ဖားဆောင်း စက်တင်ဘာ ၉
ဘောလခဲခရိုင်၊ ဖားဆောင်းမြို့နယ်တွင် ၂၀၂၀ပြည့်နှစ် ပါတီစုံဒီမိုကရေစီ အထွေထွေ ရွေးကောက်ပွဲဆိုင်ရာ စုဝေးဟောပြောခြင်းနှင့် မဲဆွယ်စည်းရုံးမှုဆိုင်ရာ လုပ်ငန်းညှိနှိုင်း အစည်းအဝေး ကို ယမန်နေ့နံနက်(၁၀)နာရီခွဲ အချိန်က မြို့နယ်ရွေးကောက်ပွဲ ကော်မရှင် အဖွဲ့ခွဲရုံး အစည်းအဝေး ခန်းမ၌ ကျင်းပခဲ့သည်။
ရှေးဦးစွာ မြို့နယ်ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲဥက္ကဋ္ဌ ဦးအောင်ထွန်းက အစည်းအဝေး ပြုလုပ် ရခြင်းနှင့် စပ်လျဉ်း၍ ရှင်းလင်းပြောကြားရာတွင် ရွေးကောက်ပွဲဆိုင်ရာ စုဝေး ဟောပြောခြင်းနှင့် မဲဆွယ်စည်းရုံးရာ၌ ယခုကာလသည် COVID-19 ရောဂါ ဖြစ်ပွားသည့် အခြေအနေဖြစ်၍ ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာနမှ ထုတ်ပြန်ထားသည့် ညွှန်ကြားချက်နှင့် အညီ အထူးလိုက်နာ ဆောင်ရွက်ရန်လိုအပ်ကြောင်း၊ မဲဆွယ်စည်းရုံးသည့်နေရာတွင် တည်ဆဲဥပဒေ၊ နည်းဥပဒေနှင့် အညီ လိုက်နာရမည်ဖြစ်ကြောင်း ပြောကြားခဲ့သည်။
ဆက်လက်၍ မြို့နယ်ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲ အတွင်းရေးမှူး ဦးကျော်သူရက မဲဆွယ် စည်းရုံးခွင့် လျှောက်ထားခြင်း၊ မဲဆွယ်စည်းရုံးခွင့်ပြုချက် ထုတ်ပြန်ခြင်းနှင့် မဲဆွယ်စည်းရုံး ရာတွင် လိုက်နာရမည့် ဥပဒေ၊ နည်းဥပဒေ၊ ညွှန်ကြားချက်များ ဆောင်ရန်/ရှောင်ရန် အချက်များ ကို အကျယ်တဝင့်ရှင်းလင်း ပြောကြားခဲ့သည်။
ယင်းနောက် ပါတီအသီးသီးမှ တက်ရောက်လာကြသည့် ပါတီကိုယ်စားလှယ်များက စည်းရုံး ရေးနှင့် စပ်လျဉ်းသည့်အကြောင်းအရာများ သိရှိလိုသည်များကို မေးမြန်းခဲ့ရာ တာဝန်ရှိသူများက ပြန်လည်ဆွေးနွေးဖြေကြားခဲ့ကြောင်းသိရသည်။
နန်းသဲနုအောင်(ဖားဆောင်း)