျိုးကြီးကြပ်ရေးအဖွဲ့ဝင်များ၊ နေပြည်တော်(MSME)အသင်းဒုဥက္ကဋ္ဌ၊ မြို့နယ်(MSME)အသင်းဥက္ကဋ္ဌနှင့်အဖွဲ့ဝင်များ၊ မြို့နယ်ဆန်၊ ဆီစက်လုပ်ငန်းရှင်များ၊ မျိုးစေ့ထုတ်ကုမ္ပဏီများမှတာဝန်ရှိသူများ၊ မြို့ပေါ်(၆)ရပ်ကွက်မှ အုပ်ချုပ်ရေးမှူးများနှင့်တွေ့ဆုံခြင်းကို ယမန်နေ့ နံနက်ပိုင်းက မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌရုံးခန်းတွင် ကျင်းပခဲ့သည်။
အဆိုပါတွေ့ဆုံရာတွင် မြို့နယ်စိုက်ပျိုးရေးဦးစီးဌာနမှ ဦးစီးအရာရှိ ဦးအေးမင်းထွန်းက မိုးစပါးနှင့် ပဲမျိုးစုံစိုက်ပျိုးရေးအတွက် ရေရရှိမှု၊ မြို့နယ်ဆည်မြောင်းနှင့်ရေအသုံးချမှုစီမံခန့်ခွဲရေးဦးစီးဌာနမှ ဦးစီးအရာရှိ ဦးမြင့်ဇော်က ကင်းသာကျေးရွာ၊ ဆိုလာစနစ်ဖြင့် စိုက်ပျိုးရေရရှိရေး၊ မြို့နယ်ကြေးတိုင်နှင့်မြေစာရင်းဦးစီးဌာနမှ ဦးစီးအရာရှိ ဦးကျော်သူရှိန်က ထန်းတောကြီး၊ ရွှေမြို့၊ ရှားတော၊ ရွေးစုကျေးရွာများ နွေစပါးစိုက်ပျိုးမှုအခြေအနေရှင်းလင်းတင်ပြ၍လည်းကောင်း၊ နေပြည်တော် တိုင်းလယ်ယာဖွံ့ဖြိုးရေးဘဏ်မန်နေဂျာ ဒေါ်ယဉ်နွဲ့က စိုက်ပျိုးစရိတ်ချေးငွေ၊ MSME ချေးငွေများနှင့်ပတ်သက်၍ ရှင်းလင်းတင်ပြခဲ့ပြီးနောက် နေပြည်တော် ကောင်စီဝင် ဦးဇေယျာလင်းက ရာသီပြည့်သီးနှံများ စိုက်ပျိုးနိုင်ရေးအတွက် စက်မှုလယ်ယာစနစ်ကူးပြောင်းရေး၊ လယ်ယာသုံးစက်ကိရိယာများ တွင်ကျယ်စွာအသုံးပြုနိုင်ရေးနှင့်တင်ပြချက်များအပေါ် ပေါင်းစပ်ညှိနှိုင်းဆောင်ရွက်ပေးခဲ့သည်။
ထို့နောက် နေပြည်တော်ကောင်စီဝင် ဦးဇေယျာလင်းနှင့် တာဝန်ရှိသူများ မြန်မာ့စီးပွားရေးဘဏ်သို့ရောက်ရှိ၍ ပင်စင်လာရောက်ထုတ်သည့် အငြိမ်းစား နိုင်ငံ့ဝန်ထမ်းများအား မြို့နယ်ကုတင် ၁၀၀ ပြည်သူ့ဆေးရုံမှ ကျန်းမားရေးစောင့်ရှောက်ပေးနေမှု၊ မြို့နယ်လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အားဦးစီးဌာနမှ UID (Unique Identity)ကဒ်များ ဆောင်ရွက်ပေးနေမှုအခြေအနေများ ကြည့်ရှုအားပေးခဲ့ပြီးနောက် ပင်စင်လာရောက်ထုတ်သည့်အငြိမ်းစားများအား ခေါက်ဆွဲခြောက်၊ ကြက်ဥများ လှူဒါန်းပေးအပ်ခဲ့သည်။
