ဟားခါး စက်တင်ဘာ ၉
ချင်းပြည်နယ် ဟားခါးမြို့ရှိ မော်တော်ယာဉ်လိုင်းများအား ကျန်းမာရေးနှင့်အားကစား ဝန်ကြီးဌာနက ထုတ်ပြန် ကြေညာထားသော အချက်များနှင့်အညီ မော်တော်ယဉ်ပြေးဆွဲရာတွင် လိုက်နာဆောင်ရွက်မှု ရှိ၊မရှိ ကိုဗစ်-၁၉ ရောဂါ ကာကွယ်တားဆီးရေး ကွင်းဆင်း စစ်ဆေးခြင်းနှင့် အသိပညာပေးခြင်းများကို ယနေ့ ညနေ ၅နာရီက ဟားခါးမြို့ အဝေးပြေးကားဂိတ်တွင် ပြည်နယ်ပို့ ဆောင်ရေးစီမံကိန်း ဦးစီးဌာန ပြည်နယ်ဦးစီးမှူး ဦးစောမြင့်လွင်၊ ပြည်နယ် ကုန်းလမ်းပို့ဆောင်ရေးညွှန်ကြားမှု ဦးစီးဌာန ပြည်နယ်ဦးစီးမှူး ဦးမျိုးလွင်ဦးနှင့်ဝန်ထမ်းများ၊ အမှတ်(၁၆) ယာဉ်ထိန်း ရဲတပ်ဖွဲ့မှူးရုံး(ဟားခါး)မှ ရဲအုပ်ကိုကိုမောင် ဦးဆောင်သည့် ယာဉ်ထိန်းရဲတပ်ဖွဲ့ဝင်များ နှင့် တာဝန်ရှိသူများ ပူးပေါင်း၍ ဟားခါးမြို့ အဝင်ဂိတ်များနှင့် အဝေးပြေးကားဂိတ်တွင် ကွင်းဆင်း ဆောင်ရွက် ခဲ့ကြကြောင်း သိရသည်။
အဆိုပါ ကွင်းဆင်းဆောင်ရွက်ရာ ကိုဗစ်-၁၉ရောဂါ ဖြစ်ပွားနေစဉ်ကာလအတွင်း အများပြည်သူသုံး ယာဉ်ကြီး၊ ယာဉ်ငယ်နှင့် အဝေးပြေးကားဂိတ်များတွင် လိုက်နာဆောင်ရွက်ရမည့် အချက်များတွင် ပါဝင်သည့် ခရီးသွား ပြည်သူများ၊ ယာဉ်ဝန်ထမ်းများ၊ ယာဉ်လိုင်းပိုင်ရှင်များနှင့် အငှားယာဉ်မောင်းများ လိုက်နာဆောင်ရွက်ရမည့် လုပ်ငန်းတာဝန်များ၊ အဝေးပြေးကားဂိတ်၊ ယာဉ်ရပ်နားစခန်းများကို ပိုးသတ်ဆေးဖျန်းခြင်းနှင့် ယာဉ်မောင်းနှင့် ယာဉ်နောက်လိုပါသည့် ခရီးသည်များအားလုံး Mask တပ်ဆင်မှု ရှိ၊မရှိ၊ လက်သန့်ဆေးရည်များ အသုံးပြုမှုရှိ၊မရှိ၊ အပူချိန် တိုင်းတာပေးခြင်းနှင့် ခရီးသွားများ လိုက်နာရမည့်စည်းကမ်းများ လိုက်နာမှု ရှိ၊မရှိကို စစ်ဆေး ခဲ့ကြကြောင်း သိရသည်။
ထို့နောက် ပူးပေါင်းအဖွဲ့သည် ကိုဗစ်-၁၉ရောဂါ ကာကွယ်တားဆီးရေးအတွက် မိမိလုပ်ငန်း ကဏ္ဍအလိုက် အသိပညာပေး ဆွေးနွေးခဲ့ ကြပြီးနောက် မိမိဌာနလုပ်ငန်းစဉ်အတိုင်း မော်တော်ယာဉ်၏ အင်္ဂါရပ်များ ပြည့်စုံမှု ရှိ၊မရှိနှင့် ယာဉ်မောင်း၊ ယာဉ်နောက်လိုက် ခရီးသည်ပြည်သူများ အနေဖြင့် လိုက်နာရမည့် အချက်များ လိုက်နာမှု ရှိ၊မရှိတို့ကို ကွင်းဆင်း စစ်ဆေးခဲ့ကြပြီး လိုက်နာမှုမရှိပါက အရေးယူခြင်း လုပ်ငန်းများကို ဆက်လက် ဆောင်ရွက် သွားမည် ဖြစ်ကြောင်း သိရသည်။
အောင်ခွီရှိန်း ခရိုင်(ပြန်/ဆက်)