တီးတိန် စက်တင်ဘာ ၉
ချင်းပြည်နယ်၊ တီးတိန်မြို့နယ် ရွေးကောက်ပွဲဆိုင်ရာ စေ့စပ်ညှိနှိုင်းရေးကော်မတီနှင့် ၂၀၂၀ပြည့်နှစ် ပါတီစုံ ဒီမိုကေရစီ အထွေထွေ ရွေးကောက်ပွဲတွင် ဝင်ရောက်ယှဉ်ပြိုင်ကြမည့် လွှတ်တော်ကိုယ်စားလှယ်လောင်းများ တွေ့ဆုံပွဲကို ယမန်နေ့ က တီးတိန်မြို့နယ် (ပြန်/ဆက်ရုံး) Community Centre ခန်းမ၌ ပြုလုပ်သည်။
ရှေးဦးစွာ မြို့နယ်ရွေးကောက်ပွဲဆိုင်ရာ စေ့စပ်ညှိနှိုင်းရေးကော်မတီဥက္ကဋ္ဌ ဦးဆွင့်ခန့်ခမ်က အမှာစကား ပြောကြားပြီး အဖွဲ့ဝင် ဦးဒေါင့်ခန့်နန်က စေ့စပ်ညှိနှိုင်းရေး ကော်မတီ၏ လုပ်ငန်းတာဝန်များ ရှင်းလင်းသည်။
ထို့နောက် မြို့နယ်ဥပဒေအရာရှိ ဦးတိုးအောင်ဝေက ရွေးကောက်ပွဲဆိုင်ရာ တရားမဲ့ပြုကျင့်မှုအကြောင်း ကိုလည်းကောင်း၊ မြို့နယ်ဆေးရုံအုပ် ဒေါက်တာဇော်မြင့်နိုင်က ကျန်းမာရေး နှင့်ပတ်သက်၍ လိုက်နာဆောင်ရွက်ရမည့် အချက်များကို လည်းကောင်း၊ မြို့နယ်ရွေးကောက်ပွဲအရာရှိ ဒေါ်ဒိမ့်စန်းကိမ်က မဲဆွယ်စည်းရုံးခွင့် နှင့်ပတ်သက်သည့် ညွှန်ကြားချက်များကို လည်းကောင်း ရှင်းလင်းကြသည်။
ယင်းနောက် လွှတ်တော် ကိုယ်စားလှယ်လောင်းများမှ သိရှိလိုသည့် မေးမြန်းချက်များကို တာဝန်ရှိသူတို့က ပြန်လည် ရှင်းလင်း ဆွေးနွေးခဲ့ကြကြောင်း သိရသည်။
မြို့နယ်(ပြန်/ဆက်)