ယင်းနောက် နေပြည်တော်ကောင်စီဝင် ဦးဇေယျာလင်းနှင့်တာဝန်ရှိသူများ ဗိုလ်မင်းရောင်ရပ်ကွက်၊ အခြေခံပညာအထက်တန်းကျောင်း(ခွဲ)တွင် မြို့နယ်မီးသတ်ဦးစီးဌာနမှ ငလျင်ဘေးအန္တရာယ် ရှာဖွေကယ်ဆယ်ရေးသဏ္ဍာန်တူ ဇာတ်တိုက်လေ့ကျင့်ရေးအခမ်းအနားသို့ ရောက်ရှိ၍ မြို့နယ်မီးသတ်ဦးစီးဌာနမှ ဦးစီးအရာရှိ ဦးဟိန်းအောင်ကျော်ကြီးကြပ်၍ ဒုမီးသတ်ဦးစီးမှူး ဦးသော်ခန့်ဝေ ဦးဆောင်၍ မီးသတ်ဝန်ထမ်းများ၊ ပရဟိတအဖွဲ့ဝင်များ၊ ကြက်ခြေနီတပ်ဖွဲ့ဝင်များနှင့်အတူ အထပ်မြင့်မှ လူနာကယ်ဆယ်နည်း၊ အထပ်မြင့်မှ လူနာအား Ladder Crane Method အသုံးပြုကယ်ဆယ်နည်း၊ အဆောက်အဦ ပိတ်မိလူနာအား နံရံဖောက်ထွင်းကယ်ဆယ်နည်း၊ အဆောက်အဦပိတ်မိလူနာအား Hydraulic power unit နှင့် hydraulic ram ၊ hydraulic spreader ၊ hydraulic cutter ၊ lifting bag ၊ Engine Cutter အသုံးပြု၍ ကယ်ဆယ်နည်း၊ ခြေထောက်ပိမိလူနာအား သံတူရွင်းအသုံးပြု၍ Coke Lever ကယ်ဆယ်နည်းဇာတ်တိုက်လေ့ကျင့်မှုများ၊ သဘာဝဘေးအန္တရာယ်လျော့ချရေးနှင့် တုန့်ပြန်ဆောင်ရွက်ရေးအသိပညာပေး ကစာနည်း(Kaeru Caravan)များ ဆောင်ရွက်ပေးမှုအားကြည့်ရှုအားပေးခဲ့ပြီး လိုအပ်သည်များလမ်းညွှန်မှာကြားခဲ့ပြီးနောက် ဇာတ်တိုက်လေ့ကျင့်မှုပါဝင်ဆောင်ရွက်ကြသည့် ကျောင်းသား၊ ကျောင်းသူများအား မုန့်များဝေငှပေးခဲ့သည်။
ထို့နောက် နေပြည်တော်ကောင်စီဝင် ဦးဇေယျာလင်းနှင့်တာဝန်ရှိသူများ အင်ဖက်ကုန်းကျေးရွာ၊ ကွင်းအမှတ် ၁၃၀၅ကွင်း၊ ယာယီရှင်းလင်းဆောင်၊ မြို့နယ်စိုက်ပျိုးရေးဦးစီးဌာနမှ မိုးစပါးမျိုးစေ့နှင့်သွင်းအားစုပေးအပ်ပွဲသို့ရောက်ရှိ၍ မြို့နယ်စိုက်ပျိုးရေးဦးစီးမှူး ဦးအေးမင်းထွန်းက နိုင်ငံ့စီးပွားမြင့်တင်ရေးရန်ပုံငွေဖြင့်ဆောင်ရွက်ထားမှု၊ နွေစပါးရေသောက်နည်းလမ်းအလိုက် စိုက်ပျိုးထားမှုအခြေအနေများ ရှင်းလင်းတင်ပြခဲ့ပြီးနောက် နေပြည်တော်ကောင်စီဝင် ဦးဇေယျာလင်းက တောင်သူများအနေဖြင့် ကိုယ့်မြေ၊ ကိုယ့်ရေနှင့်အချိန်များကို တန်ဖိုးထားစေလိုကြောင်း၊ အချိန်မီထွန်ယက်စိုက်ပျိုးနိုင်ရေး၊ မျိုး၊ မြေ၊ ရေ၊ နည်းစသည့်နည်းလမ်းများကို ဟန်ချက်ညီစွာစနစ်တကျဆောင်ရွက်စေလိုကြောင်း၊ စက်မှုလယ်ယာကူးပြောင်းရေးရှင်းလင်းမှာကြားခဲ့ပြီးနောက် အောင်နိုင်တိုးမျိုးစပါး၊ သွင်းအားစုနှင့် လက်ဆွဲမျိုးစေ့ချ ကိရိယာများ ပေးအပ်ခဲ့သည်။
ယင်းနောက် နေပြည်တော်ကောင်စီဝင် ဦးဇေယျာလင်းနှင့်တာဝန်ရှိသူများ ဗိုလ်မင်းရောင်ရပ်ကွက်၊ မိုဃ်းကောင်းဓမ္မာရုံသို့ရောက်ရှိ၍ သဘာဝဘေးကယ်ဆယ်ရေးအတွက် စက်လှေ၊ သောက်ရေသန့်စက်နှင့် အခြားကယ်ဆယ်ရေးပစ္စည်းထားရှိမှုအခြေအနေများ ကြည့်ရှုစစ်ဆေးခဲ့ကြောင်း သိရသည်။
တင်စိုးလွင်(ပြန်/ဆက်)