ချင်းပြည်နယ်အစိုးရအဖွဲ့၊ လူမှုရေးဝန်ကြီး ဦးပေါင်လွန်းမင့်ထန်၊ တီးတိန်မြို့၌ မသန်စွမ်းသူများ ထောက်ပံ့ငွေ ပေးအပ်

တီးတိန်  စက်တင်ဘာ  ၉

ချင်းပြည်နယ်အစိုးရအဖွဲ့၊ လူမှုရေးဝန်ကြီး ဦးပေါင်လွန်းမင့်ထန်သည် ယမန်နေ့ နေ့လယ် ၁၁ နာရီက တီးတိန်မြို့ အစိုးရမူလတန်းကြို ကျောင်း၌ပြုလုပ်သည့် နိုင်ငံတော်အစိုးရမှ ထောက်ပံ့သော မသန်စွမ်းသူများ ထောက်ပံ့ခြင်း အခမ်းအနားသို့ တက်ရောက်ပြီး ထောက်ပံ့ငွေများ ပေးအပ်ကြောင်း သိရသည်။

ရှေးဦးစွာ လူမှုရေးဝန်ကြီး ဦးပေါင်လွန်းမင့်ထန်က အမှာစကားပြောကြားရာတွင် ‘‘ယခုလို ထောက်ပံ့ငွေများ ပေးအပ်ခြင်းသည် ကိုဗစ်-၁၉ရောဂါကြောင့် အပိုထပ်ဆောင်း ထောက်ပံ့ခြင်း ဖြစ်ကြောင်း၊ ရပ်ကွက်/ကျေးရွာ အုပ်ချုပ်ရေးမှူးများ အနေဖြင့် ထောက်ပံ့ငွေ အကျိုးခံစားမည့် သူများထံသို့ အရောက်ပေးပို့ကြရန် အထူးမှာကြားလိုကြောင်း’’ ပြောကြားသည်။

ထို့နောက် လူမှုရေးဝန်ကြီးက မသန်စွမ်းသူ(၄)ဦးအား ထောက်ပံ့ငွေများပေးအပ်သည်။ ယင်းနောက် ဆိုင်းဇန်ကျေးရွာ၊ ဒိမ်ပီးကျေးရွာ၊ ထန်းဇန်ကျေးရွာ၊ ဗာလ်းဗုမ်းကျေးရွာ၊ ဒမ်ပီးကျေးရွာများမှ ကိုယ်ဝန်ဆောင် မိခင်များနှင့် ၄င်းတို့မှ မွေးဖွားလာသည့် အသက်(၂)နှစ်အောက် ကလေးများအတွက် ထောက်ပံ့ငွေများကို ကျေးရွာအုပ်ချုပ်ရေးမှူးများထံသို့ လည်းကောင်း ကိုဗစ်-၁၉ကာလ တီးတိန်မြို့ လူငယ်စေတနာ့ ဝန်ထမ်းများအတွက် ထောက်ပံ့ငွေများကို လည်းကောင်း ပေးအပ်သည်။

တီးတိန်မြို့နယ်တွင် မသန်စွမ်းသူ ၁၆၃၂ ဦးရှိပြီး တစ်ဦးလျှင် ထောက်ပံ့ငွေကျပ် ၃၀၀၀၀/- စီရရှိကြမည် ဖြစ်ကြောင်း တီးတိန်မြို့နယ် လူမှုဝန်ထမ်းဦးစီးဌာနရုံးမှ သိရသည်။

မြို့နယ်(ပြန်/ဆက်)