မော်တော်ယာဉ်လိုင်းများ ပြေးဆွဲရာတွင် ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာနက ထုတ်ပြန်ထားသော ညွှန်ကြားချက် များနှင့်အညီ လိုက်နာဆောင်ရွက်နိုင်ရေး တွေ့ဆုံဆွေးနွေး

မင်းတပ် စက်တင်ဘာ

မင်းတပ်မြို့ရှိ မော်တော်ယာဉ်လိုင်းများ ပြေးဆွဲရာတွင် ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာနက ထုတ်ပြန်ထားသော ညွှန်ကြားချက်များနှင့်အညီ လိုက်နာဆောင်ရွက်နိုင်ရေး တွေ့ဆုံဆွေးနွေးပွဲကို ယမန်နေ့ မွန်းတည့် ၁၂ နာရီတွင် မြို့နယ်အထွေထွေ အုပ်ချုပ်ရေးရုံး အစည်းအဝေးခန်းမ၌ ပြုလုပ်ခဲ့သည်။

ယင်းအစည်းအဝေးတွင် မော်တော်ယာဉ်လိုင်းဂိတ်မှူးများအနေဖြင့် ခရီးသည်များ တင်ဆောင်ရာတွင် ခရီးသည်များ၏ သက်ဆိုင်ရာ ရပ်ကွက်/ကျေးရွာ အုပ်စု၏ ထောက်ခံစာ၊ ကျန်းမာကြောင်း ထောက်ခံစာ၊ သက်ဆိုင်ရာ မြို့နယ်အတွင်း နေထိုင်ခဲ့သည့် ကာလကိုဖော်ပြသည့် စာရွက်စာတမ်း အထောက်အထားနှင့် ထောက်ခံချက်များ ပါရှိမှသာ တင်ဆောင်ရန်တို့ကို မြို့နယ်စီမံခန့်ခွဲမှုကော်မတီမှ တာဝန်ရှိသူများက ပြောကြားခဲ့သည်။

ထို့ပြင် ခရီးသည်တင်ဆောင်သည့် မော်တော်ယာဉ်တွင် လိုက်ပါလာသည့် ခရီးသည်များ၏ ကိုယ်ရေး မှတ်တမ်း အချက်အလက်များ၊ မော်တော်ယာဉ်အတွင်း ခရီးသည်များ ထိုင်မည့် ထိုင်ခုံဇယားများကို ဖြည့်စွက်ရန်အတွက် လိုအပ်သည့် စာရွက်စာတမ်းများအား ဖြန့်ဝေပေးခဲ့ပြီး မင်းတပ်မြို့တွင် အခြားမြို့များနှင့် ပြေးဆွဲလျက်ရှိသည့် မော်တော်ယာဉ်လိုင်း ၁၀ လိုင်းရှိကြောင်း သိရသည်။

ခွီရှိန်းမောင်း(ခရိုင်ပြန်/ဆက်)